မြေစောင့်နတ်ပြောသည့်ချင်းရှတောင်သမိုင်းကြောင်း
Vol. 8 Ch. 727
မေနန့်စန်းသည် အခြားသူများနှင့်ယှဉ်လျှင် အဆတစ်ရာခန့်ပိုပြီး ဉာဏ်ရည်ထက်မြက်သူ ဖြစ်လေသည်။
သို့သော်… ဆန်းလျန်၏ အတွေးများကိုတော့ ခန့်မှန်းနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူကလည်း အများကြီး မတွေးတော့ရန် ဆုံးဖြတ်လိုက်လေသည်။
ဆန်းလျန်က…
"ပိုင်ရှောက်ယွီက တစ်လမှာ (၂)ရက် နားခွင့်ရှိတယ် ၊ မနက်ဖန်မှ သူ့ကိုလိုက်ပို့ခိုင်းလေ… ဘယ်လိုလဲ…"
ပိုင်ရှောက်ယွီက တအံ့တသြဖြင့်…
"တစ်လမှာ (၂)ရက်နားခွင့်ရှိတာ ကျွန်တော်တောင် မသိရပါလား…"
ဆန်းလျန်က…
"အခု သိသွားပြီ မဟုတ်လား…"
ဆန်းချင်းချင်းက မျက်ခုံးလေးတစ်ချက်ပင့်ကာ ကူးဝေေ၀ကို ကြည့်လိုက်ရင်း…
"မမကူးဝေေ၀ ၊ ဒီစားသောက်ဆိုင်ပိုင်ရှင်က မမ မဟုတ်လား ၊ ဘာလို့ ဦးလေးကြီးက သူ့သဘောနဲ့သူ အမိန့်တွေ ပေးနေရတာလဲ…"
ကူးဝေေ၀က ပြုံးလိုက်ရင်း…
"ဘာလို့လဲဆိုတော့ မမက သူ့လောက် ဉာဏ်မကောင်းဘူးလေ ၊ အဲဒီတော့ သူ့စကားနားထောင်ရတာပေါ့…"
ဆန်းချင်းချင်းက မကျေမနပ်ဖြင့်…
"ပျင်းစရာကြီးနေမှာ…"
ထို့နောက်တွင်တော့…
စားပွဲတွင် ထိုင်နေကြသူများထဲတွင် မိန်းကလေး (၃)ယောက် ရှိကြလေရာ မိန်းကလေးတို့၏ ထုံးစံအတိုင်း ရောက်တက်ရာရာများ ပြောဆိုကြလေတော့သည်။
ယောကျ်ားလေးများက တိတ်ဆိတ်နေကြသည့်တိုင် မိန်းကလေးများ၏ တီတီတာတာ စကားများကို နားထောင်ရင်း မပျင်းနိုင်ဘဲ ရှိကြရလေသည်။ ထို့ကြောင့် အချိန်သည်လည်း ကုန်မှန်းမသိ ကုန်သွားရလေသည်။
စကားများနေကြရင်း အစားအသောက်များလည်း ကုန်သွားကြပြီဖြစ်လေရာ ဆန်းလျန်မှလွဲပြီး အခြားသူများမှာ အိပ်ငိုက်လာကြ လေတော့သည်။ ထို့ကြောင့် အသီးသီး အနားယူရန် နေရာများရှာဖွေကာ အိပ်စက်အနားယူကြ လေတော့သည်။
ဆန်းလျန်ကလည်း သူ၏ ဂိုဏ်းတူအစ်မကို အခန်းအတွင်းသို့ လိုက်ပို့ပြီး အိပ်ယာထက်တွင် အသာအယာ လှဲစေလိုက်ပြီး စောင်ခြုံပေးလိုက်လေသည်။
ကူးဝေေ၀က ဆန်းလျန်ကို အပြုံးချိုချိုလေးဖြင့် ပြန်ပြုံးပြလိုက်လေသည်။ ယနေ့အဖို့ သူမတော့ အိပ်မက်လှလှ မက်တော့မည် ဖြစ်လေသည်။
ဆန်းလျန်က သူမကို မျက်ခုံးတစ်ချက်ပင့်ပြလိုက်ကာ ပြန်ပြုံးပြလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ဆန်းလျန်၏ ကိုယ်ထဲမှ ဝိညာဉ်ကိုယ်ပွားတစ်ခု ထွက်ခွာသွားပြီး ချင်းရှတောင်ပေါ်သို့ ရောက်ရှိသွားလေတော့သည်။
ချင်းရှတောင်ပေါ်မှ အဝါရောင် ယင်ရှင့်အပင်များသည် ခြောက်သွေ့နေကြပြီး အဝါရောင် ရော်ရွက်ကြွေများသည် တောင်တစ်ခွင်လုံးကို အလှဆုံုးဖြစ်အောင် လွှမ်းခြုံကာ အလှဆင်ထားလေသည်။ ဖြတ်သွားဖြတ်လာ ခရီးသွားများ သည်တောင်ပေါ်မှ လှပသည့်ရှုမျှော်ခင်းများကို ငေးမောကြည့်ရှုသွားကြလေသည်။
သို့သော်… ဆန်းလျန်ကတော့ အဝါရောင်ရွက်ကြွေများကို အရေးမစိုက်ပါ။ သူက သစ်ရွက်များမရှိတော့ဘဲ သွေ့ခြောက်နေသည့် ယင်ရှင့်အပင်များကိုသာ စိုက်ကြည့်နေလေသည်။ ယင်ရှင့်အပင်များကို မြေးအဘိုးသစ်ပင် ဟူ၍ လည်း ခေါ်လေ့ရှိကြလေသည်။ အဘယ်ကြောင့်ဆိုသော် အဘိုးဖြစ်သူက ယင်ရှင့်အပင်ကို စိုက်ပျိုးခဲ့ရာ မြေးဖြစ်သူလက်ထက်ကျမှ အသီး သီးသောကြောင့် ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ယင်ရှင့်အပင် များသည် မည်မျှအသက်ရှည်သည်ကို သိရှိနိုင်လေသည်။
ဆန်းလျန်သည် ယင်ရှင့်အပင်များမှတစ်ဆင့် အချိန်၏ မတူညီမှုနှင့်ပြောင်းလဲမှုကို ရှာဖွေချင်ခဲ့လေသည်။ သို့သော်… ထိုသစ်ပင်များသည် နေရာမှ ရွေ့လျားနိုင်ခြင်း မရှိဘဲ နွေရာသီ ၊ နွေဦးရာသီ ၊ ဆောင်းရာသီ ၊ ဆောင်းဦးရာသီများ ကို စဉ်ဆက်မပြတ် ဖြတ်သန်းခဲ့ကြရလေရာ ငြီးငွေ့ဖွယ်ရာပင် ကောင်းလှလေသည်။ စိတ်ပျက်စရာအချက်မှာ ယင်ရှင့်အပင်များမှတစ်ဆင့် ချင်းရှတောင်သမိုင်းတစ်ခုလုံးကို ခရေစေ့တွင်းကျ သိမြင်ရန်မှာ သိပ်ပြီ မသေချာလှပေ။
ဆန်းလျန်က မြေပြင်ကို လက်ဖြင့် အသာပုတ်လိုက်ရာ ချင်းရှတောင်၏ မြေစောင့်နတ် ပေါ်လာလေသည်။
"နတ်မင်းကြီး ၊ ဒီအဘိုးအိုလေးကို ဆင့်ခေါ်တာ ဘာများ ခိုင်းစရာ ရှိလို့ပါလဲ…"
ဆန်းလျန်က သွယ်ဝိုက်မနေတော့ပဲ တည့်တည့်ပင် မေးမြန်းလိုက်လေသည်။
"မင်း ချင်းရှတောင်ရဲ့ သမိုင်းကြောင်းကို ဘယ်လောက်သိသလဲ…"
ဆန်းလျန်၏ မေးခွန်းကိုကြားသည်နှင့် မြေစောင့်နတ်က လေးလေးနက်နက်တစ်ချက်တွေးလိုက်ပြီး…
"နတ်မင်းကြီးက ဘယ်လောက်အချိန်ကတည်းက အကြောင်းတွေကို သိချင်တာလဲ…"
ဆန်းလျန်က…
"တတ်နိုင်သလောက် များများသိချင်တယ်…"
မြေစောင့်နတ်က…
"မိုးနဲ့မြေ ၊ တောင်နဲ့ မြစ်ရေတွေဟာ အချိန်ရဲ့သင်္ကေတတွေပါပဲ ၊ ဒါပေမယ့် ကျွန်တော်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်ကအဖြစ်အပျက်တွေကိုပဲ သိနိုင်ပါတယ်…"
ဆန်းလျန်က…
"ဘာကြောင့်လဲ…"
မြေစောင့်နတ်က…
"နတ်မင်းကြီးကို ဖုံးကွယ်မထားတော့ပါဘူး ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်လောက်က ချင်းရှတောင်ပေါ်မှာ နတ်ဘုရားတစ်ပါး ပေါ်လာခဲ့ဖူးပါတယ် ၊ အဲဒီနတ်ဘုရားက နတ်ဘုရားတွေအများကြီးနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲကြောင့် ချင်းရှတောင်တစ်ခုလုံး ပျက်စီးသွားခဲ့ရပါတယ် ၊ ဒါပေမယ့် အဲဒီနတ်ဘုရားက ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားတွေကို အသုံးပြုပြီး တောင်ကို အရင်အတိုင်း ပြန်လည်ဖြစ်တည်စေခဲ့ပါတယ် ၊ ပြီးတော့ တိုက်ပွဲအတွင်းသေဆုံးခဲ့ကြရတဲ့ သတ္တဝါတွေကိုလည်း ပြန်ပြီးအသက်သွင်းပေးခဲ့ပါတယ် ၊ အဲဒီနှစ်က တိုက်ပွဲက ပြင်းထန်လွန်းလို့ ချင်းရှတောင်ရဲ့ သမိုင်းဝင်တိုက်ပွဲတစ်ခုလို့တောင် ပြောလို့ရပါတယ် ၊ တိုက်ပွဲပြီးသွား တဲ့အခါမှာတော့ နတ်ဘုရား အတော်များများဟာ ချင်းရှတောင်ပေါ်ကို သူတို့လူတွေလွှတ်ပြီး အခြေအနေ စုံစမ်းခိုင်း ခဲ့ကြပါတယ် ၊ ဒါပေမယ့် လာရောက်စုံစမ်းကြတဲ့သူတွေအကုန်လုံးက ချင်းရှတောင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လက္ခဏာ တစ်ခုတစ်လေတောင်မှ မတွေ့ခဲ့ကြရတော့ပါဘူး ၊ ပြီးတော့ နှစ်ပေါင်းတစ်သောင်း အရင်က ချင်းရှတောင်မှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေအားလုံးဟာ ဖြတ်တောက်ခံ လိုက်ရပါတယ် ၊ သဲလွန်စ တစ်ခုမှတောင် မကျန်ရစ် ခဲ့တော့ပါဘူး ၊ အခုနောက်ပိုင်း ချင်းရှတောင်ကို ဘယ်သူမှ လာပြီး မစုံစမ်းကြတော့တာ နှစ်ပေါင်းတစ်ထောင် လောက်တောင် ရှိနေပါပြီ…"
ချင်းရှတောင်သည် မည်သည့်ထူးခြားချက်မှ မရှိသည့် တောင်တစ်တောင် ဖြစ်လေသည်။
သို့သော်… ဤနေရာတွင် အဘယ့်ကြောင့် ပြင်းထန်လှသည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်ခဲ့ရပါသနည်း။ ထို့ပြင် ချင်းရှတောင်၏ နှစ်ပေါင်းတစ်သောင်းအရင်က သဲလွန်စများအားလုံးသည်လည်း ဖျောက်ဖျက်ခံခဲ့ရလေသည်။ ချင်းရှတောင်၏ အတိတ်အကြောင်းအရာများသည် ပျောက်ပျက်သွားခဲ့ပြီ ဖြစ်လေသည်။ ထိုကိစ္စနောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုတော့ ကျိန်းသေ ရှိရပေမည်။
သူ ဤနေရာသို့ ရောက်လာရခြင်းမှာ ထိုအဖြစ်အပျက်များနှင့်တစ်ခုခု ပတ်သက်နေရမည်ဟု ဆန်းလျန်က နားလည် လိုက်မိလေသည်။ ထိုအချက်ကို သူက ပင်ကိုယ်သိစိတ်ဖြင့် နားလည်လိုက်ခြင်း ဖြစ်လေ၏။
ကူးဝေေ၀သည် သူ၏ ဂိုဏ်းတူအစ်မဖြစ်သည်ဟု သူ့စိတ်ထဲမှ အလိုလိုသိနေသကဲ့သို့ သိရှိလိုက်ခြင်း ဖြစ်လေသည်။ သို့သော်… ကူးဝေေ၀သည် သူ၏ ဂိုဏ်းတူအစ်မဖြစ်သည်ကို သူ့တွင် သက်သေပြနိုင်သည့် သဲလွန်စ အားလုံးက ပျောက်ဆုံးလျှက်ရှိလေသည်။
ထို့အတူပင် ချင်းရှတောင်သည် သူနှင့် တစ်ခုခုပတ်သက်နေသည်ဆိုသည့် သဲလွန်စသည်လည်း ပျောက်ဆုံး နေခဲ့ လေသည်။
ဆန်းလျန်က…
"မင်းက ဒီအကြောင်းတွေကို ဘယ်လိုလုပ်သိနေတာလဲ…"
မြေစောင့်နတ်က…
"ဒီအဘိုးအိုလေး ချင်းရှတောင်ရဲ့ မြေစောင့်နတ်ရာထူးကိုရတော့မယ်ဆိုတော့ အသူရာချောက်က တရားသူကြီးချွေး ကပြောပြခဲ့တာပါ ၊ တကယ်တော့ ချင်းရှတောင်က ရှေးဟောင်းလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့ တောင်တစ်တောင်ပါ ၊ ဒါပေမယ့် အသက်ဓာတ်စွမ်းအားတွေတော့ နည်းနည်းအားနည်းတယ် ၊ ဒါကြောင့် ဘယ်သူမှ ဒီတောင်ရဲ့ မြေစောင့်နတ် မဖြစ်ချင်ကြဘူး ၊ ဒုက္ခရောက်မှာကိုစိတ်ပူကြတယ်လေ ၊ ချင်ပြည်နယ်မြို့တော်ရဲ့ မြို့စောင့်နတ် ချန်ဟွမ်တောင်မှ မြို့စောင့်နတ်ရာထူးကိုလက်ခံပြီးကတည်းက တစ်ခါမှ ဒီကိုလာမကြည့်ခဲ့ဖူးဘူး ၊ ဒီအဘိုးအိုလေးကတော့ ရွေးခြယ်စရာ မရှိခဲ့ပါဘူး ၊ မဟုတ်ရင် ကျွန်တော်လည်း ဒီမှာ မြေစောင့်နတ်မလုပ်ချင်ပါ ဘူး…"
ဆန်းလျန်ကရယ်မောလိုက်ရင်း…
"မင်းတို့နတ်တွေကလည်း အရာရှိအရာခံ မင်းမှုထမ်းတွေ ကျနေတာပဲ…"
မြေစောင့်နတ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"အဲဒီလိုမဟုတ်ဘူးလို့ ဘယ်သူပြောလို့ရမှာလဲ ၊ တကယ်တော့ မြို့စောင့်နတ်ချန်ဟွမ်မှာ ကောင်းမွန်တဲ့ အနာဂတ် ရှိတယ် ၊ သူက အသူရာချောက်မှာ ကောင်းကောင်းတာဝန်ထမ်းဆောင်တယ် ၊ လူ့ဘဝတုန်းကလည်း ဘာအပြစ်မှ မလုပ်ခဲ့ဘူး ၊ စည်းကမ်း အရဆိုရင် သူက ဘုရင့်နေပြည်တော်က မြို့စောင့်နတ်ဖြစ်လာရမှာ ၊ ဒါပေမယ့် ချောက်ချခံလိုက်ရပြီးတော့ ချင်ပြည်နယ်မြို့တော်ရဲ့ မြို့စောင့်နတ်အဖြစ်ပဲ ရွေးခြယ်ခံလိုက်ရတယ် ၊ အထက်က သူ့အတွက် ဘာရာထူးမှ မပေးခဲ့တော့ဘူး"
ဆန်းလျန်က…
"ဒါဖြင့် တစ်ယောက်ယောက်က သူ့ကို ဘုရင့်နေပြည်တော်ရဲ့ မြို့တော်စောင့်နတ် မဖြစ်စေချင်လို့ ချောက်ချခဲ့တာ ပေါ့ ၊ ဒါကြောင့် ချင်ပြည်နယ် မြို့တော်ရဲ့ မြို့စောင့်နတ်ပဲ ဖြစ်လာရတာပေါ့ ၊ သူက မတရားခံရ တာကို ဘယ်သူ့ကိုမှ မတိုင်ဘူးလား…"
မြေစောင့်နတ်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း….
"အထက်ကို ဘယ်သူက လွန်ဆန်ဝံ့မှာလဲ ၊ သူချောက်ချခံရတယ်ဆိုတာ လူတိုင်းသိကြပေမယ့် ရွေးခြယ်စရာ မရှိခဲ့ဘူး ၊ ပြီးတော့ ချင်ပြည်နယ်မြို့တော်ရဲ့ မြို့စောင့်နတ်ဆိုတာ အသူရာချောက်မှာတော့ ဘာအဆင့်မှ မရှိဘူးလေ ၊ မြို့စောင့်နတ် ချန်ဟွမ်က တိုင်တန်းပြီး တရားစွဲချင်တယ်ဆိုရင်တောင်မှ ဘာမှ မတတ်နိုင်ပါဘူး ၊ တရားစွဲလိုက်ရင် အထက်ကလူကြီးတွေရဲ့ ဒေါသကိုတောင် စွပေးလိုက်သလို ဖြစ်သွားဦးမယ်…."
အသူရာချောက်မှ ရာထူးနှင့်ပတ်သက်ပြီး ဖြစ်ပျက်နေကြသည့် အတွင်းရေးများကို မည်သူမှ ပြောရဲဆိုရဲခြင်း ရှိကြဟန် မတူပေ။
ဆန်းလျန်မှာ အသူရာချောက်၏ ဖွဲ့စည်းပုံမှ ကင်းလွတ်သည့် ပြင်ပမှ နတ်ဘုရားတစ်ပါးဖြစ်သည့်အတွက် မြေစောင့် နတ်က ဖြစ်ကြောင်းကုန်စင် ရင်ဖွင့်လိုက်ခြင်း ဖြစ်လေသည်။ ရင်ဖွင့်လိုက်ရသည့်အတွက် စိတ်ထဲတွင်လည်း ပေါ့သွားရလေသည်။
ဤသည်မှာ နတ်ဘုရားများ၏ မတူညီသည့်လမ်းကြောင်းများပင် ဖြစ်လေသည်။
အထူးသဖြင့် မြေစောင့်နတ်ကဲ့သို့သော နတ်ဘုရားငယ်များသည်အသူရာချောက်၏ လက်အောက်ခံ နတ်ငယ်လေး များဖြစ်ကြလေသည်။ သူတို့သည် လောကမှ မလွတ်မြောက်နိုင်ကြသေးပေ။ သူတို့တွင် တန်ခိုးစွမ်းအား အနည်းငယ် ရှိပြီး အသက်ရှည်ကြလေသည်။ သို့သော်… သူတို့သည် ကျင့်ကြံသူများဖြင့်တော့ မယှဉ်နိုင်ကြပေ။
အသူရာချောက်မှ နတ်ငယ်လေးများအနေဖြင့် လူသားများနှင့် ဆက်သွယ်ပြောဆိုခွင့်လည်း မရှိကြပေ။ သူတို့၏ ကိုယ်ခန္ဓာမှ ယင်စွမ်းအားအငွေ့အသက်များက ပြင်းထန်စွာ ထွက်ပေါ်ေလေရာ ထိုအငွေ့အသက်များကို လူသားများ အနေဖြင့် ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။ ထို့ပြင်… နတ်ငယ်လေးများကြောင့် လူသားများ ထိခိုက်နာကျင်သွားလျှင် လည်း အပြစ်ပေးခံကြရမည် ဖြစ်လေသည်။
မြေစောင့်နတ်မှာ နတ်တစ်ပါးဖြစ်သည့်တိုင် တန်ခိုးစွမ်းအားသိပ်ပြီးမကြီးလှပေ။ ဆန်းလျန်ကိုမပြောနှင့် ကျင့်ကြံသူ ဂိုဏ်းများမှ အဆင့်မြင့်ကျင့်ကြံသူများကိုပင်လျှင် သူ့အနေဖြင့် တိုက်ခိုက်နိုင်စွမ်းမရှိကြပေ။ ချင်ပြည်နယ်မြို့တော်၏ မြို့စောင့်နတ် ချန်ဟွမ်ပင်လျှင် တန်ခိုးစွမ်းအား သိပ်ပြီး ကြီးမားလှသည် မဟုတ်ပေ။
ထို့ပြင် မြို့စောင့်နတ်ချန်ဟွမ်သည် ငရဲမင်းနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်ဆိုသည့်တိုင် ငရဲမင်းကို ကိုယ်စား ပြုနိုင်သူ မဟုတ်ပေ။
ထို့ကြောင့် မြို့စောင့်နတ်ကို သွားရောက်စော်ကားပါက အသူရာချောက်ကို ရန်စသည်ဟု မဆိုသာပေ။
မြေစောင့်နတ် ၊ မြို့စောင့်နတ်များကို သွားရောက်ရန်စသည့် ကျင့်ကြံသူများအနေဖြင့် သေဆုံးပြီး လူပြန်ဝင်စား မည်ဆိုလျှင် အသူရာချောက်မှ ခပ်ညစ်ညစ် အပြုအမူများကိုတော့ ပြုလုပ်ပြီး ပညာပြနိုင်လေသည်။ ဥပမာ… အသူရာချောက်မှ သူတို့ကို ရန်စခဲ့သူများကို လူ့ဘုံသို့မပို့တော့ဘဲ တိရိစ္ဆာန်ဘုံသို့ ပို့လိုက်နိုင်လေသည်။ ထိုအခါ ကိုယ့်ကံနှင့်ကိုယ် ခံရုံသာ ရှိလေသည်။
သို့ရာတွင် အသူရာချောက်တွင်လည်း သူ့စည်းသူ့ကမ်း သူ့ဥပဒေနှင့်ရှိလေရာ ထိုသို့သောဖြစ်ရပ်များသည် ယေဘူယျအားဖြင့် ဖြစ်လေ့မရှိနိုင်ပေ။ ပြန်လည်ဝင်စားခြင်းအစီအစဉ်ကို အနှောက်အယှက်ပြုမည်ဆိုပါက အပြစ်ဒဏ်လည်း ခံရနိုင်ဖွယ်ရှိလေသည်။
ဆန်းလျန်က…
"မင်းပြောတာတွေကို နားထောင်ရတာတော့ စိတ်ဝင်စားစရာပဲ ၊ နောက်ရက်ကျမှ ချင်ပြည်နယ်မြို့တော်ရဲ့ မြို့စောင့်နတ်ကို သွားတွေ့လိုက်ဦးမယ်…"
မြေစောင့်နတ်က…
"နတ်မင်းကြီးသာ သွားတွေ့မယ်ဆိုရင် မြို့စောင့်နတ်ချန်ဟွမ်လည်း ဝမ်းသာသွားမှာပဲ ၊ ပြီးတော့ ဒီအဘိုးအိုလေး လည်းတောင်းဆိုစရာလေးတစ်ခု ရှိပါတယ်…"
ဆန်းလျန်က…
"ဘာကိစ္စများလဲ…"
မြေစောင့်နတ်က…
"ဒီအဘိုးအိုလေးရဲ့ မိသားစုဝင်တွေက လူ့လောကမှာ ရှိနေပါသေးတယ် ၊ ချင်ပြည်နယ်နဲ့ မိုင်တစ်ထောင်အဝေးမှာ နေကြပါတယ် ၊ ကျွန်တော်ဆုံးသွားတော့ ခြံအနောက်ဘက်က မက်မွန်ပင်အောက်မှာ ငွေအိုး (၂၀) မြှုပ်ထားတဲ့ အကြောင်း မိသားစုဝင်တွေကိုပြောဖို့ မေ့သွားပါတယ် ၊ အဲဒီငွေတွေက သမီးအငယ်ဆုံးလေးအတွက် မင်္ဂလာလက်ဖွဲ့ ငွေအဖြစ် အသုံးပြုဖို့ သိမ်းထားတာပါ ၊ နတ်မင်းကြီးများ အဲဒီအကြောင်းကို ကျွန်တော့် မိသားစုဆီကို သွားပြီး အကြောင်းကြားပေးနိုင်မလား မသိဘူး…"