← Chapters

ဘဝကိုက ကံမကောင်းအကြောင်းမလှ

Vol. 8 Ch. 729

ဘဝကိုက ကံမကောင်းအကြောင်းမလှ

Vol. 8 Ch. 729

ထိုနေ့ နေ့လည်ခင်းတွင်တော့ အိပ်ပျော်နေရာမှ အရင်ဦးဆုံး နိုးလာသူမှာ ပိုင်ရှောက်ယွီ ဖြစ်လေသည်။

ထို့ပြင်…နေ့လည်က နေ့လည်စာ စားနေရင်း ဆန်းလျန်ပေးထားသည့် ကြေးပြားလေး (၂)ပြားမှာလည်း ဘယ်နား ကျသွားသည်မသိလိုက်ရဘဲ ပျောက်ဆုံးသွားခဲ့လေသည်။

ပိုုင်ရှောက်ယွီမှာ (၃)ရက်နှင့် (၃)ညတိတိပင် မနားတမ်း လောင်းကစား ပြုလုပ်နိုင်မည့်အလား ခန္ဓာကိုယ်တစ်ခုလုံး အားအင်များဖြင့် ပြည့်ဝလျှက်ရှိလေသည်။ သို့သော်… သူသည် လောလောဆယ်အချိန်တွင် လောင်းကစားဂေဟာ သို့မသွားရဲသေးပါ။ မနေ့ ကအဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်ရင်း ကြောက်ရွံ့နေမိဆဲ ဖြစ်လေသည်။ လောင်းကစားဂေဟာမှ ပြန်ထွက်မလာ နိုင်မည်ကို ကြောက်ရွံ့နေမိလေသည်။

သို့သော်… ပိုင်ရှောက်ယွီနိုးလာသည့်အခါတွင်တော့ ခြံဝန်းထဲရှိ ကုလားထိုင်တွင် ဆန်းလျန် ထိုင်နေသည်ကို တွေ့မြင်လိုက်ရလေသည်။ သူ၏လက်ထဲတွင် ကြာပွတ်တစ်ချောင်းကို ကိုင်ထားလေသည်။ ဆန်းလျန်က ကြာပွတ်ကို ဖြည်းဖြည်းချင်းလွှဲလိုက်သည်နှင့် အပြာရောင်ကျောက်ပြားလမ်းလေးပေါ်တွင် ဂျင်လေးတစ်ခုက မွတ်နေအောင် လည်နေလေသည်။  ကြာပွတ်ဖြင့် ထိမိတိုင်း ဂျင်လေးမှာ အဆက်မပြတ်လည်ပတ်လျှက်ရှိလ၏။

ပိုင်ရှောက်ယွီမှာလည်း ဂျင်လှည့်တတ်သူတစ်ယောက် ဖြစ်ပါသည်။ သို့သော်… ကြာပွတ်ကို အသုံးပြုကာ ဂျင်လှည့် နေခြင်းကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်လေသည်။

အပြာရောင် ကျောက်ပြားလမ်းလေးထက်တွင် ဂျင်လေးက မွတ်နေအောင်လည်နေပြီး လည်ပတ်နေသည့် အရှိန်က လည်း တည်ငြိမ်လေသည်။ လည်ပတ်နေသည့် ဂျင်လေး၏ ထိပ်တွင် စက်ဝိုင်းပုံစံတစ်ခု ဖြစ်ပေါ်လာပြီး ထိုစက်ဝိုင်း မှာ ထိုက်ချိယင်ယန်သင်္ကေတအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ပိုင်ရှောက်ယွီသည် စာပေသိပ်မတတ်သော်လည်း ပါ့ကွသင်္ကေတဖြစ်သည့် ထိုက်ချိယင်ယန်သင်္ကေတကိုတော့ ကောင်းစွာသိရှိလေသည်။

သူက ကြာပွတ်ဖြင့် ဆန်းလျန် မည်သို့ ဂျင်လှည့်နေသည်ကို အာရုံစိုက်ပြီး ကြည့်လိုက်လေသည်။ အချိန်အကြာကြီး ကြည့်ပြီးသည့်နောက် နားလည်သွားရလေသည်။ သိပ်ပြီးခက်ခဲခြင်း မရှိပါ။ မျက်စိနှင့် လက်ကောက်ဝတ်ကို အနည်းငယ် အာရုံစိုက်လိုက်လျှင်ရပြီဟု သူက တွေးလိုက်လေသည်။

ထိုအချိန်မှာပင် ဆန်းလျန်က မေးလိုက်လေသည်။

"မင်း စမ်းကြည့်ချင်လား…"

ပိုင်ရှောက်ယွီမှာ တေလေကြမ်းပိုးတစ်ယောက် ဖြစ်လေသည်။

သူက ထိုသို့သော ကစားနည်းများကို ကြိုက်နှစ်သက်သူ ဖြစ်လေသည်။ ထို့ကြောင့် သူက အားနာပါးနာနှင့် ငြင်းမနေ တော့ဘဲ ဆန်းလျန်၏ လက်ထဲမှ ကြာပွတ်ကို လှမ်းယူလိုက်လေ၏။

သို့သော်… ကြာပွတ် သူ့လက်ထဲသို့ရောက်သည်နှင့် တစ်ခုခုမှားနေသည်ကို ချက်ချင်း ခံစားလိုက်ရလေသည်။

ပိုင်ရှောက်ယွီက…

"ဒီကြာပွတ်က ပေါ့လိုက်တာ…"

ပိုင်ရှောက်ယွီက ကြာပွတ်ကို အနည်းငယ် ဝှေ့ယမ်းကြည့်လိုက်လေသည်။

ကြာပွတ်မှာ ကြောင်မြီးပန်းလေးအလား ပေါ့ပါးလွန်းလှလေသည်။ ထိုကြာပွတ်ဖြင့်ဆိုလျှင် မည်မျှပင် ကြိုးစားပါစေ ဂျင်ကိုလည်အောင် လှည့်နိုင်မည် မဟုတ်ပေ။ လည်အောင်လှည့်ဖို့အသာထား ဂျင်ကို ရွှေ့လျားအောင်ပင် လုပ်နိုင် မည်မဟုတ်ပေ။

ပိုင်ရှောက်ယီက (၅)ခါ ၊ (၆)ခါ မျှ ကြိုးစားကြည့်သည့်တိုင် ဂျင်က မလည်ရုံတင်မက လှုပ်ပင် မလှုပ်ပေ။

ပိုင်ရှောက်ယွီက…

"ဒီကြာပွတ်နဲ့ ဘယ်လိုကစားရမှာလဲ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းရဲ့ ဝမ်းဗိုက်အောက်ပိုင်းမှာ အပူလှိုင်းတစ်ခုထွက်လာတယ်လို့ ခံစားကြည့်လိုက် ၊ ပြီးရင် အဲဒီအပူလှိုင်းကို မင်းရဲ့လက်ကိုပို့လွှတ်လိုက် ၊ ထပ်လုပ်ကြည့်…."

ပိုင်ရှောက်ယွီက ဆန်းလျန်စကားအတိုင်း နားထောင်ပြီး ထပ်လုပ်ကြည့်လိုက်လေသည်။

သူ၏ဝမ်းဗိုက်အောက်ပိုင်းတွင် အပူလှိုင်းတစ်ခုထွက်ပေါ်လာပြီး ထိုအပူလှိုင်းကို လက်ဆီသို့ စိတ်ဖြင့်မှန်းကာ ပို့လွှတ် လိုက်လေသည်။

ထိုအခါ သူ့ခေါင်းများ ချက်ချင်းပင် မူးဝေသွားသလို ခံစားလိုက်ရပြီး အပူလှိုင်းသည် ကြာပွတ်ဆီသို့ စီးဆင်း ဝင်ရောက်သွားလေသည်။ အပူလှိုင်းသည် မြွေတစ်ကောင် တွင်းထဲမှ လျောခနဲထွက်လာသလို ကြာပွတ်အတွင်းသို့ ချက်ချင်းပင် စီးဆင်းဝင်ရောက်သွားပြီး ကြာပွတ်မှာ ချက်ချင်းပင် အသက်ဝင်လာလေသည်။

ပိုင်ရှောက်ယွီမှာ အရှိန်ကိုမထိန်းနိုင်ဘဲ ကြာပွတ်ဖြင့် အပြာရောင်ကျောက်သားလမ်းကို ရိုက်မိသွားပြီး မီးပွားများ ဖြာထွက်လာလေသည်။

ပိုင်ရှောက်ယွီက အလွန်အမင်း အံ့သြသွားပြီး…

"ဒီကြာပွတ်က တကယ် တန်ခိုးစွမ်းအား မြင့်မားတာပဲ ၊ လူကို ရိုက်မိရင်တော့ ဒုက္ခတွေရောက်ကုန်မှာပဲ…"

ဆန်းလျန်က…

"မင်းသဘောကျလား ၊ မင်းကိုပေးမယ်လေ…"

ပိုင်ရှောက်ယွီက တစ်ချက်မျှ စဉ်းစားလိုက်ပြီး …

"တကယ်လား…"

ဆန်းလျန်က…

"ကျုပ်က လိမ်ပြောစရာလား…"

ပိုင်ရှောက်ယွီက…

"ကျုပ် သဘောကျတယ်…"

သူကပြောပြီးသွားသည်နှင့် ကြာပွတ်ကို ကလေးငယ်တစ်ယောက်အလား သဘောကျစွာဖြင့် ထိကိုင်ကြည့်လိုက် လေသည်။

ထိုကြာပွတ်ကို မည်သည့်အရာဝတ္ထုဖြင့် ပြုလုပ်ထားမှန်း မသိရပေ။ ကြာပွတ်အသွားက နူးညံ့ပြီး ချောမွေ့နေလေ သည်။ ကြာပွတ်လက်ကိုင်တွင်တော့ ရိုးရှင်းသည့် သင်္ကေတပုံစံများကို ထွင်းထုထားလေသည်။ လက်ရာကိုကြည့် သည်နှင့် အလွန်အဖိုးတန်သည့်ပစ္စည်းဖြစ်ကြောင်း သိရှိနိုင်လေသည်။

ပိုင်ရှောက်ယွီက စိတ်ဝင်တစားဖြင့်…

"ခင်ဗျား ဒီကြာပွတ်ကို ဘယ်ကရလာတာလဲ…"

ဆန်းလျန်က…

"လီချင်းချန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဆီက…"

ပိုင်ရှောက်ယွီက ခေါင်းတစ်ချက်စောင်းကာ စဉ်းစားနေလိုက်လေသည်။

ပိုင်ကျားမြို့တွင် တန်ခိုးစွမ်းအားမြင့်မားသူ လီမျိုးနွယ် တစ်ယောက်မှ မရှိပေ။ ဖြတ်သွားဖြတ်လာ ခရီးသွား တစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူက အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။

သူက ဆန်းလျန်သင်ပြပေးသည့်အတိုင်း ကြာပွတ်ကိုကိုင်ကာ ဂျင်ကို ရိုက်လိုက်လေသည်။ သို့သော်… သူ၏ စွမ်းအားများကို မထိန်းချုပ်နိုင်သေးသည့်အတွက် ကြာပွတ်ဖြင့် ရိုက်မိသည့်အခါ ဂျင်မှာ နှစ်ခြမ်းကွဲသွားကြလေ သည်။

ဆန်းလျန်က ပိုင်ရှောက်ယွီကို တစ်ချက်ကြည့်လိုက်ပြီး…

"ဒီလမ်းပေါ် သန့်ရှင်းရေးလုပ်လိုက် ၊ ပြီးရင် အလုပ်သွားလုပ်တော့…"

ဆန်းလျန်၏ စကားကြောင့် ပိုင်ရှောက်ယွီက စိတ်ဓာတ်ကျသွားခြင်း မရှိပါ။

သူက ကြာပွတ်ကို အလွန်သဘောကျနေလေသည်။

ကြာပွတ်ကို အသုံးပြုရသည်မှာ ခက်ခဲလေ စိတ်ဝင်စားစရာကောင်းလေ ဖြစ်လေသည်။ အမှန်တော့ ပိုင်ရှောက်ယွီက အခြားအရာများကို စိတ်မဝင်စားပါ။ သူက ကြာပွတ်ဖြင့် ဆော့ကစားလိုခြင်း ဖြစ်လေသည်။

သို့သော်… ဆန်းလျန်နှင့် စာချုပ်ချုပ်ထားသည့်အတွက် ပိုင်ရှောက်ယွီမှာ အလုပ်လုပ်ရာတွင် အပျင်းမထူရဲပါချေ။ ထို့ကြောင့် ဆက်ကစားချင်နေသေးသည့်တိုင် အလုပ်လုပ်ရန် ထွက်လာခဲ့လေသည်။ သို့ရာတွင် ကြာပွတ်ကောင်း လေးတစ်ခုရထားလေရာ သူက ကြွားချင်မိသေးသည်။ ထို့ကြောင့် အခြားသူများတွေ့မြင်နိုင်ရန်အတွက် သူက ကြာပွတ်ကို ခါးတွင် ခါးစည်းကြိုးကဲ့သို့ ချည်နှောင်ထားလိုက်လေသည်။

နေ့လည်စောင်းသည့်အချိန်တွင်တော့ မေနန့်စန်းက လမ်းလျှောက်ရန်အတွက် အပြင်သို့ ထွက်လာလေသည်။ ပိုင်ရှောက်ယွီမှာလည်း အလုပ်များ လက်စသတ်နေပြီ ဖြစ်သည့်အတွက် မေနန့်စန်းကိုတွေ့သည်နှင့် ချက်ချင်းပင် နှုတ်ဆက်လိုက်လေသည်။

မေနန့်စန်းက ပိုင်ရှောက်ယွီ၏ ခါးတွင်ချည်ထားသည့် ကြာပွတ်ကို တစ်ချက်ကြည့်လိုက်ရင်း…

"ညီလေးပိုင် ၊ ဒီကြာပွတ်က တကယ်ကောင်းတဲ့ ပစ္စည်းတစ်ခုပဲ ၊ ဆူးနတ်ဘုရားမြက်နဲ့ ပြုလုပ်ထားတာ ဖြစ်ရမယ်…"

ပိုင်ရှောက်ယွီက….

"ဆရာမေက တကယ်အမြင်စူးရှတာပဲ ၊ ကျွန်တော်တောင် ဒီကြာပွတ်ကို ဘာပစ္စည်းနဲ့လုပ်ထားမှန်း မသိဘူး ၊ ဆရာမေက တစ်ချက်ကြည့်လိုက်တာနဲ့တင် ဘာနဲ့လုပ်ထားတာလဲဆိုတာ ချက်ချင်းသိသွားတယ် ၊ အရမ်းတော်တာ ပဲဗျာ…"

မေနန့်စန်းက ပြုံးလိုက်ရင်း…

"အရင်က ဒီလိုကြာပွတ်မျိုး တစ်ခုမြင်ဖူးတယ်လေ ၊ ဒါ့ကြောင့် သိနေတာပါ…"

ပိုင်ရှောက်ယွီမှာ ရုတ်တရက် တုန်လှုပ်သွားပြီး…

"ဘယ်မှာတွေ့ဖူးတာလဲ…"

မေနန့်စန်းက…

"ချင်ပြည်နယ်မြို့တော်က စစ်ဗိုလ်ချုပ်ကြီးလီကျုန်းပင်းရဲ့အိမ်တော်မှာ တွေ့ဖူးတာ ၊ သူတို့အိမ်က သခင်လေးမှာ အဲဒီလို ကြာပွတ်မျိုး တစ်ခုရှိတယ် ၊ ပြောရရင် မင်းရဲ့ကြာပွတ်က လီသခင်လေးရဲ့ကြာပွတ်နဲ့ တော်တော်ဆင်တာပဲ ၊ လူတစ်ယောက် တည်းက ပြုလုပ်ထားတာဖြစ်ရမယ်"

ပိုင်ရှောက်ယွီက…

"လီသခင်လေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ…"

မေနန့်စန်းက…

"လီချင်းချန်…"

မေနန့်စန်းထံမှ အဖြေကိုကြားသည်နှင့် ပိုင်ရှောက်ယွီသည် ကမန်းကတန်းပြေးထွက်သွားပြီး ဆန်းလျန်ကိုလိုက်ရှာ လေတော့သည်။

"အစ်ကိုဆန်း ၊ အစ်ကိုဆန်း… ကျုပ် ဒီကြာပွတ်ကို မလိုချင်တော့ဘူး…"

ဆန်းလျန်က…

"မင်းလိုချင်လို့ယူသွားတာ ၊ ပြန်ပေးလို့တော့မရဘူးနော်…"

ပိုင်ရှောက်ယွီက…

"ဒါဖြင့် ကျုပ်လွှတ်ပစ်လိုက်လို့ရလား…"

ဆန်းလျန်က…

"ရတယ်… ဒါပေမယ့် လီချင်းချန်လာမေးရင်တော့ ကျုပ်က မင်းလွှတ်ပစ်လိုက်ပြီလို့ ပြောလိုက်မှာ…"

ပိုင်ရှောက်ယွီက…

"ဒါဖြင့် ကျုပ်ကို ခွင့်တစ်ရက်လောက်ပေးပါ ၊ သူ့ပစ္စည်းကို ကျုပ်ပြန်သွားပေးလိုက်မယ် ၊ ကျုပ်ကြောက်နေတာကို အပြစ်မတင်ပါနဲ့ ၊ ကျုပ်လိုလူတစ်ယောက်က အာဏာပိုင်တွေနဲ့ ပြဿနာမဖြစ်ရဲပါဘူး…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းက ကြာပွတ်ကို လီချင်းချန်ကို သွားပြန်ပေးရင် သူက မင်းဒီပစ္စည်းကို ဘယ်ကရလာတာလဲလို့မေးရင် ဘယ်လို ဖြေမလဲ ၊ အဲဒီကောင်လေးက အခုဆိုရင် ကျုပ်ကိုသေလောက်အောင် မုန်းနေလောက်ပြီ ၊ ဒေါသတွေကိုမင်းအပေါ် ပုံချပြီး မင်းကို အချုပ်ထဲထည့်ချင်ထည့်လိုက်မှာ ၊ ကျုပ်က မင်းကိုလာကယ်မယ်လို့တော့ မမျှော်လင့်နဲ့နော်…"

ပိုင်ရှောက်ယွီမှာ ကြာပွတ်ကို လိုချင်သည့်စိတ်အား မထိန်းနိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူသာ အပြစ်တင် နေမိလေ တော့သည်။

ပြီးခဲ့သည့်အခေါက် ဆန်းလျန်ဆီမှ ကြေးပြား (၂)ပြားရတုန်းကလည်း သူ့မှာ သေမလို ဖြစ်ခဲ့ရလေသည်။ ယခု ကြာပွတ်ရပြန်တော့လည်း စစ်ဗိုလ်ချုပ်ကြီးလီကျုန်းပင်း၏ သားဖြစ်သူ လီသခင်လေးနှင့် ပြဿနာတက်ရတော့မည်။

လီအိမ်တော်ကဲ့သို့ အရာရှိအရာခံ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် သူ့လို သာမန်လူတစ်ယောက်က မည်သို့ ယှဉ်နိုင်ပါမည် နည်း။

ဆန်းလျန်ကတော့ လုံးဝအကြောက်အလန့်မရှိသည်ကို သူသိထားပါသည်။

သို့သော်… ဆန်းလျန်က နတ်ဘုရားတစ်ပါးဖြစ်လေသည်။ နတ်ဘုရားတစ်ပါး မဟုတ်လျှင်တောင်မှ နတ်ဘုရားအဖြစ် အဆင့်တက်ရောက်ခါနီး ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

သူကတော့ သာမန်လူတစ်ယောက်ဖြစ်လေ၏။ ဆန်းလျန်သာ သူ့ကို အရေးမစိုက်တော့လျှင် ကျိန်းသေ ဒုက္ခရောက် ရမည် ဖြစ်လေသည်။

ပိုင်ရှောက်ယွီသည် ချက်ချင်းဒူးထောက်ပြီး ဆန်းလျန်၏ ခြေသလုံးဖက်ကာ တောင်းပန်ချင်မိလေသည်။ သို့သော်… တကယ်တမ်း ထိုသို့ပြုလုပ်ပါကလည်း အသုံးမဝင်သည်ကို သိလိုက်လေသည်။

ထို့ကြောင့် ပိုင်ရှောက်ယွီက မျက်ရည်မကျကျအောင် ညှစ်ထုတ်ကာ ငိုယိုလိုက်ရင်း…

"အစ်ကိုဆန်း ၊ ကျုပ်မှာ မိန်းမတောင်မယူရသေးဘူး ၊ သားသမီးမျိုးဆက်တွေလည်း မရှိသေးဘူး ၊ မသေချင်သေးပါ ဘူးဗျာ ၊ အခုတော့ ဘာလုပ်ရမလဲ အကြံလေး ဘာလေး ပေးပါဦး…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အဲဒါမင်းကိစ္စပဲ ၊ ကျုပ်နဲ့ဘာဆိုင်လို့လဲ…"

ပိုင်ရှောက်ယွီ မျက်ရည်ဆက်မကျတော့ပေ။

ဆန်းလျန်က သူ့ကို မည်သည့်အကြံဉာဏ်မှ ပေးမည်မဟုတ်သည်ကို သိရှိသွားသောကြောင့် ဖြစ်လေသည်။

နောက်ဆိုလျှင် ဆန်းလျန်ပေးလျှင် မည်သည့်ပစ္စည်းကိုမှ မယူတော့ဘူးဟု ပိုင်ရှောက်ယွီ ဆုံးဖြတ်ချက်ချလိုက်လေ သည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်ပေးသည့်ပစ္စည်းတိုင်းမှာ သူ့အတွက် မျက်ရည်နှင့်မျက်ခွက် ဖြစ်ရသည် ချည်းပင်။

ပိုင်ရှောက်ယွီမှာ ကြံရာမရသည့်အဆုံး ဆရာမေဆီသို့သွားကာ အကြံဉာဏ်တောင်းရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော် ဆရာမေမှာ ရေးကြီးသုတ်ပြာအမူအရာဖြင့် စားသောက်ဆိုင်အတွင်းမှ ထွက်ခွာသွားသည်ကို တွေ့လိုက်ရ လေသည်။ ကြည့်ရသည်မှာ အရေးကြီးကိစ္စ တစ်ခု ပေါ်လာဟန် ရှိလေ၏။

ထိုအချိန်မှာပင် ဆန်းချင်းချင်းတစ်ယောက် အောက်ထပ်သို့ဆင်းလာလေသည်။

သူမက ပျင်းရိစွာဖြင့် ခါးတစ်ချက်ဆန့်လိုက်ရင်း…

"ဦးလေးကြီးရေ ဒီနေ့ အိပ်လို့ကောင်းလိုက်တာဗျို့…"

ဆန်းချင်းချင်းမှာ နေ့လည်က စားလိုက်ရသည့် အစားအသောက်များကို အလွန်သဘောတွေ့နေလေသည်။

ဟင်းလျာများမှာ အရသာရှိရုံသာမက ဝိညာဉ်စွမ်းအားဖြင့်လည်း ပြည့်ဝနေလေရာ သူမ၏ ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားများ အားကောင်းလာခဲ့လေသည်။ သူမ၏ခန္ဓာကိုယ်မှာ စွမ်းအားများကို သိုလှောင် ထားသည့် ရေကန်ကြီးတစ်ကန်အလား ဖြစ်နေလေတော့သည်။

ရုတ်တရက်…

မျက်နှာမသာမယာဖြစ်နေသည့် ပိုင်ရှောက်ယွီကို သူမရှေ့တွင် တွေ့လိုက်ရသည့်အခါတွင်တော့…

"ရှောက်ယွီလေး… နင် ဘာဖြစ်နေတာလဲ…"

သူမ၏ မေးခွန်းကိုကြားလိုက်သည်နှင့် ပိုင်ရှောက်ယွီမှာ စိတ်ထဲတွင် အကြံတစ်ခုပေါ်လာလေသည်။

"မင်းသမီးလေး ၊ ကျွန်တော် မင်းသမီးလေးကို လက်ဆောင်တစ်ခု ပေးချင်လို့…."

All Chapters