← Chapters

နတ်ဘုရားပမာ တာအိုဆရာ

Vol. 8 Ch. 719

နတ်ဘုရားပမာ တာအိုဆရာ

Vol. 8 Ch. 719

ဆရာမေသည် ထက်မြက်သူတစ်ယောက်ဖြစ်လေသည်။

သူနှစ်ပေါင်းများစွာခံစားနေရသည့် ရောဂါကြောင့်သာ သူ့မှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဖြစ်နေခဲ့ရခြင်းဖြစ်လေ သည်။ ယခုတော့ ထိုနာတာရှည်ရောဂါကြီးသည် ပျောက်ကင်းသွားခဲ့ပြီ ဖြစ်လေသည်။ ထိုရောဂါသာ ပျောက်ကင်း ခြင်းမရှိလျှင် သူ့အနေဖြင့် တစ်ဘဝလုံး အခက်တွေ့နေရမည် ဖြစ်သည်။

သူ၏ကိုယ်ထဲတွင် အမြစ်တွယ်နေပြီး ကုသမရနိုင်သည့် ရောဂါသည် ဆန်းလျန်တည်ခင်းပေးသည့် အသက်ဓာတ် စွမ်းအားများပြည့်ဝသည့် ဟင်းလျာနှင့် အရက်များကိုစားသုံးပြီးသည့်နောက် ချက်ချင်းပင် သက်သာ ပျောက်ကင်း သွားခဲ့ပြီ ဖြစ်လေသည်။ ထိုအစားအသောက်များ သူ့ကိုယ်တွင်းသို့ ဝင်ရောက်သွားသည်နှင့် ပျက်စီးနေသော သွေးကြောများမှာလည်း ချက်ချင်းပင် ပြန်လည်ကောင်းမွန်သွားခဲ့လေသည်။

သူ၏ ရောဂါသည် မီးရောဂါဖြစ်သည့်အတွက် သူ့ကိုယ်သူ အမြဲတမ်း ထိန်းချုပ်နေခဲ့ရလေသည်။ မည်သည့်အရာကိုမှ အလျှင်စလိုပြုလုပ်ရဲခြင်း မရှိပေ။ သူဒေါသထွက်လာလျှင်လည်း မီးစွမ်းအားများက ပြင်းထန်လာပြီး ပိုမိုလောင်ကျွမ်း လာလေသည်။ အခန့်မသင့်ပါက ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားပြီး အသက်ဆုံးနိုင်လေသည်။

ယခုတော့ အသန့်စင်ဆုံး အသက်ဓာတ်စွမ်းအားများသည် သူ၏ကိုယ်ထဲတွင် လှည့်ပတ်နေလေသည်။ ထိုအသက် ဓာတ်စွမ်းအားများ တည်ရှိနေသရွေ့ မည်မျှပြင်းထန်သည့် ဒဏ်ရာကိုမဆို ကုသနိုင်မည် ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ် အရင်းအမြစ်အထိ နာကျင်စေသည့် မီးရောဂါ ပျောက်ကင်းသွားသည်နှင့် တန်ခိုးစွမ်းအားများ သန့်စင်စေရန်အတွက် ဆရာမေက ချက်ချင်းပင် စတင်ကျင့်ကြံလိုက်လေသည်။

ထို့သို့ဖြင့်… နေ့လည်ခင်းတစ်ခင်းလုံး ကုန်ဆုံးသွားခဲ့လေသည်။

ယိုယိုမှာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ကျင့်စဉ်လမ်းကို အပေါ်ယံမျှသာ နားလည်သူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူမ၏ ကိုယ်ထဲမှ အသက်ဓာတ်စွမ်းအားများကို ကောင်းကောင်း အသုံးချနိုင်ခြင်း မရှိပေ။ ခန္ဓာကိုယ်သွေးလည်ပတ်မှု မှန်ကန်ရုံလောက်သာ ကျင့်ကြံနိုင်လေသည်။

သူမသည် ချောမောလှပသည့် မိန်းမပျိုလေးတစ်ယောက် ဖြစ်သည့်တိုင် ကျင့်စဉ်လမ်းတွင်တော့ အလားအလာ သိပ်မရှိပေ။ သို့သော်… သွေးလည်ပတ်မှုမှန်ကန်လာပြီး အသက်ဓာတ်စွမ်းအားများ ပြည့်ဝလာသည်နှင့်အမျှ သူမ၏ ဖြူဖပ်ဖြူလျော်အသားအရည်မှာ သွေးရောင်လွှမ်းပြီး တောက်ပလာလေသည်။

ယိုယိုသည် သူမ၏ခန္ဓာကိုယ်မှ အပြောင်းအလဲများကို ဂရုမစိုက်အားပါ။ သူမက ဆရာမေကို လှမ်းကြည့်လိုက်လေ သည်။

ဆရာမေမှာ အပေါ်ပိုင်းအင်္ကျီဗလာဖြင့် ကျင့်ကြံနေခြင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးထဲတွင်လောင်ကျွမ်း နေသည့်သံထည်တစ်ခုအလား ရဲရဲနီလျှက် ရှိလေသည်။ ဆရာမေ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အပူရှိန်များ ကြောင့် ယိုယိုသည်ပင် စိတ်မသက်မသာ ခံစားလိုက်ရလေသည်။

ယိုယိုသည် ဆရာမေအတွက် စိတ်ပူပန်သွားပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားကာ အောက်ထပ်မှ တာအိုဆရာ ကိုအကူအညီတောင်းရန် ထွက်ခွာလာခဲ့လေတော့သည်။

ဆန်းလျန်သည် ကောင်တာထက်တွင် ဖရုံစေ့များကို အစုလိုက် စုပုံနေလေသည်။

ကူးဝေေ၀ကတော့ ကောင်တာအနားရှိ စားပွဲတစ်လုံးထက်တွင် ရေဇလုံတစ်ခုကိုတင်ကာ ရေဇလုံကို စူးစိုက်ကြည့် နေလေ၏။

ထိုအချိန်မှာပင် ယိုယိုမိန်းကလေးက သူတို့အနားသို့ ရောက်ရှိလာလေသည်။

တာအိုဆရာလူငယ်နှင့် ဆိုင်ရှင်မိန်းမပျိုမှာ ထူးဆန်းသောသူများဖြစ်သည်ကို ယိုယိုက ရိပ်မိထားလေသည်။ အထူးသဖြင့် တာအိုဆရာသည် အလွန်ထူးဆန်းပြီး သာမန်လူတစ်ယောက်နှင့် လုံးဝမတူပေ။ သူမသည် ဆန်းလျန်ရှိရာ ကောင်တာသို့ အမြန်လျှောက်လာပြီး ဆန်းလျန်ရှေ့တွင် အရုပ်တစ်ရုပ်အလား တောင့်တောင့်ကြီး ရပ်နေမိလေသည်။

ဆန်းလျန်က ယိုယိုကိုတွေ့သည်နှင့် ဒုတိယထပ်ရှိ ဆရာမေနေထိုင်ရာအခန်းဆီသို့ တစ်ချက်လှမ်းကြည့်ပြီး ပြုံးလိုက် လေသည်။

"ဘာလဲ… ဆရာမေ ဘာဖြစ်နေတာလဲသိချင်လို့ ကျုပ်ကို လာမေးတာလား…"

ယိုယိုက ခေါင်းညိတ်ပြလိုက်ရင်း…

"တာအိုဆရာ ၊ ကျွန်မတို့ဂိုဏ်းချုပ်ရဲ့ ခန္ဓာကိုယ်က အခု အပူပေးထားတဲ့ သံမဏိလိုပဲ နီရဲပြီးပူလောင်နေတာပဲ ၊ သူတစ်ခုခုဖြစ်မှာ ကျွန်မ စိတ်အရမ်းပူလို့ပါ ၊ တာအိုဆရာ တစ်ချက်လောက် လိုက်ကြည့်ပေးလို့ရမလား ၊ တာအိုဆရာသာ ကူညီမယ်ဆိုရင် ကျွန်မတို့ အရှေ့ပင်လယ်ဂိုဏ်းက ကျေးဇူးမမေ့ပါဘူး…"

ဆန်းလျန်က…

"အရှေ့ပင်လယ်ဂိုဏ်းဆိုတာ ဘာဂိုဏ်းလဲ…"

ဆန်းလျန်၏ အမေးကြောင့် ယိုယို၏ စိတ်ထဲတွင် ထူးဆန်းသွားလေသည်။

အရှိန်အဝါကြီးမားလွန်းသည့် သူမတို့၏အရှေ့ပင်လယ်ဂိုဏ်းကိုမှ မသိရလောက်အောင် ထိုတာအိုဆရာသည် လောကကြီးနှင့် အဆက်ပြတ်နေသည့်လူတစ်ယောက်လား။ ဒါမှမဟုတ် တောထဲတောင်ထဲ တွင်ကျင့်ကြံမှုပြုလုပ်ပြီး ယခုမှ လူ့လောကထဲသို့ ထွက်လာသည့်လူတစ်ယောက်လား…။

သို့သော်… သူမသည် ဆန်းလျန်ကို မလေးမစား မပြုရဲပါချေ။

သူမက ခပ်တိုးတိုးလေသံဖြင့်…

"ကျွန်မတို့ အရှေ့ပင်လယ်ဂိုဏ်းက ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို အဓိကလုပ်ဆောင်ပါတယ် ၊ ရှားပါးတဲ့ ရတနာပစ္စည်းတွေ ၊ ကုန်ပစ္စည်းတွေကို ပင်လယ်ရပ်ခြားကို ပို့ဆောင်ချင်တယ်ဆိုရင် ကျွန်မတို့ အရှေ့ပင်လယ်ဂိုဏ်း က တာဝန်ယူ ပို့ဆောင်ပေးပါတယ် ၊ အချို့ကျင့်ကြံသူတွေဆိုရင် ရှားပါးတဲ့ မှော်ဝင်ပစ္စည်းတွေ ရှာဖွေချင်တယ် ဆိုရင်လည်း ကျွန်မတို့ အရှေ့ပင်လယ်ဂိုဏ်းကို ရှာဖွေခိုင်းကြပါတယ် ၊ ဒါကြောင့် တာအိုဆရာက ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်ကို ကူညီပေးမယ်ဆိုရင် နောက်ပိုင်း ဆေးဖက်ဝင်အပင်တွေလိုချင်ရင်ပဲ ဖြစ်ဖြစ် ၊ မှော်ဝင်ပစ္စည်းတွေ ရှာဖွေ ချင်ရင်ပဲဖြစ်ဖြစ်  ကျွန်မတို့က ကူညီဆောင်ရွက်ပေးပါ့မယ်…"

ယိုယိုပြောသည့်စကားများအရဆိုလျှင် ဆရာမေသည် လောကတွင် အရှိန်အဝါကြီးမားသူတစ်ယောက် ဖြစ်ရမည်ဟု ဆန်းလျန်က တွေးလိုက်မိလေသည်။

သို့သော်… ဆရာမေနှင့်ပတ်သက်ပြီး အခွင့်အရေးယူလိုစိတ်များ ဆန်းလျန်တွင် လုံးဝမရှိခဲ့ပါ။ ဆန်းလျန်သည် စစ်မှန်သည့်နတ်ဘုရားတစ်ပါးဖြစ်လေရာ လောကတွင် သူဖြစ်ချင်သည့်အရာမှန်သမျှ ဖြစ်နိုင်လေသည်။ အသေးအဖွဲ လောက်ကို အလေးထားမည် မဟုတ်ပေ။

သို့သော်…

ဆရာမေသည် အရည်အချင်းရှိသူတစ်ယောက် ဖြစ်ပြီး အခွင့်အရေးကို ဆုပ်ကိုင်နိုင်သူ တစ်ယောက် ဖြစ်လေသည်။ သူသည် ဆန်းလျန်ကုသပေးလိုက်သည့်အတွက် ရောဂါပျောက်ကင်းသွားသည်နှင့် အခွင့်ကောင်းကို လက်လွတ် မခံဘဲ ချက်ချင်းပင် ပြင်းပြင်းထန်ထန် ကျင့်ကြံနေခဲ့လေသည်။ ထို့ကြောင့် ဆရာမေသည် ရောဂါပျောက်ကင်းသွားရုံ သာမက ကျင့်စဉ်လမ်းတွင်ပင် အဆင့်တက်သွားခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်က ခေါင်းတစ်ချက် အသာညိတ်လိုက်ရင်း…

"ဟုတ်ပါပြီ… ဆိုင်နောက်ဘက်က အခန်းထဲမှာ သစ်သားစည်ပိုင်းတစ်ခုရှိတယ် ၊ အဲဒီစည်ပိုင်းထဲကို ရေတစ်ဝက်လောက် ဖြည့် ပြီးတော့ မင်းတို့နေတဲ့အခန်းထဲကို ယူသွားပါ…"

ယိုယိုသည် ချက်ချင်းပင် ဆန်းလျန် ညွှန်ကြားသည့်အတိုင်း ပြုလုပ်လိုက်လေသည်။

သူမသည် သစ်သားစည်ပိုင်းအတွင်းသို့ ရေတစ်ဝက်ခန့်ထည့်ကာ အခန်းတွင်းသို့ ဝင်လာခဲ့လေသည်။ ဆန်းလျန်ကလည်း သူမနောက်မှ လိုက်ပါလာလေသည်။

ထို့နောက် ဆန်းလျန်က သစ်သားစည်ပိုင်းအတွင်းမှ ရေများကို လက်နှစ်ချောင်းဖြင့် ထိုးညွှန်လိုက်ရာ ရေများသည် ချက်ချင်းပင် ပွက်ပွက်ဆူလာလေသည်။

အမှန်တော့ ဆန်းလျန်သည် ရေစည်ထဲမှ ရေများကို ဆူပွက်စေလိုလျှင် စိတ်တစ်ချက်ညွှတ်လိုက်ရုံမျှဖြင့် ဆူပွက် လာနိုင်လေသည်။ သို့သော်… သူက ရေစည်ထဲမှရေများကို လက်နှစ်ချေင်းဖြင့် ထိုးညွှန်လိုက်ရခြင်းမှာ ဒီအတိုင်း ရေများဆူပွက်လာလျှင် ယိုယို အလွန်အမင်းထိတ်လန့်သွားမည် စိုးရိမ်သောကြောင့် ဖြစ်လေသည်။ သူမ အလွန်အမင်းထိတ်လန့်သည်က အရေးမကြီးပါ။ သူမ နားလည်အောင် ရှင်းမပြချင်သောကြောင့် ဖြစ်လေသည်။ နားလည်အောင်ရှင်းပြရခြင်းလောက် ပျင်းစရာကောင်းသည့်အလုပ် လောကတွင် မရှိပေ။

ဆန်းလျန်က…

"မင်းရဲ့ ဂိုဏ်းချုပ်ကို ရေစည်ထဲ ထည့်လိုက်…"

ယိုယိုက…

"ရေက ဒီလောက်ပူနေတာ ၊ ထည့်လို့ဖြစ်ပါ့မလား"

ဆန်းလျန်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ကာ အခန်းအပြင်သို့ ထွက်သွားလေသည်။

"မထည့်ချင်လည်း ကိစ္စမရှိဘူး ၊ နည်းနည်းလောက် ဒုက္ခခံလိုက်ရင် နည်းနည်းလောက်တော့ အကျိုးရှိမှာပေါ့…"

ဆန်းလျန်၏ လေသံက စိတ်ဆိုးဒေါသထွက်ပုံလည်းမရသလို ၊ လိမ်ပြောနေဟန်လည်း မရှိပေ။

အခန်းထဲမှ ထွက်သွားသည့် ဆန်းလျန်၏ ကျောပြင်ကို ယိုယိုက တစ်ချက်လှမ်းကြည့်လိုက်လေသည်။ သို့တိုင်အောင်… သူမ၏ စိတ်များမှာ ရှုတ်ထွေးလျှက် ရှိလေသည်။

သစ်သားစည်ပိုင်းထဲမှ ရေများမှာ အဆက်မပြတ် ပွက်ပွက်ဆူနေလေသည်။ စည်ပိုင်းအောက်တွင် မီးဖိုကြီးတစ်ခုဖြင့် အပူပေးထားသည့်အလား ဖြစ်လေတော့သည်။ သူမက ရေကို လက်ဖြင့် အသာစမ်းကြည့်လိုက်လေရာ သူမ၏ လက်မှာ ချက်ချင်းအပူလောင်သွားပြီး အရေကြည်ဖုများပင် ထလာလေသည်။

ထို့ကြောင့် သူမသည် ဆရာမေကို ရေစည်အတွင်းသို့ထည့်ရန် မဝံ့မရဲဖြစ်နေတော့သည်။

ဂိုဏ်းချုပ်ကို ရေစည်ထဲသို့ ထည့်ရမည်လား ၊ မထည့်ရဘူးလား…။

သူမ ချီတုံချတုံ ဖြစ်နေစဉ်မှာပင် ဆရာမေ၏ မျက်လုံးများ ပွင့်လာလေသည်။

"ယိုယို …. ငါ့ကို ရေစည်ထဲထည့်ပေး…"

ယိုယိုသည် ဂိုဏ်းချုပ်ကို ဘုရားကဲ့သို့ ကိုးကွယ်သူဖြစ်လေသည်။

ထို့ကြောင့် ဂိုဏ်းချုပ်ထံမှ အမိန့်စကားကို ကြားလိုက်ရသည့်အခါတွင်တော့ ချက်ချင်းပင် အမိန့်ကို နာခံလိုက်လေ တော့သည်။

ယိုယိုက ဆရာမေကို သစ်သားစည်ပိုင်းအတွင်းသို့ ထည့်ပေးလိုက်လေသည်။ ဆရာမေသည် ရေစည်အတွင်းသို့ ရောက်သွားသည်နှင့် သံမဏိကိုမီးကင်ထားသည့်အလား ရဲရဲနီနေသည့် အသားအရေများသည် ထူးဆန်းစွာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

ခဏကြာသည့်အခါတွင်တော့ ဆရာမေက ပါးစပ်ဟကာ အသက်တစ်ချက် ရှူထုတ်လိုက်လေသည်။ ထိုအခါ သူ၏ ပါးစပ်အတွင်းမှ အဖြူရောင်အခိုးအငွေ့များထွက်ပေါ်လာလေသည်။ ထိုအခိုးအငွေ့များသည် အဖြူရောင်ပိတ်သားစ အပါးတစ်ခုအလား အခန်းထဲတွင် အချိန်အတန်ကြာ ရှိနေလေသည်။

ဆရာမေ ထိုသို့ပြုလုပ်လိုက်သည်ကို တွေ့မြင်လိုက်သည်နှင့် ယိုယိုက ကမန်းကတန်းပင် မေးမြန်းလိုက်လေသည်။

"ဂိုဏ်းချုပ်… ဘာမှ မဖြစ်ပါဘူးနော်…"

ဆရာမေက ပြုံးလိုက်ရင်း…

"ရောဂါပျောက်သွားတော့ ကျုပ်ရဲ့ ခန္ဓာကိုယ်က သိပ်ကိုပေါ့ပါးသွားတယ်…."

ယိုယိုက ရေစည်ပိုင်းအတွင်းသို့ ကြည့်လိုက်လေသည်။

မူလက ကြည်လင်နေသည့်ရေများသည် အခုတော့ မင်ရောင်အလား နက်စွေးနေလေတော့သည်။ ထိုရေများထဲမှ ညှီစို့စို့ အနံ့များလည်း ထွက်ပေါ်လျှက်ရှိလေ၏။ ခန္ဓာကိုယ်တွင်းမှ မကောင်းသည့် အဆိပ်အတောက်များ အားလုံးသည် ရေထဲသို့ ရောက်ရှိသွားခြင်း ဖြစ်လေသည်။

စကားဆုံးသွားသည်နှင့် ဆရာမေက ရေစည်အတွင်းမှထကာ အဝတ်အစားများလဲလိုက်လေသည်။

ယိုယိုက…

"အဲဒီတာအိုဆရာက အရမ်းထူးဆန်းတယ် ၊ ချန်စန်းကွမ်းမှာ ပညာသင်နေတဲ့ တတိယသခင်တောင် ဂိုဏ်းချုပ်ရဲ့ ရောဂါကို မကုသနိုင်ခဲ့ဘူး ၊ ဒါပေမယ့် အဲဒီတာအိုဆရာကတော့ ချက်ချင်းပဲ ကုသပေးလိုက်တယ်…"

ဆရာမေက…

"အဲဒီအချိန်တုန်းက ကျုပ် အစ်ကို (၃)ကို သွားတွေ့တော့ သူက ချန်စန်းကွမ်းက သာမန်တပည့်တစ်ယောက် အဆင့်ပဲ ရှိသေးတယ်လေ ၊ အဲဒါကြောင့် ကျုပ်ရဲ့ ရောဂါကို ကုသမပေးနိုင်ခဲ့ဘူး ၊ အခု (၁၅) နှစ်တောင် ကြာခဲ့ပြီပဲ ၊ အစ်ကို (၃)လည်း ကျင့်စဉ်လမ်းမှာ အောင်မြင်မှုတွေ ရနေလောက်ပါပြီ ၊ ဒါပေမယ့် ဒီတာအိုဆရာလူငယ်ကတော့ အရမ်း အစွမ်းထက်လွန်းတယ် ၊ ကျုပ်ရဲ့ ရောဂါပျောက်ကင်းသွားရုံတင်မကဘူး သွေးကြောတွေပါ အကုန်ပွင့်သွား တယ် ၊ နောက်ရက်နည်းနည်းလောက် ထပ်ပြီးကျင့်ကြံလိုက်ရင် တန်ခိုးစွမ်းအားတွေတောင် ပိုပြီး မြင့်တက်လာ လိမ့်မယ်…"

ယိုယိုက…

"ဂိုဏ်းချုပ်ရဲ့ တန်ခိုးစွမ်းအားတွေသာ မြင့်တက်လာရင် တတိယသခင်ထားခဲ့တဲ့ မှော်ဝင်လက်နက်တွေနဲ့ အင်းသင်္ကေတတွေကို ကောင်းကောင်း အသုံးပြုလို့ရပြီပေါ့ ၊ ပြီးတော့ ဟို ကျုန်းတျဲယီဆိုတဲ့လူလည်း ဂိုဏ်းချုပ်ကို ကျင်းမာထန်နဲ့ ပူးပေါင်းဖို့ အတင်း ဖိအား မပေးနိုင်တော့ဘူးပေါ့…"

ဆရာမေက….

"ဒီကိစ္စက အဲဒီလောက်တော့ မရိုးရှင်းဘူး ၊ ကျင်းမာထန်က ကျုန်းတျဲယီနဲ့ မတူဘူး ၊ သူက တန်ခိုးစွမ်းအား အမျိုးမျိုးကို ရရှိထားတဲ့ လူထူးလူဆန်းတစ်ယောက်ပဲ… ကံကောင်းတာက ပိုင်ကျားမြို့က နတ်သမီးဗိမာန်ပိုင်ရှင် ဟူတောက်တယ်က တန်ခိုးစွမ်းအားလည်းမြင့်မားသလို အဆက်အသွယ်လည်း ကောင်းတယ် ၊ သူ့ကိုသာ စည်းရုံးနိုင်မယ်ဆိုရင် သူက ကျုပ်တို့ကို ကောင်းကောင်း ကူညီပေးနိုင်မှာပဲ…"

ဟူတောက်တယ်၏ ဂုဏ်သတင်းကျော်ကြားမှုများကို ယိုယိုလည်း ကောင်းကောင်းသိထားလေသည်။

ဟူတောက်တယ်သည် စီးပွားရေးသမားတစ်ယောက် ဖြစ်သော်လည်း သိုင်းလောကတွင် နာမည်ကျော်ကြားသူ တစ်ယောက် ဖြစ်လေသည်။ သူ့ကို သိုင်းလောကသားများက နတ်ဘုရားဟူ ဟု ခေါ်ကြလေသည်။ အဘယ်ကြောင့် ဆိုသော်… သူ၏ ခြံဝန်းအတွင်းမှ မက်မွန်ပင်သည် အေးစက်သည့်ဆောင်းရာသီတွင်ပင် နွေဦးရာသီအလား ပန်းများ ပွင့်လန်းနေသောကြောင့် ဖြစ်လေသည်။ ထိုသို့ (၄)ရာသီလုံးလုံး ပန်းများပွင့်အောင် ပြုလုပ်ထားနိုင်သည့် တန်ခိုးစွမ်းအားမှာ နတ်ဘုရားတန်ခိုးစွမ်းအားများ ဖြစ်သည့်အတွက် သူ့ကို နတ်ဘုရားဟူ ဟု ခေါ်ဆိုကြခြင်း ဖြစ်လေသည်။

ယိုယိုက…

"ဟူတောက်တယ်က ချင်ပြည်နယ်မှာနာမည်ကြီးတစ်ယောက်ပဲ ၊ ဒါပေမယ့် အောက်ထပ်က တာအိုဆရာက ပိုပြီး ထူးဆန်းတာမဟုတ်ဘူးလား ၊ ဂိုဏ်းချုပ်က သူ့ကိုတော့ ဘာလို့ မစည်းရုံးရတာလဲ…"

ဆရာမေက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ယိုယို ၊ ကျုပ် လူကဲခတ်သိပ်တော်တယ်ဆိုတာ မင်းလည်းသိပြီးသားပဲ ၊ အဲဒီ တာအိုဆရာအပေါ်မှာ ကျုပ် ဘယ်လိုမြင်သလဲ မင်းသိလား…"

ယိုယိုက…

"ဂိုဏ်းချုပ် ကျေးဇူးပြုပြီး ပြောပြပေးပါ…"

ဆရာမေက…

"အဲဒီတာအိုဆရာက ကံကြမ္မာကိုတောင်ပြောင်းလဲပစ်နိုင်တဲ့ နတ်ဘုရားတစ်ပါးပဲ ၊ သူ့ကိုမြင်ရတဲ့အခါ အစ်ကို (၃)ကို ချန်စန်းကွမ်းကို ခေါ်သွားတဲ့ နတ်ဘုရားကို ပြန်ပြီး အမှတ်ရမိစေတယ်…."

All Chapters