တောင်ကုန်းထက်က ခြောက်သွေ့နေတဲ့အရိုး
Vol. 8 Ch. 723
ဆရာမေ ရှုံးနိမ့်သွားရသည့်တိုင် သူဌေးကြီးပိုင်က လှောင်ပြောင်ရဲခြင်း မရှိပါချေ။
သူက ဆရာမေနှင့် အခြားသော ဧည့်သည်များ အားလုံးကို လက်နှစ်ဖက်စုပ်ကာ ဂါရဝပြုလိုက်ရင်း…
"အားလုံးပဲ ၊ ကျုပ်မှာ ကျောက်ဆစ်ပန်းပွင်အရက် အိုး (၃၀)ရှိတယ် ၊ ဒီည လကလည်းသာတော့ အားရပါးရ သောက်ကြ စားကြရအောင်…"
အားလုံးမှာ ချမ်းသာကြွယ်ဝကြသူများ ဖြစ်သော်လည်း ကျောက်ဆစ်ပန်းပွင့်အရက်ဆိုသည်က ရှားပါးသည့် တော်ဝင်သေရည်တစ်မျိုးဖြစ်လေရာ တန်ဖိုးလည်း အလွန်ကြီးလေသည်။ ထို့ကြောင့် သူဌေးကြီးပိုင်က ညစာစားပွဲ အတွက် ပြင်ဆင်သည့်အခါ မည်သူကမှ ငြင်းဆန်ခြင်း မရှိကြပေ။
ဆရာမေကလည်း ငြင်းဆန်ခြင်း မရှိပါ။ သူက ထင်ရှားသည့် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့်အတွက် မည်သည့်နေရာတွင်မဆို ရေလိုက်ငါးလိုက် ပေါင်းသင်းဆက်ဆံတတ်သူ ဖြစ်လေသည်။ မဟုတ်ပါက သူ့အနေဖြင့် ယခုအချိန်ထိ ရပ်တည်နိုင်မည်မဟုတ်ဘဲ ကျဆုံးမှုနှင့် ရင်ဆိုင် ရမည်ဖြစ်လေသည်။
ထိုညက…
သူဌေးကြီးပိုင်ရော ဧည့်သည်များပါ ပျော်ရွှင်ကြလေသည်။
ပိုင်ရှောက်ယွီသည်လည်း ညစာစားပွဲတွင် ရှိနေလေသည်။ ကျောက်ဆစ်ပန်းပွင့်အရက်က ချိုမြပြီး ကျောက်သားကဲ့ သို့အေးစိမ့်လေသည်။ အရက်သောက်နေစဉ်မှာပင် သူသည် မြူခိုးတိမ်တိုက်များကြားသို့ ရောက်ရှိသွားသလို ခံစားလိုက်ရပြီး မွှေးပျံ့သည့်အခိုးအငွေ့များကို အငမ်းမရ ရှူရှိုက်နေမိလေသည်။ ထို့နောက်တွင်တော့ သူ့စိတ်များ ရှုတ်ထွေးနောက်ကျသွားပြီး သတိလစ်သွားရလေတော့သည်။
……..
ပိုင်ရှောက်ယွီ နိုးလာသည့်အခါတွင်တော့ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အားအင်ချည့်နဲ့လျှက် ရှိလေသည်။ ပြတင်းပေါက်မှ ဝင်လာသည့် နေရောင်ကြောင့် သူ့မျက်လုံးများ ကျိန်းစပ်သွားရလေသည်။ သူက ချင်းချင်းပင် ဆောင်ကိုဆွဲခွာလိုက်ပြီး အိပ်ယာထက်မှ ထထိုင်လိုက်လေသည်။ သူ၏ ခေါင်းများက မူးနောက်နောက်ဖြစ်နေပြီး ယိုင်တိယိုင်တိုင်ဖြင့်ထလာကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်လေ၏။
ထိုအခါ… ခြံဝန်းထဲရှိ ကုလားထိုင်ထက်တွင် ထိုင်နေသည့် ဆန်းလျန်ကို တွေ့မြင်လိုက်ရလေသည်။ ဆန်းလျန်က ခြေထောက်များကို ချိတ်ထိုင်နေပြီး လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားလေသည်။ သူ့ပုံစံကို ကြည့်ရသည်မှာ အေးအေးသက်သာ ရှိလှလေ၏။
ပိုင်ရှောက်ယွီ ခေါင်းထဲသို့ အတွေးပေါင်းများစွာ ဝင်ရောက်လာလေ၏။
မနေ့ညက သူသည် သူဌေးကြီးပိုင်၏ ညစာစားပွဲတွင် ရှိနေခဲ့လေသည်။ ယခု သူနိုးလာသည့်အခါတွင်တော့ စားသောက်ဆိုင်မှ သူ့အခန်းသို့ အဘယ့်ကြောင့် ပြန်ရောက်နေခဲ့ရပါသနည်း။
မနေ့က သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များသည် အလွန်မှ ထူးဆန်းလွန်းလှလေသည်။ သို့သော်… ယခု ပြန်စဉ်းစားကြည့်သည့်အခါတွင်တော့ အိပ်မက်ဆန်လွန်းနေပြန်လေသည်။
ဆန်းလျန်က စာအုပ်ကို ပိတ်လိုက်ရင်း…
"မီးဖိုထဲမှာ အစားအသောက်တွေကျန်သေးတယ် ၊ စားပြီးရင် ဒီမှာ ထင်းလာခုတ်…"
ပိုင်ရှောက်ယွီမှာ စိတ်ရှုတ်ရှုတ်ဖြင့် မီးဖိုဆောင်ထဲသို့ ဝင်သွားလေသည်။
သူ့အတွက်ချန်ထားသည့် အစားအသောက်များကို တွေ့လိုက်ရသည့်အခါတွင်တော့ ဗိုက်ဆာဆာဖြင့် အငမ်းမရ စားသောက်လိုက်လေတော့သည်။ စားပြီးတော့မှ ရေအေးဖြင့် မျက်နှာသစ်လိုက်ပြီး ခြံအနောက်ဘက်သို့သွားကာ ထင်းများကို ခုတ်လိုက်လေသည်။
ထင်းခုတ်နေစဉ်မှာပင် မနေ့က အဖြစ်အပျက်များကို သူပြန်စဉ်းစားနေမိလေသည်။ သူ၏အင်္ကျီရင်ပတ်အတွင်းသို့ စမ်းကြည့်လိုက်သည့်အခါတွင်တော့ ဆန်းလျန်ပေးသည့် ကြေးပြားလေး (၂)ပြား ရှိနေသေးသည်။ ပိုလည်းမပိုသလို လျော့လည်း မလျော့ပေ။
ပိုင်ရှောက်ယွီမှာ ကံကောင်းသည်ဟု ခံစားလိုက်ရပြီး မနေ့က ဓနသိဒ္ဓိနတ်မင်းအကြောင်း ပြန်စဉ်းစားကြည့်လိုက် လေသည်။ သူဌေးကြီးပိုင်ပင်လျှင် သူ့ကိုပြုစုရန် မိန်းကလေး (၂)ယောက် ခေါ်ပေးခဲ့သေးသည်။ သို့သော်… ထိုအချိန် ကတည်းက သူ့စိတ်များသည် ရှုတ်ထွေးနေပြီး သူပျော်ပါးခဲ့မိသည်လားကိုပင် မမှတ်မိတော့ပေ။
သူက သူ၏အဝတ်အစားများကို အသာနမ်းရှုံ့ကြည့်လိုက်လေသည်။ မည်သည့် အမွှေးနံ့သာရနံ့ကိုမှ ရရှိခြင်း မရှိပေ။ ကြည့်ရသည်မှာ မနေ့က အဖြစ်အပျက်များသည် အိပ်မက်တစ်ခု ဖြစ်ဟန်တူလေသည်။
ထင်းခုတ်ပြီးသွားသည့်အခါတွင်တော့ ပိုင်ရှောက်ယွီ၏ စိတ်များ ကြည်လင်လန်းဆန်းလာလေသည်။ ဆန်းလျန်နှင့် ချုပ်ဆိုခဲ့သည့် စာချုပ်အတိုင်း မပျင်းမရိ အလုပ်လုပ်ခဲ့ သောကြောင့် ခေါင်းကိုက်ခြင်းကို မခံစားရခြင်း ဖြစ်လေ သည်။
ပိုင်ရှောက်ယွီလည်း မပျင်းရိရဲတော့ဘဲ စားသောက်ဆိုင်အတွင်းသို့ ဝင်လာကာ စားပွဲများကို အဝတ်ဖြင့် သုတ်နေ လိုက်လေသည်။
ထိုအချိန်မှာပင်…
သူ… အလွန်ထိတ်လန့် တုန်လှုပ်သွားရလေသည်။
အဘယ်ကြောင့်ဆိုသော် ပြတင်းပေါက်ဘေးနား လမ်းမနှင့်ကပ်လျှက် နေရာရှိ စားပွဲတစ်ခုတွင် လူနှစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။
ထိုသူ (၂)ယောက်အနက် (၁)ယောက်မှာ ခန့်ညားတည်ကြည်သည့် လူရွယ်တစ်ယောက် ဖြစ်လေသည်။ အခြားသူမဟုတ်ပေ။ မနေ့ညက အိပ်မက်ထဲတွင် တွေ့ခဲ့ရသည့် ဆရာမေပင် ဖြစ်လေသည်။
နောက်တစ်ယောက်ကတော့ အသားညိုညို ၊ ခပ်နွမ်းနွမ်းအဝတ်အစားများကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်က သံမဏိ အလား ကြံ့ခိုင်လေသည်။ ထိုသူ၏ ပုံစံမှာ လောင်းကစားဂေဟာမှ အစောင့်များထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသေးသည်။
ပိုင်ရှောက်ယွီက ဆရာမေကို တအံ့တသြဖြင့် ကြည့်နေမိလေရာ ဆရာမေကလည်း ပိုင်ရှောက်ယွီကို ပြန်ကြည့် လိုက်ပြီး ခေါင်းတစ်ချက်ညိတ်ကာ ပြုံးပြလိုက်လေသည်။
ပိုင်ရှောက်ယွီမှာ သတိလက်လွတ်ဖြင့် ဆရာမေကို ရယ်ပြလိုက်ပြီး စိတ်များလည်း ရှုတ်ထွေးသွားရလေသည်။
ထိုအချိန်မှာပင် သူ့ခေါင်းကို ဂေါက်ခနဲနေအောင် တစ်ချက် အခေါက်ခံလိုက်ရပြီး…
"ဒီကောင်လေးကတော့လေ… အိပ်ယာထလည်း နောက်ကျသေးတယ် ၊ အလုပ်လည်း ကောင်းကောင်းမလုပ်ဘူး"
သူ့အနားသို့ ရောက်လာသည့် ကူးဝေေ၀ကို တွေ့လိုက်ရလေသည်။
ကူးဝေေ၀ဘေးတွင် ဆန်းလျန်ရှိနေပါလေ၏။
ပိုင်ရှောက်ယွီက…
"အစ်မကူးဝေေ၀ ၊ ကျုပ်အခုပဲ အလုပ်တွေပြီးအောင် လုပ်လိုက်ပါ့မယ်…"
ထို့နောက် သူက စားပွဲများကိုတစ်ခုမကျန် ပြောင်အောင် သုတ်လိုက်လေသည်။
ထို့နောက် သူက ဆရာမေထိုင်နေသည့် စားပွဲကိုပါ သန့်ရှင်းရေးလုပ်ပေးရမည်လား စဉ်းစားနေစဉ်မှာပင် ကူးဝေေ၀ ထံမှ စကားသံ ထွက်ပေါ်လာလေသည်။
"အားလျန်… ငါ မေးဖို့မေ့နေတာ ၊ ညက အဲဒီကောင်လေး ဘယ်အချိန်ပြန်ရောက်လာတာလဲ…"
ဆန်းလျန်က…
"ပိုင်ရှောက်ယွီက ကံကောင်းတယ်လေ ၊ မေနန့်စန်းက သူ့ကို ပြန်ခေါ်လာတာ ၊ ကြည့်ရတာ တော်တော်လေး ကံတက်နေပုံရတယ် ၊ ဂိုဏ်းတူအစ်မ သူ့ကို ပေါင်းထားသင့်တယ်…"
ကူးဝေေ၀က ပိုင်ရှောက်ယွီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"သူ့ကို ဆရာမေ ပြန်ခေါ်လာတာ မဖြစ်နိုင်ပါဘူး…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မသိဘူးလေ ၊ ကျွန်တော် ဗေဒင်တွက်ကြည့်တာ အဲဒီအတိုင်းအဖြေထွက်တာပဲ ၊ အသေးစိတ်တော့ ဗေဒင် လိုက်တွက်မနေပါဘူး ၊ ပျင်းစရာကောင်းတယ် ၊ ဒါပေမယ့် မနေ့ညကစပြီးတော့ အဲဒီကောင်လေးရဲ့ ကံတရားက ပြောင်းလဲသွားပြီ ၊ နည်းနည်း စိတ်ဝင်စားစရာ ကောင်းလာပြီ…"
ကူးဝေေ၀က ထူးဆန်းစွာဖြင့်…
"ဘယ်လိုပြောင်းလဲသွားတာလဲ…"
ဆန်းလျန်က…
"အရင်က သူ့ရဲ့ကံက တီကောင်လောက်ပဲရှိတယ် ၊ အခု ငါးရှဉ့်လောက် ဖြစ်လာပြီ…"
ကူးဝေေ၀က…
"တီကောင်ကနေ ငါးရှဉ့်ဖြစ်တာများ စကားထဲ ထည့်ပြောနေသေးတယ် ၊ နဂါးလောက်ဖြစ်မှ အဆင်ပြေမှာပေါ့…"
ဆန်းလျန်က…
"အဲဒီလိုလူမျိုးတွေလည်း မရှိဘူးမဟုတ်ဘူး ၊ ရှိပါတယ် ၊ ဒါပေမယ့် တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်လောက်ဖြစ်ဖို့ ကံပါတာကိုမှ နဂါးလောက်ဖြစ်တယ်လို့ ပြောလို့ရတယ် ၊ အဲဒီလိုပြောရကြေးဆိုရင် မေနန့်စန်းရဲ့ ကံတရားကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်…"
ကူးဝေေ၀က စိတ်ဝင်စားသွားဟန်ဖြင့်…
"ဘယ်လို စိတ်ဝင်စားဖို့ ကောင်းတာလဲ…"
ဆန်းလျန်က…
"နဂါးတစ်ကောင်ဖြစ်ဖို့ဆိုတာ ရေထဲမှာမှ ဖြစ်နိုင်တာမဟုတ်ဘူး ၊ မုန်တိုင်းထဲမှာလည်း နဂါးတစ်ကောင် ဖြစ်သွား နိုင်တယ် ၊ ဒါပေမယ့် မေနန့်စန်းမှာ နဂါးတစ်ကကောင်ဖြစ်ဖို့ ကံကြမ္မာမပါပေမယ့် တခြားသူတစ်ယောက်ကို နဂါးအဖြစ် ပြောင်းလဲသွားအောင် ကူးညီပေးနိုင်တဲ့ ကံကြမ္မာပါတယ် ၊ တိမ်နဲ့လေသာ ဆုံသွားမယ်ဆိုရင် (၉)ရက် အတွင်း နဂါးထွက်ပေါ်လာလိမ့်မယ်…"
ကူးဝေေ၀က အံ့သြသွားဟန်ဖြင့်…
"အဲဒါ သူများကို ကူညီရမယ့် ကံတရားပဲ ၊ ကိုယ့်အတွက် ဘာကောင်းမှာလဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဘယ်ပြောလို့ရမှာလဲ ၊ တစ်ခါတစ်လေ ရလဒ်ကအဓိကမဟုတ်ဘူး ၊ အတွေ့အကြုံကမှ တန်ဖိုးရှိတာ…"
ဆန်းလျန်နှင့်ကူးဝေေ၀မှာ ခပ်တိုးတိုးပြောနေကြခြင်းဖြစ်သော်လည်း သူတို့ (၂)ယောက်၏ စကားများကို မေနန့်စန်း ရော ကျုန်းတျဲယီပါ (၂)ယောက်စလုံး ကောင်းကောင်း ကြားလိုက်ကြရလေသည်။
ဆန်းလျန်မည်မျှ အစွမ်းထက်သည်ကို ကျုန်းတျဲယီက ဆရာမေလောက် သိရှိခြင်းမရှိပေ။ သို့သော်လည်း… သူက သိုင်းလောကတွင် အတွေ့အကြုံများသူတစ်ယောက်ဖြစ်လေရာ ထိုတာအိုဆရာလူငယ်မှာ ကြောက်မက်ဖွယ်ကောင်း သူတစ်ယောက်ဖြစ်သည်ကို ချက်ချင်းသိရှိလိုက်လေသည်။
ကျုန်းတျဲယီက…
"တာအိုဆရာ… ကျုပ်ရဲ့ကံတရားကရော…"
ဆန်းလျန်က ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့်…
"ကံတရားကို ပြောဖို့မလိုပါဘူး ၊ ဒါပေမယ့် မင်းကို စကားတစ်ခွန်းပဲ ပြောပြမယ် ၊ ဒါပေမယ့် မင်း ကျုပ်ကို ဉာဏ်ပူဇော်ခတော့ ပေးရမယ်…"
ကျုန်းတျဲယီက ပြုံးလိုက်ရင်း….
"ကြည့်ရတာ တာအိုဆရာက မနေ့ကကိစ္စအတွက် စိတ်ခုနေသေးတယ်ထင်တယ်…"
သူက ပြောပြီးသည်နှင့် ရွှေစလေးတစ်ခုကို ထုတ်ယူလိုက်ပြီး အနားမှာရှိသည့် ပိုင်ရှောက်ယွီကို လှမ်းပေးလိုက်လေ သည်။
"အစ်ကိုလေး… ဒီရွှေလက်မှတ်လေးကို တာအိုဆရာကို ပေးပေးပါ ၊ ကဲ… ကျုပ်ကို တွက်ချက်ပေးပါတော့…"
ပိုင်ရှောက်ယွီက ရွှေစလေးအား တစ်ချက်ကြည့်လိုက်ပြီး တံတွေးတစ်ချက် မြိုချလိုက်လေသည်။
ထို့နောက် ဆန်းလျန်ထံသို့ သွားပေးလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူသည်လည်း ဆန်းလျန်ပြောမည့် စကားကို သိချင်နေမိလေသည်။
ဆန်းလျန်က ရွှေစလေးကို ယူလိုက်ပြီး ဂိုဏ်းတူအစ်မကို ပေးလိုက်လေသည်။
ဆန်းလျန်၏ အပြုအမူကြောင့် ကူးဝေေ၀ ကျေနပ်သွားရလေသည်။ သူမက ပိုက်ဆံရသည့်အတွက် ကျေနပ်သွားခြင်း မဟုတ်ပါ။ ဆန်းလျန်၏ စိတ်ထားကြောင့် ကျေနပ်သွားရခြင်း ဖြစ်လေသည်။ ဆန်းလျန်သည် သူပထမဆုံး ရှာလို့ရသည့်ပိုက်ဆံကို သူမကို ပေးခဲ့သည်မဟုတ်ပါလား။ မည်မျှ ကြည်နူးဖွယ်ရာ ဖြစ်ပါသနည်း။
ဆန်းလျန်က….
"မင်းက နားထောင်ချင်တယ်ဆိုမှာတော့ ပြောပြရတာပေါ့ ၊ အဲဒီစကားတစ်ခွန်းက 'တောင်ကုန်းထက်က ခြောက်သွေ့ နေတဲ့အရိုး' တဲ့"
ကျုန်းတျဲယီက ဒေါသထွက်သွားပြီး…
"ဒီဟာသက ရယ်စရာ မကောင်းဘူးနော်…"
ဆန်းလျန်က…
"မယုံလည်း မတတ်နိုင်ဘူး…"
ဆရာမေနှင့် ကျုန်းတျဲယီတို့မှာ ရန်သူများဖြစ်သည့်တိုင် ဆရာမေသည် ကျုန်းတျဲယီကို လေးစားသူ ဖြစ်လေသည်။
ထို့ကြောင့် ဆရာမေက ကျုန်းတျဲယီကို သတိပေးလိုက်လေသည်။
"အစ်ကိုကျုန်း … တာအိုဆရာရဲ့စကားကတော့ မမှားလောက်ဘူး ၊ သူ့စကားတွေကို မှတ်ထားတာကောင်းလိမ့် မယ်…"
ကျုန်းတျဲယီက ရွံလျှာသည့်ဟန်ဖြင့်….
"ဆရာမေ… မင်း ကျုပ်နဲ့တိုက်ခိုက်တဲ့အခါ အနိုင်ရဖို့အတွက် ဒီတာအိုဆရာကို ဟန်ဆောင်ခိုင်းပြီး ကျုပ်ရဲ့စိတ်တွေ ရှုတ်ထွေးအောင် လုပ်နေတာ မဟုတ်လား ၊ အေးလေ… ကျုပ်ကို စိတ်ရှုတ်အောင် လုပ်ဖို့ မင်းအတွက် (၂)ရက်တောင် အချိန်ရပါသေးတယ် ၊ မင်း သေသေချာချာ စဉ်းစားပေါ့ ၊ ကျုပ်ကတော့ မစောင့်နိုင် တော့ဘူး ၊ ကျင်းမာထန်လည်း စိတ်ရှည်မှာ မဟုတ်တော့ဘူး ၊ ဝေ့မင်းသားလည်း စိတ်မရှည်တော့ဘူး…."
စောင့်ရသည့်အလုပ်သည် အလွန်မှ ပျင်းစရာကောင်းလေသည်။
ကျုန်းတျဲယီသည် ပျင်းစရာကောင်းသည့်အလုပ်မျိုးကို ဆက်မလုပ်ချင်တော့ပေ။ မနေ့ကညကပင် မေနန့်စန်းသည် သူဌေးကြီးပိုင်ကို စည်းရုံး၍ မရခဲ့ပေ။ ထို့ကြောင့် မေနန့်စန်းအနေဖြင့် သဘောထားပျော့ပြောင်းလာသင့်သည်ဟု သူက တွေးနေမိလေသည်။
သို့တိုင်အောင် မေနန့်စန်းသည် ယခုအချိန်ထိ အလျှော့မပေးဘဲ တင်းထားဆဲ ဖြစ်လေသည်။ အရှေ့ပင်လယ်ဂိုဏ်း နှင့်ကျင်းမာထန်ပူးပေါင်းလိုက်လျှင် ဝေ့မင်းသားသည်လည်း အင်အားကြီးမားလာမည် ဖြစ်လေသည်။
နောင်တစ်ချိန်တွင် ဝေ့မင်းသားသည် နဂါးတန်ခိုးစွမ်းအားပါဝင်သည့် ဧကရာဇ်တံဆိပ်တော် အစစ်အမှန်ကို ကိုင်ဆောင်ကာ နတ်ဘုရားများကိုယ်စား သူ၏ အလောင်းမိစ္ဆာတန်ခိုးစွမ်းအားကို မြှင့်တင်ပေးနိုင်လေသည်။ ထို့ကြောင့် သူသည် ဝေ့မင်းသားအတွက် အလုပ်လုပ်ပေးရန် ဆန္ဒရှိနေခဲ့ခြင်း ဖြစ်လေသည်။
သို့သော်… မေနန့်စန်းသာ ကျင်းမာထန်နှင့် ပူးပေါင်းရန် ငြင်းဆန်နေပါက ဝေ့မင်းသား၏ အရေးကြီးကိစ္စကြီးမှာ လည်း ဟိုမရောက် ဒီမရောက်ဖြင့် ကို့လို့ကန့်လန့် ဖြစ်နေရမည် ဖြစ်လေသည်။
ထို့ကြောင့် သူက ဆန်းလျန်၏ စကားများကိုလည်း မကျေမနပ် ဖြစ်နေရခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် သူ၏ ကံကြမ္မာကို မကောင်းစကားပြောသည့်တိုင် မေနန့်စန်း၏ ကံကြမ္မာမှာတော့ ကျေနပ်ဖွယ်ရာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။