← Chapters

ပိုင်ဆံရှိရင်နတ်ဘုရားများကိုပင်ပင့်ဖိတ်နိုင်

Vol. 8 Ch. 722

ပိုင်ဆံရှိရင်နတ်ဘုရားများကိုပင်ပင့်ဖိတ်နိုင်

Vol. 8 Ch. 722

သူဌေးကြီးပိုင်အဝတ်အစားသွားလဲသည်နှင့် လောင်းကစားပွဲကို ကြည့်နေကြသည့် အခြားသော သူဌေးသူကြွယ် များက ဆရာမေကို တစ်ယောက်ပြီးတစ်ယောက် လာရောက်နှုတ်ဆက်ကြလေသည်။ အရှေ့ပင်လယ်ဂိုဏ်းဆို သည်က စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားလေရာ ဆရာမေလိုလူမျိုးနှင့် ရင်းနှီးထား ခြင်းအားဖြင့် အရှုံးမရှိ နိုင်ပေ။

ဆရာမေက ဖော်ရွေသူတစ်ယောက်ဖြစ်ပြီး လာရောက်နှုတ်ဆက်သူများကို ရင်းရင်းနှီးနှီးပင် စကားပြောဆိုလေ သည်။

သို့သော်… သူ၏ စိတ်ထဲတွင်တော့ ဆန်းလျန်ကိုသာ လေးစားပြီးရင်း လေးစားနေမိလေတော့သည်။ ဆန်းလျန်သာ သူ့ရောဂါကိုကုသပေးပြီး သွေးကြောများပွင့်သွားအောင် ကူညီမပေးခဲ့ပါက သူ့ကိုယ်တွင်းမှ တန်ခိုးစွမ်းအားများ လည်းမြင့်မားလာမည် မဟုတ်ပေ။

ယခုတော့ သူ၏ အမြင်အာရုံ ၊ အကြားအာရုံများသည် အရင်နေ့များကထက် စူးရှထက်မြက်နေပြီး လောင်းကစားပွဲ တွင် အသာစီးရနေခဲ့ခြင်း ဖြစ်လေသည်။

ထို့ကြောင့် အရှေ့ပင်လယ်ဂိုဏ်းအနေဖြင့် ဆန်းလျန်က မည်သည့်အကူအညီမှ ပြန်လည်တောင်းဆိုခြင်း မရှိသည့် တိုင် ကျေးဇူးတရားကိုတော့ လေးစားသင့်ပေသည်။

အမွှေးတိုင်တစ်တိုင်ကုန်ဆုံးသည့်အချိန်ခန့်တွင်တော့ သူဌေးကြီးပိုင် ပြန်ရောက်လာလေသည်။ သန့်ပြန့်သည့် ဝတ်ကောင်းစားလှများ ဝတ်ဆင်လာသော်လည်း သူ၏အသားအရေမှာ ဆရာမေကဲ့သို့ ကြည်လင်ခြင်း မရှိပေ။

သူက လောင်းကစားဝိုင်းတွင်ပြန်ထိုင်လိုက်ပြီး…

"ဆရာမေ စောင့်ရတာ ကြာသွားပြီ…"

"ကိစ္စမရှိပါဘူး ၊ ကဲ… အစ်ကိုပိုင် အံစာပစ်ပေတော့…"

သူဌေးကြီးပိုင်က ခပ်တည်တည်ဖြင့်ပင် ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။

ထို့နောက် လောင်းကစားဒိုင်တစ်ယောက်ကို ခေါ်လိုက်ကာ သူ့ကိုယ်စား အံစာပစ်ခိုင်းလိုက်လေသည်။ အံစာခေါက်သည့်ခွက်လေး အတွင်းမှ တချွင်ချွင်မည်သံလေးများ ထွက်ပေါ်လာလေသည်။

ဘေးနားမှ ကြည့်နေသူတစ်ယောက်က…

"ခွန်စန်းတောင်က ကျောက်စိမ်းကွဲကြေ ၊ ဇမဏီငှက်အော်မြည်…"

ဟု ပြောလိုက်လေသည်။

အားလုံးက ဒိုင်လုပ်သူ၏ အံစာခေါက်သည့်ပညာကို စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။

'ခွန်စန်းတောင်က ကျောက်စိမ်းကွဲကြေ ၊ ဇမဏီငှက်အော်မြည်' ဆိုသည်မှာ အံစာခေါက်သည့် နည်းတစ်နည်းကို တင်စားပြောဆိုခြင်း ဖြစ်လေ၏။

ကြည့်ရသည်မှာ သူဌေးကြီးပိုင် ခေါ်လိုက်သည့် ဒိုင်မှာ လောင်းကစားရာတွင် အလွန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ဟန်တူလေသည်။

အံစာခွက်ကို ဖွင့်လိုက်သည်နှင့် အံစာ (၃)တုံးက (၆) ပေါက်စီကျလေသည်။ ထိုဂဏန်းမှာ (၉) ဂဏန်း (၂)ဆ ဖြစ်လေ၏။ (စုစုပေါင်း - ၁၈ ပေါက်ကျသည်ဟု ဆိုလို - ဘာသာပြန်သူ)

ထိုအချိန်မှာပင်… အံစာကိုပစ်လိုက်သည့် လောင်းကစားဒိုင်၏နဖူးထက်တွင် ချွေးသီးချွေးပေါက်များ ကျလာလေ တော့သည်။ သူက အံစာကို (၄)ပေါက် ၊ (၅)ပေါက် ၊ (၆)ပေါက်ရအောင် သေသေချာချာ ပစ်လိုက်ခြင်း ဖြစ်လေ သည်။ အဘယ့်ကြောင့် အံစာတုံး (၃)ခုလုံး (၆)ပေါက်ကျလာရပါသနည်း။ သူ လောင်းကစားလောကတွင် ကျင်လည်ခဲ့သည်မှာ အနှစ် (၃၀)ခန့်ရှိပြီ ဖြစ်လေသည်။ သူ့အတွက် အံစာခေါက်ခြင်းဆိုသည်မှာ ထမင်းစား ၊ ရေသောက် အလုပ်ပမာ လွယ်ကူလွန်းလှလေသည်။ မည်သည့်အခါမှ မှားယွင်းသည်ဟူ၍ မရှိခဲ့ဘူးပေ။

ယခုကဲ့သို့ မှားယွင်းသွားရသည်မှာ ဆရာမေက လှည့်စားနေခြင်းကြောင့်သာ ဖြစ်နိုင်လေသည်။

သို့သော်… သူဌေးကြီးပိုင်က မျက်နှာပျက်သွားခြင်း မရှိပါ။ အံစာတုံးမှ ကျသည့်အပေါက်များအတိုင်း ကတ်များကို ဆွဲယူလိုက်လေသည်။ ထို့နောက် လောင်းကြေးတစ်သိန်းကို စားပွဲပေါ်သို့ တင်လိုက်လေ၏။

လူအများထင်လိုက်ကြသည်မှာ ဒိုင်လုပ်သူ၏ ကျွမ်းကျင်သည့် အံစာခေါက်မှုကြောင့် ဆရာမေ ရှုံးတော့မည် ဖြစ်သည့်အတွက် သူဌေးကြီးပိုင်က လောင်းကြေးအများကြီး ထပ်လိုက်ခြင်းဖြစ်သည် ဟူ၍ပင်။ ထိုသို့ပြုလုပ်ခြင်းမှာ လောင်းကစားစည်းကမ်းနှင့်မညီပေ။ သို့သော်… ကာယကံရှင်ဖြစ်သည့် ဆရာမေတောင်မှ တစ်ခွန်းမှမပြောလေရာ အပြင်လူဖြစ်သည့်သူတို့ကလည်း ဝင်ရောက်ပြောဆိုခြင်း မပြုကြတော့ပေ။

ကတ်များကိုလှန်လိုက်သည့်အခါတွင်တော့ ဆရာမေသာလျှင် အနိုင်ရသွားပြန်လေသည်။

သူဌေးကြီးပိုုင်မှာ နောက်ထပ်ပိုက်ဆံတစ်သိန်း ရှုံးသွားရပြန်လေသည်။

သူဌေးကြီးပိုင်က အံ့သြမနေတော့ပါ။ အဘယ်ကြောင့်ဆိုသော် လောင်းကစားဒိုင်က ဆရာမေက အံစာတုံးများ အပေါ်တွင် လှည့်ကွက်တစ်ခု သုံးထားသည်ဟု ယခုလေးတင် တီးတိုးပြောလိုက်သောကြောင့် ဖြစ်လေသည်။

သို့သော်… ဆရာမေ လှည့်ကွက်သုံးသည်ဆိုသည်မှာ အထင်သာရှိပြီး မည်သူမှ သက်သေမပြနိုင်ကြပေ။

လောင်းကစားဂေဟာမှ အတော်ဆုံး လောင်းကစားဒိုင် (၁၀)ယောက်ကိုခေါ်ကာ ကစားဦးတော့ ယနေ့အဖို့ ဆရာမေ ကိုနိုင်စရာအကြောင်းမရှိသည်ကို သူဌေးကြီးပိုင် သဘောပေါက်သွားလေသည်။ သို့ရာတွင်… ရှုံးမှန်းသိသိကြီးနှင့်ပင် တစ်သိန်း၏နှစ်ဆ လောင်းကြေးတင်လိုက်ပြန်သည်။ သူက ဆရာမေ၏ လှည့်စားမှုကို ဖော်ထုတ်နိုင်ရန်အတွက် လောင်းကြေး တိုးလိုက်ခြင်းဖြစ်လေသည်။

ဆရာမေက တစ်ချက်ပြုံးလိုက်ပြီး သူအနိုင်ရထားသည့် ငွေစများကို သူဌေးကြီးပိုင်ရှိရာသို့ အသာတိုးပေးလိုက်ရင်း…

"ဒီနေ့ အများကြီးပျော်ခဲ့ရပါတယ် ၊ ဒီအနိုင်ရတဲ့လောင်းကြေးတွေအကုန်လုံးကို သူဌေးကြီးပိုင်နဲ့ တွေ့ဆုံတဲ့ အထိမ်း အမှတ်အဖြစ် လက်ဆောင်အဖြစ် ပြန်ပေးချင်ပါတယ်…"

သူဌေးကြီးပိုင်၏ မျက်နှာအမူအရာမှာ မသေမချာဖြစ်သွားပြီး…

"ဆရာမေရဲ့ ရက်ရောမှုကို ကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့် ကျုပ်က အရှေ့ပင်လယ်ဂိုဏ်းချုပ်လောက် မချမ်းသာ ပေမယ့် ငွေမရှားပါဘူးဗျာ ၊ ဒီငွေတွေနဲ့ ယိုယိုမိန်းကလေးအတွက် ရတနာပစ္စည်းလေး ဘာလေး ဝယ်ပေးလိုက်ပါ"

သူဌေးကြီးပိုင်က ငွေစများကို ဆရာမေရှိရာသို့ ပြန်တိုးပေးလိုက်ပြန်လေသည်။

ဆရာမေက ငွေစများကိုတစ်ချက်ပင် မကြည့်ဘဲ…

"အစ်ကိုပိုင်က ငွေမရှားဘူးဆိုမှတော့ အခု အချိန်လည်း စောနေသေးတယ် ၊ နောက်ထပ် တစ်ပွဲ နှစ်ပွဲလောက် ထပ်ကစားကြရအောင်လား…"

သူဌေးကြီးပိုင်သည် အရှေ့ပင်လယ်ဂိုဏ်းနှင့် မပူးပေါင်းသည့်အတွက် သူက ရန်လိုပြီး ဆက်ကစားနေခြင်းလည်း ဖြစ်နိုင်လေသည်။

သူဌေးကြီးပိုင်မှာ လောင်းကစားဂေဟာပိုုင်ရှင် ဖြစ်လေသည်။ ထို့ကြောင့် ဆရာမေနှင့် ဆက်ကစားရန် ငြင်းဆန် လိုက်ပါက သတ္တိကြောင်ရာ ကျပေလိမ့်မည်။ ထိုအခါ အခြားသော ကုန်သည်များ ၊ သူဌေးသူကြွယ်များ အလယ်တွင် အရှက်ကွဲရမည် ဖြစ်လေသည်။

ထိုအချိန်မှာပင် လောင်းကစားဒိုင်ဖြစ်သူ ပိုင်ဟယ် သူဌေးကြီးပိုင်အနားသို့ ရောက်လာလေသည်။

သူက သူဌေးကြီး၏ နားနားသို့ကပ်ကာ တီးတိုးပြောလိုက်လေသည်။ သူဌေးကြီးပိုင်က တစ်ချက် စဉ်းစားလိုက်ပြီး ပိုင်ဟယ်၏နောက်တွင် တုန်တုန်ယင်ယင်ဖြင့် ရပ်နေသည့် ပိုင်ရှောက်ယွီကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ထို့နောက် သူက တစ်ချက်ပြုံးလိုက်ပြီး…

"ကျုပ်က အသက်ကြီးလာတော့ အရင်ကလောက် သိပ်မကစားနိုင်တော့ဘူး ၊ သူက ကျုပ်တူလေး ပိုင်…."

ပိုင်ဟယ်က ချက်ချင်းပင် စကားထောက်ပေးလိုက်လေသည်။

"ပိုင်ရှောက်ယွီ…"

သူဌေးကြီးပိုင်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး တောင်းပန်သည့်ဟန်ဖြင့်…

"အသက်ကြီးလာတော့ မှတ်ဉာဏ်တွေတောင် မကောင်းတော့ဘူး…"

ထို့နောက်သူက ပိုင်ရှောက်ယွီကို လက်ညိုးထိုးပြလိုက်ပြီး…

"ရှောက်ယွီလေး… ဆရာမေနဲ့ ကစားပွဲ တစ်ပွဲ နှစ်ပွဲလောက် လာကစားပေးစမ်းကွာ ၊ မင်းအတွက် ပျော်စရာ ကောင်းမှာပါ…"

ပိုင်ရှောက်ယွီက အထစ်ထစ်အငေါ့ငေါ့ဖြင့်…

"ကျွန်တော်… မလုပ်… မကစား…"

သူဌေးကြီးပိုင်က ပြုံးလိုက်ပြီး…

"ဘာမှမဖြစ်ဘူး… လာကစားစမ်း…"

ပိုင်ရှောက်ယွီသည် အတွေ့အကြုံရှိသူတစ်ယောက်မဟုတ်ပေ။

ယခင်က ယခုကဲ့သို့ သီးသန့်လောင်းကစားဝိုင်းများတွင် တစ်ခါမှ မကစားဖူးပေ။ ယခုတော့ မတတ်နိုင်တော့ပါ။ မဟုတ်ပါက သူသည် လောင်းကစားဂေဟာအတွင်းမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။

ပိုင်ဟယ်မှာ ချွေးစေးများပျံနေသည့် လက်ဖဝါးနှစ်ဖက်ကို ဆုပ်ထားလေသည်။ သူက ပိုင်ရှောက်ယွီ အနိုင်ရပါစေဟု ဆုတောင်းနေမိလေသည်။

ဆရာမေက စိတ်ရှုတ်ထွေးပြီး ကြောက်ရွံ့နေဟန်ရှိသည့် ပိုင်ရှောက်ယွီကို တစ်ချက်ကြည့်လိုက်ပြီး နူးညံ့သည့် လေသံဖြင့်…

"မကြောက်ပါနဲ့ ၊ ကျုပ်က မင်းကို ကိုက်မစားပါဘူး…"

ပိုင်ရှောက်ယွီက ဆရာမေကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်လေသည်။

လောင်းကစားဂေဟာမှအစောင့်များမှာ သူ့ကို အရိုးပါမကျန်အောင် စားတော့ဝါးတော့မည့်အလား စောင့်ကြပ်ကြည့်ရှု နေခဲ့ကြလေသည်။ ယခု သူ့ရှေ့မှလူရွယ်ကတော့ လူကြီးလူကောင်းတစ်ယောက်ဖြစ်ဟန်တူလေသည်။ သို့သော် ထိုသူကို သူအနိုင်ရမှ ဖြစ်ပေမည်။

ဆရာမေက အနည်းငယ်စိတ်သက်သာရာရသွားဟန်ရှိသည့် ပိုင်ရှောက်ယွီကို တစ်ချက်ကြည့်လိုက်ပြီး…

"ညီငယ်လေး… မင်းပဲ ကတ်တွေကိုကုလားဖန်ထိုးလိုက်ပါ…"

ပိုင်ရှောက်ယွီမှာ အိပ်မက်မှနိုးလာသူတစ်ယောက်ပမာ ယောင်တောင်တောင်ဖြင့် ကတ်များကို ကုလားဖန် ထိုးလိုက်လေသည်။ သူ၏လက်များမှာလည်း တုန်တုန်ယင်ယင် ဖြစ်နေလေ၏။ အားလုံးက သူ့ပုံစံကိုကြည့်ကာ ရယ်မောလိုက်ကြလေသည်။ သူဌေးကြီးပိုင်က စိတ်ပျော်ရွှင်စေရန်အတွက် တမင်သက်သက် ဤသူငယ်လေးကို ဆရာမေဖြင့် ကစားခိုင်းနေ သည်ဟု လူအများက တွေးလိုက်မိကြလေသည်။

ပိုင်ရှောက်ယွီက ကတ်များကို ကုလားဖန်ထိုးပြီးသည်နှင့် ဆရာမေက အံစာခေါက်ကာ ကတ်တစ်ကတ်ကို ဆွဲလိုက် လေသည်။

ပွဲကြီးပွဲကောင်းပင်ဖြစ်လေသည်။ နောက်ဆုံး ဆရာမေက မှောက်ထားသည့်ကတ်ကို လှန်လိုက်လေရာ ထူးဆန်းစွာပင် ဆရာမေ ရှုံးသွားလေတော့သည်။

ဆရာမေ၏မျက်နှာအမူအရာက တည်တည်ငြိမ်ငြိမ်ပင် ဖြစ်လေသည်။ သို့သော်… သူ့စိတ်ထဲတွင်တော့ အနည်းငယ် တုန်လှုပ်သွားမိလေသည်။

ဆရာမေက…

"ညီငယ်လေး … ဆက်ကစားကြရအောင်…"

ပထမတော့ လူငယ်လေးကို ဆရာမေက တမင်သက်သက်အရှုံးပေးလိုက်သည်ဟုပင် လူအများက ထင်လိုက်ကြ လေသည်။ သို့သော်…. ဆရာမေသည် (၁၀)ပွဲတိတိ ရှုံးလေတော့သည်။ ဆရာမေ၏ ငွေပုံကြီးမှာ တဖြည်းဖြည်းလျော့သွားလေတော့သည်။ ပိုင်ရှောက်ယွီရှေ့မှ ငွေပုံကြီးကတော့ တဖြည်းဖြည်းများလားလေ၏။

မည်သူမှ ပိုင်ရှောက်ယွီကို အထင်မသေးရဲကြတော့ပေ။ အားလုံးက ထိုလူငယ်လေးအကြောင်းကို စိတ်ဝင်စားလာကြ လေသည်။ ထိုလူငယ်လေးမှာ လောင်းကစားဂေဟာမှ လောင်းကစားဒိုင်တစ်ယောက်မဟုတ်သည်မှာ သေချာလေ သည်။

နောက်ဆုံးတွင်တော့ ဆရာမေသည် ပြတ်ပြတ်သားသားပင် ရှုံးနိမ့်သွားခဲ့ရလေသည်။ သို့သော် သူက ရှက်ရမ်းရမ်းခြင်း မရှိပါ။

တည်ငြိမ်စွာဖြင့်ပင် ကတ်များကိုဘေးသို့အသာရွှေ့လိုက်ပြီး တစ်ချက်ပြုံးလိုက်ရင်း…

"အစ်ကိုပိုင်ဆီမှာ တကယ်တော်တဲ့လူတော်တွေရှိတာပဲကိုး ၊ ဒီနေ့ ကျုပ် တကယ့်ကို မျက်စိပွင့် နားပွင့် ဖြစ်သွား တာပဲ…"

သူဌေးကြီးပိုင်က ပိုင်ရှောက်ယွီ၏ ခေါင်းကိုတစ်ချက်ပုတ်လိုက်ရင်း…

"ဒီကလေးက အလိုက်မသိဘူး ၊ ဆရာမေ ချီးကျူးနေတာကို ကျေးဇူးတင်စကား ပြောလိုက်လေ ၊ တကယ်တော့ သူလည်း ကြက်ကန်းဆန်အိုးတိုး နိုင်သွားတာပါ ဆရာမေရာ…"

ပိုင်ရှောက်ယွီက သူ့နဖူးထက်မှ ချွေးများကို သုတ်လိုက်ရင်း…

"ဆရာမေ… တောင်းပန်ပါတယ်…"

ဆရာမေက ပိုင်ရှောက်ယွီကို နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်လိုက်ရင်း….

"ညီငယ်လေး ၊ မင်းကတော့ ဓနသိဒ္ဓိနတ်ဘုရားလား ထင်ရတယ်ကွာ…"

ပိုင်ရှောက်ယွီက တအံ့တသြဖြင့်…

"ခင်ဗျာ…"

လူငယ်လေး၏ အမူအရာမှာ ဟန်ဆောင်မှု လုံးဝမရှိသည်ကို ဆရာမေ ရိပ်မိလိုက်လေသည်။

ထို့ကြောင့် သူက တစ်ချက်ပြုံးလိုက်ရင်း…

"ကျုပ်က လျှောက်ပြောတာပါ ၊ စိတ်ထဲထားမနေနဲ့…"

"ပိုက်ဆံသည် တစ္ဆေများကိုပင် နှင်ထုတ်နိုင်ပြီး နတ်ဘုရားများကိုပင်ပင့်ဖိတ်နိုင်သည်" ဆိုသည့် စကားပုံတစ်ခု ရှိလေသည်။

ထိုစကားပုံဖြစ်လာရသည့် သမိုင်းကြောင်းရှိလေသည်။

တစ်ခါတုန်းက ယွမ်ကျိုးနယ်တွင် နတ်ဘုရားတစ်ပါး ပေါ်ထွက်ခဲ့ဖူးလေသည်။ ထိုနတ်ဘုရားထံတွင် မှော်ဝင်ကြေးပြား ဆိုသည့် မှော်ဝင်ပစ္စည်းတစ်ခု ရှိလေသည်။ ထိုကြေးပြားသည် လောကတစ်ခုလုံးမှာ ကြွယ်၀ ချမ်းသာမှုများကို စုပ်ယူနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် ထိုနတ်ဘုရားကို ဓနသိဒ္ဓိနတ်ဘုရားဟု ခေါ်ကြလေ၏။

နောက်ပိုင်းတွင် ထိုနတ်ဘုရားကို ကိုးကွယ်သူများစွာ ရှိလာကြပြီး ထိုနတ်ဘုရားကလည်းသူ၏ ကျင့်စဉ်ကို ချန်ထားခဲ့လေသည်။

နောက်ပိုင်း အချိန်ကြာလာသည်နှင့်အမျှ ဓနသိဒ္ဓိနတ်ဘုရား၏ ကျင့်စဉ်ကို ကျင့်ကြံသူများမှာလည်း လူ့လောကထဲ တွင်များပြားလာပြီး သူတို့ကို ဓနသိဒ္ဓိနတ်ဘုရားများဟုပင် ခေါ်ဝေါ်လာကြလေသည်။

ဓနသိဒ္ဓိကျင့်စဉ်ကို ကျင့်ကြံသူများသည် အခြားသောကျင့်ကြံသူများကဲ့သို့ မိုးမြေစွမ်းအားများကို စုပ်ယူကျင့်ကြံရန် မလိုအပ်ပေ။ ကျင့်စဉ်ကျင့်ကြံရန်အတွက် စည်းစိမ်ချမ်းသာ ကြွယ်ဝခြင်းများကို စုပ်ယူရန်သာ လိုအပ်လေသည်။ ထို့ကြောင့် သူတို့သည် လူ့လောကထဲ လျှောက်သွားနေပြီး ထိုကျင့်စဉ်ကို ကျင့်ကြံနေလျှင် တစ်နေ့မဟုတ်တစ်နေ့ ဒုက္ခရောက်စရာ ရှိလေသည်။ အဘယ်ကြောင့်ဆိုသော်… အခြားသူများ၏ ငွေကြေး ၊ ရတနာပစ္စည်းများသည် သူတို့ ဆီသို့ ရောက်လာကြသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ဓနသိဒ္ဓိကျင့်စဉ်ကျင့်ကြံသူများသည် သူတို့ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဆင့်မြင့်ကျင့်ကြံသူ များကို ငှားယမ်းထားလေ့ရှိကြလေသည်။

ထို့ကြောင့် သူတို့၏ အားနည်းချက်မှာ ထင်ရှားလေသည်။ ထို့ကြောင့် သိဒ္ဓိဓနကျင့်စဉ် ကျင့်ကြံသူများသည် သူတို့ ကိုကာကွယ်စောင့်ရှောက်ပေးရန်အတွက် အဆင့်မြင့်ကျင့်ကြံသူများကို ငှားယမ်းထားလေ့ရှိကြလေသည်။

ထို့ကြောင့် ငွေရှိပါက နတ်ဘုရားများကိုပင် စောင့်ရှောက်ရန် ငှားယမ်းနိုင်သည်ဟု ပြောဆိုကြရင်းမှ "ပိုက်ဆံသည် တစ္ဆေများကိုပင် နှင်ထုတ်နိုင်ပြီး နတ်ဘုရားများကိုပင်ပင့်ဖိတ်နိုင်သည်" ဆိုသည့် စကားပုံ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။

All Chapters