← Chapters

တစ်ချိန်ကဂီတတေးသွား

Vol. 8 Ch. 735

တစ်ချိန်ကဂီတတေးသွား

Vol. 8 Ch. 735

ရွှီချင်းဟွမ် ကျေနပ်သွားသည်ကို မြင်တော့မှာ ဟူတောက်တယ်မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်နိုင်လေသည်။

ထို့နောက် သူက ရွှီချင်းဟွမ် ဘာများလိုအပ်သေးသည်လဲဟု မေးမြန်းပြီး မလိုအပ်တော့သည်မှာ သေချာတော့မှ မိန်းကလေး (၂)ယောက်ကို ရွှီချင်းဟွမ်ကို ပြုစုရန်အတွက် ထားခဲ့ပြီး ထွက်ခွာလာခဲ့လေတော့သည်။

ရွှီချင်းဟွမ် ဘေးနားတွင် သူ ကြာကြာမနေရဲပါချေ။

မဟုတ်ပါက… ရွှီချင်းဟွမ်၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ပြင်းထန်လှသော သတ်ဖြတ်လိုသည့်အငွေ့အသက် များကြောင့် အချိန်မရွေး မူလပုံစံဖြစ်သည့် အနီရောင် မြေခွေး ပုံသဏ္ဍန် ပြောင်းလဲ သွားနိုင်လေသည်။

ဟူတောက်တယ် ထွက်ခွာသွားသည်နှင့် ကျန်ရစ်ခဲ့သည့် မိန်းမပျိုလေး (၂)ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။ သို့သော်… ရွှီချင်းဟွမ်ကိုတော့ တစ်ချက်ကလေးပင် မော့ကြည့်ရဲခြင်း မရှိကြပေ။ ရွှီချင်းဟွမ်မှာ အလွန်မှ အေးစက်တင်းမာသူဖြစ်လေရာ သူတို့ (၂)ယောက် အလွန်မှ ကြောက်ရွံ့နေကြ လေသည်။

ရွှီချင်းဟွမ်က သူတို့ (၂)ယောက်ကို မျက်နှာထားတင်းတင်းဖြင့် အေးစက်စွာ စကားဆိုလိုက်လေသည်။

"ရော့… ဒီဂီတစာအုပ်ကို နည်းနည်းပါးပါးဖတ်ကြည့်ပြီး ကျုပ်အတွက် တီးခတ်ပေးစမ်း…"

အနည်းငယ်အရပ်ပုသည့် မိန်းကလေးက ရွှီချင်းဟွမ်လက်ထဲမှ ဂီတစာလိပ်ကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လှမ်းယူလိုက်လေသည်။

စာလိပ်လေးထက်တွင် သီချင်းတေးသွားအမည်ကို ရေးသားထားခြင်း မရှိပေ။ သို့သော်… ဗျပ်စောင်းနှင့် ပုလွေကို တွဲဖက်တီးခတ်ရမည့် ဂီတတေးသွားတစ်ခု ဖြစ်လေသည်။ မိန်းကလေး (၂)ယောက် အတူတူ တွဲဖက်တီးခတ်ရမည့် ဂီတအမျိုးအစား ဖြစ်လေသည်။

မိန်းကလေးနှစ်ယောက်သည် တေးသွားတီးခတ်ရန်အတွက် ခေါင်းချင်းဆိုင်ကာ တီးတိုးတိုင်ပင် နေကြလေသည်။

သို့သော်… မိန်းမပျိုလေး (၂)ယောက် ဂီတသံစဉ်တီးခတ်ရန် တီးတိုးတိုင်ပင်နေကြချိန်မှာပင် ရွှီချင်းဟွမ်က လက်ထဲမှဓားကို အနီးရှိ စားပွဲပေါ်သို့ တင်လိုက်သည့်အတွက် မိန်းကလေး (၂)ယောက်မှာ ထိတ်လန့်ပြီး နောက်သို့ အသာဆုတ်သွားကြလေသည်။

ဓားဆီမှ ဓားခြိမ်းသံတစ်ချက်ထွက်ပေါ်လာလေရာ မိန်းကလေး (၂)ယောက်မှာ ကြောက်ရွံ့လွန်းသည့်အတွက် ရပ်ပတ်ကို နှစ်နှစ်ဖက်ဖြင့် ဖိထားမိကြလေ၏။

သို့သော် ရွှီချင်းဟွမ်၏ အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိပေ။ သူက ဓားကိုသာ စိုက်ကြည့်နေလေသည်။ မိန်းကလေး (၂)ယောက်ကို သိပ်ပြီး အာရုံမရှိပေ။ ထို့ကြောင့် သူတို့ (၂)ယောက်မှာ စိတ်သက်သာရာ ရသွားပြီး အမည်မရှိသည့် ဂီတစာအုပ်ကို ဆက်လက်လေ့လာနေကြလေသည်။

ရွှီချင်းဟွမ်သည် သူ၏ဓားကို ကြည့်နေလေသည်။ တကယ်တမ်းတွင်တော့ သူက စိတ်စွမ်းအားဖြင့် ဓားအတွင်းမှ မိစ္ဆာကို ဆက်သွယ်စကားပြောနေခြင်း ဖြစ်လေသည်။

"သွေးဓားရဲ့ မိစ္ဆာစွမ်းအားတွေကို ဒီဂီတသံစဉ်က တကယ်ပဲ ဖယ်ရှားပေးနိုင်မှာလား…"

ရွှီချင်းဟွမ်က စိတ်စွမ်းအားဖြင့်စကားပြောနေခြင်း ဖြစ်လေရာ အခန်းထဲမှ မိန်းကလေးငယ် (၂)ယောက်ကတော့ ကြားနိုင်ခြင်း မရှိပေ။

ဓားအိမ်က တစ်ချက်လှုပ်ခတ်သွားပြီး မိစ္ဆာဆန်သည့် လူတစ်ယောက်၏အသံ ထွက်ပေါ်လာလေသည်။

"ဒီဂီတတေးသွားက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက ကျင့်ယယ်ကျန်းရန်ရေးသားခဲ့တဲ့ ဂီတတေးသွားပဲ ၊ ဒီတေးသွားကို မိစ္ဆာနတ်ဘုရားတွေတောင် အနိုင်ယူနိုင်ပါ့ မလားမသေချာဘူး ၊ ဒါပေမယ့် ကျုပ်ကတော့ အဲဒီတေးသွားကို တစ်ခါမှ နားမထောင်ဖူးဘူး ၊ အဲဒီတော့ ဒီတေးသွားက သွေးဓားမှာရှိနေတဲ့ မိစ္ဆာစွမ်းအားတွေကို သန့်စင်ပစ်နိုင်မလားဆိုတာတော့ ကျုပ်လည်း အတည်မပြုနိုင်ဘူး ၊ ဒါပေမယ့် မင်းကိုတော့ ရူးမသွားအောင် လုပ်ပေးနိုင်မှာပေါ့ ၊ သွက်သွက်ခါအောင်ရူးမသွားအောင်တော့ ကာကွယ်ပေးနိုင်မှာပါ…"

"ဟွန့်… မင်းသာ ဒီသွေးဓားကျင့်စဉ်ကို ကျင့်ကြံဖို့ ကျုပ်ကို သွေးမဆောင်ခဲ့ဘူးဆိုရင် ကျုပ် ဒီလိုပြဿနာကြီးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူး ၊ ကျုပ်သာ မိစ္ဆာလမ်းစဉ်ထဲကို ကျရောက်သွားရင် အဲဒီတစ်ယောက်က မင်းကို အလွတ်ပေး မယ်များထင်နေလား"

ရွှီချင်းဟွမ်က အေးစက်သည့်လေသံဖြင့် ပြောလိုက်လေသည်။

ရွှီချင်းဟွမ်၏ဓားမှာ သွေးဓားဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီအချိန်ကပင် ထိုဓားထဲတွင် မိစ္ဆာတစ်ကောင် ပုန်းအောင်းနေခဲ့လေသည်။ ရွှီချင်းဟွမ်က သွေးဓားကို အမှတ်မထင်တွေ့ရှိခဲ့ပြီး မိစ္ဆာကျင့်စဉ်လမ်းသို့ ခြေတစ်ဖက်လှမ်းလိုက်မိသလို ဖြစ်သွားရ လေသည်။ သူ၏ သန့်စင်သည့် တာအိုစိတ်ထားသည် မိစ္ဆာစွမ်းအားများကြောင့် ညစ်ညမ်းကုန်ရလေသည်။

ထို့ကြောင့် သူက သေစေခြင်းကျောင်းတော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။ သူမိစ္ဆာကျင့်စဉ်လမ်းသို့ ဝင်ရောက်မိသည်ကို သေစေချင်းကျောင်းတော်မှ ဂိုဏ်းချုပ်ပင်လျှင် သိရှိခြင်း မရှိသေးပေ။

ရွှီချင်းဟွမ်မှာ ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်လေရာ စိတ်အာရုံများက အလွန်စူးရှ ထက်မြက်လေသည်။ ထို့ကြောင့် ဓားထဲတွင်ပုန်းအောင်းနေသည့် မိစ္ဆာကောင်ကို သတိထားလိုက်မိခြင်း ဖြစ်လေသည်။

ထိုမိစ္ဆာကောင်၏အမည်မှာ ယွိကျုန်းကျယ်ဖြစ်ပြီး ကွန်ဖြူးရှပ်ဝါဒကို ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အမှောင်မိစ္ဆာသခင်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့လေသည်။ ကွန်ဖြူးရှပ်ဝါဒနှင့် မိစ္ဆာကျင့်စဉ် (၂)ခုစလုံး ကျင့်ကြံပြီးသည့်အခါတွင်တော့ သူသည် ထိပ်တန်း အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီး နတ်ဘုရားတစ်ပါးဖြစ်လာရန်ပင် နီးစပ်လာခဲ့လေသည်။

နောက်ပိုင်းတွင်တော့ အမှောင်မိစ္ဆာသခင် ကျဆုံးသွားခဲ့ပြီး အမှောင်မိစ္ဆာဂိုဏ်းလည်း ပြိုကွဲသွားခဲ့လေသည်။ ထိုအခါ သူသည်လည်း အခြားသောကျင့်ကြံသူများ၏ လက်ချက်ဖြင့် နှိမ်နင်းခံလိုက်ရပြီး သူ၏ဝိညာဉ်က သွေးဓားထဲတွင် မိစ္ဆာနယ်မြေတစ်ခု ဖန်ဆင်းကာ နေထိုင်ခဲ့လေသည်။

သွေးဓားသည် နှစ်ပေါင်းများစွာ လှည့်ပတ်သွားလာနေခဲ့ပြီး နောက်ဆုံးတွင်တော့ ရွှီချင်းဟွမ်လက်ထဲသို့ ရောက်ရှိ လာခဲ့လေသည်။

ရွှီချင်းဟွမ်သည် ထိုမိစ္ဆာပြောသည့် စကားများကို တစ်ဝက်သာ ယုံကြည်လေသည်။

သို့သော်… သူသည် သွေးဓားအတွက် အသက်အသွေးပေါင်းများစွာကို စတေးကာ ယာဇ်ပူဇော်ခဲ့ပြီး မိစ္ဆာကျင့်စဉ်လမ်းသို့ နယ်ကျွံခဲ့ကာ ပြန်မနှုတ်နိုင် ဖြစ်နေရလေသည်။

သေစေခြင်းကျောင်းတော်ကို တည်ထောင်သူဆရာသခင်သည် သူ့ခေတ်သူ့အခါက စစ်မှတ်သည့် နတ်ဘုရား ကျောင်းတော်ကြီးတစ်ခုမှ ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ ထိုနတ်ဘုရားကျောင်းတော်ကြီးသည် အလွန်မှ စစ်မှန်မြင့်မြတ်သည့် ကျောင်းတော်ကြီးတစ်ခုဖြစ်ခဲ့လေသည်။

ထိုဆရာသခင်သည် သေစေခြင်းကျောင်းတော်ကိုတည်ထောင်ခဲ့ပြီး မိစ္ဆာများကိုသတ်ဖြတ်ကာ အပြစ်ကင်းသူများကို ကယ်တင်ရန် ရည်ရွယ်ခဲ့လေသည်။

နောက်ပိုင်းတွင်တော့ သေစေခြင်းကျောင်းတော်သည် အတက်အကျ အနိမ့်အမြင့်များစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အခြေခံကျင့်စဉ်များ အနည်းငယ် ပြေင်းလဲသွားခဲ့သည့်တိုင် စစ်မှန်သည့် ကျင့်စဉ်လမ်းမှ သွေဖည်သွားခြင်း မရှိခဲ့ပေ။ ယွမ်ကျိုးနယ် ကျင့်ကြံသူလောကတွင် အထင်ကရ ကျောင်းတော်ကြီးတစ်ခု ဖြစ်နေဆဲပင် ဖြစ်လေသည်။

ထို့ကြောင့် ရွှီချင်းဟွမ်သာ မိစ္ဆာကျင့်စဉ်ကိုကျင့်ကြံပြီး လမ်းမှားသို့ ရောက်ရှိသွားပါက သေစေခြင်းကျောင်းတော်၏ ဂိုဏ်းချုပ်သည် သူ့ကို မည်သည့်နည်းနှင့်မှ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

ထို့ပြင်… ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူအများစုသည် သေစေခြင်းကျောင်းတော်ကို ကြောက်ရွံ့ကြလေသည်။ ထို့ကြောင့် သေစေခြင်းကျောင်းတော်မှ ကျင့်ကြံသူများကို သူတို့က သတိထားစောင့်ကြည့်နေကြလေသည်။

ရွှီချင်းဟွမ်သည် ကျောင်းတော်တွင် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့်သူ့ကို မျက်စိတောက်ထောက်ကြည့်နေကြသူများလည်း ဒုနှင့်ဒေးပင် ဖြစ်လေ၏။

ယခင့်ယခင်က မျိုးဆက်မှ ကျင့်ကြံသူများကို ထည့်မတွက်သေးဘဲ လက်ရှိအချိန်တွင် မရဏဓား (၁၀)လက်နှင့် ရင်ဆိုင်ရလျှင်ပင် ရွှီချင်းဟွမ်သည် ချက်ချင်းအသက်ပျောက်သွားမည့်သူ ဖြစ်လေသည်။ သူ မိစ္ဆာလမ်းသို့ လိုက်နေသည့်အချက်သာ အခြားသူများ သိရှိသွားခဲ့လျှင် မရဏဓား (၁၀)လက်အနက် (၁)လက်ကတော့ ကျိန်းသေ ရိပ်မိသွားမည်ဖြစ်လေသည်။ ထိုအခါ သူ့အနေဖြင့် ဝိညာဉ်ပါမကျန်အောင် သုတ်သင်ခံရမည် ဖြစ်လေသည်။

ထိုသို့ အဖက်ဖက်မှ ဖိအားပေးနေသည့် အခြေအနေများကြောင့် ရွှီချင်းဟွမ်သည် ဓားထဲတွင်နေထိုင်သည့် မိစ္ဆာနှင့် ခဏတာမျှ ပူးပေါင်းပြီး သွေးဓားမှ မိစ္ဆာစွမ်းအားများကို ဖယ်ရှားရန် ကြံစည်နေခြင်း ဖြစ်လေ၏။

ရွှီချင်းဟွမ် မကျေမနပ်ဖြစ်နေသည်ကို သိသော်လည်း မိစ္ဆာကောင်က သိပ်ပြီး အလေးအနက်မထားပါ။

မိစ္ဆာက စကားဆက်ပြောလိုက်လေသည်။

"ကျုပ် ဒီနေရာကို ဘာလို့လာခဲ့တာလဲ မင်းသိလား ၊ တကယ်တော့ ဗျပ်စောင်းတီးတတ်ပြီး ပုလွေမှုတ်တတ်တဲ့ မိန်းကလေးတွေကိုရှာဖို့ဆိုရင် ဘာခက်မှာလဲ ၊ ဒီနေရာကိုလာခဲ့တာ သူတို့ကိုရှာဖို့ မဟုတ်ပါဘူး…"

ရွှီချင်းဟွမ်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး…

"မင်းမပြောလည်း ကျုပ်က မင်းကိုမေးတော့မလို့ပဲ…"

မိစ္ဆာကောင်က ရယ်မောလိုက်ရင်း…

"ဒီနေရာမှာ အရိုးမိစ္ဆာတစ်ကောင်ရောက်နေတယ် ၊ မင်းသာ အဲဒီ အရိုးမိစ္ဆာကို နှိမ်နင်းနိုင်ရင် မင်းရဲ့အရိုးတွေကို အဲဒီ အရိုးမိစ္ဆာရဲ့အရိုးတွေနဲ့ အစားထိုးလိုက်လို့ရတယ် ၊ ဒါဆိုရင် ပုရွှီးအဆင့်ကိုမရောက်ခင်မှာပဲ တန်းပြီး နတ်ဘုရား ခန္ဓာရရှိလိမ့်မယ် ၊ အဲဒါဆိုရင် နတ်ဘုရားခန္ဓာနဲ့ သွေးဓားကို ထိန်းချုပ်ပြီး သေစေခြင်းကျောင်းတော်က ထိပ်တန်းမရဏဓားသိုင်းနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် နန်းတော် (၃)ခုနဲ့ နတ်ဘုရား ကျောင်းတော်ကြီး (၄)ခုက ရှေးဟောင်းနတ်ဘုရားတွေ လာတိုက်ခိုက်ရင်တောင် ကြောက်စရာ မလိုတော့ဘူး ၊ မင်းကြောက်နေတဲ့ မရဏဓား (၁၀)လက်ဆိုတာ လှောင်ရယ်ပြီးတော့တောင် သတ်ပစ်လိုက်နိုင်တယ်…"

မိစ္ဆာက ထိုစကားကို လွတ်လပ်စွာပြောဆိုနေခြင်း ဖြစ်ပြီး ရွှီချင်းဟန် အနာဂတ်တောက်ပစေရန် လမ်းပြပေးနေသည် နှင့်ပင်တူနေသေးသည်။

ရွှီချင်းဟွမ်က…

"မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ကျုပ်က ယုံမယ်များ ထင်နေသလား…"

သူက စိတ်ထဲမှ ကျိတ်ပြီး နှာခေါင်းရှုံ့လိုက်မိလေသည်။ သူ၏ ပြဿနာများ ဖြေရှင်းပြီးသွားလျှင် ပထမဆုံးသတ်ပစ် မည့်သူမှာ ဓားထဲမှ မိစ္ဆာကောင်ပင် ဖြစ်လေသည်။

ဓားထဲမှ မိစ္ဆာကတော့ ရွှီချင်းဟွမ်၏ အတွေးများကို သတိထားမိဟန်မရှိပေ။ သူက ရွှီချင်းဟွမ်ကို အားပေးစကားပင် ပြောနေမိသေးသည်။

(၁၅)မိနစ်ခန့် ကြာပြီးသည့်အခါတွင်တော့ ဂီတတေးသွားစာလိပ်ကို ယူလိုက်သည့် အရပ်ပုပုနှင့် မိန်းကလေးကပင် ရွှီချင်းဟွမ်ကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…

"သခင်လေး… ကျွန်မတို့ ဂီတစာအုပ်ကို ဖတ်ပြီးပါပြီ ၊ သခင်လေးအတွက် တီးခတ်ဖျော်ဖြေပေးပါ့မယ်…"

ရွှီချင်းဟွမ်က အေးစက်သည့်အမူအရာဖြင့်ပင် ခေါင်းတစ်ချက်ညိတ်ပြလိုက်လေသည်။

မိန်းမပျိုလေးသည် ရွှီချင်းဟွမ်ကို တိတ်တဆိတ်ခိုးကြည့်လိုက်မိလေသည်။ ထိုမျှချောမောလှပသည့် ယောကျ်ားပျို အတွက်ဆိုလျှင် ဘဝတစ်ခုလုံးပေးဆပ်လိုက်ရလျှင်ပင် နာကျင်မည်မဟုတ်ဟု သူမက တွေးလိုက်မိလေသည်။

မိန်းမပျို (၂)ယောက်က ဗျပ်စောင်းတီးခတ် ၊ ပုလွေတီးမှုတ်နေသည့်အချိန်တွင် ရွှီချင်းဟွမ်သည် မျက်လုံးများကို အသာမှေးမှိတ်ကာ စားပွဲခုံကို လက်ဖြင့်အသာပုတ်ရင်း နားထောင်နေခဲ့လေသည်။

တေးသွားမှာ ဒဏ္ဍာရီထဲမှ ဂီတနတ်ဘုရား ကျင့်ယယ်ကျန်းရန်ရေးစပ်ခဲ့သည်ဟု ပြောစရာပင်မလိုပေ။  သာမန် မိန်းမပျိုလေး (၂)ယောက်က တီးခတ်နေခြင်းဖြစ်သည့်တိုင် အလွန်မှ စွဲဆောင်မှုရှိကာ နားထောင်၍ ကောင်းလှလေ သည်။

ဂီတသံစဉ်ကို နားထောင်နေရင်း ရွှီချင်းဟွမ်သည် မကျေမနပ်ဖြစ်နေသည့်စိတ်များ ပျောက်ကွယ်သွားပြီး ကြည်လင် လန်းဆန်းလာလေသည်။ တောတောင်ရေမြေ သဘာဝတရားအလှများကြားတွင် ပျံဝဲနေသည့် လိပ်ပြာလေး တစ်ကောင်အလား ခံစားလာရလေသည်။

သူ၏ခန္ဓာကိုယ်တွင် ထွက်ပေါ်နေသည့် ပြင်းထန်လွန်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်များ အားနည်းသွားပြီး တွန့်ချိုးနေသည့် သူ၏ မျက်ခုံး (၂)ခုမှာ အနည်းငယ် ပြေလျော့သွားလေသည်။

ရေခဲများ အရည်ပျော်ကျသွားသည့်အလား ၊ ညချမ်းအချိန်အခါတွင် တိုက်ခတ်လာသည့် လေပြေအေးအလား ... စိတ်များကြည်လင်ငြိမ်းချမ်းလာရလေသည်။

သွေးဓားအတွင်းမှ မိစ္ဆာဝိညာဉ်မှာလည်း ဂီတသံကိုခံစားနေပြီး ဓားသွားမှာ တုန်ခါနေသယောင်ပင် ထင်မှတ်ရလေသည်။

ရုတ်တရက်...

သွေးဓားသည် စားပွဲပေါ်မှ ပျံတက်သွားပြီး ရွှီချင်းဟွမ်၏ လက်ထဲသို့ ခုန်ဆင်းသွားလေတော့သည်။ ရွှီချင်းဟွမ်၏ ခန္ဓာကိုယ်မှ အားနည်းသွားသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များသည် ချက်ချင်းပင် ပြန်လည်ထွက်ပေါ်လာပြီး ဒီရေလှိုင်းလုံးကြီးများအလား မြင့်တက်လာလေသည်။ ထိုအငွေ့အသက်များကြောင့် ပြတင်းတံခါးများပင်လျှင် ပေါက်ကွဲထွက်သွားရလေသည်။

ခိုင်မာသည့် သစ်သားပြတင်းပေါက်များသည် ချက်ချင်းပင် အမှုံ့ဖြစ်သွားကြလေသည်။ ဖုံမှုံ့များ လေထဲတွင် ပလူပျံသွားသည်မှလွဲပြီး နောက်ထပ်ထူးခြားမှုများ ဖြစ်မလာတော့ပေ။

ထိုအခါမှ... ရွှီချင်းဟွမ် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

ဂီတသံစဉ်များတီခတ်နေကြသည့် မိန်းမပျို (၂)ယောက်မှာ သတိလစ်ပြီး လဲကျနေကြပြီ ဖြစ်လေသည်။

ရွှီချင်းဟွမ်၏အခန်းထဲမှ ပေါက်ကွဲမှုကြီးကြောင့် ဟူတောက်တယ်ပင် ထိတ်လန့်သွားရလေသည်။ အစောင့်တစ်ယောက်က မည်သို့ ဖြစ်သည်လဲဟု တိတ်တဆိတ်လာကြည့်သည့်အခါတွင်တော့ ရွှီချင်းဟွမ်က သတိမေ့နေသည့် မိန်းကလေး (၂)ယောက်ကို ခေါ်ထုတ်သွားရန် ပြောလိုက်လေသည်။

အစောင့်က မိန်းကလေး (၂)ယောက်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့မှ ရွှီချင်းဟွမ်က မကျေမနပ်လေသံဖြင့် စကားပြောလိုက်လေသည်။

"မင်း ဘာတွေလုပ်လိုက်တာလဲ…"

မိစ္ဆာက အသံတိုးတိုးဖြင့်…

"သွေးဓားက သူ့ဟာသူအပြောင်းအလဲဖြစ်ပြီး ထခုန်တာ ၊ ငါ ဘာမှမလုပ်ဘူး…"

All Chapters