မိစ္ဆာများ
Vol. 8 Ch. 732
ကျုန်းတျဲယီသည် မေနန့်စန်းရှေ့တွင် ရပ်နေလေသည်။
သူ့ပုံစံက လူတစ်ယောက်နှင့်မတူပေ။ ဖုတ်သရဲတစ်ကောင်အလား သူ၏မျက်နှာက စက္ကူတစ်စလို ဖြူစုပ်နေပြီး မျက်လုံးများက အစိမ်းရောင်တောက်ပနေလေသည်။ သွားများက အစွယ်များကဲ့သို့ ထက်ရှနေပြီး နှုတ်ခမ်း ထောင့်စွန်းတွင်လည်း သွေးစီးကြောင်းတစ်ခုက စီးကျနေသေးသည်။
ကျုန်းတျဲယီမှာ လူမဟုတ်တော့ဘဲ မိစ္ဆာတစ်ကောင်ဖြစ်နေသည်မျာ သေချာလှလေသည်။
မေနန့်စန်းသည် နံရံကိုမှီကာ အသက်ကို အငမ်းမရရှူနေမိလေသည်။ သူ၏ အင်္ကျီလက်နှစ်ဖက်စလုံး စုတ်ပြဲနေပြီး အတွင်းတွင်စွပ်ထားသည့် ရွှေရောင်လက်အိတ်များကိုပင် တွေ့မြင်နေရလေသည်။
သူက သူ၏ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားများအားလုံးကို အသုံးပြုကာ သူ့ရှေ့တွင် ရပ်နေသည့် ကျုန်းတျဲယီကို တိုက်ခိုက်လိုက်လေသည်။
ကျုန်းတျဲယီ၏ အစိမ်းရောင်တောက်ပနေသည့် မျက်ဝန်းများထဲတွင် မေနန့်စန်း၏ ပုံရိပ်ကို တွေ့မြင်နေရလေသည်။ လေထုတစ်ခုလုံးမှာ ကြောက်မက်ဖွယ်အငွေ့အသက်များနှင့် ပြည့်နက်နေလေတော့၏။
အသက်ဝင်နေသည့် ဖုတ်သရဲအလားဖြစ်နေသည့် အလောင်းမိစ္ဆာသည် ကျိုးကြောင်းဆင်ခြင်းနိုင်စွမ်း ပျောက်ဆုံး နေပြီဖြစ်လေသည်။
ကျုန်းတျဲယီသည် ရှေ့သို့ ခြေတစ်လှမ်းချင်း လှမ်းလာလေသည်။ သူ့ထံမှ တန်ခိုးစွမ်းအားများထွက်ပေါ်နေပြီး ထိုတန်ခိုးစွမ်းအားများသည် ဖိအားတစ်ခုအလား မေနန့်စန်းကို ဖိနှိပ်ထားလေသည်။ ဖိအားများသည် တဖြည်းဖြည်း များပြားလာသည်ကို မေနန့်စန်း ခံစားနေရလေသည်။
မေနန့်စန်း၏ ရင်ပတ်မှ ဒဏ်ရာမှာ မီးကဲ့သို့ ပူလောင်ပြီး နာကျင်နေလေသည်။ သို့သော်… မေနန့်စန်းသည် ကျုန်းတျဲယီ မည်သည့်အချိန်တွင် ဝင်ရောက်တိုက်ခိုက်မည်ကို သတိမလွတ်ရဲသည့်အတွက် သူ၏ ရင်ပတ်မှ ဒဏ်ရာ ကို ငုံ့ပင်မကြည့်ရဲပါချေ။
သူသာ ဒဏ်ရာကို ငုံ့ကြည့်ခဲ့မည်ဆိုလျှင် သူ၏ ဒဏ်ရာမှာ အစိမ်းရောင်အကျိအချွဲများဖြင့် လှိုက်စားခံနေရပြီး လောင်ကျွမ်းနေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
မေနန့်စန်းက ရုတ်တရက်ပင်… အဝါရောင် အင်းစာရွက်တစ်ရွက်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ဂါထာတစ်ပုဒ်ရွတ်ဖတ်လိုက်လေရာ မီးကျီးခဲကဲ့သို့ ရဲရဲနီကာ မီးများတောက်လောင်နေသည့် မြွေတစ်ကောင် ထွက်ပေါ်လာလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမြွေသည် ကျုန်းတျဲယီ၏မျက်နှာဆီသို့ ပျံသန်းသွားကာ တိုက်ခိုက်လိုက်လေသည်။
ကျုန်းတျဲယီက ရှောင်တိမ်းခြင်းမရှိပါ။ ရဲရဲတောက်နေသည့် မီးမြွေကို ပါးစပ်ဟကာ မြိုချပစ်လိုက်လေသည်။ သူ၏ ပါးစပ်အတွင်းမှ မီးနှင့်မီးခိုးများထွက်လာလေသည်။ သို့သော်… သူ၏မျက်နှာမှာ မီးလောင်ကျွမ်းသွားခြင်း မရှိပါပေ။
ကျုန်းတျဲယီက လက်ကိုမြှောက်လိုက်ပြီး မေနန့်စန်းကို ရိုက်ချလိုက်လေသည်။ ရိုက်ချက်မှာလျှင်မြန်လွန်းသည့် အတွက် အရိပ်ပင် မြင်ရခြင်းမရှိပေ။
မေနန့်စန်းမှာ နံရံတွင်ကပ်နေရင်းနှင့်ပင် ကိုယ်ကိုလှိမ့်ကာ ရှောင်တိမ်းလိုက်သည့်အတွက် ရိုက်ချက်မှ သီသီလေး လွတ်သွားလေ၏။ ကျုန်းတျဲယီ၏ ရိုက်ချက်မှာ နံရံကိုသာ ထိမှန်သွားပြီး နံရံမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားပြီး အုတ်များ ပြိုကျကုန်လေတော့သည်။
ကျုန်းတျဲယီ၏ မိစ္ဆာစွမ်းအားများမှာ အဆမတန် ပြင်းထန်နေသည်ကို မေနန့်စန်း ကောင်းကောင်း ခန့်မှန်း လိုက်မိလေသည်။
ဇာတိပကတိစွမ်းအားနှင့် မိစ္ဆာစွမ်းအား (၂)ခုပေါင်းစပ်ထားခြင်းဖြစ်လေသည်။
ကျုန်းတျဲယီ၏ လက်ဝါးရိုက်ချက်သည်ကား တန်ပေါင်းသောင်းနှင့်ချီသည်အထိ အင်အားပြင်းထန်လွန်းလှလေသည်။ စစ်မြေပြင်တွင် စစ်ပွဲတိုက်ခိုက်နေသည့် စစ်သူကြီးတစ်ယောက်တွင်သာ ထိုကဲ့သို့သော စွမ်းအားမျိုး ရှိမည် ဆိုပါက ရန်သူ့ဘက်မှ စစ်သည်တော်ပေါင်းတစ်သောင်းကို တစ်ချက်တည်းဖြင့်သေစေနိုင်မည်ဖြစ်ပြီး လူသတ်စက်အလား ထင်မှတ်ရမည် ဖြစ်လေသည်။
ယခင်တုန်းက အလောင်းမိစ္ဆာဟု ကျော်ကြားသည့် ကျုန်းတျဲယီသည် အလွန်မှ အစွမ်းထက်လွန်းသူ တစ်ယောက် ဖြစ်လေသည်။ သို့သော်… ယခု သူနှင့်တိုက်ခိုက်နေရသည့် ကျုန်းတျဲယီလောက် အစွမ်းထက်ခြင်း မရှိသေးပေ။
ကျုန်းတျဲယီ၏ ခန္ဓာကိုယ်တွင် မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်သွားသည့်အတွက် ယခုကဲ့သို့ မိစ္ဆာကောင် ဖြစ်သွားရပါသနည်း။
မေနန့်စန်းမှာ အပြေးအလွှားစဉ်းစားနေသော်လည်း အဖြေမပေါ်ခဲ့ပါချေ။
သူ့အနေဖြင့် နည်းလမ်းတစ်ခုသာ ရှိတော့သည်။
ကျုန်းတျဲယီလက်မှ အမြန်လွတ်အောင်ပြေးပြီး ဆန်းလျန်ရှိရာစားသောက်ဆိုင်သို့ အမြန်ပြန်ရမည်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော်… ပိုင်ကျားမြို့လေးတွင် ကျုန်းတျဲယီကဲ့သို့သော မိစ္ဆာကို တိုက်ခိုက်နိုင်သူဆို၍ ဆန်းလျန် တစ်ယောက်သာ ရှိသောကြောင့် ဖြစ်လေသည်။
သို့သော်… မေနန့်စန်းအနေဖြင့် ထွက်ပြေးမည်ဆိုလျှင်တောင် လွတ်မြောက်ရန် အခွင့်အရေး အနည်းငယ်သာ ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ရက်စက်ကြမ်းကြုတ်ပြီး တန်ခိုးစွမ်းအားများ အဆမတန်မြင့်မားနေသည့် ကျုန်းတျဲယီက သူ့ကို ပြေးပေါက်မရှိအောင် ပိတ်ဆို့ထားသောကြောင့် ဖြစ်လေသည်။
ကျုန်းတျဲယီ၏ မုန်တိုင်းထန်နေသည့် တိုက်ခိုက်မှုများအလယ်တွင် မေနန့်စန်းမှာ ပြန်လည် တိုက်ခိုက်ရန်ပင် အခွင့်အရေးအရဘဲ ရှောင်တိမ်းနေရသည့်အတွက် အနည်းငယ်ပင် ရှက်ရွံ့သလို ခံစားလာရလေသည်။
မေနန့်စန်းမှာ စိတ်ထဲတွင် ခံပြင်းလာမိလေသည်။
အသက်ဝင်နေသည့် ဖုတ်သရဲမိစ္ဆာကောင်၏တိုက်ခိုက်မှုမှာ အလွန်လျှင်မြန်လှသလို လှည့်ကွက်များနှင့်လည်း ပြည့်နေလေသည်။
မေနန့်စန်းမှာ မုန်တိုင်းထန်နေသည့် ပင်လယ်ထဲတွင် ရွက်လွှင့်နေသည့် လှေတစ်စင်းအလား အချိန်မရွေး တစ်စစီ ဖြစ်သွားနိုင်သည့်အနေအထားတွင်ရှိလေ၏။
ထို့ပြင်… သူ့ရင်ပတ်မှာ ဒဏ်ရာမှာလည်း တဖြည်းဖြည်းပို၍ ပြင်းထန်လာလေသည်။
တိုက်ပွဲအခြေအနေမှာ လုံးဝပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ဖုတ်သရဲမိစ္ဆာကောင်သည် ယနေ့ သူ့ကို အပြတ်ရှင်းပစ်မည့်ဟန် ရှိလေသည်။
မေနန့်စန်း၏ မျက်ဝန်းများက ရုတ်တရက် အေးစက်သွားပြီး သူ၏ လက်ထဲတွင် ငွေရောင်ဘောလုံး (၅)ခု ထွက်ပေါ်လာလေသည်။ သူက ထိုငွေရောင်ဘောလုံးများဖြင့် ကျုန်းတျဲယီကို ပစ်ပေါက်လိုက်လေသည်။ ငွေရောင်ဘောလုံးများသည် အရှိန်အဟုန်ပြင်းစွာ ဖြင့်ပေါက်ကွဲသွားလေသည်။
ထိုငွေရောင်ဘောလုံးလေးများမှာ အရှေ့ပင်လယ်ဂိုဏ်းမှ သုတေသနပြုထုတ်လုပ်ထားသည့် မိုးကြိုးဗုံးလက်နက် ဖြစ်လေသည်။ ထိုလက်နက်မှာ အလွန်စွမ်းအားမြင့်မားပြီး မြေပြင်ထက်တွင် ဖောက်ခွဲလိုက်လျှင် (၂)ပေ ၊ (၃)ပေခန့် ကျယ်သည့် တွင်းကြီးများပင် ဖြစ်သွားနိုုင်လေသည်။
ကြီးမားသည့်ပေါက်ကွဲမှုကြီးကြောင့် လေထဲတွင် ကြီးမားသည့်လှိုင်းလုံးကြီးများ ထွက်ပေါ်လာလေသည်။ မေနန့်စန်း မှာ အဖိုးတန်လွန်းသည့် မိုးကြိုးဗုံးလက်နက်ကို နှမျောမနေနိုင်တော့ဘဲ ကျုန်းတျဲယီကို တိုက်ခိုက်ရန်အတွက် အသုံးပြုလိုက်လေသည်။
ပေါက်ကွဲမှုအရှိန်ကြောင့် မေနန့်စန်းသည်ပင် အနောက်သို့ (၁၀)ပေခန့် လွင့်ထွက်သွားရလေသည်။
သို့သော်… မေနန့်စန်း၏ တိုက်ခိုက်မှုသည် အချည်းအနှီးသာ ဖြစ်ခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော်… ပေါက်ကွဲမှုများမှထွက်ပေါ်လာသည့် မီးခိုးငွေ့များကြားတွင် သူ့ကို တစ်ချက်ပင် အလွတ်မပေးဘဲ စိုက်ကြည့်နေသည့် အစိမ်းရောင် မျက်ဝန်းတောက်တောက်တစ်စုံကို တွေ့မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။
မိစ္ဆာကောင်သည် မျောက်ဝံတစ်ကောင်ထက်ပင်ပေါ့ပါးစွာဖြင့် (၁၀)ပေအကွာအဝေးကို ခုန်အုပ်လိုက်ပြီး မေနန့်စန်း၏ ဦးခေါင်းကို လက်သည်းများဖြင့် ထိုးစိုက်ချလိုက်လေသည်။
ထိုအချိန်မှာပင်… ဓားရောက်တစ်ချက် လက်ခနဲထွက်ပေါ်လာလေသည်။
လူရိပ်တစ်ရိပ်ထွက်ပေါ်လာပြီး ဓားတိုတစ်လက်ဖြင့် ကျုန်းတျဲယီ၏ လက်မောင်းကို ထိုးစိုက်ချလိုက်ခြင်း ဖြစ်လေ၏။
သို့သော်… ကျုန်းတျဲယီမိစ္ဆာကောင်က တည်ငြိမ်စွာဖြင့်ပင် သူ့လက်မောင်းတွင် စိုက်ဝင်နေသည့် ဓားတိုကို ဆွဲနှုတ်လိုက်လေသည်။
ထို့နောက် ဓားတိုကို လာရာလမ်းအတိုင်း ပစ်ပေါက်လိုက်လေတော့သည်။
"အား…."
ဓားတိုပိုင်ရှင်၏ အော်သံတစ်ချက် ထွက်ပေါ်လာပြီး မေနန့်စန်းမှာလည်း ဝမ်းနည်းကြေကွဲစွာဖြင့် တစ်ချက် အော်ဟစ် လိုက်လေသည်။
"ယိုယို…"
သူ၏အော်သံမဆုံးခင်မှာပင် ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး ယိုယို၏ခန္ဓာကိုယ်မှာ သွေးမှုံသွေးစများ ပန်းထွက်လာပြီး ယိုယို၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တစ်စစီ ပေါက်ကွဲထွက်သွားလေတော့သည်။
ယိုယိုသည် မေနန့်စန်းကို ကယ်တင်ရန် ကြိုးစားရင်း အသက်ပေးသွားခဲ့ရပြီ ဖြစ်လေသည်။
……..
ပိုင်ကျားမြို့ရှိ အိမ်ခေါင်မိုးများနှင့် လမ်းမများထက်တွင် မိစ္ဆာဖုတ်သရဲတစ်ကောင် ခုန်ပေါက် ပြေးလွှားနေလေ၏။ ထိုမိစ္ဆာသည် လူရိပ်တစ်ရိပ်နောက်သို့ လိုက်နေခြင်း ဖြစ်လေသည်။
ပိုင်ကျားမြို့သူမြို့သားများမှာ တစ်ခါမှ မကြုံဖူးသည့် အခြေအနေကြောင့် ကြောက်ရွံ့ထိတ်လန့် ကုန်ကြရလေသည်။
မေနန့်စန်းသည် ဆန်းလျန်ရှိရာ "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်သို့ အပြေးပြန်လာခဲ့လေသည်။ သို့သော်… အလောင်းမိစ္ဆာကောင်သည် သူသွားရာလမ်းကို ပိတ်ဆို့ထားလိုက်ပြီ ဖြစ်လေသည်။
မိစ္ဆာအလောင်းကောင်မှာ တန်ခိုးစွမ်းအားမြင့်မားလွန်းလှသည့်အတွက် ပိုင်ကျားမြို့တွင်နေထိုင်သူများမှာ ထိတ်လန့် တခြားဖြစ်ကာ စုစုရုံးရုံးဖြစ်နေကြလေသည်။ လူအများ၏ ကြောက်ရွံ့ထိတ်လန့်မှုများသည် လေထုထဲတွင် ပျံ့နှံ့နေကြလေသည်။ ထို့ကြောင့် ကြောက်စိတ်များ ပျံ့နှံ့သွားသည့်အတွက် ပိုမိုကြီးမားသည့်ဆိုးကျိုးများကို ဖြစ်ပေါ် စေလေသည်။
ပိုင်ကျားမြို့တွင်လည်း ကျင့်ကြံသူအချို့နှင့် သိုင်းလောကသားအချို့ ရှိလေရာ သူတို့က အလောင်းကောင်ကို ဝင်ရောက်တိုက်ခိုက်လိုက်ကြလေသည်။ သို့သော်… သူတို့ မတိုက်ခိုက်နိုင်ခင်မှာပင် မိစ္ဆာအလောင်းကောင်းသည် သူတို့၏ လည်ပင်းများကို အရှင်လတ်လတ်ကိုက်ဖောက်ကာ သွေးများကို စုပ်ယူပစ်လိုက်လေသည်။
ထိုအခါ အလောင်းမိစ္ဆကို တိုက်ခိုက်ရန် ကြိုးစားကြသည့် ကျင့်ကြံသူများနှင့် သိုင်းလောကသားများ (၅)ယောက် ၊ (၆)ယောက်ခန့်မှာ ဖုတ်သရဲများအဖြစ်သို့ ပြောင်းလဲသွားကြလေ တော့သည်။ သူတို့၏မျက်ဝန်းများမှာ အစိမ်းရောင် များတောက်ပလာကြပြီး မီးအိမ်များကဲ့သို့ တောက်ပနေကြလေသည်။
ထိုအချိန်မှာပင်… ကောင်းကင်ထက်မှ မိုးကြိုးတစ်ချက်ပစ်ချလိုက်ပြီး မိုးကြိုးသွားသည် ဖုတ်သရဲများအားလုံးကို ထိမှန်သွားလေသည်။ ဖုတ်သရဲများထံမှ စူးရှကျယ်လောင်သည့် အော်သံကြီးများ ထွက်ပေါ်လာကြလေသည်။
မိုးကြိုးသွားသည် ရာနှင့်ချီသည့် လျှပ်စီးအလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး မိစ္ဆာကောင်များကို လျှပ်စီးကွန်ယက်သဖွယ် ရစ်ပတ်ထားလိုက်လေသည်။
ဆောင်းဦးရာသီနှောင်းပိုင်းကာလတွင် ယခုကဲ့သို့ မိုးကြိုးပစ်ချလိုက်ခြင်းမှာ အလွန် ကြောက်မက်ဖွယ်ရာ ဖြစ်လေ၏။
မိုးကြိုးပစ်ချလိုက်သည့်အတွက် မိစ္ဆာကောင်များ ခဏတာမျှ ရပ်တန့်သွားသည်ကို အခွင့်အကောင်းယူကာ မေနန့်စန်းသည် ဆန်းလျန်ရှိရာ စားသောက်ဆိုင်သို့ ပြန်ရောက်လာခဲ့လေသည်။
မိုးကတော့ သဲကြီးမဲကြီးရွာသွန်းလျှက် ရှိလေ၏။
ထိုအချိန်တွင်… ကျုန်းတျဲယီအပါအဝင် မိုးကြိုးပစ်ချခံလိုက်ရသည့် မိစ္ဆာကောင်များအားလုံးမှာ ခန္ဓာကိုယ်မှ အသွေးအသားများ ၊ အဝတ်အစားများ လောင်ကျွမ်းသွားကြပြီး အဖြူရောင်အရိုးများ အဖြစ်သို့ ပြောင်းလဲသွားလေ သည်။ အဖြူရောင်အရိုးများမှာ စူးချွန်များအလား ထက်ရှနေပြီး ခွက်ဝင်နေသည့် မျက်လုံးချိုင့်ကြီးများထဲမှ အစိမ်းရောင်မီးတောက်များက တောက်ပနေလေသည်။
အလောင်းမိစ္ဆာများသည် အရိုးမိစ္ဆာများအဖြစ်ပြောင်းလဲသွားကြပြီးယခင်ကထက်ပင် ပိုမိုကြောက်မက်ဖွယ်ရာ ဖြစ်လာခဲ့ကြလေသည်။
အရိုးမိစ္ဆာများသည် ဒူးခေါင်းများကို အနည်းငယ်ကွေးညွှတ်ကာ မြို့ထဲတွင် လမ်းလျှောက်နေကြပြီး တွေ့လေ မြင်လေရာရာကို တိုက်ခိုက်ရင်း မိုးထဲလေထဲတွင် ထင်တိုင်းကျဲနေကြလေတော့သည်။
မေနန့်စန်း၏ ဒဏ်ရာမှာ ပြင်းထန်လှပြီး သူ၏ခန္ဓာကိုယ်မှာ အလွန်အားနည်းနေပြီ ဖြစ်လေသည်။
သူ့ဘဝတွင် အန္တရယ်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးသည့်တိုင် ယနေ့ကဲ့သို့ ခြောက်ခြားထိတ်လန့်စရာ အခြေအနေမျိုးဖြင့် တစ်ခါမှ ရင်ဆိုင်ခဲ့ရဖူးခြင်း မရှိပေ။ ယခုတော့ သူ့အပေါ် သစ္စာရှိလှသည့် အစေခံမလေး ယိုယို သည်ပင်လျှင် သူ့အတွက် အသက်ပေးသွားခဲ့ရရှာပြီ ဖြစ်လေသည်။
မေနန့်စန်း စားသောက်ဆိုင်ထဲသို့ ပြန်ရောက်လာသည်နှင့် ဆန်းလျန်က သူ့ထံသို့ လျှောက်လာပြီး ကြွေပုလင်းလေး တစ်ပုလင်းကို ကမ်းပေးလိုက်လေသည်။
"ခင်ဗျားရဲ့ဒဏ်ရာကို လိမ်းလိုက်…"
"ကျေးဇူးတင်ပါတယ်…"
ထို့နောက်… မေနန့်စန်းက ကြွေပုလင်းလေးကိုဖွင့်လိုက်ပြီး အထဲမှ အဝါရောင်ဆေးမှုန့်များကို အစိမ်းရောင် အကျိအချွဲများဖြင့် လှိုက်စားခြင်းခံနေရသည့်ဒဏ်ရာထဲသို့ လောင်းထည့်လိုက်လေသည်။ အနာအတွင်းမှ အေးစက်သည့်အငွေ့အသက်များထွက်ပေါ်လာပြီး ဒဏ်ရာမှာ ချက်ချင်းသက်သာသွားလေသည်။
မေနန့်စန်းက…
"ကျုန်းတျဲယီ ဘာဖြစ်သွားတာလဲ…"
ဆန်းလျန်က…
"အဲဒါက သေခြင်းနဲ့ရှင်ခြင်းကိုပေါင်းစပ်သွားစေတဲ့ အောက်လမ်းပညာတစ်မျိုးပဲ ၊ သေခြင်းနဲ့ရှင်ခြင်းပေါင်းစပ်သွားရင် မိစ္ဆာတစ်ကောင်ပုံစံပေါ်ထွက်လာပြီး မိစ္ဆာနတ်ဘုရားတစ်ပါးက သူ့ရဲ့ခန္ဓာကိုယ်ကို ဝင်ပူးသွားတာပဲ…"
မေနန့်စန်းက…
"ဒါပေမယ့် ခင်ဗျားကတော့ သူ့ကို အနိုင်ယူနိုင်တာပဲလေ ၊ လူတွေဒုက္ခရောက်နေတာ ခင်ဗျားဘာလို့ သူ့ကိုသွားပြီး မနှိမ်နင်းရတာလဲ…"
ထိုမေးခွန်းမှာ မမေးသင့်သည့် မေးခွန်းဖြစ်ကြောင်း မေနန့်စန်း ကောင်းကောင်းသိပါသည်။
အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်အနေဖြင့် ကျုန်းတျဲယီကို သုတ်သင်ပစ်ရန် တာဝန်မရှိပေ။ သို့သော်… မမေးဘဲ မနေနိုင်သည့်အတွက်သာ မေနန့်စန်းက မေးမြန်းလိုက်မိခြင်း ဖြစ်လေတော့သည်။