လျှို့ဝှက်ချက်
Vol. 8 Ch. 726
အုန်းခွံရောင် ကုလားအုတ်တစ်ကောင်သည် စမ်းချောင်းလေးတစ်ခုကို အေးဆေးစွာဖြင့် ဖြတ်သန်းလာလေသည်။
ဒီနေ့ မည်သည့်နေရာတွင် မြက်သွားစားလျှင်ကောင်းမည်လဲဟု စဉ်းစားနေမိလေသည်။
ရုတ်တရက်…
သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသကဲ့သို့ ထင်လိုက်မိလေသည်။ သူက ထူးဆန်းသည်ဟု ခံစားလိုက်ရချိန်မှာ ပင် သူ၏ကျောကုန်းထက်မှ ကုလားအုတ်ဘို့ကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
ဇီဝဇိုးငှက်ငယ်တစ်ကောင်သည် ကမ်းခြေတစ်ခုတွင် နားနေလေသည်။
ထို့နောက် သူက အတောင်များကို ဖြန့်ကားပြီး ကျောက်ဆောင်ထက်မှ သူ၏ အသိုက်ရှိရာသို့ ပျံသန်းလာလေသည်။ သို့သော်… ငါးများနှင့် ပုဇွန်များကိုစားပြီးသည့်နောက် အစာချေပြီး ပြန်အန်ထုတ်ကာ ဆောက်လုပ်ထားသည့် သူ၏ ငှက်သိုက်သည် ပျော်ကွယ်သွားပြီ ဖြစ်လေသည်။ ဇီဝဇိုးငှက်ငယ်သည် အသိုက်ပျောက်သွားသဖြင့် ဟိုဟိုဒီဒီ ပျံသန်း နေလေတော့သည်။
တောင်တစ်တောင်ထက်ရှိ တောနက်ကြီးတစ်ခုထဲတွင်တော့ ဧရာမစပါးကြီးမြွေကြီးတစ်ကောင်သည် မျောက် တစ်ကောင်ကို ရစ်ပတ်ထားလေသည်။ ထိုမျောက်မှာ အသက်ရှူကြပ်နေပြီး နောက်ဆုံးတွင် အသက်ပျောက်သွား လေတော့သည်။ တစ်ချိန်တည်းမှာပင် ထိုမျောက်၏ ခန္ဓာကိုယ်မှ ဦးခေါင်းလည်း ပျောက်ကွယ်သွားလေသည်။
စပါးကြီးမြွေကြီးမှာ ရုတ်တရက် ခေါင်းပျောက်သွားသည့် မျောက်ခန္ဓာကိုယ်ကြီးကို ကြောင်တောင်တောင်ဖြင့် ကြည့်နေပြီးနောက် တောနက်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။ သူ့ဘဝတွင် ဘယ်တော့မှ မျောက်များ မစားတော့ရန် ဆုံးဖြတ်လိုက်မိလေသည်။
လောကတွင် ထိုသို့သော ထူးခြားဆန်းကြယ် အံ့ဖွယ်အသွယ်သွယ် အဖြစ်အပျက်များ တစ်ချိန်တည်းတွင် ဖြစ်ပျက်ခဲ့သည်ကို မည်သူမှ သတိမထားမိခဲ့ကြပေ။
သောက်ပြီးရင်ပြန်မလာနဲ့တော့ စားသောက်ဆိုင်လေး၏ မီးဖိုချောင်ထဲတွင်တော့ ကူးဝေေ၀မှာ အသက်ရှူရပ်မတတ် ပင်အံ့သြနေမိလေသည်။
ကူးဝေေ၀က သူမရှေ့တွင် အစုံအလင်ရောက်ရှိနေသည့် ချက်ပြုတ်ဖွယ်ရာများကို လက်ညိုးထိုးလိုက်ရင်း…
"ဒီ… ဒီပစ္စည်းတွေအကုန်လုံး နင်လုပ်ထားတာလား…"
ဆန်းလျန်က လေသံခပ်တိုးတိုးဖြင့်…
"လေထဲကရောက်လာတာလေ ၊ လုပ်ရတာတော့ ပျော်စရာမကောင်းဘူး ၊ ဒါပေမယ့် ဒီဓားကျိုးက အရမ်းတန်ဖိုး ရှိတော့ ဟိုကောင်မလေးကို မစောင့်စေချင်တော့ဘူး ၊ ဒါကြောင့် ဒီဟင်းချက်ပစ္စည်းတွေအားလုံးကို ကျွန်တော် ရအောင်ရှာရတာပေါ့…"
ကူးဝေေ၀မှာ ဆန်းလျန်၏ နတ်ဘုရားတန်ခိုးစွမ်းအားများကို သိရှိနေပြီးဖြစ်လေရာ ဆန်းလျန် လိမ်မပြောသည်ကို သိလေသည်။ သို့သော်… သူမသည် အနည်းငယ် စိတ်ပူနေမိလေသည်။
"ဒီပစ္စည်းတွေမှာ ပိုင်ရှင်ရှိနေရင် ဘယ်လိုလုပ်မလဲ ၊ တော်ကြာ ငါတို့ဆီ ပြန်လာတောင်းနေဦးမယ်…"
ဆန်းလျန်က…
"ဒီပစ္စည်းတွေက မိုးမြေကပိုင်တဲ့ပစ္စည်းတွေပဲ ၊ မိုးမြေတစ်ခွင်က ဘယ်သူမဆို ယူပြီးအသုံးပြုခွင့်ရှိတယ် ၊ ပိုင်ရှင်ဆို တာဘယ်လိုလုပ်ရှိမှာလဲ…"
ကူးဝေေ၀က ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ရင်း…
"အေးပါ… နင်က အခု ဟင်းချက်ဖို့ ငါ့လက်ထဲ ဓားထည့်ပေးလိုက်တာတော့ ဟုတ်ပါပြီ ၊ ဒါတွေကို ငါမှ မချက်တတ်တာ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါတွေကိုချက်ရင် ဆိုးကျိုးရှိသလို ကောင်းကျိုးလည်းရှိမယ် ၊ ချက်ရင်းနဲ့ အစ်မသိလာမှာပေါ့…"
ကူးဝေေ၀က…
"စကားတွေများလိုက်တာဟယ် ၊ ဒါတွေကို ဘယ်လိုချက်ရမှာလဲသာ မြန်မြန်သင်ပေးစမ်းပါ…"
ကူးဝေေ၀မှာ သာမန်မိန်းကလေးတစ်ယောက် ဖြစ်လေသည်။
ထို့ကြောင့် သာမန်ဟင်းလျာများကိုသာ ကောင်းကောင်းချက်ပြုတ်တတ်လေသည်။ သို့သော် ယခု သူမရှေ့သို့ ရောက်နေသည့် ထူးဆန်းထွေလာပစ္စည်းများကိုတော့ မည်သို့ ချက်ပြုတ်ရမှန်း မသိပေ။ အရင်ကလည်း တစ်ခါမှ မချက်ခဲ့ဖူးပေ။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် သူမကိုသေသေချာချာ သင်ပြပေးရန် လိုအပ်လေသည်။
ဓားကျိုးမှာ ဓားသွားတွင် အထစ်များဖြစ်နေသည့်တိုင် ချက်ပြုတ်ဖွယ်ရာများကို ခုတ်ထစ်သည့်အခါတွင် မည်သည့် အခက်အခဲမှ မရှိပေ။ ဓားမှာ အလေးချိန်မရှိသလောက် ပေါ့ပါးနေပြီး လတ်ဆတ်သည့်အငွေ့အသက်များလည်း ထွက်ပေါ်နေလေသည်။
ကူးဝေေ၀သည် ဓားကိုလက်ထဲတွင်ကိုင်ထားလေသည်။ သူမ၏ စိတ်များက ကြည်လင်နေပြီး ပ္စည်းများ၏ ဖွဲ့စည်းပုံ ကို တစ်ချက်ကြည့်ရုံမျှဖြင့် သဘောပေါက်သွားလေသည်။ ဆန်းလျန်ကလည်း ဘေးနားမှ သင်ပြပေးနေလေရာ သူမအတွက် ချက်ရပြုတ်ရသည်မှာ အလွန်လွယ်ကူလျှက်ရှိလေသည်။
သူမအတွက် ဟင်းချက်နေရသည်နှင့်မတူပေ။ စက္ကူဖြူလေးပေါ်တွင် စာရေးနေရသည့်အလား ဖြစ်လေသည်။ သူမဘဝတွင် ဟင်းချက်နေရသည်ကို ပထမဆုံးအကြိမ် ပျော်ရွှင်နေမိလေသည်။
အချိန်အနည်းငယ်ကြာသည့်အခါတွင်တော့… လက်ရာမြောက်စွာ လှလှပပ ပြင်ဆင်ထားသည့် စားသောက်ဖွယ် ရာများသည် စားပွဲတစ်ခုလုံးတွင် ပြည့်နက်သွားလေတော့သည်။
မိန်းကလေးငယ်က သူမရှေ့သို့ ရောက်လာသည့် အလွန်ထူးခြားကောင်းမွန်လှသော စားသောက်ဖွယ်ရာများကို တစ်ချက်ကြည့်လိုက်လေသည်။ သူမဘဝတွင် စားကောင်းသောက်ဖွယ်များစွာကို တွေ့မြင်ဖူးခဲ့သော်လည်း ယခုတစ်ကြိမ်တွင်တော့ အလွန်အံ့သြသွားမိလေသည်။
သူမက စိတ်သဘောထားဖြူစင်သူလေးဖြစ်လေရာ ကူးေဝေေ၀ကို တစ်ချက်ကြည့်လိုက်ရင်း…
"မမ… မမ ချက်တဲ့ဟင်းတွေက လှလည်းလှ ၊ အရသာလည်း ရှိမယ့်ပုံပဲ ၊ လာ… လာ … ဦးလေးကြီး ၊ မေဂိုဏ်းချုပ် ၊ ယိုယို ၊ ပိုင်ရှောက်ယွီ ၊ အထိန်းတော်ကြီး… ကျွန်မတို့အားလုံး အတူတူစားကြမယ်လေ…"
တောက်ပသည့်မျက်ဝန်းလေးများကိုပိုင်ဆိုင်သည့် ချစ်ရာကောင်းလွန်းလှသော မိန်းကလေးငယ်လေးကို ကူးဝေေ၀ က တစ်ချက်ကြည့်လိုက်ပြီး…
"ဒါဖြင့် အားမနာတော့ဘူးနော်…"
ပြောပြီးသည်နှင့် သူမက ဆန်းလျန်ကို စနောက်လိုသည့် ဟန်ဖြင့် မျက်စလေးတစ်ချက်ပစ်ပြလိုက်ပြီး…
"ဦးလေးကြီးလည်း သုံးဆောင်လေ…"
ဆန်းလျန်က ရယ်မောလိုက်ရင်း ကူးဝေေ၀၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ဆန်းလျန်က…
"မိန်းကလေး… မင်းက သူ့ကိုကျတော့ မမလို့ခေါ်ပြီး ကျုပ်ကိုကျတော့ ဘယ်လိုဖြစ်လို့ ဦးလေးကြီးလို့ ခေါ်ရတာ လဲ…"
မိန်းကလေးငယ်လေးက…
"ဒါပေမဲ့ ဦးလေးကြီးက အရမ်းအသက်ကြီးနေပြီပဲကို…"
ကူးဝေေ၀က ပြုံးလိုက်ရင်း…
"ညီမလေး ၊ သူ့ကြည့်ရတာ အသက်ကြီးတဲ့ပုံလည်း မပေါ်ပါဘူး ၊ ဘာလို့ အရမ်းအသက်ကြီးနေပြီလို့ ပြောရတာ လဲ…"
မိန်းကလေးငယ်လေးက…
"ဦးလေးကြီးက အချိန်ကာလတွေအများကြီးကို ဖြတ်ကျော်ခဲ့တယ် ၊ ကျွန်မ မြင်နေရတယ်…"
အထိန်းတော်ကြီးက မျက်နှာတစ်ချက်ပျက်သွားပြီး…
"ကဲ…ကဲ… စားကြရအောင်…"
မိန်းကလေးငယ်၏ စကားကြောင့် ဆန်းလျန်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားလေသည်။
မိန်းကလေးငယ်သည် သူ့အကြောင်းကို ခန့်မှန်းကြည့်နိုင်သည့်အတွက် အနည်းငယ်လည်း ဝမ်းသာသွားမိပြီး မိန်းကလေးငယ် မည်သူဖြစ်သည်ကို သူက တစ်ချက် အာရုံပြုကြည့်လိုက်လေသည်။ မိန်းကလေးသည် တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် မဟုတ်လျှင် သူ့ထံမှ မည်သည့်အကြောင်းအရာကိုမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ သူ၏ စိတ်အာရုံထဲတွင် မိန်းကလေး၏ဘဝအကြောင်းများကို ရှင်းလင်းစွာ တွေ့မြင်နေရလေသည်။
သူမ၏နာမည်က ဆန်းချင်းချင်းဖြစ်လေသည်။ သူမသည် ချင်းဟယ်မင်းသား၏ ဆဌမမြောက်သမီးတော်လေးဖြစ် သလို အငယ်ဆုံးသမီးတော်လေးလည်း ဖြစ်လေသည်။ သူမဘဝတွင် ငယ်စဉ်ကပင် အခက်အခဲများသိပ်မရှိခဲ့ပါ။ သို့သော် သူမမွေးဖွားလာသည့်အချိန်တွင် သူမ၏အခန်းထဲတွင် တာအိုကျင့်ကြံသူမိန်းမပျိုတစ်ယောက် ပေါ်လာပြီး သူမကို ကြည့်နေခဲ့လေသည်။
ထိုကျင့်ကြံသူမိန်းကလေး မည်သူဖြစ်သည်ကို ချင်းဟယ်နန်းတော်တွင် မည်သူမှ သိရှိကြခြင်း မရှိပေ။
ဆန်းလျန်၏ စိတ်အာရုံထဲတွင် ထိုတာအိုကျင့်ကြံသူမိန်းမပျိုကို မြင်တွေ့နေရလေသည်။ သို့သော်… သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရခြင်း မရှိပေ။ သူမ၏ တန်ခိုးစွမ်းအားများကိုသာ ခန့်မှန်းကြည့်လိုက်နိုင်လေ သည်။
ထိုတာအိုကျင့်ကြံသူ မိန်းမပျိုသည် ထူးဆန်းသူတစ်ယောက် ဖြစ်လေသည်။ သို့သော်… ဆန်းချင်းချင်းတွင် ပိုင်ဆိုင် ထားသည့် အချိန်နှင့်ပတ်သက်ပြီး ခန့်မှန်းနိုင်သည့် ထူးဆန်းသော စွမ်းရည်နှင့်တော့ ပတ်သက်ဆက်နွယ်ခြင်း မရှိပေ။
ဆန်းလျန်က…
"ကျုပ်ကို ဦးလေးကြီးလို့ မခေါ်နဲ့ ၊ ဆန်းလျန်လို့ ခေါ်လို့ရတယ်…"
မိန်းကလေးငယ်လေးက…
"အာ… ဦးလေးကြီးကလည်း ဆန်းမျိုးနွယ်ပဲလား ၊ ကျွန်မလည်း ဆန်းမျိုးနွယ်ပဲ ၊ ကျွန်မနာမည်က ဆန်းချင်းချင်းပါ ၊ ဒါပေမယ့် ဦးလေးကြီးကိုတော့ ဦးလေးကြီးလို့ ခေါ်မှာပဲ…"
ဆန်းလျန်က ခေါင်းတစ်ချက်ခါယမ်းကာ ရယ်မောလိုက်လေသည်။ ကလေးနှင့်တော့ ပြိုင်ပြီး ငြင်းမနေချင်တော့ပေ။
ဆန်းလျန်က မေးခွန်းတွေထပ်ထုတ်လိမ့်မည်ဟု အထိန်းတော်ကြီးက ထင်နေမိလေသည်။ သို့သော်… အစား အသောက်များ စားသောက်ပြီးစီးသွားသည်အထိ ဆန်းလျန်က ဆန်းချင်းချင်းအကြောင်းကို တစ်လုံးမှ မမေးခဲ့ပေ။ အထူးသဖြင့် အချိန်ကာလနှင့်ပတ်သက်သည့် ဆန်းချင်းချင်း၏ စွမ်းရည်များအကြောင်းကို မေးမြန်းခဲ့ခြင်း မရှိပေ။ ထိုအခါမှ အထိန်းတော်ကြီးမှာလည်း စိတ်သက်သာရာ ရသွားလေတော့သည်။
ဆန်းချင်းချင်းသည် မွေးကတည်းက ထူးခြားသူတစ်ယောက် ဖြစ်လေသည်။ သူမသည် အချိန်၏စီးဆင်းမှုကို မြင်တွေ့နိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် သူမဘေးမှ လူများ၏ အချိန်ကာလများအကြောင်းကို အချိန်ပြည့် ပြောနေတတ်လေသည်။ ထို့ပြင် သူမ၏ မျက်လုံးထဲတွင် မြင်နေရသည့် အချိန်စီးဆင်းမှုများသည် အစစ်အမှန်ဖြစ်ပြီး သူမသည် ထူးဆန်းရှုတ်ထွေးသည့် အလုပ်များကိုလည်း အမြဲတမ်း လုပ်တတ်လေသည်။
ကံကောင်းစွာဖြင့်ပင် သူမ ကြီးပြင်းလာသည့်အခါတွင်တော့ ထိုစွမ်းရည်များ တဖြည်းဖြည်းလျော့ နည်းလာလေ သည်။ ဆန်းချင်းချင်း အချိန်စီးဆင်းမှုကို မတွေ့မြင်တော့သည်မှာ နှစ်ဝက်ခန့်ပင် ကြာပြီ ဖြစ်လေသည်။ ယနေ့တွင်မှ တိုက်တိုက်ဆိုင်ဆိုင် သူမသည် ဆန်းလျန်ထံတွင် အချိန်စီးဆင်းမှုကို ပြန်လည်တွေ့မြင်လာမည်ဟု အထိန်းတော် ကြီးထင်မထားခဲ့မိပေ။
အမှန်တော့ ဆန်းချင်းချင်းမှာ ပြောချင်နေသည့်တိုင် ဖွင့်မပြောဘဲ မြိုသိပ်ထားသည့် အကြောင်းတစ်ခု ရှိလေသည်။
သူမ ဆန်းလျန်ထံတွင် တွေ့မြင်နေရသည့် အချိန်ကာလစီးဆင်းမှုများသည် အလွန့်အလွန် အိုမင်းနေပြီ ဖြစ်လေ သည်။ ထို့ပြင် အချိန်စီးဆင်းမှုသည် မှုံဝါးနေပြီး ပုံရိပ်များကိုပင် သေသေချာချာ မတွေ့မြင်ရပေ။ ဆန်းလျန်သည် အလွန်မှ မှောင်မှိုင်းသည့် နေရာတစ်ခုတွင် အရင်တုန်းက နေထိုင်ခဲ့ဟန် ရှိလေသည်။
သူမ ဆန်းလျန်ကို တွေ့မြင်လိုက်ရသည့်အခါ ဝတ်ကျောင်းတော်အတွင်းမှ နတ်ဘုရားတစ်ပါးကို တွေ့ရသည့်အလား ခံစားလိုက်ရလေသည်။
သူမငယ်စဉ်အခါက သူမ၏ ဖခင်နှင့်အတူ တာအိုကျောင်းတော်တစ်ခုသို့ သွားခဲ့ဖူးသည်ကို သတိရလိုက်မိလေ သည်။ ထိုကျောင်းတော်ထဲတွင် လင်ပေါင်ထျန်းကျွင်း၏ ရုပ်တုကို ထားရှိကိုးကွယ် ထားလေသည်။ သူမ၏ ကလေးဘဝမှတ်ဉာဏ်များက သိပ်ပြီး မသဲကွဲတော့သော်လည်း ဆန်းလျန်သည် လင်ပေါင် ထျန်းကျွင်းနှင့် အနည်းငယ်ဆင်သည်ဟု ထင်နေမိလေသည်။
သို့သော်… သူမက ထိုစကားများကို ထုတ်ဖော်ပြောလိုက်လျှင်လည်း အဓိပ္ပါယ်မရှိသည့်စကားများကို ပြောသည်ဟု ထင်ကြပေလိမ့်မည်။ ထို့ကြောင့် ရင်ထဲတွင်ပင်သိမ်းဆည်းထားလိုက်လေသည်။
စားသောက်နေကြစဉ်အတွင်းမှာပင် ဆန်းချင်းချင်းမှာ ချင်းဟယ်မင်းသား၏သမီးတော်လေးဖြစ်သည်ကို အားလုံးက သိရှိသွားကြလေသည်။ သူမသည် တော်ဝင် ရွှေမင်းသမီးလေးတစ်ပါးဖြစ်လေသည်။ အခြားသူများက မည်သို့မှ မခံစားရသော်လည်း ပိုင်ရှောက်ယွီကတော့ ရင်ထဲတွင် အကြီးကြီးကြေကွဲလျှက် ရှိပါလေ၏။
သူမသည် မင်းသမီးလေးတစ်ပါးဖြစ်ပြီး သူကတော့ လမ်းဘေးမှ တေလေကြမ်းပိုးတစ်ယောက် ဖြစ်လေသည်။ ထိုအတွေးကိုတွေးမိသည့်အခါတွင်တော့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာများကို စားသောက်နေရသည့်တိုင် သူ့အတွက် အရသာတစ်စက်မှ မရှိတော့ပေ။
ကူးဝေေ၀က ပိုင်ရှောက်ယွီကို နောက်ပြောင်လိုက်လေသည်။
"ပိုင်ရှောက်ယွီ… ဘာလဲ… နင်က ငါချက်တဲ့ဟင်းတွေက မကောင်းလို့ သိပ်မစားတာလား…"
ပိုင်ရှောက်ယွီက စိတ်ရှုတ်ထွေးစွာဖြင့်…
"ဗိုက်သိပ်မဆာလို့ပါ…"
ဆန်းလျန်က…
"နေ့လည်ကျ အလုပ်များများလုပ်လိုက် ၊ အဲဒါဆို ဗိုက်ဆာလာလိမ့်မယ်…"
ဆန်းချင်းချင်းက တခစ်ခစ်ရယ်မောလိုက်ရင်း…
"ဦးလေးကြီး… ဦးလေးကြီးမပြောရင် ပိုင်ရှောက်ယွီက အလုပ်မလုပ်တော့ဘူးလား ၊ ဦးလေးကြီးက တော်တော် အပေါက်ဆိုး တာပဲ…"
ဆန်းလျန်က…
"မင်းရဲ့အိမ်က နန်းတော်မဟုတ်လား ၊ အဲဒီမှာ ကျုပ်ထက်အပေါက်ဆိုးတဲ့သူတွေ အများကြီးရှိဦးမှာ…"
ဆန်းချင်းချင်းက လျှာလေးတစ်ချက်ထုတ်လိုက်ရင်း…
"ကျွန်မကြားဖူးတာ ဒီအနီးအနားမှာ ချင်းရှတောင်ရှိတယ်ဆို ၊ အဲဒီမှာသွားကစားချင်လို့ ၊ ပိုင်ရှောက်ယွီ… နင် ငါ့ကို လိုက်ပို့ပါလားဟင်…"
ဆန်းလျန်က…
"မဖြစ်ဘူး…"
ဆရာမေက ဝင်ပြောလိုက်လေသည်။
"ကျုပ်လိုက်ပို့ပေးမယ်လေ…"
ဆန်းချင်းချင်းက ချက်ချင်းပင် စိတ်မဝင်စားတော့သည့်ဟန်ဖြင့်…
"ထားလိုက်တော့ ၊ ကျွန်မ မသွားချင်တော့ဘူး…"
မေနန့်စန်းကလည်း ခပ်တုံးတုံးတစ်ယောက် မဟုတ်ပါ။
ဆန်းချင်းချင်း ချင်းရှတောင်သို့ သွားလိုသည့်ရည်ရွယ်ချက်ကို သူက ရိပ်မိလေသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ရှောက်ယွီသည် ပိုင်ကျားမြို့ခံလူငယ်တစ်ယောက်ဖြစ်ပြီး သူမနှင့်လည်း အသက်အရွယ် မတိမ်းမယိမ်း ဖြစ်သောကြောင့် စိတ်ဝင်စားနေခြင်း ဖြစ်လေသည်။
သို့သော် ဆန်းလျန်က အဘယ့်ကြောင့် တားဆီးလိုက်ရသည်ကိုတော့ မေနန့်စန်းက နားမလည်ခဲ့ပါချေ။