← Chapters

ကျုပ်ဘာလို့ မကယ်လဲဆိုတာ တွေးနေမယ့်အစား ကိုယ့်ဆုံးဖြတ်နဲ့ကိုယ် လုပ်ပေါ့ဗျာ

Vol. 8 Ch. 733

ကျုပ်ဘာလို့ မကယ်လဲဆိုတာ တွေးနေမယ့်အစား ကိုယ့်ဆုံးဖြတ်နဲ့ကိုယ် လုပ်ပေါ့ဗျာ

Vol. 8 Ch. 733

မမေးသင့်သည့်မေးခွန်းမျိုးကို မေးလိုက်မိသည့်အတွက် မေနန့်စန်းမှာ အနည်းငယ်နောင်တရသွားမိလေသည်။

သို့သော်… သူက စိတ်ရှုတ်ထွေးစွာဖြင့် ဆန်းလျန်ထံမှ အဖြေစကားကိုလည်း စောင့်မျှော်နေမိလေသည်။

ဆန်းလျန်ကတော့ မေနန့်စန်း၏မေးခွန်းကို မဖြေခဲ့ပါ။ သူက လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ခပ်အေးအေး အမူအရာဖြင့် စားသောက်ဆိုင်ကောင်တာနောက်သို့ လမ်းပြန်လျှောက်သွားလေသည်။ သူ၏ အမူအရာများက ယခင်ကအတိုုင်း အေးဆေးတည်ငြိမ်နေဆဲပင်။

မေနန့်စန်းသည် ချက်ချင်းပင် ဆန်းလျန်၏ စိတ်တစ်ဖက်ခြမ်းကို ခံစားနားလည်လိုက်မိလေသည်။ ဆန်းလျန်သည် နူးညံ့သိမ်မွေ့ပြီး နွေးထွေးသူတစ်ယောက် ဖြစ်လေသည်။ သို့သော် နူးညံ့သိမ်မွေ့ နွေးထွေးမှုများထဲတွင် ဆန့်ကျင်ဘက်ဖြစ်သည့် အေးစက်မာကျောသည့်စိတ်ထားလည်း ယှဉ်တွဲတည်ရှိနေခဲ့လေသည်။

အခန်းထဲတွင် လေထုတစ်ခုလုံး လေးလံသွားသလို ခံစားလိုက်ရလေသည်။

အပြင်ဘက်တွင်တော့ လူပေါင်းများစွာ အသက်ဆုံးရှုံးနေကြပြီဖြစ်ပြီး နောက်ထပ်မည်မျှ ထပ်မံသေကြေကြဦးမည် ကို မခန့်မှန်းနိုင်ပေ။

သို့သော်… ဆန်းလျန်က အရေးမစိုက်ပါ။ သူသာ ဆန္ဒရှိမည်ဆိုလျှင် အရေးမစိုက်သည့်အပြင် ရယ်မော စကားပြောနေရန်ပင် တတ်နိုင်သူဖြစ်လေသည်။ စစ်ရေးမဟာဗျူဟာရေးဆွဲသည့်အချိန်တွင် လူပေါင်းများစွာ အသက်ကို စတေးရမည်ဖြစ်လင့်ကစား အမှုမထားသည့် ဘုရင်တစ်ပါးအလား ဖြစ်လေသည်။

ထိုအတွေးများသည် မေနန့်စန်း၏ ဆန်းလျန်အပေါ် တွေးထင်နေသည့် အတွေးများသာ ဖြစ်လေသည်။

ထိုအချက်သည် လုံးဝမဆီလျော်လှပါ။ သို့သော်…  ထိုအချက်သည်ပင် သူ၏လူသားဆန်မှု ဖြစ်ကောင်းဖြစ်ပေလိမ့် မည်။

မေနန့်စန်း၏ ဒဏ်ရာမှာ သက်သာသွားပြီ ဖြစ်လေသည်။

မေနန့်စန်းသည် လေးလံသည့်ခြေလှမ်းများဖြင့် ဆန်းလျန်အနားသို့ လျှောက်သွားလိုက်ပြီး…

"ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ခင်ဗျားသိထားပြီးသား မဟုတ်လား…."

ဆန်းလျန်က…

"ဖြေရှင်းဖို့နည်းလမ်းတွေက တစ်ခုတည်းမဟုတ်ဘူး ၊ အများကြီးရှိတယ် ၊ ခင်ဗျားက ပုရွက်ဆိတ်လေးတစ်ကောင် လို အပြတ်အသတ်ရှုံးနိမ့်လာပြီဆိုတော့ ခေါင်းထဲက ဘာမှ စဉ်းစားလို့မရတော့လို့ ကျုပ်ဆီကို အကြံဉာဏ် လာတောင်းတာလား ၊ ဒါပေမယ့် ကျုပ်ကတော့ ခင်ဗျားကို ဘာအကြံမှ ပေးမှာမဟုတ်ဘူး…."

ထိုသို့သောစကားမျိုးကိုပြောသူမှာ အခြားတစ်ယောက်သာဖြစ်လျှင် အလွန်မှ မောက်မာသူတစ်ယောက်ဟု မေနန့်စန်းတွေးမိမည် ဖြစ်လေသည်။ သို့သော်… ဆန်းလျန်သည်ကား အလွန်းထူးဆန်းသူတစ်ယောက် ဖြစ်လေ၏။ ဆန်လျန်အနေဖြင့် အပြောကြီးကြီးဖြင့် လျှောက်ပြောနေခြင်းဖြစ်သည်ဟု မေနန့်စန်း တစ်ချက်ကလေးပင် မထင်ရဲပါချေ။

မေနန့်စန်းက ခါးသက်စွာဖြင့်…

"ဒီကိစ္စမှာ ခင်ဗျား ဝင်မပါတာ တခြားအကြောင်းတစ်ခုခု ရှိလို့လား…"

ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း….

"ကျုပ်က သိပ်ကိုအေးစက်မာကျောတယ်လို့ ခင်ဗျားထင်ချင်နေနေလိမ့်မယ် ၊ ဒါပေမယ့် ကျုပ်အနေနဲ့ မဆိုင်တဲ့လူတွေကို လိုက်ပြီးကယ်တင်နေစရာ အကြောင်းမရှိဘူး ၊ တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာလည်း ကျုပ်ဂရုမစိုက်ဘူး ၊ ပြီးတော့ ကျုပ်ဝင်မပါရတဲ့ အကြောင်းကိုသိတော့လည်း ခင်ဗျားဘာလုပ်နိုင်မှာ မို့လို့လဲ ၊ တကယ်တော့ လောကမှာ ဘယ်သူမှ ကယ်တင်ရှင်လုပ်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး ၊ ဒါပေမယ့် ခင်ဗျားက ကယ်တင်ရှင်ဝင်လုပ်ချင်တယ်ဆိုရင်လည်း ကိုယ့်ဟာကိုယ်သွားလုပ်ပေါ့ ၊ ကျုပ်ဘာလို့ မကယ်လဲဆိုတာ တွေးနေမယ့်အစား ကိုယ့်ဆုံးဖြတ်နဲ့ကိုယ် လုပ်ပေါ့ဗျာ…"

မေနန့်စန်းက ခါးသက်စွာဖြင့် တစ်ချက်ပြုံးလိုက်ရင်း…

"ခင်ဗျား မှန်ပါတယ်…"

ထို့နောက် မေနန့်စန်း၏ မျက်ဝန်းများက စူးရှတောက်ပလာပြီး စကားဆက်ပြောလိုက်လေသည်။

"ကျုပ်ကလည်း ကယ်တင်ရှင်ကြီး ဖြစ်ချင်နေတာတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် ကျုပ်မတတ်နိုင်ဘူးဆိုရင်တောင်မှ တတ်နိုင်သလောက်တော့ လူတွေကို ကယ်ပေးရမှာပဲ…"

မေနန့်စန်းသည် အနည်းငယ် တုန်လှုပ်နေသည့်တိုင် စားသောက်ဆိုင်အပြင်ဘက်သို့ တည်ငြိမ်စွာဖြင့် ထွက်ခွာသွားလေသည်။ သူသည် စားသောက်ဆိုင်အတွင်းသို့ ဝင်လာခဲ့စဉ်က အလွန်ကြောက်ရွံ့နေခဲ့လေသည်။ သို့သော်… ယခု စားသောက်ဆိုင်အတွင်းမှ ပြန်လည်ထွက်ခွာသွားသည့်အချိန်တွင်တော့ ခိုင်မာသည့်ဆုံးဖြတ်ချက် ဖြင့်ရဲရင့်စွာ ထွက်ခွာသွားခဲ့လေသည်။

သူ၏နောက်ကျောကို ဆန်းလျန်က အသိအမှတ်ပြုသည့် မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်ကိုတော့ မေနန့်စန်း သိရှိခဲ့ခြင်း မရှိတော့ပါ။

ယခုကိစ္စတွင် ဆန်းလျန်မမှားဘူးဆိုသည်မှာ သေချာလေသည်။ သို့သော် မေနန့်စန်းလည်း မမှားပါ။

မတူညီသည့် လူသားများသည် မတူညီသည့် ရွေးခြယ်မှုများကို ပြုလုပ်နိုင်ကြလေသည်။ လူသားများ၏ဘဝတွင် ရွေးခြယ်မှုများမတူညီကြသည့်အတွက် ကံကြမ္မာများလည်း မတူညီကြခြင်းပင်ဖြစ်လေ၏။ ထို့ကြောင့် ကံတရားသည် ဆန်းကျယ်ပြီး ခန့်မှန်းရခက်ခြင်း ဖြစ်လေသည်။

ဆန်းလျန် မေနန့်စန်းကို ချီးကျူးသည့်အချက်မှာ ကိုယ်မှန်သည်ထင်သည့်လုပ်ရပ်ကို သတ္တိရှိရှိနှင့်လုပ်ရဲသည် သာမက ဆုံးဖြတ်ချက်ခိုင်မာပြီး ကိုယ်ပိုင်ခံယူချက်ရှိသည့်အတွက် ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မေနန့်စန်းသည် အလွန်အရည်အချင်းရှိသူတစ်ယောက် ဖြစ်ကြောင်း သိရှိနိုင်လေသည်။

အရင်တုန်းကတော့ မေနန့်စန်းသည် အရှေ့ပင်လယ်ဂိုဏ်းချုပ် မေနန့်စန်းဖြစ်ပေလိမ့်မည်။ ယခုတော့ မေနန့်စန်း သည် မေနန့်စန်း ကိုယ်တိုင်သာ ဖြစ်လေသည်။

အတိတ်တစ်ချိန်တုန်းက… ဆန်းလျန်သည်လည်း မေနန့်စန်းကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ရဖူးသည်ဟု စိတ်ထဲတွင် ခံစားနေရလေသည်။

သို့သော်… ကြာခဲ့ပြီ ဖြစ်လေသည်။ အလွန့်အလွန်ကြာခဲ့လေပြီဟု ထင်မှတ်ရလေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူသည်လည်း မေနန့်စန်းကဲ့သို့ ခေါင်းမာပြီး မိုက်မဲစွာဖြင့် လူသားများကို ကယ်တင်ခဲ့သူတစ်ယောက် ဖြစ်ခဲ့ဖူးဟန် ရှိလေသည်။

ဆန်းလျန်က ကောင်တာထောင့်ရှိ အံဆွဲထဲမှ စုတ်တံတစ်ချောင်းနှင့် စာရွက်ဖြူတစ်ရွက်ကို ထုတ်ယူလိုက်ပြီး စာကြောင်း (၂)ကြောင်းကို ရေးသားလိုက်လေသည်။

"ကမ္ဘာမြေကြီးလိုမယိမ်းယိုင်သည့် ငြိမ်းချမ်းမှု…

လျှို့ဝှက်ချက်တစ်ခုကဲ့သို့ နက်ရှိုင်းသည့် တိတ်ဆိတ်မှု…"

ထိုစာ (၂)ကြောင်းသည် လက်ရှိအခြေအနေနှင့် သက်ဆိုင်ခြင်းမရှိပါ။

ဆန်းလျန်က သူ၏စိတ်များ ပိုပြီး တည်ငြိမ်စေရန်အတွက် ချရေးလိုက်ခြင်းသာ ဖြစ်လေသည်။ သူသည် နတ်ဘုရား တစ်ပါးဖြစ်လေသည်။ သို့သော်… သူ့တွင် လူသားဆန်သည့် နှလုံးသား ရှိပါသေးသည်။ သို့သော်… ယခုအချိန်တွင် မိစ္ဆာများကို သတ်လိုက်မည်ဆိုလျှင် ပြဿနာ၏ အရင်းအမြစ်ကို သိရှိနိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် နောက်ကွယ်မှ ကြိုးကိုင်နေသူသည် ရှောင်ထွက်သွားမည် ဖြစ်လေသည်။

ထိုအချိန်မှာပင်…

"ဦးလေးကြီး… ဦးလေးကြီး လက်ရေးကအရမ်းလှတာပဲ ၊ အဲဒီစာရွက်လေး ကျွန်မကို ပေးပါလားဟင်…"

ဆန်းချင်းချင်း မည်သည့်အချိန်က ဆန်းလျန်အနားသို့ရောက်နေသည်မသိပေ။ ဆန်းလျန်ပင် သတိထားလိုက်မိခြင်း မရှိပေ။

သူမသည် အပြင်မှ ပြန်လာခြင်းဖြစ်လေသည်။ အပြင်ဘက်တွင် မိုးများသည်းထန်စွာရွာသွန်းနေသည့်တိုင် သူမ၏ ခန္ဓာကိုယ်ထက်တွင် မိုးရေလေးတစ်စက်ပင် စိုခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမထံတွင် မိုးစက်ပုံသဏ္ဍန် အဖိုးတန်အဆောင်ပစ္စည်းလေးတစ်ခု ရှိနေသောကြောင့် ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ချင်းဟယ်မင်းသား မည်မျှ ကြွယ်ဝချမ်းသာသည်ကို သိရှိနိုင်လေသည်။

ဆန်းလျန်က…

"မပေးနိုင်ပါဘူး"

ဆန်းချင်းချင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး…

"ကပ်စေးနှဲလိုက်တာ…"

သူမစကားဆုံးသွားသည်နှင့် ဆန်းလျန်၏ ရှည်လျားသွယ်လျသည့် လက်ချောင်းလေးများက ဆန်းချင်းချင်း၏ နားရွက်ကို လာရောက်ထိကိုင်လိုက်လေသည်။

ဆန်းချင်းချင်းမှာ နားရွက်ကို အကိုင်ခံလိုက်ရသည့်အတွက် အနည်းငယ် စိတ်ကသိကအောက်ဖြစ်သွားရလေသည်။

သို့သော်… သူမ၏ နားရွက်ထဲမှ ဆန်းလျန်ဆွဲထုတ်လိုက်သည့် အစိမ်းရောင်တီကောင်တစ်ကောင်ကို တွေ့လိုက်ရသည့်အခါတွင်တော့ သူမသည် အာခေါင်ခြစ်ကာ အော်ဟစ်လိုက်မိလေတော့သည်။ ထိုသတ္တဝါသည် အလွန်ရွံစကာကောင်းပြီး လောက်ကောင်အကြီးစားနှင့် ဆင်တူလေသည်။

ဆန်းချင်းချင်း၏ အော်ဟစ်သံကြောင့် အထိန်းတော်ကြီးမှာလည်း အလျှင်အမြန် ရောက်ရှိလာလေသည်။ သူက ဆန်းချင်းချင်း၏ အော်သံကြောင့် အလွန်အမင်းစိတ်ပူသွားမိသော်လည်း ဆန်းလျန်လက်ထဲမှ အစိမ်းရောင်တီကောင်ကိုတွေ့လိုက်ရသည့်အခါတွင်တော့ အခြေအနေကို သဘောပေါက်သွားလေသည်။ အစိမ်းရောင်တီကောင်သည် ဆန်းလျန်၏ လက်ထဲတွင် တွန့်လိမ်နေလေသည်။

ဆန်းချင်းချင်း၏ ကိုယ်ပေါ်တွင် အဆိပ်များကိုဖယ်ထုတ်နိုင်ပြီး မိစ္ဆာအတတ်များကိုလည်း ကာကွယ်ပေးနိုင်သည့် အဆောင်တစ်ခု ရှိလေသည်။ ထို့ကြောင့် ဆန်းချင်းချင်းကိုယ်ပေါ်သို့ တက်လာမိသည့် အစိမ်းရောင်တီကောင်မှာ တွန့်လိမ်နေပြီး နာကျင်ဝေဒနာကို ခံစားနေရဟန်ရှိလေသည်။

ဆန်းလျန်က တီကောင်ကို လက်ညိုးနှင်လက်မအသုံးပြုကာ ဖိချေလိုက်လေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် စိမ်းပြာရောင်အငွေ့များအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားလေသည်။

ဆန်းချင်းချင်းက ထိတ်လန့်စွာဖြင့် သူမ၏ရင်ပတ်ကို အသာဖိထားလိုက်ပြီး…

"အဲဒါ ဘာကောင်ကြီးလဲ…"

ဆန်းလျန်က…

"အလောင်းစားလောက်ကောင်လို့ခေါ်တယ် ၊ ကပ်ပါးကောင်တစ်မျိုးပဲ…"

ဆန်းချင်းချင်းမှာ ကြောက်နေဆဲ ဖြစ်လေသည်။

"ဦးလေးကြီး ၊ ကျေးဇူးပါ…"

ဆန်းလျန်က…

"ဘာလဲ… ခုနကတော့ မင်းရဲ့ နားရွက်ကိုကိုင်လို့ ကျုပ်ကို စိတ်ဆိုးနေပြီးတော့…"

ဆန်းချင်းချင်းက…

"ဦးလေးကြီး ကျွန်မနားရွက်ကိုကိုင်လို့ ကျွန်မက စိတ်မဆိုးပါဘူး ၊ ဦးလေးကြီးက လူကောင်းတစ်ယောက်ပဲဟာ…"

သူမက ချစ်စရာကောင်းသည့် အမူအရာလေးဖြင့် စကားပြောလိုက်လေသည်။

ဆန်းချင်းချင်း၏ ချောမောလှပသော မျက်နှာလေးသည် နေရောင်ခြည်အလား လင်းလက်နေလေသည်။ သူမကို မြင်သူတိုင်းက မချစ်ဘဲ နေနိုင်ကြမည် မဟုတ်ပေ။

သို့သော်… ဆန်းလျန်ဆိုသည်က စိတ်ဓာတ်အလွန်တည်ကြည်ခိုင်မာသူဖြစ်လေရာ သူ့ရှေ့မှ အလှတရားလေးကြောင့် တစ်ချက်ပင် စိတ်ယိမ်းယိုင်ခြင်း မဖြစ်မိပါချေ။

ထိုအချိန်မှာပင်… သူတို့အနားသို့ ကူးဝေေ၀ ရောက်ရှိလာခဲ့လေသည်။

ကူးဝေေ၀က…

"အပြင်မှာ ဆူညံနေတာပဲ ၊ ဘာတွေဖြစ်နေတာလဲ မသိဘူး…"

ဆန်းချင်းချင်းသည် ယခုမှ အပြင်က ပြန်လာခြင်းဖြစ်လေသည်။

သူမက အပြင်ဘက်တွင် သောင်းကြမ်းနေသည့် မိစ္ဆာများအကြောင်းနှင့် လူအများ သေကြပျက်စီး ကြသည့်အဖြစ်အပျက်များကို ကူးဝေေ၀အား အသေးစိတ်ရှင်းပြလိုက်လေသည်။

ကူးဝေေ၀မှာ စိတ်မကောင်းဖြစ်သွားပြီး…

"သြော်… လူတွေ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရတာ စိတ်မကောင်းစရာပဲ…"

ဆန်းချင်းချင်းက…

"သံမဏိလိုမာကျောတဲ့ ဦးလေးကြီးရဲ့ နှလုံးသားကိုပဲ အပြစ်တင်ရတော့မယ် ၊ ဦးလေးကြီးလိုမျိုး တန်ခိုးရှင်တွေက မိုင်ပေါင်းများစွာအကွာအဝေးက လှုပ်ရှားမှုတွေကိုတောင် သိမြင်နိုင်စွမ်း ရှိကြတာပဲမဟုတ်လား ၊ ဦးလေးကြီးသာ ကူညီရင် ယိုယို သေရမှာ မဟုတ်ဘူး…"

ဆန်းချင်းချင်းက သူမ၏ စကားဆုံးသွားသည်နှင့် ကူးဝေေ၀ကလည်း ဆန်းလျန်ကို အပြစ်တင်လိမ့်မည်ဟု ထင်မှတ်ထားမိလေသည်။

သို့သော် ကူးဝေေ၀ ပြောလိုက်သည့် စကားမှာ…

"မင်းသမီးလေး ၊ ဆန်းလျန်က ကယ်နိုင်ရက်သားနဲ့ မကယ်ဘူးဆိုရင်တောင်မှ ဆန်းလျန်ကို အပြစ်တင်လို့ မရပါဘူး ၊ ဘာလို့လဲဆိုတော့ ဒီကိစ္စတွေက ဆန်းလျန်နဲ့ ဘာမှမဆိုင်ဘူး ၊ တကယ်တမ်း ယိုယိုကိုသတ်လိုက်တာက အဲဒီ မိစ္ဆာကောင်လေ…"

ဆန်းချင်းချင်းမှာ အနည်းငယ်လှုပ်ရှားသွားလေသည်။

ကူးဝေေ၀မှာ ကျင့်စဉ်အနည်းငယ်ကို ကျင့်ကြံထားသည့်တိုင် သာမန်မိန်းကလေးတစ်ယောက်မျှသာဖြစ်သည်ဟု သူမက ထင်မှတ်ထားခဲ့လေသည်။ ကူးေ၀၀မှော နိမ့်ကျသည့်အတွက် ဆန်းလျန်နှင့်ပင် မတန်ဟု သူမက တွေးထင်ခဲ့ဖူးလေသည်။ သို့သော်…. မမျှော်လင့်စွာပင် ကူးဝေေ၀သည် ကိစ္စရပ်များကို အမှားအမှန် မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်သူတစ်ယောက် ဖြစ်နေခဲ့လေသည်။

ဆန်းချင်းချင်းက ချက်ချင်းပင် ကူးဝေေ၀ကို တောင်းပန်လိုက်လေသည်။

"မမဝေေ၀ ပြောတာမှန်ပါတယ် ၊ ကျွန်မ စကားပြောမှားသွားပါတယ်…"

ဆန်းချင်းချင်းသည် ပွင့်လင်းသူတစ်ယောက် ဖြစ်လေသည်။

ထို့ပြင် သူမသည် လူကဲခတ်လည်း တော်သူဖြစ်လေသည်။ ချင်းဟယ်နန်းတော်တွင် ကြီးပြင်းလာသူတစ်ယောက် ဖြစ်သည့်အတွက် ထက်မြက်သူများ ၊ စီးပွားရေးသမားများ ၊ အစိုးရအာဏာပိုင်များ စသည့် လူပေါင်းများစွာဖြင့် တွေ့ကြုံခဲ့ရလေရာ သူမသည် အရွယ်နှင့်မလိုက်အောင် အတွေ့အကြုံရင့်ကျက်ပြီး လိမ္မာပါးနပ်သူတစ်ယောက် ဖြစ်လေသည်။

သို့သော်… ထိုသို့ လူရည်လည်ကာ လိမ္မာပါးနပ်ခြင်းမှာ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်းရှိသည်ဟု ဆန်းလျန်ကတော့ တွေးထားခဲ့လေသည်။

သာမန်လူတစ်ယောက်အနေဖြင့် ရှင်သန်နေထိုင်သွားမည်ဆိုလျှင်တော့ လိမ္မာပါးနပ်ပြီး အတွေ့အကြုံရင့်ကျက် ခြင်းသည် ကောင်းသည့်အချက်ဖြစ်လေသည်။

သို့သော်… စစ်မှန်သည့်ကျင့်စဉ်လမ်းကို လျှောက်လှမ်းမည်ဆိုလျှင်တော့ သိပ်ပြီး လိမ္မာပါးနပ်နေစရာ မလိုပေ။ ကျင့်ကြံသူတစ်ယောက်သည် အရမ်းကို လိမ္မာပါးနပ်ပြီး လူရည်လည်နေပါက တစ်ချိန်တွင် မိစ္ဆာလမ်းစဉ်သို့ ကျရောက်သွားနိုင်သောကြောင့် ဖြစ်လေသည်။

ကူးဝေေ၀က…

"ကိစ္စမရှိပါဘူး မင်းသမီးလေး ၊ မှားတယ် မှန်တယ်ဆိုတာကလည်း ကိုယ့်အမြင်နဲ့ကိုယ်ပဲလေကွယ်…"

All Chapters