ကလေးငယ်ကဲ့သို့ဖြူစင်သည့်စိတ်ထား
Vol. 8 Ch. 721
လောင်းကစားဒိုင်၏ နဖူးထက်တွင်လည်း ချွေးသီးချွေးပေါက်များ ကျနေပြီ ဖြစ်လေသည်။
သူက လောင်းကစားဂေဟာတစ်ခုလုံးတွင် အတော်ဆုံးဒိုင်တစ်ယောက်တော့ မဟုတ်ပေ။ သို့သော်… အတွေ့အကြုံများသူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူခေါက်လိုက်သည့် အံစာမှာ ထိုမျှ ကြီးကြီးမားမား လွဲမှားသွားစရာ အကြောင်းမရှိပေ။
သူက မကျေမနပ်လေသံဖြင့်…
"မင်း ဘယ်လိုလုပ်လိုက်တာလဲ…"
လောင်းကစားဒိုင်၏ ပုံစံမှာ လုံးဝအသိစိတ်လွတ်နေပြီး သူ့ကိုယ်သူ ယုံကြည်မှုများလည်း ပျောက်ဆုံးနေဟန်ရှိလေ သည်။
ပိုင်ရှောက်ယွီက ငိုယိုရင်းဖြင့်…
"ကျုပ်တကယ်ပဲဘာမှမလုပ်ရပါဘူးဗျာ…"
လောင်းကစားဂေဟာပင်ဖြစ်လင့်ကစား လောင်းကစားနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ ရှိလေသည်။
ပိုင်ရှောက်ယွီမှာ မသမာသည့်နည်းလမ်းဖြင့် လောင်းကစားအနိုင်ရအောင် လုပ်နေသည်ဟု လောင်းကစားဂေဟာမှ လူများက ထင်နေကြလေသည်။ သို့သော်… သက်သေမပြနိုင်ကြပေ။ ထို့ကြောင့် ပိုင်ရှောက်ယွီကို တရားနည်းလမ်း ကျကျဖြင့် အရေးယူရန်မှာ မဖြစ်နိုင်ပေ။
ပိုင်ရှောက်ယွီ အနိုင်ရသွားသည့်ပိုက်ဆံများကို ပေးလိုက်ပြီး ပိုင်ရှောက်ယွီကို လွှတ်ပေးလိုက်လျှင်လည်း ပြဿနာတော့ သိပ်မရှိပေ။ ထိုငွေမျှလောက်ကို သူဌေးကြီးပိုင်ကလည်း အရေးလုပ်မည် မဟုတ်ပေ။ သို့သော်… လူလိမ် တစ်ယောက်ကို မဖမ်းနိုင်သည့်သတင်းသာ ပျံ့နှံ့သွားပါက လောင်းကစားဂေဟာမှဒိုင်များအနေဖြင့် သူဌေးကြီးပိုင်ကို မျက်နှာပြရဲ တော့မည် မဟုတ်ပေ။
အထူးသဖြင့် ယခု ပိုင်ရှောက်ယွီနှင့်အတူ ကစားနေသည့် လောင်းကစားဒိုင်မှာ အလွန်တော်သူဖြစ်လေသည်။ ထို့ကြောင့် သူ့ကို မနာလိုသူများပေါများလေရာ ယနေ့ကိစ္စကို တစ်ယောက်ယောက်ကသာ သူဌေးကြီးပိုင်ကို သွားရောက်ချောက်တွန်းလိုက်လျှင် သူ အလုပ်ပြုတ်သွားနိုင်လေသည်။
လောင်းကစားဒိုင်က နဖူးထက်မှချွေးများကို အင်္ကျီလက်ဖြင့်အသာသုတ်လိုက်ရင်း….
"ပိုင်ရှောက်ယွီ ၊ မင်း နည်းနည်းလောက် ကိုယ်ချင်းစာစမ်းပါကွာ ၊ မင်း ဘာလှည့်ကွက်တွေသုံးနေလဲဆိုတာသာ ပြောပြလိုက် ၊ ကျုပ် မင်းကိုဒုက္ခမပေးပါဘူး…"
ပိုင်ရှောက်ယွီက…
"ကျုပ်လည်း တကယ်ပဲမသိတော့ဘူး…"
သူသာ လောင်းကစားဝိုင်းတွင်အသုံးပြုသည့် ကလိန်ကကျစ်နည်းလမ်းများကို သိမည်ဆိုလျှင် ယခုကဲ့သို့ ပြဿနာ များပင် ဖြစ်လာမည် မဟုတ်ပေ။
ပိုင်ရှောက်ယွီသည် နောင်တရလျှက်ရှိလေ၏။ သူသာ စောစောစီးစီးသာ အနိုင်နဲ့ပိုင်းပြီး ပြန်ခဲ့လျှင် ယခုကဲ့သို့ ပြဿနာများ ကြုံရမည်မဟုတ်ပေ။ ယခုလောက်ဆိုလျှင် ဆိုင်ရှင်သူဌေးချက်သည့် ညနေစာကို ကောင်းကောင်းစား နေရလောက်ပြီ ဖြစ်လေသည်။
………….
ကူးဝေေ၀က မိုးဆဲသွားပြီဖြစ်သည့် ညကောင်းကင်ကို မော့ကြည့်လိုက်ရင်း ….
"အားလျန် ၊ နင်က ပိုင်ရှောက်ယွီကို အချိန်မလွန်ခင် ပြန်ခဲ့လို့မှာလိုက်တာ ၊ အခုတော့ ပြန်ကိုမလာတော့ဘူး ၊ ဘာတွေဖြစ်နေလဲ မသိဘူး…"
ဆန်းလျန်က…
"ဂိုဏ်းတူအစ်မ ၊ သူ့ကို ကျွန်တော်ပေးလိုက်တဲ့ ကြေးပြားလေး (၂)ပြားကို မှတ်မိတယ်မလား…"
ကူးဝေေ၀က…
"အင်း… မှတ်မိတယ်…"
ဆန်းလျန်က…
"အဲဒီကြေးပြား (၂)ပြားက ကျွန်တော် တန်ခိုးနဲ့သန့်စင်ပေးထားတာ ၊ ဝိညာဉ်စွမ်းအားတွေနဲ့ ပြည့်နေတာ ၊ သူသာ လောင်းကစားဂေဟာမှာ အချိန်အကြာကြီးနေမယ်ဆိုရင် အဲဒီကြေးပြား (၂)ပြားက လောင်းကစားဂေဟာတစ်ခုလုံး က ရှိသမျှပိုက်ဆံတွေကို စုပ်ယူပစ်လိမ့်မယ် ၊ အဲဒါဆိုရင် သူ ရှုံးချင်ရင်တောင် မရှုံးတော့ဘူး…"
ကူးဝေေ၀က…
"အဲဒါဆို ဒီကောင်လေးကို လောင်းကစားဂေဟာက ထိန်းသိမ်းထားလိုက်ပြီပေါ့…"
ဆန်းလျန်က…
"ဟုတ်တယ် ၊ အဲဒီကောင်စုတ်လေး ဉာဏ်မရှိလို့ ဒီလိုဖြစ်ရတာ ၊ သူက ကိုယ့်စိတ်ကိုမထိန်းနိုင်ဘူး ၊ သိပ်ကို သတိ လက်လွတ်လုပ်တတ်တယ် ၊ ပြီးတော့ အခြေနေကိုလည်း မသုံးသပ်တတ်ဘူး ၊ တစ်ချို့တွေကျတော့ အခြေအနေ ကိုသုံးသပ်တတ်တယ် ၊ မေနန့်စန်းကိုပဲကြည့်လေ ၊ ကိုယ့်အတွက် ဘယ်အရာက အကျိုးရှိမလဲ ဆိုတာကို ကောင်းကောင်းသိတယ် ၊ အကျိုးနဲ့အပြစ်ကိုတွက်ဆနိုင်တယ် ၊ အလုပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်…"
ကူးဝေေ၀က…
"နင့်စိတ်ထဲမှာ ပိုက်ရှောက်ယွီကို အမြင်ကပ်နေတာလား…"
ဆန်းလျန်က…
"ဘယ်ကဟုတ်ရမှာလဲ…"
ကူးဝေေ၀ကပြုံးလိုက်ရင်း…
"ကြည့်ရတာ နင်ကတော့ ပုံမှန်ပါပဲ ၊ ဘယ်သူ့ကိုမှ ချစ်တယ်လည်းမရှိဘူး ၊ မုန်းတယ်လည်းမရှိဘူး ၊ ဟုတ်တယ် မလား…"
ဆန်းလျန်ကပြုံးလိုက်ရင်း…
"ဂိုဏ်းတူအစ်မကလည်း… ကျွန်တော်က အစ်မကိုတော့ ဂရုစိုက်ပါတယ်ဗျာ…"
ကူးဝေေ၀က ခပ်တိုးတိုးလေသံဖြင့်…
"ငါက အဲဒီသဘောမျိုးပြောတာ မဟုတ်ပါဘူး…."
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း….
"အစ်မပြောတာကို ကျွန်တော်နားလည်ပါတယ် ၊ ကျင့်ကြံသူတွေက စိတ်ထားသန့်ရှင်းပြီး လိုချင်တပ်မက်မှုတွေ မရှိကြဘူးလို့ လူတွေက ထင်နေကြတာလေ ၊ ဒါကြောင့် ခံစားချက်တွေမရှိဘူးလို့ ထင်စရာရှိတယ် ၊ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး ၊ ဒါပေမယ့် စစ်မှန်တဲ့ကျင့်ကြံသူတွေကတော့ စိတ်ထားမယိမ်းယိုင်ကြဘူး ၊ ကိလေသာမြူတွေ ကိုဖယ်ရှားနိုင်ပြီး သစ္စာတရားကိုသိမြင်ကြတယ်… ဒါကြောင့် စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက်ဟာ သူနှစ်သက်တဲ့ အရာတွေကိုလည်း ဟန်ဆောင်ဖုံးကွယ်မထားသလို မနှစ်သက်တဲ့အရာတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောမှာပဲ ၊ ဟန်ဆောင်နေမှာတော့ မဟုတ်ဘူး"
ကူးဝေေ၀က…
"အဲဒါဆို ကလေးတစ်ယောက်နဲ့သွားတူနေမှာပေါ့…"
ဆန်းလျန်က…
"ဂိုဏ်းတူအစ်မပြောတာမှန်တယ် ၊ ဒါကြောင့် ထိုက်စန့်လောင်ကျွင်းရေးထားတဲ့ တာအိုတေချင်ကျမ်းထဲမှာ သန့်စင်တဲ့ကလေးငယ်ကဲ့သို့ဆိုတဲ့ စကားလုံးတွေကို မကြာခဏသုံးထားတာ တွေ့ရတာပေါ့ ၊ 'ကလေးငယ်ကဲ့သို့ သောဖြူစင်သည့်စိတ်ထားဖြင့်သာ လျှို့ဝှက်နက်နဲသည့်ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်လိမ့်မယ်လို့' ရေးထားခဲ့ တယ် ၊ အစ်မကို ဒီည တာအိုတေချင်ကျမ်းအကြောင်း သင်ပေးမယ် ၊ ပြီးရင် အစ်မ ဆက်ပြီး ကျင့်ကြံပါ…"
ကူးဝေေ၀မှာ ဆန်းလျန်နှင့် စကားတွေအများကြီးပြောရသည်ကို သဘောကျနှစ်သက်သူ ဖြစ်လေသည်။ သို့သော်… ပျင်းစရာကောင်းသည့် ကျမ်းစာများကိုတော့ သူမ နားမထောင်ချင်ပါ။
ထို့ကြောင့် သူမက ဆန်းလျန်၏လက်မောင်းကိုအသာကိုင်လှုပ်လိုက်ရင်း…
"တခြားအကြောင်းတွေပဲ ပြောပြစမ်းပါ ၊ ကျမ်းစာတွေတော့ နားမထောင်ချင်ဘူး…"
ဆန်းလျန်က ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင် ကူးဝေေ၀ကို စည်းကမ်းတင်းကြပ်ချင်မိလေသည်။
သို့သော်… ဂိုဏ်းတူအစ်မ၏ ရေကဲ့သို့ကြည်လင်နေသည့် မျက်ဝန်းလေးများကို တွေ့မြင်လိုက်ရသည့် အခါတွင်တော့ သူ့စိတ်များကို တင်းမထားနိုင်တော့ပါချေ။
ဆန်းလျန်က စိတ်ထဲမှတွးလိုက်မိလေသည်။
"အစ်မသာ ကျင့်စဉ်လမ်း မအောင်မြင်ရင်တော့ ဒုက္ခပါပဲ ၊ ဒါပေမယ့် သာမန်လူတစ်ယောက်ကို နတ်ဘုရားတစ်ပါး ဖြစ်လာစေမယ့် နတ်ဆေးတစ်မျိုးကိုရှာဖွေပြီး အစ်မရဲ့ရွှေပြဒါးအမြုတေကို အဆင့် (၉)အထိရောက်အောင် သန့်စင် ပေးနိုင်ရင်တော့ ဒီဘဝမှာပဲ အစ်မလည်း နတ်ဘုရားတစ်ပါးဖြစ်လာပြီး ဘယ်တော့မှ သံသရာမှာ လူပြန်ဝင်စားနေရ မှာမဟုတ်တော့ဘူး…"
ထိုသို့တွေးလိုက်မိသည်နှင့် ဆန်းလျန်သည် ကူးဝေေ၀ကို အတင်းအကြပ် ကျင့်ကြံစေခြင်းများ မပြုတော့ဟု တွေးလိုက်မိလေသည်။
ကူးဝေေ၀သည် စိတ်ခံစားလွယ်သူတစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်၏ မျက်ဝန်းများ ချက်ချင်းပင် နူးညံ့သိမ်မွေ့ သွားသည်ကို တွေ့မြင်လိုက်ရသည်နှင့် သူမ၏ စိတ်ထဲတွင် ကြည်နူးမှုလေးများကို ခံစားလိုက်ရလေသည်။ သူမ၏ ဘဝတွင် ဆန်းလျန်နှင့် ဆုံစည်းခွင့်ရရခဲ့ခြင်းမှာ ကံအကောင်းဆုံး အခွင့်အရေးတစ်ခုဖြစ်သည်ဟု တွေးနေမိလေ တော့သည်။
လောကကြီးက တရားမျှတမှုမရှိပါ။
နတ်ဘုရားဖြစ်လိုလှသည့်အတွက် အပြင်းအထန် ကြိုးစားကျင့်ကြံကြသည့်တိုင် နတ်ဘုရားဖြစ်မလာသည့် ကျင့်ကြံသူပေါင်း များစွာ ရှိလေသည်။
ကူးဝေေ၀ကတော့ ဒုက္ခခံကာ ကျင့်ကြံလိုခြင်း မရှိပေ။ သို့သော်… ဆန်းလျန်က သူမကို နတ်ဘုရားတစ်ပါးဖြစ်လာရန် အတွက် စဉ်းစားပေးနေခဲ့လေသည်။ ထို့ကြောင့် သူမသည် အခြားသောကျင့်ကြံသူများထက် နတ်ဘုရားတစ်ပါးဖြစ် လာရန် အခွင့်အရေးပိုများနေလေသည်။
……..
လူ့ဘဝဆိုသည်က သုခထက် ဒုက္ခပိုများသည်မှာ ဓမ္မတာပင် ဖြစ်လေသည်။
သူဌေးကြီးပိုင်သည် အလွန်ကြွယ်ဝချမ်းသာသူတစ်ယောက် ဖြစ်လေသည်။ ထို့ပြင် ချင်ပြည်နယ် မြေအောက် ဒုစရိုက်လောက၏ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်လေသည်။
သို့သော်… သူ မပျော်နိုင်ပါ။
အဘယ်ကြောင့်ဆိုသော်… သူ့ဆီသို့ အလောင်းမိစ္ဆာကျုန်းတျဲယီ ရောက်လာသော ကြောင့်ဖြစ်လေသည်။
ကျုန်းတျဲယီတစ်ယောက်တည်းဆိုလျှင်တော့ သူဌေးကြီးပိုင်က အရေးစိုက်မည် မဟုတ်ပေ။ သို့သော်… ကျုန်းတျဲယီ ကို နောက်ကွယ်မှ ထောက်ပံ့ပေးနေသူမှာ ကျင်းမာထန် ဖြစ်လေသည်။ ကျင်းမာထန် ပါဝင်ပတ်သက်လာလျှင်တော့ အခြေအနေများက ပြောင်းလဲသွားမည် ဖြစ်လေသည်။
တစ်ချိန်တုန်းက… ပိုင်ယွိဆိုသည့် လူတစ်ယောက်သည် ကျင်းမာကျောင်းတော်အတွက် တာဝန်ထမ်းဆောင်ပေး ခဲ့ဖူးလေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ပိုင်ယွိကို ကျင်းမာထန်ဟု ခေါ်ကြခြင်း ဖြစ်လေသည်။ ကျင်းမာထန်၏ ကြွယ်ဝချမ်းသာမှုများနှင့် တန်ခိုးစွမ်းအားများမှာ ခန့်မှန်း၍ပင် မရနိုင်ပေ။ ထို့ပြင် ကျင်းမာထန်ကို နောက်ကွယ်မှ ထောက်ပံ့ပေးနေသူမှာ "ဝေ့" မင်းသား ဖြစ်လေသည်။
ကျုန်းတျဲယီက သူဌေးကြီးပိုင်ဆီသို့ရောက်လာပြီး တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့လေသည်။
ထိုတောင်းဆိုမှုမှာ -
"အရှေ့ပင်လယ်ဂိုဏ်းချုပ်မေနန့်စန်း သူဌေးကြီးပိုင်ဆီသို့ လာရောက်အကူအညီတောင်းခံလျှင် အကူအညီ မပေးရန်"
ဟူ၍ ဖြစ်လေ၏။
မေနန့်စန်းဆိုသည်က အရှေ့ပင်လယ်ဂိုဏ်းကို နှစ်ပေါင်းများစွာ ဦးစီးဦးဆောင်ပြုခဲ့သည့် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လေသည်။
သူဌေးကြီးပိုင်က သူတောင်းသည့်အကူအညီကို ငြင်းဆန်လိုက်သည့်တိုင် မေနန့်စန်းက ဒေါသထွက်သွားခြင်း မရှိခဲ့ ပေ။ ထို့ပြင် သူဌေးကြီးပိုင်၏ လောင်းကစားဂေဟာတွင်ပင် လောင်းကစားပြုလုပ်လိုက်သေးသည်။
သူဌေးကြီးပိုင်၏ လောင်းကစားဂေဟာတွင် သာမန်လူများအတွက် လောင်းကစားဝိုင်းများရှိသလို ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအတွက် သီးသန့်လောင်းကစားဝိုင်းများလည်း ရှိလေသည်။ သီးသန့်လောင်းကစားဝိုင်းများတွင် ချမ်းသာကြွယ်ဝသူများသာ လာရောက် လောင်းကစားလေ့ရှိပြီး အဆင့်အတန်းနိမ့်သူတစ်ယောက်မှ လာရောက်နိုင် ခြင်းမရှိပေ။
ယခုတော့…
သီးသန့်လောင်းကစားဝိုင်းတွင် ဆရာမေနှင့် လောင်းကစားပြုလုပ်နေသူဆို၍ သူဌေးကြီးပိုင်တစ်ယောက်သာ ကျန်လေတော့သည်။ အခြားသော ဂုဏ်သရေရှိ သူဌေးသူကြွယ်များ တစ်ယောက်မှ မကစားကြတော့ပေ။ သူတို့က သူဌေးကြီးပိုင်နှင့် ဆရာမေ၏ ကစားပွဲကို ဘေးမှသာ အားပေးကြည့်ရှုနေကြလေသည်။
အဘယ်ကြောင်ဆိုသော် … ကစားပွဲတိုင်းတွင် မေနန့်စန်းတစ်ယောက်သာ တစ်ပွဲပြီးတစ်ပွဲ အနိုင်ရနေသောကြောင့် ဖြစ်လေသည်။
သူတို့အားလုံးမှာ ချမ်းသာကြွယ်ဝသူများဖြစ်သည့်တိုင် ကစားဝိုင်းတွင် တောက်လျှောက်ရှုံးနေသည့်အတွက် ဆက်ပြီး မကစားကြတော့ခြင်း ဖြစ်လေသည်။ လောင်းကစားဆိုသည်က ရှုံးမဲမဲကာ ဆက်တိုက်ကစားလေ စီးပွားပျက်ရန် နီးစပ်လေ မဟုတ်ပါလား။
သူဌေးကြီးပိုင်နှင့် ဆရာမေသည် ဖိုင်ဂေါ်ဆိုသည့်ကစားနည်းတစ်မျိုးကို ကစားနေကြခြင်း ဖြစ်လေသည်။ ကတ်ပြား များပေါ်တွင် အဖြူရောင်အစက်များ ထွင်းထားပြီး အံစာခေါက်ခြင်းနှင့် တွဲဖက်ကစားရသည့် ကစားနည်း ဖြစ်လေ သည်။
ယခု… တစ်ပွဲကစားပြီးသွားပြီ ဖြစ်သည့်အတွက် နောက်တစ်ပွဲ ပြန်စနေခြင်း ဖြစ်လေသည်။
မေနန့်စန်းက ကတ်များကို ကုလားဖန်ထိုးလိုက်လေသည်။ ကတ်များကို ကုလားဖန်ထိုးလိုက်သည့်အတွက် ထွက်ပေါ်လာသည့်အသံမှာ ကျောက်စိမ်းသားများ တစ်ခုနှင့်တစ်ခု ရိုက်ခတ်နေသည့်အလား နားထောင်၍ကောင်း လှသည်။
ဆရာမေ၏ ပုံစံကတော့ ခပ်အေးအေးပင် ဖြစ်လေ၏။ ပျော်ရွှင်ဟန်လည်းမရှိသလို စိတ်ဆိုးဒေါသထွက်ဟန် လည်းမရှိပေ။ ရုတ်တရက် ကုလားဖန်ထိုးနေခြင်းကြောင့် ထွက်ပေါ်နေသည့် အသံများ ရပ်တန့်သွားလေသည်။
ဆရာမေက ကတ်လေးများကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် စီလိုက်လေသည်။
သူတို့၏ ဘေးနားတွင် မိန်းကလေးများကလည်း တေးဂီတများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေနေကြလေသည်။ သို့သော် သူဌေးကြီးပိုင်သည် ဂီတာကိုပင် ခံစားနိုင်ခြင်းမရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော်… ယခုတစ်ပွဲလည်း သူရှုံးနိမ့်တော့မည်ကို ခံစားမိနေသောကြောင့် ဖြစ်ပါလေ၏။ ကစားပွဲ နောက်တစ်ပွဲ မကစားတော့ဘဲ ဆရာမေသည် ကတ်များကိုသာ ကုလားဖန်ထိုးနေလျှင် ကောင်းမည်ဟု သူဌေးကြီးပိုင် တွေးလိုက်မိလေသည်။
သူဌေးကြီးပိုင်၏ မျက်နှာက တည်ကြည်လေးနက်နေလေသည်။ သူသည် လောင်းကစားဂေဟာအလုပ်ကို လုပ်ကိုင် ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်လေသည်။ လောင်းကစားနှင့်ပတ်သက်ပြီး သူ၏ ကျွမ်းကျင်မှုက ထိပ်တန်း အဆင့်ဖြစ်လေသည်။
သို့သော်… မေနန့်စန်း ကတ်များကို ကုလားဖန်ထိုးပြီးသွားသည်နှင့် သူဌေးကြီးပိုင်မှာ အကြားအာရုံကို အသုံးပြုကာ မည်သည့် နေရာတွင် မည်သည့်ကတ်ရှိသည်ကို ခန့်မှန်း၍ မရတော့ပေ။
သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဆရာမေ ၊ ကျုပ် အဝတ်အစားလေးသွားလဲလိုက်ချင်လို့ ၊ ခဏလောက်စောင့်ပေးပါဦးဗျာ…"
ဆရာမေက…
"ရပါတယ် ၊ လုပ်ပါ…"
သူဌေးကြီးပိုင် အခန်းအတွင်းမှ ထွက်သွားလေသည်။
သို့သော်… တကယ်တမ်းတွင် သူက သန့်စင်ခန်းသို့ သွားခြင်း မဟုတ်ပါ။ သူက ယုံကြည်စိတ်ချရသည့် အစောင့် တစ်ယောက်ကို ခေါ်လိုက်ပြီး…
"လောင်းကစားဂေဟာထဲက အရည်အချင်းရှိတဲ့ လောင်းကစားဒိုင်တွေ အားလုံးကို ခေါ်လာခဲ့ ၊ ဒါနဲ့ ပိုင်ဟယ်ရော ဘယ်ရောက်နေလဲ ၊ စောစောက သူ့ကိုခေါ်တာ မရှိဘူး…"
အစောင့်က…
"လောင်းကစားဂေဟာထဲမှာ လူလိမ်တစ်ယောက်ရောက်နေလို့ လောင်းကစားဒိုင်ပိုင်ဟယ်က ပညာပေးဖို့ လုပ်နေပါ တယ်… သူဌေးကြီး… "
သူဌေးကြီးပိုင်က အေးစက်သည့်လေသံဖြင့်…
"ဆီလျော်မှုမရှိလိုက်တာ ၊ ဒီနေ့ မေနန့်စန်းချည်းပဲ အနိုင်ရနေလို့ မဖြစ်တော့ဘူး ၊ ပိုင်ဟယ် ဘာပဲလုပ်နေလုပ်နေ အခုချက်ချင်းခေါ်ခဲ့စမ်း…"
အစောင့်က…
"ဟုတ်ကဲ့…"
သူဌေးကြီးပိုင်က အမိန့်ပေးပြီးသည်နှင့် သန့်စင်ခန်းရှိရာသို့ ထွက်လာကာ အဝတ်အစားလဲလိုက်လေသည်။
သူ့အနေဖြင့် အတတ်နိုင်ဆုံး မေနန့်စန်းကို အချိန်ဆွဲထားရမည် ဖြစ်လေသည်။