← Chapters

လောကမှာတန်ဖိုးအရှိဆုံးအရာ

Vol. 8 Ch. 731

လောကမှာတန်ဖိုးအရှိဆုံးအရာ

Vol. 8 Ch. 731

ကူးဝေေ၀က…

"အင်း… နင်ပြောပြရင် ငါ… နားထောင်မယ်…"

ဆန်းလျန်က နူးညံ့ပြီးကြည်လင်သည့်အသံဖြင့် ဇာတ်လမ်းတစ်ပုဒ်ကို စတင်ပြောပြလိုက်လေသည်။

ဆန်းလျန်ပြောပြသည့် ဇာတ်လမ်းမှာ -

လွန်ခဲ့သည့်အချိန်ပေါင်းများစွာက ဝတ်ကျောင်းတော်ကြီးတစ်ခုရှိလေသည်။

ထိုဝတ်ကျောင်းတော်ကြီးမှာ ကိုးကွယ်ဆည်းကပ်သူအလွန်များပြားသည့်အတွက် အမွှေးတိုင်ရနံ့များနှင့် နံ့သာပေါင်းရနံ့များ သည်ခေါင်မိုးထိပ်အထိသို့ပင် ပျံ့နှံ့လျှက်ရှိလေသည်။

ထိုဝတ်ကျောင်းတော်ကြီး၏ ခေါင်မိုးထုတ်တန်းထက်တွင် ပင့်ကူတစ်ကောင် ရှိလေသည်။ ထိုပင့်ကူ ဝတ်ကျောင်း တော်ကြီးထဲတွင် နေထိုင်သည်မှာ အချိန်ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

အမွှေးတိုင်များ ၊ နံ့သာပေါင်းရနံ့များမှတစ်ဆင့် လူသားတို့၏ ဆုတောင်းခြင်းစွမ်းအားများကို စုပ်ယူကာ ပင့်ကူမှာ တဖြည်ဖြည်း ဝိညာဉ်စွမ်းအားများ မြင့်မားလာခဲ့လေသည်။

တစ်နေ့တွင်တော့…

ဝတ်ကျောင်းတော်အတွင်းမှ နတ်ရုပ်တုကြီးက ပင့်ကူကို ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်လေသည်။

"မင်းနဲ့ငါ ဒီဝတ်ကျောင်းတော်ကြီးထဲမှာ အတူတူ ရှိနေတာဟာ ရေစက်ပါလို့ပဲ ၊ အဲဒီတော့ မင်းကို မေးခွန်းတစ်ခု မေးမယ် ၊ လောကမှာ တန်ဖိုးအရှိဆုံးအရာက ဘာလဲ…"

နတ်ရုပ်တုကြီး၏ မေးခွန်းကို ပင့်ကူက အတန်ကြာစဉ်းစားနေပြီးမှ…

"လောကမှာ တန်ဖိုးအရှိဆုံးအရာက မရရှိနိုင်တဲ့အရာနဲ့ ဆုံးရှုံးသွားတဲ့အရာပဲ…"

နတ်ရုပ်တုကြီးက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

နှစ် ၊ လ ၊ ရာသီ အလီလီဖြတ်ကျော်ခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်လေသည်။

နှစ်ပေါင်းများစွာပြီ ဖြစ်သည့်တိုင် နတ်ရုပ်တုကြီးက ပျက်စီးသွားခြင်း မရှိသေးပါ။ ကိုးကွယ်ဆည်းကပ်ကြသူ များ၏ ထိန်းသိမ်းစောင့်ရှောက်ပေးမှုကြောင့် ပို၍ပင် သန့်ရှင်းခန့်ထည်နေသေးသည်။

ပင့်ကူမှာလည်း နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့ပြီး ဝိညာဉ်စွမ်းအားများမှာ ယခင်ကထက် အဆမတန် မြင့်မားနေခဲ့ပြီ ဖြစ်လေသည်။

ထိုအချိန်မှာပင်…

ရုပ်တုကြီးက ပါးစပ်ကိုဟလိုက်ပြီး ပင့်ကူကို မေးခွန်းမေးလိုက်ပြန်လေသည်။

"အခုဆိုရင် မင်းကျင့်ကြံနေတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ၊ အရင်ကထက် ပိုပြီး အသိဉာဏ်ပညာတွေ ရှိနေလောက်ပြီ ၊ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မေးခဲ့တဲ့မေးခွန်းတစ်ခုကိုပဲ မင်းကိုပြန်မေးမယ် ၊ လောကမှာ တန်ဖိုးအရှိဆုံးအရာက ဘာလဲ…"

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် ပင့်ကူက အရင်ကလောက် အချိန်ကြာအောင် စဉ်းစားမနေတော့ပါ။

"လောကမှာ တန်ဖိုးအရှိဆုံးအရာက မရရှိနိုင်တဲ့အရာနဲ့ ဆုံးရှုံးသွားတဲ့အရာပဲ…"

နတ်ရုပ်တုကြီးက ပြုံးလိုက်ရင်း…

"နှစ်ပေါင်းထောင်ချီကြာမှ ဒီမေးခွန်းကို ထပ်မေးခဲ့တာ ၊ ထူးခြားတဲ့အဖြေတစ်ခုခုများ ရမလားလို့ ၊ အခုတော့ မင်းက အရင်အတိုင်းပဲ ဖြေနေတာပဲ…"

နွေ မိုး ဆောင်း ရာသီအလီလီပြောင်းခဲ့ပြီးသည့်နောက် နောက်ထပ်နှစ်ထောင်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြန်လေ သည်။

ဝတ်ကျောင်းတော်ကြီးတွင် ဝတ်ပြုကိုးကွယ်မည့်သူ သိပ်မရှိတော့သည့်အတွက် နတ်ရုပ်တုကြီးကိုလည်း ပြုပြင် ထိန်းသိမ်းမည့်သူ မရှိတော့ပေ။ ထို့ကြောင့် နတ်ရုပ်တုကြီးမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာခဲ့လေသည်။

ပင့်ကူကတော့ နှစ်ပေါင်း (၃၀၀၀) ကြာအောင် ကျင့်ကြံမှုများ ပြုလုပ်ခဲ့လေသည်။ သူက လောက၏ နက်ရှိုင်းသည့် အမှန်တရားများကို တဖြည်းဖြည်းသိမြင်စပြုနေပြီ ဖြစ်လေသည်။ သူက ကျင့်စဉ်ဆက်လက်ကျင့်ကြံရန်အတွက် လူသားများ၏ ဆုတောင်းခြင်းမှ ထွက်ပေါ်လာသည့် စွမ်းအားများကိုပင် စုပ်ယူအသုံးပြုရန် မလိုအပ်တော့ပေ။

သို့သော်… နတ်ရုပ်တုကြီးက သူ့ကို မေးခွန်းထပ်မံမေးမြန်းဦးမည်ကို သိရှိနေသည့်အတွက် ဝတ်ကျောင်းတော် အတွင်းမှ ထွက်မသွားဘဲ ဆက်လက်နေထိုင်နေခဲ့လေသည်။

တစ်နေ့တွင်တော့…

ဝတ်ကျောင်းတော်အပျက်ကြီးအတွင်းသို့ လိပ်ပြာလေးတစ်ကောင် ပျံသန်းဝင်ရောက်လာလေသည်။ လိပ်ပြာလေးမှာ ပင့်ကူအိမ်ကို တည့်တည့်တိုးမိကာ ပင့်ကူအိမ်ထဲမှ ရုန်းမထွက်နိုင် ဖြစ်နေရလေသည်။

ထိုအချိန်မှာပင်…

လှပလွန်းသည့် လိပ်ပြာလေးကို ကြည့်ရင်း ပင့်ကူ၏ နှလုံးသားမှာ လှုပ်ရှားသွားရလေသည်။

လိပ်ပြာလေးမှာ နှိုင်းရက်စရာမရှိအောင် လှပလွန်းလှပြီး စွဲဆောင်မှုလည်း အလွန်ရှိလေသည်။

ထိုတစ်ဒင်္ဂအချိန်လေးအတွင်းတွင်… သူ့ဘဝတွင် အလိုချင်ဆုံးအရာမှာ လိပ်ပြာလေးမှလွဲပြီး အခြား မည်သည့် အရာမှမရှိတော့ပြီဟု ပင့်ကူက တွေးလိုက်မိလေသည်။ ထို့နောက်… လိပ်ပြာကိုပိုင်ဆိုင်လိုသည့်စိတ်များ ထိန်းမနိုင် သိမ်းမရ ဖြစ်ပေါ်လာလေတော့သည်။

ထိုအချိန်မှာပင်…. နတ်ရုပ်တုကြီးက ပါးစပ်ဟလိုက်ပြီး အသက်တစ်ချက် ရှူသွင်းလိုက်လေသည်။ ထို့နောက် ရှူသွင်းလိုက်သည့်လေဖြင့် ပင့်ကူအိမ်ရှိရာသို့ မှုတ်ထုတ်လိုက်လေရာ နှစ်ပေါင်း (၃၀၀၀) ကျင့်ကြံထားခဲ့သည့် ပင့်ကူ၏ ကျင့်ကြံခြင်းအုတ်မြစ်ဖြစ်သည့် ပင့်ကူအိမ်သည် လေနှင့်အတူ လွင့်မျောသွားလေသည်။ ပင့်ကူအိမ်နှင့်အတူ လိပ်ပြာလေးသည်လည်း လေထဲတွင် လွင့်မျော ပျောက်ကွယ်သွားလေတော့သည်။

ပင့်ကူမှ အလွန်အမင်း ကြေကွဲခံစားသွားရလေ၏။

ထို့နောက် သူက နတ်ရုပ်တုကြီး မေးခွန်းမထုတ်မီမှာပင် ကြေကွဲဝမ်းနည်းသည့် လေသံဖြင့် စကားတစ်ခွန်းကို ပြောလိုက်လေသည်။

"လောကမှာ တန်ဖိုးအရှိဆုံးအရာက ဘာလဲလို့ ခင်ဗျား ကျုပ်ကို မေးဦးမလို့မဟုတ်လား ၊ အခုတော့ လောကမှာ တန်ဖိုးအရှိဆုံးအရာဟာ မရရှိနိုင်တဲ့အရာနဲ့ ဆုံးရှုံးသွားတဲ့အရာပဲဆိုတာ ကျုပ်တော့ သံသယမရှိ ယုံကြည်သွားမိပါပြီ…"

နတ်ရုပ်တုကြီးက…

"မင်း ဒီအဖြေကိုပဲ ထပ်ဖြေနေဦးမယ်ဆိုရင် လောကကြီးထဲကို ခဏလောက်သွားကြည့်လိုက်စမ်းကွာ…"

ပြောပြီးသည်နှင့် နတ်ရုပ်တုကြီးက အသက်တစ်ချက် ထပ်မံရှူသွင်းလိုက်ပြန်လေသည်။

ပထမတစ်ကြိမ်တုန်းက နတ်ရုပ်တုကြီးက ပင့်ကူနှစ်ပေါင်း (၃၀၀၀)ကျင့်ကြံထားသည့် ပင့်ကူအိမ်ကို လေဖြင့် မှုတ်ထုတ်ခဲ့လေသည်။

ယခုတစ်ကြိမ်တွင်တော့ နတ်ရုပ်တုကြီးက နှစ်ပေါင်း (၃၀၀၀) ကျင့်ကြံထားခဲ့သည့် ပင့်ကူ၏ တာအိုခန္ဓာကို လေဖြင့် မှုတ်ထုတ်ပစ်လိုက်လေတော့သည်။

ထိုသို့ဖြင့်…

ပင့်ကူမှာ ဝတ်ကျောင်းတော်အပျက်ကြီးအတွင်းမှ လွင့်မျောထွက်ခွာသွားကာ လောကအလယ်သို့ ရောက်ရှိ သွားလေတော့သည်။

……

ထိုနေရာတွင် ဆန်းလျန်က ဇာတ်လမ်းပြောပြခြင်းကို ခဏနားလိုက်လေသည်။

ဆန်းလျန်၏ မျက်ဝန်းများသည် နှစ်ပေါင်း (၃၀၀၀) ထက်ကျော်လွန်ကာ လူ့လောက၏ ကံကြမ္မာအပြောင်းအလဲများ ကို သိမြင်နားလည်နေသည့်အလား ထင်မှတ်ရလေသည်။

ကူးဝေေ၀က…

"နောက်ပိုင်းကျ အဲဒီပင့်ကူ ဘာဖြစ်သွားလဲဟင်…"

ဆန်းလျန်က ကူးဝေေ၀၏ နဖူးထက်တွင်ကျနေသည့် ဆံစလေးများကို အသာသပ်တင်ပေးလိုက်ရင်း…

"အဲဒီပင့်ကူက လောကထဲကိုရောက်သွားတော့ လူသားခန္ဓာရရှိခဲ့တယ် ၊ လူ့လောကရဲ့ အနိမ့်အမြင့် အတက်အကျ အခက်အခဲတွေကြားထဲမှာ အတွေ့အကြုံတွေ အများကြီး ရလာခဲ့တယ် ၊ အဲဒီမှာ သူတစ်ချိန်တုန်းက အရမ်းလိုချင် တပ်မက်ခဲ့တဲ့ လိပ်ပြာလေးဟာလည်း လောကအလယ်က ဖြစ်တည်မှုတစ်ခုသာဖြစ်ပြီး ဘာမှထူးခြားတဲ့အရာ မဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်သွားခဲ့တယ်…"

ဆန်းလျန်က ဇာတ်လမ်းကို ဆက်ပြောပြလေသည်။

……

နှစ်ပေါင်းများစွာ ကြာသည့်အခါတွင်တော့ ပင့်ကူသည် လောကတွင် ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့လေသည်။ သူသည် လောကကြီးအကြောင်းကို သိမြင်နားလည်လာခဲ့ပြီး လောကတွင် သူမသိသည့်အရာ တစ်ခုမှ မရှိတော့ပေ။

သို့သော်…. သူ မပျော်ရွှင်ခဲ့ပါ…။ ပြောမပြနိုင်သည့် ဝမ်းနည်းကြေကွဲမှုများနှင့် အထီးကျန်ခြင်းများကို ရင်ဝယ်ပိုက်ကာ ရှည်လျားသည့် လောကခရီးကို ဖြတ်သန်းခဲ့လေသည်။

ကျင့်စဉ်လမ်းတွင် မထင်မှတ်သည့်အောင်မြင်မှုများကိုလည်း ရရှိခဲ့သည့်တိုင် ပင့်ကူသည် ထင်သလောက်လည်း ပျော်ရွှင်ခဲ့ခြင်း မရှိပါချေ။

လောကဓံ၏ အနိမ့်အမြင့် အတက်အကျ အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းပြီးသည့်နောက် သူသည် ဝတ်ကျောင်းတော်အပျက်ကြီးဆီသို့ ပြန်ရောက်လာခဲ့လေသည်။

ကျောင်းပျက်ကြီးထဲတွင် နတ်ရုပ်တုကြီးက ရှိနေဆဲပင်…။

ပင့်ကူက နတ်ရုပ်တုကြီးကိုမေးလိုက်သည်။

"လောကမှာ ဘယ်အရာက တန်ဖိုးအရှိဆုံးလဲဆိုတာ ကျုပ်ကို ပြောစမ်းပါ…"

နတ်ရုပ်တုကြီးက အေးဆေးသည့်လေသံဖြင့်…

"မင်းကို ဘယ်နေရာမှာ မွေးဖွားခဲ့တာလဲဆိုတာ မှတ်မိသေးလား…"

ပင့်ကူက တစ်ခဏမျှစဉ်းစားနေလေသည်။

လက်ရှိအချိန်တွင် သူသည် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီး အကြောင်းအရာတော်တော်များများကို ပြန်လည်စဉ်းစားနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် သူက သူ့ဘဝအကြောင်းကို တစ်ချက်ပြန်စဉ်းစားကြည့်လိုက်သည် နှင့်အကုန်ပြန်မှတ်မိနိုင်လေသည်။

စဉ်းစားနေရင်းဖြင့် သူ၏အကြည့်များသည် ဝတ်ကျောင်းတောင်အပြင်ဘက်မှ မြက်ခင်းပြင်ဆီသို့ ရောက်ရှိသွားလေ သည်။

"ဒီဝတ်ကျောင်းတော်အပြင်ဘက်က မြက်ပင်လေးတစ်ပင်အပေါ်မှာ ကျုပ်ကို မွေးခဲ့တာ ၊ အခု အဲဒီ မြက်ပင်လေး မရှိတော့ဘူး…"

နတ်ရုပ်တုကြီးက…

"မင်းသိလား ၊ မင်းက ဒီဝတ်ကျောင်းတော်ထဲမှာ နှစ်ပေါင်း (၃၀၀၀)ကျော်နေခဲ့တယ် ၊ အဲဒီ မြက်ပင်လေးကလည်း ဒီဝတ်ကျောင်းတော်အပြင်ဘက်မှာ နှစ်ပေါင်း (၃၀၀၀) ကျော်အထိ ရှင်သန်ခဲ့တယ် ၊ ဒါပေမယ့် မင်း သူ့ကို တစ်ချက်ကလေးတောင် စောင်းငဲ့မကြည့်ခဲ့ဘူး မဟုတ်လား…"

နတ်ရုပ်တုကြီး၏ စကားကိုကြားသည်နှင့် ပင့်ကူသည် အဝေးတစ်နေရာသို့ ဆွေးမြေ့စွာဖြင့် ငေးကြည့်လိုက်လေ သည်။

"အခု ကျုပ် အဖြေကို သိပါပြီ…"

ထို့နောက် သူသည် နတ်ရုပ်တုကြီးကိုပင် နှုတ်မဆက်တော့ဘဲ ဝတ်ကျောင်းတော်တည်ရှိရာ တောင်ပေါ်မှ ဆင်းသွားလေတော့သည်။

……

ဆန်းလျန်ပြောပြသည့် ဇာတ်လမ်းလေး အဆုံးသတ်သွားသည်နှင့် ကူးဝေေ၀၏ ရင်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရ လေသည်။

"နောက်ကျတော့ သူ အဲဒီမြက်ပင်လေးကို ပြန်ရှာတွေ့သွားလားဟင်…"

ဆန်းလျန်က အေးအေးဆေးဆေးလေသံဖြင့်…

"ဘယ်သိမှာလဲ…"

ကူးဝေေ၀က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"တကယ်တော့ ဘဝမှာ တန်ဖိုးအရှိဆုံးအရာဆိုတာ မရရှိနိုင်တဲ့အရာနဲ့ ပျောက်ဆုံးသွားတဲ့အရာ မဟုတ်ပါဘူး ၊ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့အရာသာ တန်ဖိုးအရှိဆုံး မဟုတ်လား… ကိုယ်ပိုင်ဆိုင်ထားတဲ့အရာကို တန်ဖိုးထားတတ်ဖို့ပဲ လိုတာပါ… ဟုတ်တယ်မလား အားလျန်…"

ဆန်းလျန်က သူမကို ဖြေးညင်းစွာပင် ခေါင်းညိတ်ပြလိုက်လေသည်။ လောကတွင် ကိုယ်ပိုင်ဆိုင်ထားသည့်အရာ သည်သာလျှင် တန်ဖိုးအရှိဆုံး ဖြစ်လေသည်။

ဆန်းလျန်က တိုးလျသည့်လေသံဖြင့်…

"အတိတ်တွေ အနာဂတ်တွေဆိုတာက မရေရာပါဘူး အစ်မရယ် ၊ လက်ရှိပစ္စုပ္ပန်အချိန်ကသာ အကောင်းဆုံးပါ ၊ မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်နေတာထက် လက်ရှိအချိန်မှာ အကောင်းဆုံးကြိုးစားတာက အဓိပ္ပါယ်ရှိတယ်လို့ ကျွန်တော်ကတော့ ယူဆတယ် ၊ ဂိုဏ်းတူအစ်မ… အရင်တုန်းက ကျွန်တော် ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ၊ ဘယ်သူပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ၊ လက်ရှိအချိန်မှာ အစ်မနဲ့အတူတူရှိနေရတာက ကျွန်တော့်အတွက် တန်ဖိုးအရှိဆုံးပါပဲ…"

ကူးဝေေ၀က…

"နင်က အရမ်းအိပ်မက်ဆန်လွန်းတယ် အားလျန် ၊ တစ်နေ့ကျရင် နှုတ်ဆက်စကားတောင် တစ်ချက်မဆိုဘဲ ငါ့ကို ထားသွားမှာကို ငါ အရမ်းကြောက်ခဲ့တယ် ၊ ဒါပေမယ့် အခုတော့ ငါ မကြောက်တော့ပါဘူး…"

ကူးဝေေ၀က ဆန်းလျန်အနားသို့ အသာတိုးကပ်သွားပြီး သူမ၏ နှုတ်ခမ်းနှစ်လွှာသည် ဆန်းလျန်၏ နှုတ်ခမ်းများဖြင့် ထိကပ်လုမတတ် ဖြစ်နေခဲ့လေသည်။

"အားလျန်… တကယ်တော့ ငါက နင့်ရဲ့ ဂိုဏ်းတူအစ်မ မဟုတ်ပါဘူး ၊ ငါက ကူးဝေေ၀ပါ ၊ ဒါပေမယ့် နင် ငါ့ကို သဘောကျတယ် မဟုတ်လား ၊ ငါ့ဘဝမှာ နင်နဲ့ဆုံတွေ့ခွင့်ရခဲ့တာက ကံအကောင်းဆုံးပါပဲ ၊ နင်နဲ့ ဆုံတွေ့ခွင့်ရခဲ့လို့ ငါအရမ်းပျော်တာပဲ…"

ဆန်းလျန်က…

"ဂိုဏ်းတူအစ်မ ၊ နေ့ခင်းက အိပ်ပျော်သွားပြီးတော့ မျက်နှာလည်း မသစ်ရသေးဘဲနဲ့ ၊ ကျွန်တော့်အနားကို အရမ်း မကပ်နဲ့လေ…"

ဆန်းလျန်က ပြောပြီးသည်နှင့် ကူးဝေေ၀၏ ခေါင်းကို အသာလေး တွန်းလိုက်လေသည်။

ဆိုင်ထောင့်တစ်နေရာတွင် သူတို့ (၂)ယောက်ကို ပိုင်ရှောက်ယွီက ခိုးကြည့်နေလေသည်။ သူက ဆန်းလျန်နှင့် ကူးဝေေ၀ အနမ်းခြွေအကြင်နာပေးကြတော့မည်ဟု ထင်မှတ်ပြီး မျက်တောင်မခတ်ကြည့် နေမိလေသည်။ သို့သော်… ဆန်းလျန်က ကူးဝေေ၀၏ ခေါင်းကို အသာလေးတွန်းလိုက်တော့မှ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ကာ ဟင်းခနဲနေအောင် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

ထိုအချိန်မှာပင်…. ကူးဝေေ၀ထံမှ စကားသံထွက်ပေါ်လာလေသည်။

"အားလျန်… ဟိုမှာ ပိုင်ရှောက်ယွီ ခွေးတစ်ကောင်လိုပဲ ငါတို့ကို ထိုင်ကြည့်နေတယ်…"

ကူးဝေေ၀၏စကားသံကို ကြားလိုက်ရသည်နှင့် ပိုင်ရှောက်ယွီ ချလိုက်မိသည့် သက်ပြင်းသည် လမ်းတစ်ဝက်တွင် ရပ်တန့်သွားပြီး အသက်အောင့်ထားပြီးသား ဖြစ်သွားရလေသည်။ သူ့ရင်ထဲတွင် ချက်ချင်းပင်တင်းကျပ်စွာ ခံစား လိုက်ရပြီး ခွေးလို ထပြီး ဟောင်ရတော့မလိုလိုပင် ဖြစ်သွားလေသည်။

ကူးဝေေ၀က မပြုံးချင်ပြုံးချင်ဖြင့် ပြုံးလိုက်ရင်း…

"ပိုင်ရှောက်ယွီရေ…နင် နေ့တိုင်း ခွေးလိုဟောင်ပြမယ်ဆိုရင် ငါ နင့်ကို လစာ နှစ်ဆတိုးပေးမယ်…"

ပိုင်ရှောက်ယွီက…

"လစာ နှစ်ဆဆိုရင် ကြေးပြား (၆၀)ပဲရမှာပေါ့ ၊ ဒီသခင်လေးက ဒီလောက် ဈေးမပေါဘူး…"

ပြောပြီးသည်နှင့် ပိုင်ရှောက်ယွီက မတ်တတ်ထရပ်လိုက်လေသည်။

ထို့နောက် ကျောတစ်ချက်ဆန့်လိုက်ပြီး ချစ်ခင်ကြင်နာနေကြသည့် စုံတွဲအနားတွင် ဆက်မနေတော့ရန် ဆုံးဖြတ် လိုက်လေသည်။

သို့သော်… ပိုင်ရှောက်ယွီ ထွက်မသွားမီ ဆန်းလျန်က ပိုင်ရှောက်ယွီ၏ စိတ်ကို ထိန်းချုပ်လိုက်လေသည်။

ဆန်းလျန်က…

"မင်း ဒီနေ့ အားနေရင် ထင်းနှစ်စည်းလောက် ထပ်ခုတ်ထားပါလား…"

ပိုင်ရှောက်ယွီက ချက်ချင်းပင်…

"ဟုတ်ကဲ့…"

ဟု ပြောလိုက်မိလေသည်။

ထိုစကားကို သူ့ပါးစပ်မှ အလိုအလျောက်ထွက်သွားခြင်း ဖြစ်လေသည်။ သူ့စိတ်က တစ်ချက်ကလေးပင် စဉ်းစားချိန် မရလိုက်ပေ။

အဘယ့်ကြောင့် အလိုလိုနေရင်း "ဟုတ်ကဲ့" ဟု ပြောမိလိုက်ရပါသနည်းဟု ပိုင်ရှောက်ယွီသည် ဒေါသတကြီးဖြင့် တွေးလိုက်မိလေသည်။ ထို့နောက် သူသည် ခြံအနောက်ဘက်သို့ မကျေမနပ်ဖြင့် ထွက်လာခဲ့လေသည်။ သူသည် အခြားသူများအမြင်တွင် ခပ်ပေါပေါလူတစ်ယောက် ဖြစ်နေခဲ့လေပြီလား။

သူက နောက်သို့ လည်ပြန်တစ်ချက်လှည့်ကြည့်လိုက်ရင်း…

"ဒီလောက်အလုပ်လုပ်နေရတာ လုပ်ခ နှစ်ဆပေးဖို့ အစ်မကူးဝေေ၀ကို ပြောရမယ်…"

စားသောက်ဆိုင်ထဲတွင်တော့ ကူးဝေေ၀၏ မျက်နှာထက်မှ မပြုံးချင်ပြုံးချင် ပြုံးနေသည့် အပြုံးသည် ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။

သူမက ဆန်းလျန်၏ ရင်ပတ်ကို အသာအယာ ပွတ်သပ်နေရင်း…

"နင် ပိုင်ရှောက်ယွီနဲ့ သူငယ်ချင်းလုပ်ထားတာ မမှားဘူးလို့ ငါတော့ထင်တယ် ၊ အခုတလော အဲဒီကလေးက တကယ်စိတ်ဝင်စားဖို့ ကောင်းလာတယ်…"

ထိုသို့ ပေါက်ကရစကားများကို ပြောရင်း ကူးဝေေ၀သည် ပျော်ရွှင်နေလေသည်။

သူမသည် ဆန်းလျန်ကို ချစ်ခွင့်ရနေသည့်အတွက် ပျော်ရွှင်နေခြင်းတော့ မဟုတ်ခဲ့ပါ။ ဒီအတိုင်းပင် သူမသည် ပျော်ရွှင်ခြင်းကို ခံစားနေရခြင်း ဖြစ်လေသည်။

………

သို့သော်…

ကူးဝေေ၀ ပျော်ရွှင်နေသည့်အချိန်တွင် မေနန့်စန်းမှာတော့ အကြီးအကျယ် စိတ်ဆင်းရဲလျှက် ရှိလေသည်။

အဘယ်ကြောင့်ဆိုသော်…

သူသည် ကျုန်းတျဲယီနှင့် တိုက်ခိုက်နေရသောကြောင့်ဖြစ်လေ၏။

ကျုန်းတျဲယီသည် ယခင်ကကဲ့သို့ ပုံမှန်အတိုင်းဆိုလျှင် မေနန့်စန်းအတွက် ပြဿနာမရှိပါ။ သို့သော်… ယခု ကျုန်းတျဲယီ၏ ပုံစံမှာ အလောင်းကောင်တစ်ကောင် အသက်ဝင်နေသည့်အလား ဖြစ်လေသည်။ သူ့ကို ကြည့်ရသည်မှာ ဖုတ်ကောင်တစ်ကောင်နှင့်ပင် အလွန်ဆင်တူလေသည်။

အလောင်းမိစ္ဆာဟု သိုင်းလောကတွင် နာမည်ကျော်ကြားခဲ့သူ ကျုန်းတျဲယီသည် ယခုတော့ တကယ်ပင် အလောင်း မိစ္ဆာတစ်ကောင်အလား ဖြစ်နေခဲ့လေပြီ။

တိုက်ခိုက်နေစဉ်မှာပင်…

ကျုန်းတျဲယီ၏ စွန်ကုတ်လက်သည်းသဖွယ် လက်ချောင်း (၅)ချောင်းက မေနန့်စန်း၏ ရင်ဝကို ထိုးဖောက်စိုက်ဝင် သွားလေ၏။ မေနန့်စန်းသာ ကမန်းကတန်း ရှောင်တိမ်းလိုက်ခြင်း မရှိလျှင် ထိုလက်ချောင်းများသည် မေနန့်စန်း၏ နှလုံးသားကို ကုတ်ယူဆွဲထုတ်လိုက်မည် ဖြစ်လေသည်။

မေနန့်စန်းသည် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်ပြီး ပုံမှန်ဆိုလျှင် ကျုန်းတျဲယီကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်သူ ဖြစ်လေသည်။ သို့သော်… ယခုအချိန်တွင် ကျုန်းတျဲယီမှာ ဖုတ်ကောင်တစ်ကောင်အဖြစ်သို့ ပြောင်းလဲ သွားပြီဖြစ်ပြီး တန်ခိုးစွမ်းအားများကလည်း အဆမတန် မြင့်မားနေလေသည်။

ထို့ပြင် ထိုအလောင်းမိစ္ဆာဖုတ်သရဲကောင်သည် သေရမည်ကိုပင်အမှုမထားဘဲ မေနန့်စန်းကို သဲကြီးမဲကြီး အပြင်းအထန် တိုက်ခိုက်နေလေတော့သည်။

All Chapters