← Chapters

သူတို့နှစ်ယောက်အကြား မီးမွှေးခြင်း

Vol. 001 Ch. 63

သူတို့နှစ်ယောက်အကြား မီးမွှေးခြင်း

Vol. 001 Ch. 63

ရီဖူရှင်းက ကျောက်မူထံတွင် ရှုံးနိမ့်ခဲ့သော သတင်းက ဒွန်ဟိုင်ကျောင်းတော် တစ်ခုလုံး ပျံ့နှံ့နေသည်။ လာဘ်လာဘကျောင်းဆောင်မှ ကျောင်းသား အတော်များများက ထိုသတင်းနှင့် ပတ်သက်၍ မပျော်မရွှင် ဖြစ်ကြရသည်။ ယခုကား ယူချင်းနှင့် ရီဖူရှင်းတို့က သူတို့၏ အကြီးအကဲမှူး၏ လက်အောက်တွင် ပညာသင်နေကြပြီ ဖြစ်သည်။ အခြေအနေအရ လာဘ်လာဘ ကျောင်းဆောင်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့်ယှဉ်လျှင် အားနည်းပုံ ရနေသည်။ သို့သော် ရီဖူရှင်းနှင့် ယူချင်းတို့မှာ ထိုကိစ္စများအား သိရှိခြင်း မရှိကြပေ။ သည်နေ့ရက်များအတွင်း သူတို့မှာ ဥယျာဉ်ထဲတွင်ပင် အေးချမ်းစွာ တန်ခိုးကျင့်နေကြသည်။

ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာကာ ရီဖူရှင်းမှာ အခန်းထဲမှ လွင့်စဉ်လာပြန်သည်။ သူ၏ကျောမှ အတောင်ပံများအား လှုပ်ခါလိုက်ကာ ဟန်ချက် ထိန်းလိုက်သည်။ သူ့ပုံစံက ကသိကအောက် ဖြစ်စရာ ကောင်းသော်လည်း အနည်းဆုံး မြေကြီးတွင် ဖင်နှင့် မဆောင့်ဘဲ သက်သောင့်သက်သာ ဆင်းသက်နိုင်ခဲ့သည်။

"နင်က အခု ပိုပြီး ကြာကြာ ခံနိုင်ရည် ရှိလာပြီပဲ...” သူ၏နောက်မှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ရီဖူရှင်းက နောက်လှည့် ကြည့်လိုက်လျှင် ယူချင်းနှင့် ယိချိန်ချန်တို့က သစ်ပင်အောက်တွင် ထိုင်ကာ စကား ပြောနေကြသည်ကို တွေ့ရ၏။

"မင်းတို့တွေ ငါ ခံစားနေရတာကိုတောင် ဂရုမစိုက်ကြဘူးလား...” ရီဖူရှင်းက ပြောလိုက်သည်။

ယူချင်းက သူ့အား ကြည့်ပြီး ခေါင်းယမ်းလိုက်သည်... “မစိုက်ဘူး...”

"ဒါက လက်စားချေတာပေါ့... ဟုတ်တယ်မလား...” ရီဖူရှင်းက ယူချင်းအား ကြည့်လိုက်သည်။ သူက သစ်ပင်ကြီးထံသို့ လျှောက်သွားလိုက်ကာ ပြောလိုက်သည်... “ယိချိန်ချန်... အခန်းထဲက အင်းကွက်ကို ဘယ်သူ ဖန်တီးထားတာလဲ... ဒီရက်ပိုင်းအတွင်း အင်းကွက်ထဲမှာ လေ့ကျင်တာ ငါ့ရဲ့ ခြေလှမ်းတွေက ပိုမြန်လာတယ်... ဒါပေမဲ့ အင်းကွက်ရဲ့ အမြန်နှုန်းနဲ့ တိုက်ခိုက်မှုက ငါ့အတွက် ပြင်းထန်တုန်းပဲ...”

"ငါလည်း မသေချာဘူး...” ယိချိန်ချန်က ခေါင်းယမ်းလိုက်သည်... “ဒီအင်းကွက်ရဲ့ ရည်ရွယ်ချက်က နင့်ရဲ့သိုင်းပညာ စွမ်းရည်ကို တိုးတက်အောင် လုပ်ဖို့ပဲ... နင်က သန်မာလေလေ သဘာဝစွမ်းရည်ကို ပိုပြီး ထုတ်လွှတ်နိုင်လေလေပဲ... ဒါဆို အင်းကွက်က ပိုပြီး လက်ခံနိုင်လေပဲ... နင်က အင်းကွက်ထဲမှာ အချိန်ပိုပြီးကြာအောင် နေနိုင်တယ်ဆိုရင် ဒါ နင်တိုးတက်လာတယ် ဆိုတာကို ပြတာပဲ...”

"ငါက ယူချင်းထက် မြန်တယ်... ဘယ်လိုလုပ် သူက ငါ့ထက် အချိန်ကြာကြာ ခံနိုင်ရည် ရှိရတာလဲ...” ရီဖူရှင်းက စိတ်မသက်မသာဖြင့် မေးလိုက်သည်။

"သူက ရုပ်ပိုင်းဆိုင်ရာ ပိုလို့ သန်မာတယ်လေ... နင်က နင့်ခန္ဓာရဲ့ လှုပ်ရှားမှုကို ပိုပြီး အားပြုတယ်... ဒါကြောင့် အင်းကွက်ရဲ့ မြေဆွဲအားက နင့်ကို ပိုပြီး အင်းပြင်းပြင်း သက်ရောက်တယ်...” ယိချိန်ချန်က ရှင်းပြလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လျက် ပြောလိုက်သည်... “ယူချင်းက အင်းကွက်ထဲမှာ အတော်ကြာကြာ လေ့ကျင့်ပြီးတဲ့အခါ မြေဆွဲအား ပြဿနာကို ကျော်လွှားနေရင်း သူက တိုက်ခိုက်မှုတွေကို ပိုပြီး မြန်မြန်နဲ့ ရှောင်တိမ်းနိုင်လိမ့်မယ်... ဒါဆို နောက်ပိုင်း သူက ပိုပြီး ကြောက်စရာ ကောင်းလာမှာပဲ...”

သည်ရက်ပိုင်းအတွင်း ရီဖူရှင်းကား သူ၏ခြေလှမ်းသိုင်းအား ပိုကောင်းအောင် ကြိုးစား လေ့ကျင့်နေသည်။ အမှန်တကယ်တွင် ရီဖူရှင်းမှာ ကြံ့ခိုင်မှုတွင်လည်း အားနည်းနေသည် မဟုတ်ပေ။ ဧကရာဇ်ရီချင် အမွေပေးခဲ့သော ခန္ဓာကိုယ်အား လေ့ကျင့်သည့် နည်းစနစ်မှာ သူ၏ခန္ဓာအား အလွန် သန်စွမ်းစေသည်။ ထိုသို့ လေ့ကျင့်ရန်လည်း သည်နေရာက သူ့အတွက် အလွန် သင့်တော်လှသည်။ ထို့အပြင် စာကြည့်တိုက် အတွင်းရှိ စာအုပ်များမှာလည်း တိုက်ခိုက်ရေး နည်းစနစ်များ ဖြစ်သည်။ သူက စာအုပ်များအား ဖတ်ရှုလေ့လာပြီး နည်းစနစ်များအတိုင်း လေ့ကျင့်နိုင်သည်။ ဧကရာဇ် ရီချင်း၏ ခန္ဓာကိုယ် လေ့ကျင့်သည့် နည်းစနစ်မှာ နဂါးက ခန္ဓာကိုယ်အား သန်စွမ်းစေသည်။ လူဝံက ကြံ့ခိုင်မှုကို ပေးသည်။ နတ်ငှက်က အမြန်နှုန်းကို ပေးသည်။ သည်နည်းစနစ်မှာ ဧကရာဇ်ရီချင်ကိုယ်တိုင် သားရဲများနှင့် မိစ္ဆာများအား လေ့လာရာမှ တီထွင်ထားသော နည်းစနစ်ဖြစ်သည်။ သူ၏တိုက်ခိုက်ရေး နည်းစနစ်များမှာလည်း သူထိန်းချုပ်ထားသော သားရဲများနှင့် မိစ္ဆာများကို အခြေခံ၍ တီထွင်ထားခြင်း ဖြစ်သည်။ ဧကရာဇ်ရီချင်၏ စွမ်းရည်များအရ သူကား တကယ့်နဂါး သို့မဟုတ် နတ်ငှက်၏ တိုက်ခိုက်ရည် စွမ်းရည်အတိုင်း တူညီစွာ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ရီဖူရှင်းကား ထိုအဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် သူ၏နားလည်မှု အခြေအနေမှာ လိုနေသေးသည်။ သူလုပ်နိုင်သည်ကား ပိုမိုအားကောင်းသော တိုက်ခိုက်ရေး နည်းစနစ်များအား လေ့လာကာ ထိုဖြစ်စဉ်အား ပိုမို မြန်ဆန်အောင် ကြိုးစားရန်သာ ဖြစ်သည်။

"ဒါနဲ့ ငါ တစ်ခုသတိရတာ... ကျောင်းတော်မှာ ကောလာဟလတချို့ ပြန့်နေတယ်...” ယိချိန်ချန်က ရီဖူရှင်းအား ပြောလိုက်သည်။

"ဘယ်လို ကောလာဟလလဲ...” သူက မေးလိုက်သည်။

"ကျောက်မူက ကြယ်စင်ဧကရာဇ် ကျောင်းတော်ကို တက်ခွင့်ရတယ်... ပြီးတော့ ကောလာဟလတွေအရ နင်က လျိုနန်းတော်မှာတုန်းက တကယ် မောက်မာတယ်တဲ့... ဒါပေမဲ့ နောက်ဆုံးမှာ ကျောက်မူရဲ့ အနိုင်ယူမှုကို ခံရတယ် ပြောကြတယ်...” ယိချိန်ချန်က ဂရုတစိုက် ပြောလိုက်သည်။ သူမက ရီဖူရှင်းအား စိုးရိမ်ပုံပေါ်သည်။ အကယ်၍ ကောလာဟလများသာ မှန်နေလျှင် ရီဖူရှင်း၏မာနကို ထိခိုက်နိုင်ပေသည်။

ရီဖူရှင်း ထိတ်လန့်သွားသည်... “ကျောက်မူ ကိုယ်တိုင် ပြောတာလား...”

"ငါထင်တာကတော့ ကောလာဟလတွေက ဒွန်ဟိုင်ကျောင်းက ကျောင်းသားတွေဆီက လာတာ...” ယိချိန်ချန်က သိမ်မွေ့စွာ ပြောလိုက်သည်။

ရီဖူရှင်းက ပခုံးတွန့်ကာ ပြုံးလိုက်သည်... “ကြည့်ရတာတော့ တစ်ယောက်ယောက်က ငါ့ကို တကယ် သဘောမကျဘူးနဲ့ တူတယ်...”

"ဒါဆို ကောလာဟလတွေက မမှန်ဘူးပေါ့...” သူမ၏မျက်ခုံးများ မြင့်တက်သွားသည်။ ကျောက်မူကား ကြယ်ငါးပွင့် ကောင်းကင်အဆင့် ဖြစ်သည်။ ရီဖူရှင်းမှာ ထက်မြက်သော်လည်း သူကား ကျောက်မူထက် တန်ခိုးအဆင့် နိမ့်ပေသည်။ ထို့ကြောင့် ကောလာဟလများ ပျံ့နှံ့လာသောအခါ ထိုသတင်းများက လုံးဝမှားသည်ဟု သူမ မသေချာပေ။

"ဒါ ကျောက်မူပြောတာ မဖြစ်နိုင်ဘူး...” ရီဖူရှင်းက ပြောလိုက်သည်။ သူက ယိချိန်ချန်ပြောသော စကား တစ်လုံးကိုမှ နားဝင်ဟန်မတူပေ... “လူတွေက ဒါကို အသုံးပြုပြီး ဆရာနဲ့ အနုပညာသူတော်စင်တို့ကိုပါ ဆွဲသွင်းနေတာလား...” ရီဖူရှင်းက သူမကို မေးလိုက်သည်။ သို့သော် သူကား ထိုမေးခွန်း၏အဖြေကို ခန့်မှန်းမိပြီးဖြစ်သည်။

ယိချိန်ချန်က ရီဖူရှင်းမှာ မည်မျှ ယုံကြည်မှုရှိသည်ကို မြင်လျှင် ပြုံးလျက် ပြောလိုက်သည်... “ဟုတ်တယ်... လူတချို့က အဲဒီလိုပြောကြတယ်... ငါထင်တာကတော့ ဒီကောလာဟလတွေကို ယန်းယန်ကျောင်းဆောင်က ကျောင်းသားတွေက ဖြန့်တယ်ထင်တာပဲ... သူတို့က နင့်ကို ဒေါသ ထွက်စေချင်ကြတာ... ပြီးတော့ လူတချို့ကလည်း အဖေက ယူချင်းကို တပည့်အဖြစ် လက်ခံတဲ့ကိစ္စ မေးခွန်း ထုတ်နေကြတယ်... ငါတို့က ဒီနားလည်မှု လွဲနေတာတွေကို ရှင်းဖို့လိုလား...”

"သူတို့က ဒီကောလာဟလတွေကို အမှန်လို့ မြင်ချင်နေရင် နင်က ဒါကို အမှားလို့ ပြောရုံနဲ့ ပြောင်းလဲသွားမယ် ထင်လား...” ရီဖူရှင်းက ရယ်မောလျက် ပြောလိုက်သည်... “နင်က တခြားလူတွေရဲ့ ပါးစပ်ကို ဘယ်တော့မှ ရပ်တန့်လို့ရမှာ မဟုတ်ဘူး... တစ်နေ့တော့ သူတို့ရဲ့ပါးစပ်ကို ဘယ်လို ပိတ်ရမယ်ဆိုတာ သူတို့ဘာသာ နားလည်သွားလိမ့်မယ်...”

"နင်က ဒီသတင်းတွေကို ဂရုစိုက်ပုံလည်း မရဘူး... တကယ်လို့ နင်က ဒီလောက် ယုံကြည်မှုရှိနေရင် ငါတို့က နင် ကျောက်မူကို အနိုင်ယူတဲ့အခါ သူတို့တွေက သူတို့ရဲ့ စကားတွေကို ပြန်မျိုရတဲ့နေ့ကို စောင့်ကြတာပေါ့...” ယိချိန်ချန်က ပြုံးလျက် ပြောလိုက်သည်။

"ဒီကိစ္စတွေကို ဂရုစိုက်နေမယ့်အစား ငါက မင်းတို့တွေရဲ့ လက်ရှိ ခရီးအခြေအနေကို ပိုပြီး စိတ်ဝင်စားတယ်...” ရီဖူရှင်းက ပြောလိုက်သည်။ သူက ယိချိန်ချန်အား ကြည့်လိုက်လျှင် သူမ၏မျက်နှာလေးမှာ နီရဲလာသည်ကို တွေ့ရ၏။ သူမက သူ့အား ဒေါသတကြီး ပြောလိုက်သည်... “နင်က ဘယ်လို အဓိပ္ပာယ်မရှိတာတွေ ပြောနေပြန်တာလဲ... ငါသွားတော့မယ်...” ထို့နောက် သူမက ယူချင်းအား တစ်ချက် ခိုးကြည့်လိုက်ကာ ထိုနေရာမှ ပြေးလွှား ထွက်ခွာ သွားလေသည်။

"အာ... ယူချင်း... မင်းက အရင်စဖို့လိုတယ်...” ရီဖူရှင်းက ရယ်မောလိုက်သည်။

"ငါအခု တန်ခိုး သွားကျင့်တော့မယ်..." ထိုသို့ပြောပြီး ယူချင်းက လေ့ကျင့်ရေး အခန်းသို့ ဦးတည်ကာ ထွက်သွားတော့သည်။

ရီဖူရှင်းနှင့် ယူချင်းတို့မှာ တန်ခိုးကျင့်ခြင်းတွင်သာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားကြသည်။ ယိချိန်ချန်က မကြာမကြာ လာလည်သည်။ တစ်ခါတစ်ရံ ယိချန်က ယူချင်းအား သင်ပြရန် ရောက်လာတတ်သည်။ ရီဖူရှင်းအတွက်မူ သူက လျစ်လျူရှုထားသည်။ ဟွာဖန်းလူက ရီဖူရှင်းနှင့် ယူချင်းအား ကွဲပြားခြားနားစွာ ဆက်ဆံသကဲ့သို့ ယိချန်က သူတို့နှစ်ယောက်အပေါ် ဆက်ဆံပုံက တူတူပင်။

တစ်နေ့ ယိချိန်ချန် လာလည်၏... “ရီဖူရှင်း... ယူချင်း... အဖေက နင်တို့တွေကို ခေါ်လာခဲ့တဲ့...”

"ကောင်းပြီ... တစ်ခုခု ထူးခြားတာ ရှိလား...”  ရီဖူရှင်းက မေးလိုက်သည်။

"ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ ရတနာကြယ် ကျောင်းဆောင်က လူတွေ လာလည်ကြတယ်... သူတို့က အဖေ တပည့်လက်ခံတာကို လာပြီး ဂုဏ်ပြုတာတဲ့...” ယိချိန်ချန်က ဆက်ပြောလိုက်သည်... “နင်တို့တွေက သူတို့ကို သွားပြီး နှုတ်ဆက်ရတာ ထုံးတမ်းစဉ်လာ အရပဲလေ...”

လူငယ်နှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ယိချိန်ချန်၏နောက်သို့ လိုက်ပါသွားကြသည်။ သူတို့သုံးယောက်က ဧည့်ဆောင်သို့ ရောက်လျှင် ယိချန်၏ရှေ့တွင် လူနှစ်ယောက် ထိုင်နေသည်ကို တွေ့ရ၏။ သူတို့ကား အရှိန်အဝါ ကောင်းလှသည်။ ထိုလူနှစ်ယောက်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ရတနာကြယ် ကျောင်းဆောင်မှ ဖြစ်ရပေမည်။ သူတို့တစ်ယောက်၏ နောက်တွင် လူငယ်နှစ်ယောက်စီ မတ်တတ်ရပ်လျက် ရှိသည်။ သူတို့မှာ သူတို့၏ ကျောင်းသားများ ဖြစ်ရပေမည်။ ရီဖူရှင်းကား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အကြီးအကဲအား သိသည်။ သူကား လျိုနန်းတော်တွင် တွေ့ခဲ့ရသော အကြီးအကဲ ဖြစ်သည်။

"ကျောင်းသား ရီဖူရှင်းမှ နှုတ်ဆက်ပါတယ်...” ရီဖူရှင်းက အကြီးအကဲ နှစ်ယောက်အား ဦးညွှတ်ကာ အရိုအသေ ပေးလိုက်သည်။

"ငါတို့ ပြန်တွေ့ပြန်ပြီ...” အကြီးအကဲက ပြောလိုက်သည်... “လျိုနန်းတော်ကိစ္စ ဖြစ်ပြီးနောက်ပိုင်း မင်းက ကျောင်းအုပ် (အကြီးအကဲမှူး) ယိချိန်ရဲ့ လက်အောက်မှာ လာပြီး တန်ခိုးကျင့်လိမ့်မယ်လို့ မထင်မိခဲ့ဘူး... တကယ်ပဲ မင်းက ငယ်ရွယ်ပြီးတော့ ထက်မြက်တာပဲ...”

"ကျေးဇူးတင်ပါတယ်... ဆရာကြီး...” ရီဖူရှင်းက ပြောလိုက်သည်။

"အရင်နှစ်တွေတုန်းက မင်းရဲ့ဆရာက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ တက်ရောက်ခဲ့တယ်... မင်းက ဘယ်လိုလုပ်ပြီး လာဘ်လာဘ ကျောင်းဆောင်ကို ရောက်သွားရတာလဲ... ကျောင်းအုပ်ယိချန်ကို မင်းကို ငါ့ဆီပို့ပေးဖို့ တောင်းဆိုပေးရမှာလား...” အကြီးအကဲက ရယ်မောလိုက်သည်။

"ဆရာကြီးက အရမ်းရယ်စရာ ပြောတာပဲ...” ရီဖူရှင်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

အကြီးအကဲက ကျယ်လောင်စွာ ရယ်မောလျက် ပြောလိုက်သည်... “ဟွာဂျီယူက ငါတို့ကျောင်းဆောင်မှာ တန်ခိုးကျင့်တယ်... မင်းတို့နှစ်ယောက်က အချင်းချင်း သိကြမှတော့ အားတဲ့အခါ လာလည်သင့်တယ်...”

ရီဖူရှင်း ထိတ်လန့်သွားသည်။ အကြီးအကဲက ရီဖူရှင်းမှာ ကု့ချင်းမိစ္ဆာ၏ တပည့်ဖြစ်ကြောင်း သိပြီးပါက သူနှင့်ဟွာဂျီယူ သိကြမည်ကို ခန့်မှန်းမိမည် ဖြစ်သည်။ ထို့ကြောင့် သူလည်း ဝန်ခံရုံမှအပ မတတ်နိုင်တော့... “ကျွန်တော်က သူမဆီကို သွားလည်ချင်ပေမဲ့ သူမက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ အဓိက အဆောက်အဦမှာ တန်ခိုးကျင့်နေတော့ မနှောင့်ယှက်ချင်လို့ပါ... ဒါပေမဲ့ ဆရာကြီးက ခွင့်ပြုတယ် ဆိုမှတော့ အခွင့်အရေးရရင် ကျွန်တော်က ဝမ်းမြှောက်ဝမ်းသာ လာလည်မှာပါ... ဆရာကြီးတို့ စိတ်အနှောင့်အယှက် မဖြစ်ဖို့ မျှော်လင့်ပါတယ်...”

"ကောင်းတယ်...” အကြီးအကဲက သူ့အား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကောင်းပြီ... မင်းတို့လူငယ်တွေ ကိုယ့်ဘာသာ စကားသွားပြောကြ... ငါ့မှာ ကျောင်းအုပ်ယိချန်နဲ့ ဆွေးနွေးစရာရှိတယ်...” အကြီးအကဲက ပြုံးလျက် ပြောလိုက်သည်။ သူတို့၏နောက်မှ ရပ်နေသော ကျောင်းသားများက ရီဖူရှင်းတို့ သုံးယောက်နှင့်အတူ ထိုနေရာမှ ထွက်ခွာလာကြသည်။

ရှာယူယန်ကား တစ်ချိန်လုံး ရီဖူရှင်းကို လေ့လာ အကဲခတ်နေသူ ဖြစ်သည်။ အကြီးအကဲက သူတို့အား ထွက်သွားရန် ပြောသည်နှင့် သူမက ရီဖူရှင်း၏နောက်သို့ လျင်မြန်စွာ လိုက်ပါလာသည်... “စောင့်ဦး...” သူမက အော်လိုက်သည်။

"ငါ ဘာကူညီပေးရမလဲ...” ရီဖူရှင်းက ရှာယူယန်အား ပြုံးလျက် မေးလိုက်သည်။

"ငါ့နာမည် ရှာယူယန်...ငါက ဟွာဂျီယူရဲ့ အခင်ဆုံး သူငယ်ချင်းပဲ...” သူမက ရီဖူရှင်းအား ပြောလိုက်သည်။ အတိတ်က ဟွာဂျီယူက သူမ ကြိုက်သော တစ်စုံတစ်ယောက်အား ရည်ညွှန်းခဲ့သောအခါ ထိုအချိန်က ရီဖူရှင်း ဒွန်ဟိုင်ကျောင်းတော်သို့ မရောက်သေးပေ။ ဟွာဂျီယူကလည်း ရှာယူယန်အား ထိုသို့ ပြောပြီး ရက်အနည်းငယ် အတွင်းတွင် ရီဖူရှင်းက ဒွန်ဟိုင် ကျောင်းတော်သို့ ရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်ခဲ့မည် မဟုတ်ပေ။

နောက်ပိုင်းတွင် ဟွာဂျီယူက ရီဖူရှင်းနှင့်ပတ်သက်၍ အထူးတလည် စိတ်ဝင်စားမှု ရှိခဲ့သည်။ ဟွာဂျီယူအား အသေးစိတ် ကိစ္စရပ်များအား မည်သည့်အခါမှ ဂရုမစိုက်ဖူးပေ။ ကျောက်မူက ကြယ်စင်ဧကရာဇ် ကျောင်းတော်သို့ ဝင်ရောက်လာသောအခါမှ ဟွာဂျီယူမှာ ကု့ချင်းမိစ္ဆာ၏သမီး ဖြစ်ကြောင်း သူမသိခဲ့ရသည်။ ထို့နောက် သူမက ရီဖူရှင်းမှာ ကု့ချင်းမိစ္ဆာ၏ တပည့်ဖြစ်ကြောင်း သိလိုက်ရသည်။ ဟွာဂျီယူနှင့် ရီဖူရှင်းမှာ ယခင်ကပင် သိခဲ့ကြသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် တခြား အချက်အလက် တချို့ကိုပါ ထပ်ပြီး ပေါင်းထည့်လိုက်လျှင် သူတို့နှစ်ယောက်အကြား မည်သို့ အခြေအနေ ရှိသည်ကို သူမက အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

သူမက ရှေ့မှချောမောသော လူငယ်လေးအား ကြည့်လိုက်သည်။ သည်ကောင်လေးမှာ ကျောင်းတော်သို့ မဝင်ရောက်ခင် ကတည်းက ပြဿနာရှာခဲ့သလို ဝင်ရောက်ပြီးလျှင်လည်း ပြဿနာ ထပ်ဖြစ်သူဖြစ်သည်။ သည်ကောင်လေးမှာ ဟွာဂျီယူ၏ ရင်ဘတ်ထဲမှ ချစ်ရသူ ဖြစ်ရပေမည်။

"ငါ့နာမည် ရီဖူရှင်း...” ထို့နောက် သူက ပြုံးလျက်ပင် ဆက်ပြောလိုက်သည်... “ဟွာဂျီယူကော အဆင်ပြေလား...”

"အင်း...” ရှာယူယန်က ခေါင်းညိတ်လိုက်သည်။ သူမကား ရီဖူရှင်းနှင့် ပတ်သက်၍ အလွန် စိတ်ဝင်စားနေလေပြီ။ ဟွာဂျီယူအားပင်လျှင် ရူးသွပ်စေလောက်သောသူမှာ မည်ကဲ့သော ကောင်လေးမျိုးပေနည်း။ သူမ၏ရင်ထဲတွင် သူ့အား ပြောလိုသော စကားများ အများအပြား ရှိသောလည်း သည်နေရာတွင် အခြားသူများလည်း ရှိပေသေးသည်။ ရီဖူရှင်းနှင့်ဟွာဂျီယူက သူတို့၏ဆက်ဆံရေးအား လျှို့ဝှက်ထားလိုသည်ကို သူမ သေချာ ပြောနိုင်သည်။ ထို့ကြောင့် သည်နေရာမှာ ထိုကိစ္စအား ပြောရင် ကောင်းမွန်သော အခြေအနေ မဟုတ်ပေ။

"ဒီက ဂျူနီယာညီလေး ရီဖူရှင်းနဲ့ ဟွာဂျီယူနဲ့ ရင်းနှီးလား...” ရှာယူယန်၏နောက်မှ လူငယ်လေးက ပြုံးလျက် မေးလိုက်သည်။

"ဟွာဂျီယူက ဆရာရဲ့ ချစ်သမီးပဲ... ဒါပေါ့... ကျုပ်တို့က ရင်းနှီးတာပေါ့...” ရီဖူရှင်းက လူငယ်အား ကြည့်လိုက်သည်။ သူကား အသက် ဆယ့်ရှစ်နှစ်ခန့် ရှိမည်ဖြစ်သည်။ သူ၏စူးရှသော မျက်လုံးများက အန္တရာယ်၏အငွေ့အသက်များအား ပေးသည်။

"ဒါဆို...” ထိုလူငယ်က ရယ်မောလိုက်သည်... “ငါက ဟွာဂျီယူနဲ့ကျောင်းမှာ အတူတူ လေ့ကျင့်တယ်... ဒါပေမဲ့ မင်းရဲ့အကြောင်းကို သူမ ပြောတာ ငါတစ်ခါမှ မကြားဖူးဘူး... အနာဂတ်မှာ ငါတို့ကျောင်းကို လာလည်ဖို့ အခွင့်အရေးရလို့ သူမကိုတွေ့ဖို့ဆို ငါ့ကို လာရှာလို့ရတယ်...” လူငယ်က ရီဖူရှင်းအား ပြောလိုကသည်။

"စီနီယာအစ်ကိုမူရဲ့ စကားသံအရ သူက မိန်းကလေးကို ရတော့မယ်နဲ့တူတယ်...” ရတနာကြယ် ကျောင်းဆောင်က ကျောင်းသားက ဟက်ခနဲရယ်၍ ပြောလိုက်သည်။

"ဟွာဂျီယူလို မိန်းကလေးက ရဖို့မလွယ်ဘူး... ငါအချိန်တော့ လိုသေးတယ်... ဒါပေမဲ့...” မူယွန်ချန်က ရယ်မောလိုက်သည်... “ထားလိုက်တော့... ထားလိုက်တော့...”

ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ ယူချင်းက မူယွန်ချန်အား ကြည့်လိုက်သည်။

"အာ... ဂျူနီယာညီလေး ရီဖူရှင်း... ငါကြားတာ မင်းနဲ့ ကျောက်မူနဲ့ လျိုနန်းတော်မှာ ကတောက်ကဆ ဖြစ်ခဲ့တယ်ဆို... အခု ကျောင်းတော်တစ်ခုလုံး သိနေကြပြီ... မင်းက အရမ်းကြီး ဂရုစိုက်မနေနဲ့... ဒါက သာမန်တိုက်ပွဲတစ်ခုပဲ... ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး... မကြာခင် မင်းက ဒီကိစ္စကို ရှင်းလင်းဖို့ အခွင့်အရေး ရလာလိမ့်မယ်...” မူယွန်ချန်က ဆက်ပြောလိုက်သည်။

"ကောင်းပြီ... ကျုပ်က အခွင့်အရေးရရင် ကျောက်မူနဲ့ သေချာပြောမယ်...” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။

"ဒါဆိုလည်း ငါတို့က မင်းကို မဆွဲထားတော့ဘူး... ဂျူနီယာညီလေး... မင်းတို့ ရှေ့ကသွားနှင့်... ငါတို့က ငါတို့ရဲ့ဆရာတွေကို စောင့်ကျန်ရစ်ခဲ့မယ်...” မူယွန်ချန်က ပြောလိုက်သည်။

"ကောင်းပြီ...” ရီဖူရှင်းက သူ၏စကားများအား အလေးထားဟန်မရှိဘဲ ယူချင်း။ ယိချိန်ချန်တို့နှင့်အတူ ထွက်လာကြသည်။ မူယွန်ချန်က ရီဖူရှင်းနှင့် သူ၏သူငယ်ချင်းများ ထွက်ခွာသွားသည်ကို ကြည့်နေရင်း သူ၏မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"စီနီယာ အစ်ကို မူယွန်ချန်... ဒီလိုတွေပြောလိုက်တာ ဘာရည်ရွယ်ချက်လဲ...” ရှာယူယန်က မေးလိုက်သည်။ သူက ဟွာဂျီယူနှင့် ပတ်သက်မှုအား ရီဖူရှင်းကို လိမ်ပြောနေသည်ကို ရှာယူယန် သိသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က အထူးတလည် ပတ်သက်မှု မရှိလျှင် ပြဿနာ မဟုတ်သော်လည်း အကယ်၍ ဟုတ်နေပါက မူယွန်ချန်၏စကားက သူတို့၏အကြား သွေးထိုးခြင်း ဖြစ်သွားနိုင်ပေသည်။

"ရှာယူယန်... မင်းက ရီဖူရှင်းကို စကား လိုက်ပြောတာကကော ဘာရည်ရွယ်ချက်နဲ့လဲ...” ယူယွန်ချန်က မေးလိုက်သည်။

"သူက ဟွာဂျီယူနဲ့သိတယ်ဆိုလို့ ငါက နှုတ်ဆက်ချင်ယုံပဲ...” သူမက ပြောလိုက်သည်။

"တကယ်...” မူယွန်ချန်က ပြုံးလျက် ထိုနေရာမှ ထွက်ခွာသွားသည်။

***

All Chapters