← Chapters

ကျုပ်ကအမှန်တရားကိုသိတယ်

Vol. 8 Ch. 728

ကျုပ်ကအမှန်တရားကိုသိတယ်

Vol. 8 Ch. 728

မြေစောင့်နတ်၏ တောင်းဆိုမှုကို ဆန်းလျန်က ခေါင်းအသာညိတ်ပြကာ သဘောတူလိုက်လေသည်။

မြေစောင့်နတ်က ချက်ချင်းပင် သူ၏မိသားစုများအကြောင်းကို ဆန်းလျန်ကို အလျှင်အမြန် ပြောပြလိုက်လေ၏။ ဆန်းလျန်ကို ပြောပြပြီးသွားသည့်အခါတွင်တော့ သူ့ရင်ထဲမှ ပူပန်နေမှုများ လျော့နည်းသွားလေရာ ကိုယ်ရောင် ကိုယ်ဝါများပင် အရင်ကထက်ပိုပြီး တောက်ပလာလေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် အသူရာချောက်၏ အမိန့်ဖြင့်တာဝန်ထမ်းဆောင်နေရသည့် နတ်ငယ်လေးတစ်ပါးပင် ဖြစ်လင့်ကစား စိတ်ကြည်လင်သန့်စင်လျှင် ကျင့်စဉ်လမ်းကိုလျှောက်လှမ်းရန် အခွင့်အလမ်းရှိသည်ကို တွေ့မြင် နိုင်လေသည်။ မျှော်လင့်ချက်ကတော့ နည်းပါးမည် ဖြစ်လေသည်။

မြေစောင့်နတ်၏ တန်ခိုးစွမ်းအားများ မြင့်တက်သွားသည်မှာ ကောင်းသည့်အချက်ပင် ဖြစ်လေသည်။

သို့သော်… ရုတ်တရက်ပင် လေထဲတွင် ခပ်စောင်းစောင်းအနေအထားဖြင့် ကြာပွတ်တစ်ချောင်းထွက်ပေါ်လာပြီး မြေစောင့်နတ်ကိုရစ်ပတ်ကာ အဝေးသို့ ဆွဲခေါ်သွားလေတော့သည်။

မြေစောင့်နတ်မှာ "အား" ဟုသာ တစ်ချက်မျှ အော်လိုက်နိုင်ပြီး လျှပ်တပြက်အတွင်းမှာပင် တောင်အနောက်ဘက်သို့ ဆွဲခေါ်ခြင်း ခံလိုက်ရလေတော့သည်။

တောင်အနောက်ဘက်တွင် ယင်ရှင့်သစ်ပင်များ သိပ်မရှိပါ။ စိမ်းလန်းစိုပြေသော နာနတ်ပင်များနှင့် ထင်းရှူးပင်များ သာရှိလေသည်။ မြေစောင့်နတ်မှာ နာနတ်ပင်များနှင့် ရိုက်မိသွားပြီး နာနတ်ဆူးများ စူးကုန်လေတော့သည်။ နာနတ်ပွင့်များမှာလည်း သူ့နဖူးတွင် ကပ်လျှက်ရှိလေသည်။ ထို့နောက် သူ့နဖူးတစ်ခုလုံး ဖူးယောင်လာပြီး ဘုသီးကြီး ထွက်လာလေတော့သည်။

မြေစောင့်နတ်မှာ နတ်ငယ်လေးပင်ဖြစ်လင့်ကစား ယင်စွမ်းအား ဝိညာဉ်နတ်ဘုရားတစ်ပါးဖြစ်လေသည်။ သူသည် နာကျင်နိုင်ခြင်း မခံစားရနိုင်ပေ။ သို့သော် နာနတ်ပွင့်များကတော့ သူ့ကို နာကျင်စေသည့် တန်ခိုးစွမ်းအားများ ပါရှိနေ လေသည်။

သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး…

"ဘယ်နတ်ဘုရားက ဒီအဘိုးအိုလေးကို ကျီစားနေရတာလဲ…"

"မြေစောင့်နတ်လေး ၊ မင်းကိုမေးစရာတစ်ခုရှိတယ် ၊ ဒီမနက် ပိုင်ကျားမြို့ထဲမှာ ရုတ်တရက် ရွှေရောင်အလင်းတန်း တွေထွက်ပေါ်လာတာ ၊ အဲဒါ ဘာဖြစ်တာလဲ…"

ထို့နောက် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် သစ်ပင်တစ်ပင်ထက်မှ ခုန်ဆင်းလာလေသည်။ ထိုလူငယ်လေးမှာ အသက် (၁၃)နှစ် ၊ (၁၄)နှစ်ခန့်သာရှိဦးမည်ဖြစ်ပြီး ယောကျ်ားပီပီသသဖြင့် ချောမောကြည့် ကောင်းလေသည်။ သို့သော်… သူ၏မျက်ခုံးများကတော့ အနည်းငယ် ချွန်ထက်နေလေသည်။

မြေစောင့်နတ်မှာ ဆန်းလျန် အနားတွင်ရှိနေသည်ကို သိသည့်အတွက် မည်သည့်စကားမှ မပြောရဲဘဲ တိတ်ဆိတ် နေလေသည်။ သူက ဆန်းလျန် မြန်မြန်ရောက်လာပါစေဟု ဆုတောင်းနေမိသည်။ လူငယ်လေး၏ ကြာပွတ်မှာ သူ့ကို ရစ်ပတ်ထားသည့်အတွက် မြေစောင့်နတ်မှာ ထွက်လည်း မပြေးနိုင်သလို သူ့ကိုယ်သူ ကာကွယ် နိုင်စွမ်းလည်း မရှိတော့ပေ။

ဆန်းလျန်ကလည်း ပုန်းကွယ်နေခြင်း မရှိပါ။

သူက ရှေ့သို့ထွက်လာပြီး…

"မနက်က မြို့ထဲမှာ ရွှေရောင်အလင်းတန်းတွေကို ဖန်ဆင်းလိုက်တဲ့သူက ကျုပ်ပဲ ၊ မင်းက မြေစောင့်နတ်ကို ဘာကိစ္စ ဒုက္ခပေးနေရတာလဲ…"

လူငယ်လေးမှာ အနည်းငယ် အံ့အားသင့်သွားလေသည်။

သူ၏ စိတ်အာရုံထဲတွင် ထိုသူ၏ တည်ရှိမှုကို မည်သို့မှ အာရုံခံ၍ မရခဲ့ပေ။ ထိုသူက မည်သည့်နေရာက ထွက်ပေါ် လာရပါသနည်း။

"ကျုပ်က ချင်းယန်ကျောင်းတော်ကတပည့် လီချင်းချန်ပဲ ၊ ဒီက တာအိုရောင်းရင်းက ဘယ်သူများလဲ…"

အမှန်တော့ လီချင်းချန်၏ ဇစ်မြစ်က ပေါ့သေးသေးမဟုတ်ပေ။

သူသည် ယခင်ဘဝက ယွမ်ကျိုးနယ်တွင် နာမည်ကျော်ကြားသည့် နတ်ဘုရား (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ် သည့် ရွှီထျန်းတုနတ်ဘုရားဖြစ်လေသည်။ သို့သော်… သူသည် မတော်တဆ သတ်ဖြတ်ခံလိုက်ရပြီး လူပြန်ဝင်စား ခဲ့လေသည်။

ရွှီထျန်းတုနတ်ဘုရားသည် တန်ခိုးစွမ်းအား အလွန်မြင့်မားသူတစ်ယောက် ဖြစ်လေသည်။

သူ၏ဘိုးဘေးများချန်ထားခဲ့သည့် ကျင့်စဉ်များကို တာအိုဝါဒနှင့်ပေါင်းစပ်ကာ ကျင့်ကြံခဲ့သူတစ်ယောက် ဖြစ်လေ၏။ ထို့နောက် သူက နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လေသည်။ သို့သော်… သူ၏ ကျင့်ကြံမှုများသည် အချိန်ကြာလာသည် နှင့်အမျှ အစွန်းရောက်လာခဲ့ပြီး သူသည်လည်း မူမမှန်သည့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လေသည်။ သို့သော်… သူအသတ်ခံလိုက်ရသည့်ကိစ္စကတော့ သူ၏ ကျင့်စဉ်လမ်းနှင့် ပတ်သက်ခြင်း မရှိခဲ့ပေ။

လီချင်းချန် လူပြန်ဝင်စားပြီးသည့်နောက် သူ၏ မိတ်ဆွေဖြစ်သူ ယင်ရှန်းကျွင်းအရှင်ကို အကူအညီတောင်ကာ ချင်းယန်ကျောင်းတော်တွင် ပညာသင်ရန် ဝင်ရောက်ခဲ့လေသည်။ ယခုဘဝတွင်လည်း ကျင့်စဉ်လမ်းတွင် အောင်မြင်မှု ရရှိမည်ဟု သူက မျှော်လင့်ခဲ့လေသည်။

ယခုဘဝတွင်တော့ လီချင်းချန်၏ မိဘများမှာလည်း သက်ရှိထင်ရှားရှိနေကြသေးသည်။ ထို့ပြင် သူက မိသားစုတွင် တစ်ဦးတည်းသောသားတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ယင်ရှန်းကျွင်းက သူ့ကို ချင်းယန်ကျောင်းတော်သို့ ခေါ်ဆောင်သွားခြင်း မရှိဘဲ နေအိမ်တွင်သာ ကျင့်ကြံခြင်းများ ပြုလုပ်စေခဲ့လေသည်။ နောက်ပိုင်း ကျင့်ကြံခြင်း အဆင့်မြင့်မားလာသည့်အခါမှသာ ချင်းယန်ကျောင်းတော်တွင် နက်ရှိုင်းသည့်ကျင့်စဉ်များ ဆက်လက်ကျင့်ကြံရမည် ဖြစ်လေသည်။

ယင်ရှန်းကျွင်းက လီချင်းချန်သူ့ကိုယ်သူကာကွယ်နိုင်ရန်အတွက် ရွှီထျန်းတုဘဝက ကိုင်ဆောင်သည့် ကြာပွတ်ကို ပေးထားခဲ့လေသည်။

လီချင်းချန်သည် ကျင့်စဉ်လမ်းတွင် နောက်ခံကောင်းရှိရုံသာမက ယခုဘဝတွင်လည်း သူ၏ ဖခင်ဖြစ်သူမှာ ချင်းပြည်နယ်မြို့တော်မှ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူက အလွန်မောက်မာလှလေ သည်။

သူ၏ ဖခင်ကတော့ မဆင်မခြင်ပြုလုပ်ခြင်းမပြုရန် အမြဲတမ်း သင်ပြပေးလေ့ရှိလေသည်။ မဆင်မခြင်ပြုမူနေထိုင်ပါ ကနောင်တစ်ချိန် လူ့လောကထဲသို့ သွားလာသည့်အချိန်တွင် ပြဿနာဖြစ်ရပေလိမ့်မည်။

သို့သော်… မည်သို့ပင် မောက်မာထောင်လွှားသည်ဆိုစေကာမူ လီချင်းချန်သည် ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်လေ၏။

သူက အဆင့်မြင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ ချင်းယန်ကျောင်းတော်မှ တပည့်ဖြစ်သည်ကို အရင်ဦးဆုံး ထုတ်ဖော်ပြောတတ်လေသည်။ ကျင့်ကြံသူအများစုက သူ့ကို ချင်းယန်ကျောင်းတော်မှ တပည့်မှန်း သိရှိသွားကြလျှင် တော်ရုံဖြင့် အမှားမလုပ်ရဲကြတော့ပေ။ ထိုသို့ဖြင့် သူသည် မောက်မာချင်တိုင်း မောက်မာနေလေတော့သည်။

ယနေ့တော့ သူက အမဲလိုက်ရန်အတွက် ချင်ပြည်နယ်မြို့တော်မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။ ရုတ်တရက်… ပိုင်ကျားမြို့ထဲမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရလေသည်။ ရွှေရောင် အလင်းတန်းများမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ခမ်းနားလွန်းလှသည့်အတွက် သူက အဖြစ်အပျက် ကို သိချင်မိခြင်း ဖြစ်လေသည်။

ထို့ကြောင့် သူက ချင်းရှတောင်သို့ ရောက်သည့်အခါ နတ်ကြာပွတ်ကို အသုံးပြုကာ မြေစောင့်နတ်ကိုထိန်းချုပ်ပြီး အဖြစ်အပျက်များကို စုံစမ်းမေးမြန်းလိုက်ခြင်း ဖြစ်လေသည်။

သို့သော် မြေစောင့်နတ်ကို စစ်မေးခြင်းမပြုရသေးမီ ကာယကံရှင်ဖြစ်သည့် နတ်ဘုရားက ထွက်ပေါ်လာခဲ့လေသည်။

လီချင်းချန်သည် ယခုဘဝတွင် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် မဟုတ်သေးသည့်တိုင် ချင်းယန်ကျောင်းတော်မှ တပည့်တစ်ယောက် ဖြစ်လေသည်။ ယခင်ဘဝကလည်း နတ်ဘုရားတစ်ပါးဖြစ်ခဲ့လေရာ သူ၏ အရည် အချင်းများက နှယ်နှယ်ရရတော့မဟုတ်ပေ။

သူက ဆန်းလျန်ကို တွေ့လိုက်သည်နှင့် ဆန်းလျန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် မြင့်မားသည့် တာအိုတန်ခိုး စွမ်းအားများကို ခံစားလိုက်မိလေသည်။ ထို့ပြင် ဆန်းလျန်၏ခန္ဓာကိုယ်မှာလည်း လင်းလက်တောက်ပနေလေရာ ရုပ်ခန္ဓာတစ်ခုမှ ခွဲထွက်လာသည့် ဝိညာဉ်တစ်ခုဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။

ယခုအချိန်မှာ နေ့အချိန်ဖြစ်သည့်တိုင်အောင် ဆန်းလျန်၏ ဝိညာဉ်သည် နေရောင်အောက်တွင် အေးအေးဆေးဆေး ပင်ရပ်တည်နေသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်မှာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း ခန့်မှန်း သိရှိနိုင်လေသည်။

ထို့ကြောင့် လီချင်းချန်က မတိုက်ခိုက်တော့ဘဲ ရှောင်ပြေးရန် ဆုံးဖြတ်လိုက်လေသည်။ ပြီးမှ ချင်းယန်နန်းတော်ကို သတင်းပို့ရမည် ဖြစ်လေသည်။

ဆန်းလျန်က လီချင်းချန်၏ စိတ်ထဲတွင် ကြံစည်နေသည့်အကြံအစည်များကို သိရှိသည့်တိုင် အံ့သြခြင်း မရှိပါ။ ကျင့်ကြံသူများသည် မည်သည့်အချိန်တွင်တိုက်ခိုက်ရမည် ၊ မည်သည့်အချိန်တွင် ထွက်ပြေးရမည်ကို ကောင်းကောင်းသိသူများဖြစ်ကြလေသည်။

တာအိုကျင့်ကြံသူများဆိုသည်က ထာဝရအသက်ရှင်သန်ရန်အတွက် နတ်ဘုရားတစ်ပါး ဖြစ်လိုကြသောကြောင့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနေကြသူများ ဖြစ်ကြလေသည်။ မည်သူမှ လောကတွင် သူရဲကောင်းဖြစ်လိုစိတ် မရှိကြပေ။ မဟုတ်ပါက ထာဝရ ရှင်သန်ခြင်းနှင့်ဝေးကွာပြီး သေလမ်းမြန်းရမည် ဖြစ်လေသည်။

ထို့ကြောင့် ကျင့်ကြံသူများသည် ပြဿနာများနှင့် ထိပ်တိုက်ရင်ဆိုင်ကြရသည့်အခါ သူရဲကောင်းဆန်ဆန် ပြုမူခြင်း ထက် အသက်ရှင်သန်ရေးအဓိကထားကာ ရှောင်ထွက်သွားကြစမြဲပင်ဖြစ်လေသည်။

ဆန်းလျန်က…

"မင်းနဲ့ကျုပ်ကြားမှာ ဘာရန်ငြိုးမှမရှိဘူး ၊ ဒါပေမယ့် မင်းက အသက်ငယ်ငယ်နဲ့ မောင်မာရိုင်းပြလွန်းတယ် ၊ ကျုပ်သာ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုရင် မြေစောင့်နတ်လိုပဲ မင်းရဲ့ကြာပွတ်စာ မိသွားမှာပဲ ၊ အဲဒီတော့ မင်းကို အပြစ်နည်းနည်းတော့ ပေးရလိမ့်မယ်…"

လီချင်းချန်က…

"ကျုပ်က ချင်းယန်ကျောင်းတော်ကတပည့်ပဲ ၊ ကျုပ်ကိုအပြစ်ပေးမယ်ဆိုရင် ကျုပ်ဆရာကပဲ အပြစ်ပေးလိမ့်မယ် ၊ တာအိုရောင်းရင်းက ကျုပ်ထက် ကျင့်စဉ်လမ်းမှာ အဆင့်မြင့်ပုံရပေမယ့် တခြားဂိုဏ်းကတပည့်ကို ဘယ်လိုလုပ် အပြစ်ပေးခွင့်ရှိမှာလဲ ၊ ဒီနေ့ကိစ္စမှာ ကျုပ်နည်းနည်းလွန်သွားတာမှန်ပါတယ် ၊ ဒါကြောင့် ကျုပ် မြေစောင့်နတ်ကို ပြန်တောင်းပန်လိုက်ပါ့မယ်…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းက ဒီလိုစကားမျိုးပြောပုံရတာ သိပ်ပြီး မဆိုးလှပါဘူး ၊ ဒါပေမယ့် ကျုပ်ကလည်း သာမန်နတ်ဘုရားတစ်ပါး မဟုတ်ဘူး ၊ မင်းကို အပြစ်ပေးသင့်တယ်လို့ ကျုပ်စိတ်ကယူဆရင် အပြစ်ပေးမှာပဲ…"

လီချင်းချန်မှာ အနည်းငယ်ရင်ထိတ်သွားလေသည်။

သူသည် ယနေ့မနက် အိမ်မှထွက်လခဲ့စဉ်က ကံကောင်းမကောင်းကို တွက်ချက်ကြည့်ရန် မေ့ခဲ့လေသည်။ ယခုတော့ သူ့ကို အပြစ်ပေးမည့် ထူးဆန်းသည့်လူတစ်ယောက်နှင့် လာတွေ့နေခဲ့ရပြီ။

သူက ချင်းယန်ကျောင်းတော်မှ တပည့်တစ်ယောက် ဖြစ်လေသည်။ အခြားသော နတ်ဘုရားတစ်ပါးက သူ့ကို အပြစ်ပေးမည်ဆိုလျှင် ချင်းယန်ကျောင်းတော်အတွက် မျက်နှာပျက် အရှက်ရစရာ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် လီချင်းချန်မှာ မည်သည့်စကားမှ မပြောနိုင်တော့ဘဲ ထိတ်လန့်ကြောက်ရွံ့နေမိလေသည်။

သူ့အတွက် အခြားနတ်ဘုရားတစ်ပါးက အပြစ်ပေးသည်ကို ခံရခြင်းထက် တိုက်ခိုက်ထွက်ပြေးသည်က ပိုပြီး သိက္ခာရှိနိုင်မည် ဖြစ်လေသည်။

လီချင်းချန်က ချက်ချင်းပင် နတ်ကြာပွတ်ကို ဝှေ့ယမ်းကာ နာနတ်ပင်များကို ရိုက်ချလိုက်လေရာ နာနတ်ဆူးများ ကောင်းကင်တစ်ခုလုံးတွင် ပျံ့နှံ့သွားလေသည်။

သူက ဆန်းလျန်ကို နာနတ်ဆူးများဖြင့် ပိတ်ဆို့ထားခဲ့ပြီး ထွက်ပြေးသွားလေတော့သည်။

သို့သော်…. ဆယ်ပေမျှအဝေးရောက်အောင် မပြေးနိုင်ခင်မှာပင် သူ့ရှေ့တွင် ရပ်နေသည့် ဆန်းလျန်ကို တွေ့မြင်လိုက်ရလေသည်။ ဆန်းလျန်က သူ့ကို ပြုံးပြီး ကြည့်နေလေ၏။

ဆန်းလျန်သည် သူ့ထက် တန်ခိုးစွမ်းအားများစွာ မြင့်မားသည့်အတွက် လီချင်းချန်အနေဖြင့် လွတ်လမ်း မရှိတော့ပေ။ သူက အံတင်းတင်းကြိတ်လိုက်ရင်း ကြာပွတ်ကိုဝှေ့ယမ်းလိုက်ပြီး ဆန်းလျန်ကို တိုက်ခိုက်လိုက်လေသည်။

ကြာပွတ်မှ လျှပ်စီးထက်ပင်လျှင်မြန်သည့် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဆန်းလျန်၏ခန္ဓာကိုယ် ပေါ်သို့ ကျရောက်လာလေသည်။

သို့သော်… ကြာပွတ်သည် ဆန်းလျန်၏ အင်္ကျီစကိုပင် မထိနိုင်ခဲ့ပေ။

ဆန်းလျန်က လီချင်းချန်၏ ကြာပွတ်ကို လက်နှစ်ချောင်းဖြင့်ညှပ်ကာ ဖမ်းထားလိုက်ပြီး အဖြူရောင်အလင်းတန်းမှာ ချက်ချင်းပင် အဖြူရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားရလေသည်။

မထင်မှတ်စွာပင် လီချင်းချန်၏လက်ထဲမှ ကြာပွတ်မှာ ဆန်းလျန်၏ လက်ထဲသို့ ရောက်ရှိသွားလေတော့၏။

ဆန်းလျန်က…

"ကျုပ်က ပစ္စည်းတွေကို အာရုံခံနိုင်စွမ်းရှိတယ် ၊ မင်းက ဒီကြာပွတ်ကို အသုံးပြုပြီး လူ (၃၅)ယောက်ကို ရိုက်ခဲ့တာပဲ ၊ သေလောက်တဲ့အထိမဟုတ်ပေမယ့် အရိုက်ခံရတဲ့သူတွေ နာကျင်ခံစားခဲ့ကြရတယ် ၊ ဒီနေ့တော့ သူတို့ကိုယ်စား မင်းကို အပြစ်ပေးရလိမ့်မယ်…"

လီချင်းချန်က…

"ကျုပ်က လူ (၃၄)ယောက်ကိုပဲ ရိုက်ခဲ့တာပါ…"

သို့သော်… စကားပြောပြီးသွားသည်နှင့် စကားမှားသွားပြီဖြစ်ကြောင်း လီချင်းချန် ချက်ချင်းသိလိုက်ရလေသည်။

သူက ဆန်းလျန်ကိုထည့်မတွက်ခဲ့ဘဲ (၃၄)ယောက်ဟု ပြောလိုက်ခြင်း ဖြစ်လေသည်။ တစ်ဖက်လူ၏ ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှပေစွ။

သို့သော် ဆက်မတွေးနိုင်ခင်မှာပင် လီချင်းချန်ထံမှ စူးရှသည့် အော်သံတစ်ချက် ထွက်ပေါ်လာလေသည်။

ယခင်တုန်းက သူကသာလျှင် အခြားသူများကို ကြာပွတ်ဖြင့် ရိုက်ခဲ့သူဖြစ်လေသည်။ ယခုတော့ သူပြန် အရိုက်ခံနေရလေပြီ။

ကြာပွတ်ဖြင့်ရိုက်ချက်တိုင်းသည် သူ၏ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်အထိပါ ထိုးဖောက်နာကျင်စေလေသည်။ ဤသို့သော ရိုက်ချက်မျိုးဖြင့် အရိုက်ခံရလျှင် သံမဏိလူသားပင်ဖြစ်ဦးတော့ နာကျင်စွာ ခံစားရမည် ဖြစ်လေ၏။

အချက်ပေါင်း (၃၅)ချက် အရိုက်ခံပြီးသည့်နောက်တွင်တော့ ကြာပွတ်က ရပ်တန့်သွားလေသည်။ ထိုအခါမှ လီချင်းချန်မှာ အနည်းငယ်စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်နိုင်လေသည်။ ကြာပွတ်ဒဏ် ကြောင့် သူ၏ သွေးကြောဆုံချက်များထဲမှ ဝိညာဉ်အငွေ့များပင် ထွက်ပါ်လာရလေသည်။

ထို့ပြင် အခြားသူများကို သူရိုက်ခဲ့စဉ်အခါက ထည့်သွင်းခဲ့သည့် အားအတိုင်း ဆန်လျန်က ရိုက်ချက်တိုင်းတွင် အား ထည့်သွင်းထားခဲ့လေသည်။

ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရပြီးသည့်နောက်တွင်တော့ လီချင်းချန်မှာ စိတ်များ ရှုတ်ထွေးနေပြီး ခေါင်းများလည်း ချာချာလည်အောင် မူးဝေနေရလေသည်။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် မည်သည့်အရပ်မျက်နှာကိုမှ သိမြင်နိုင်ခြင်း မရှိတော့ဘဲ သစ်ပင်တစ်ပင်ကို အသာမှီကာ နားနေရလေသည်။

ဆန်းလျန်က သူ့ကို တစ်ချက်ပင် မကြည့်တော့ပါ။

ဒဏ်ရာရသွားသည့် မြေစောင့်နတ်ကိုသာ လက်နှစ်ချောင်းဖြင့် တစ်ချက်ညွှန်ပြလိုက်ပြီး ဒဏ်ရာကို ကုသပေးလိုက် လေသည်။

ထို့နောက် သူသည် ချင်းရှတောင်ပေါ်မှ ဆင်းသွားလေတော့သည်။

All Chapters