အကာအကွယ်ရှာသည့်အနီရောင်မြေခွေး
Vol. 8 Ch. 736
ရွှီချင်းဟွမ်က…
"ဒါဆို ဒီဓားက ဘာထဖြစ်တာလဲ…"
မိစ္ဆာက…
"ဒီသွေးဓားက အစကတည်းက မြင့်မြတ်တဲ့ ဓားတစ်လက်ပဲ ၊ ယာဇ်ပူဇော်ပြီး အသုံးပြုရတဲ့ လူသတ်လက်နက်တစ်ခု လည်းဖြစ်တယ် ၊ ကြည့်ရတာ ဒီအနီးအနားပတ်ဝန်းကျင်မှာ မြင့်မြတ်တဲ့လက်နက်တစ်ခုရှိနေလို့ သွေးဓားကို သတိပေးသလို ဖြစ်သွားတာပဲ…"
ရွှီချင်းဟွမ်က…
"မင်းပြောချင်တာ သွေးဓားလိုမျိုး ယာဇ်ပူဇော်ရတဲ့ ထူးဆန်းတဲ့လက်နက်တစ်ခု ဒီပတ်ဝန်းကျင်မှာ ရှိနေတယ်လို့ ပြောချင်တာလား"
မိစ္ဆာက…
"ဟုတ်တယ်…"
ရွှီချင်းဟွမ်က တည်ငြိမ်သည့်လေသံဖြင့်…
"ဘယ်နေရာမှာလဲဆိုတာ မင်းခန့်မှန်းကြည့်လို့ရလား…"
မိစ္ဆာက…
"သိပ်မဝေးဘူး ၊ (၅)မိုင် (၆)မိုင်လောက်ပဲ ဝေးလိမ့်မယ်ထင်တယ် ၊ မင်းသွားကြည့်လို့ရတာပဲ…"
ရွှီချင်းဟွမ်က ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး အခန်းအပြင်သို့ တစ်ချက် လှမ်းကြည့်လိုက်လေသည်။
မိုးဆဲသွားပြီဖြစ်ပြီး ကောင်းကင်တစ်ခုလုံးက ကြည်လင်နေလေသည်။
ထိုအချိန်တွင်…
နတ်သမီးဗိမာန်ရှိရာသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေသည့် သက်လတ်ပိုင်းအရွယ် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရလေသည်။
ရွှီချင်းဟွမ်က မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…
"ဒီလောက် ခေါင်တဲ့နေရာမှာ ဒီလောက်သန့်စင်တဲ့ တန်ခိုးစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက် ရှိမယ်လို့ ထင်မထားမိဘူး…"
ရောက်လာသူမှာ အခြားသူမဟုတ်။ မေနန့်စန်းဖြစ်လေသည်။ သို့သော်… ရွှီချင်းဟွမ်က သူ့ကို စိုက်ကြည့်အကဲခတ် နေသည်ကို မေနန့်စန်းက သိရှိခဲ့ခြင်း မရှိပေ။
မိစ္ဆာက သူ၏စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး…
"ဒီလူရဲ့ တန်ခိုးစွမ်းအားတွေက ထူးဆန်းတယ်…"
ရွှီချင်းဟွမ်က…
"ဘာထူးဆန်းတာလဲ…"
မိစ္ဆာက…
"သူ့ရဲ့တန်ခိုးစွမ်းအားတွေက အရမ်းသန့်စင်နေတယ် ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အဲဒီလောက် သန့်စင်နေစရာ အကြောင်းမရှိဘူး…"
ရွှီချင်းဟွမ်က မေနန့်စန်းကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီး ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…
"အမှန်ပဲ ၊ အဲဒါ နည်းနည်းတော့ ထူးဆန်းတယ် ၊ ဒါပေမယ့် လောကကြီးဆိုတာက ထူးဆန်းတာတွေနဲ့ ပြည့်နေတာပဲ မဟုတ်လား ၊ အံ့သြစရာဘာရှိလို့လဲ…"
မိစ္ဆာက…
"ဒါပေမယ့် မင်း သူ့ကိုယ်ပေါ်က ဒဏ်ရာကို သတိထားမိလား…"
ရွှီချင်းဟွမ်က…
"အင်း… အဲဒီဒဏ်ရာက ဘာဖြစ်လို့လဲ…"
မိစ္ဆာက…
"သူ့ကိုယ်ပေါ်က ဒဏ်ရာက သေချာပေါက် အရိုးမိစ္ဆာကြောင့် ရခဲ့တဲ့ဒဏ်ရာပဲ ၊ အရိုးမိစ္ဆာဆိုတာ အဆိပ်တွေနဲ့ ပြည့်နေတဲ့ မိစ္ဆာကောင်ပဲ ၊ သိပ်ကိုကြောက်စရာကောင်းတယ် ၊ တကယ်ဆိုရင် အရိုးမိစ္ဆာရဲ့ အဆိပ်တွေကြောင့် ဒဏ်ရာကချက်ချင်း ပြည်ပုပ်တွေ အကျိအချွဲတွေထွက်လာပြီး အခြေအနေဆိုးနေရမှာ ၊ ဒါပေမယ့် သူ့ဒဏ်ရာက အရိုးမိစ္ဆာရဲ့ အဆိပ်တွေအားလုံးကို ဖယ်ရှားခံထားရတယ်… ၊ အဲဒါ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဘယ်လိုမှ မလုပ်နိုင်တဲ့ အလုပ်မျိုးပဲ… ပြီးတော့ သူ အဲဒီဒဏ်ရာရခဲ့တာ (၁)နာရီအတွင်းပဲ ရှိသေးတယ်…"
ရွှီချင်းဟွမ်က…
"ဒါဖြင့် အဲဒီလူကို အချိန် (၁)နာရီအတွင်း တစ်ယေက်ယောက်က ဆေးကုပေးလိုက်တယ်လို့ ပြောချင်တာလား ၊ ဒါမှမဟုတ် သူ့မှာ အဲဒီဒဏ်ရာကိုကုသနိုင်တဲ့ အစွမ်းထက်ဆေးဝါး ရှိနေတာလား… ဘယ်လိုထင်လဲ…"
မိစ္ဆာက…
"မင်းမသိပါဘူး… ၊ အရိုးမိစ္ဆာအဆိပ်ကိုဖြေဖို့အတွက် စစ်မှန်တဲ့ အဆိပ်ဖြေဆေးလိုတယ် ၊ ပြီးတော့ ဘယ်သူမှ အဲဒီလိုဖြေဆေးမျိုးကို ကြိုပြီး ဖော်စပ်ထားလေ့မရှိကြဘူး ၊ ပြီးတော့ သူ့အဆင့်နဲ့ အရိုးမိစ္ဆာအဆိပ်ဖြေဆေး ဖော်စပ်နိုင်ဖို့ဆိုတာလည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ၊ သူ့ဒဏ်ရာ သက်သာနေတာကိုကြည့်ရရင် တစ်ယောက်ယောက်က သူ့ကို ကူညီပေးတာပဲ ဖြစ်ရမယ်…"
ရွှီချင်းဟွမ်က အံ့သြသွားသည့်ဟန်ဖြင့်…
"မင်းပြောချင်တာက နတ်ဘုရားတစ်ပါး ဒီပတ်ဝန်းကျင်မှာရှိနေတယ်လို့ ပြောချင်တာပေါ့…"
မိစ္ဆာက…
"အဲဒါ အဖြစ်နိုင်ဆုံးပဲ…"
မိစ္ဆာကောင်ပြောချင်သည့်အဓိပ္ပါယ်ကို ရွှီချင်းဟွမ် ကောင်းကောင်း သဘောပေါက်လိုက်လေသည်။
မိစ္ဆာကောင်သည် သွေးဓားအတွင်းရှိ မိစ္ဆာနယ်မြေတွင် နေထိုင်သည့်တိုင် သူ၏စိတ်အာရုံကို လက်ရှိလောကတွင် ဖြန့်ကျက်ထားနိုင်သူ ဖြစ်လေသည်။ မိစ္ဆာ၏စွမ်းအားနှင့် သွေးဓား၏စွမ်းအားပေါင်းစပ်လိုက်လျှင် နတ်ဘုရားတစ်ပါး အလားတန်ခိုးစွမ်းအား မြင့်မားလေသည်။
ထို့ကြောင့် အနီးပတ်ဝန်းကျင်တွင် နတ်ဘုရားတစ်ပါး ရှိနေခဲ့လျှင် မိစ္ဆာ၏ ဖြန့်ကျက်ထားသည့်စိတ်အာရုံတွင် ကျိန်းသေသိမြင်မည် ဖြစ်လေသည်။
သို့သော်… ယခုတော့ အနီးပတ်ဝန်းကျင်တွင် နတ်ဘုရားတစ်ပါး ရှိနေသည့်တိုင် ထိုနတ်ဘုရား၏ တည်ရှိမှုကို မိစ္ဆာသည် အာရုံခံ၍မရခဲ့ပေ။ သို့ရာတွင်... ထို နတ်ဘုရားကတော့ ရွှီချင်းဟွမ်နှင့် သွေးဓားထဲမှမိစ္ဆာ၏ တည်ရှိမှုကို အနှေးနှင့် အမြန်အာရုံခံမိသွားမည်ဖြစ်လေသည်။
ထို့ကြောင့် ရွှီချင်းဟွမ်က…
"ဒါဖြင့် ကျုပ်တို့ သွားကြရအောင်…"
မိစ္ဆာက…
"သွားလို့မဖြစ်ဘူး ၊ မင်း အရိုးမိစ္ဆာရဲ့ ခန္ဓာအစစ်ကို ရအောင် ယူရဦးမယ်လေ…"
ရွှီချင်းဟွမ်က….
"ကျုပ် အဲဒီလောက် မစွန့်စားရဲဘူး…"
မိစ္ဆာက ….
"ဒါဖြင့် မင်းက အမြဲတမ်း ဒီအတိုင်းပဲ မိစ္ဆာကျင့်စဉ်ကျင့်ကြံနေတာကို လူမသိအောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေတော့ မှာလား…"
ထိုစကားကြောင့် ရွှီချင်းဟွမ် အနည်းငယ် တုန်လှုပ်သွားရပြီး…
"အရိုးမိစ္ဆာရဲ့ ခန္ဓာအစစ်ကိုရရင် နတ်ဘုရားခန္ဓာရပြီး တစ်ခါတည်း နတ်ဘုရားဖြစ်သွားမယ်လို့ မင်းပြောတဲ့ စကားကို ကျုပ်က ယုံမယ်များ ထင်နေသလား…"
မိစ္ဆာက…
"ကျုပ်က မင်းယုံအောင်သက်သေပြလည်း မင်းက ယုံချင်မှ ဖြစ်တာပဲလေ ၊ ဒါပေမယ့် မင်းက ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်ဆိုရင်တော့ ကျုပ်ပေးတဲ့အကြံဉာဏ်ကို ငြင်းမှာမဟုတ်ပါဘူး…"
ရွှီချင်းဟွမ်က အေးစက်သည့် လေသံဖြင့်…
"မင်းက ကျုပ်ကို ကောင်းကောင်းခန့်မှန်းနိုင်တာပဲ…."
မိစ္ဆာက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"မင်း ကျုပ်ကို မယုံဘူးဆိုတာ သိပါတယ် ၊ ဒါပေမယ့် မစွန့်စားရဲရင် အောင်မြင်မှုဆိုတာလည်း ရလာမှာ မဟုတ်ဘူး ၊ ဒါတွေအားလုံးက မင်းကိုယ်တိုင်ရွေးခြယ်ရမယ့်အရာတွေပါ…"
ရွှီချင်းဟွမ် ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
မိစ္ဆာကတော့ အတွေးထဲတွင် တစ်ချက်ပြုံးလိုက်လေ၏။ ရွှီချင်းဟွမ် မည်သည့်ရွေးခြယ်မှုပြုလုပ်မည်ကို သူ ကောင်းကောင်းသိထားလေသည်။ နှစ်ထောင်ပေါင်းများစွာ ဖြတ်ကျော်လာပြီးသည့်နောက် သူသည် ရွှီချင်းဟွမ်ကဲ့သို့ လူများစွာနှင့် တွေ့ဆုံခဲ့ဖူးခဲ့သည် မဟုတ်ပါလား။
…..
မေနန့်စန်းသည် နတ်သမီးဗိမာန်အတွင်းသို့ ဝင်လာလေသည်။
သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေသည့်တိုင် ဟူတောက်တယ်ကတော့ ထိုသူမှာ အရှေ့ပင်လယ်ဂိုဏ်းချုပ် မေနန့်စန်း ဖြစ်သည်ကို ချက်ချင်းသိလိုက်လေသည်။
မေနန့်စန်းက သူ့ကိုယ်သူ မိတ်မဆက်ရသေးမီမှာပင် ဟူတောက်တယ်က သူ့ကို လှိုက်လှဲသည့်အပြုံးဖြင့် ကြိုဆို လိုက်ရင်း…
"မေဂိုဏ်းချုပ်…"
ဟု နှုတ်ဆက်လိုက်လေတော့သည်။
ဟူတောက်တယ်က သူ့ကို သိရှိနေသည့်အတွက် မေနန့်စန်းက အံ့သြခြင်း မရှိပါ။ သို့သော်… ဟူတောက်တယ်က သူ့ကို လှိုက်လှိုက်လှဲလှဲ အမူအရာဖြင့် ကြိုဆိုနေသည်ကတော့ အံ့သြစရာ ကောင်းလှလေသည်။
ဟူတောက်တယ်လိုလူမျိုးက သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေသည်မှာ အကြောင်းရှိမည်ဖြစ်သည်ကို မေနန့်စန်း ချက်ချင်းခန့်မှန်းလိုက်မိလေသည်။
ဟူတောက်တယ်က မေနန့်စန်း၏ စုတ်ပြဲနေသည့် အဝတ်အစားများ လဲလှယ်ရန်အတွက် ချက်ချင်းပင် အဝတ်အစား အသစ်များ ယူလာခိုင်းလိုက်လေသည်။
ပြီးမှ… တိတ်ဆိတ်သည့် အခန်း (၁)ခန်းတွင် သူတို့ (၂)ယောက် တွေ့ဆုံ ကြလေ၏။
မေနန့်စန်းက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း…
"အစ်ကိုဟူ ၊ ကျုပ်မှာ မေးစရာကိစ္စလေးတစ်ခု ရှိလို့ပါ…"
ဟူတောက်တယ်က…
"ဘာကိစ္စများလဲ…"
မေနန့်စန်းက…
"အစ်ကိုဟူ ၊ စောစောက မြို့ထဲမှာ ဖြစ်သွားတဲ့ကိစ္စကို သိလိုက်တယ် မဟုတ်လား…"
ဟူတောက်တယ်က…
"ဒါက… ပြောရနည်းနည်းခက်တယ်…"
မေနန့်စန်းက ပွင့်ပွင့်လင်းလင်းဖြင့်ပင်…
"ကျုပ်က အစ်ကိုဟူများ ကူညီပေးနိုင်မလားလို့ လာခဲ့တာပါ…"
ဟူတောက်တယ်က ခါးသီးစွာဖြင့် ပြုံးလိုက်ရင်း…
"မေဂိုဏ်းချုပ်… ကျုပ်ကို အထင်ကြီးလွန်းနေပြီ ၊ ကျုပ်က သာမန်စီးပွားရေးသမားလေးတစ်ယောက်ပါ…"
မေနန့်စန်းက…
"အစ်ကိုဟူမှာ ထူးဆန်းတဲ့တန်ခိုးစွမ်းအားတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ လူတိုင်းသိကြပါတယ်ဗျာ…"
ဟူတောက်တယ် အနည်းငယ်မျက်နှာပျက်သွားပြီး…
"ဒါတွေက ချဲ့ကားပြောဆိုကြတာပါဗျာ…"
မေနန့်စန်းက…
"အစ်ကိုဟူ မကူညီချင်ရင်လည်း ထားလိုက်ပါလေ ၊ ကျုပ်ကြောင့် စိတ်အနှောက်အယှက် အဖြစ်မခံနဲ့တော့…"
ဟူတောက်တယ်က…
"မေဂိုဏ်းချုပ်က ဒီလိုပြောမှတော့ ကျုပ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် ၊ တကယ်တော့ ဒီကိစ္စကို ကျုပ်လည်း မထိန်းချုပ်နိုင်ပါဘူး ၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်…"
မေနန့်စန်းက…
"အစ်ကိုဟူ ကျေးဇူးပြုပြီး ပြောပြပါလား…"
ဟူတောက်တယ်က သိမ်မွေ့သည့်လေသံဖြင့်…
"မေဂိုဏ်းချုပ် ၊ ခင်ဗျားရဲ့ အစ်ကို ရွှင်ယောင်းက ရှင်သန်စေခြင်းကျောင်းတော်မှာ ပညာသင်နေတာ မဟုတ်လား ၊ မိစ္ဆာနှိမ်နင်းဖို့ကိစ္စကို သူ့ကို အကူအညီတောင်းလို့ မရဘူးလား…"
မေနန့်စန်းက…
"အစ်ကို (၃) နဲ့ အဆက်အသွယ်မရတော့တာ နှစ်ပေါင်းများစွာ ကြာနေပါပြီ ၊ နတ်ဘုရားကျင့်စဉ်တွေကို ကျင့်ကြံနေတဲ့သူတွေဆိုတော့ လောကီရေးရာတွေကို မပတ်သက်ချင်ဘူး ထင်ပါရဲ့ဗျာ ၊ အစ်ကို (၃)က ကျုပ်ကို မေ့တောင်မေ့နေလောက်ပါ ပြီ…"
ဟူတောက်တယ်က…
"မေဂိုဏ်းချုပ် မသိသေးဘူးလား ၊ မနေ့ကပဲ ကျင်းမာထန်က အရှေ့ပင်လယ်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ အစီအစဉ်ကို နောက်ဆုတ်လိုက်ပြီ ၊ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့အစ်ကို ရွှင်ယောင်းကျန်းရန်က ဝေ့မင်းသားဆီကို စာတစ်စောင် ပို့လိုက်လို့ပဲ…"
မေနန့်စန်းက…
"အစ်ကိုဟူဆီ ဒီသတင်းကို ဘယ်ကနေကြားတာလဲ…"
ဟူတောက်တယ်က ပြုံးလိုက်ရင်း…
"ကျုပ်တို့လိုလူတွေဆိုတာက မျက်စိဖွင့် နားစွင့်လုပ်ထားရတာဗျ ၊ မဟုတ်ရင် စီးပွားရေးလောကမှာ ဘယ်ရပ်တည် နိုင်ပါတော့မလဲဗျာ…"
မေနန့်စန်းက ပြုံးလိုက်ရင်း…
"အစ်ကိုဟူမှာ မွေးစားသမီးတစ်ယောက်ရှိတယ်လို့ကြားဖူးတယ် ၊ အဲဒီမိန်းကလေးက ဝေ့မင်းသားရဲ့ ကိုယ်လုပ်တော်မဟုတ်လား ၊ ဒီသတင်းက ကောလဟလမဟုတ်ဘူးဆိုတာ ကျုပ်သိပါတယ်…"
ဟူတောက်တယ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"မေဂိုဏ်းချုပ်ကလည်း တော်တော်ထက်မြက်တဲ့အထဲမှာ ပါတာပဲကိုး…"
သူက ထိုစကားကို ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိခြင်း ဖြစ်လေသည်။
မေနန့်စန်းက…
"အစ်ကိုဟူ အကြောင်းမရှိဘဲ ဒီကိစ္စကို ဖွင့်ပြောမှာမဟုတ်ဘူးဆိုတာ ကျုပ်သိတယ်လေ ၊ ကြည့်ရတာ ခင်ဗျားလည်း ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်နေရပုံရတယ်…"
ဟူတောက်တယ်က…
"မေဂိုဏ်းချုပ် ၊ ကျုပ်ဆီမှာ ဧည့်သည်တစ်ယောက်ရောက်နေတယ် ၊ သူက သေစေခြင်းကျောင်းတော်က ကျင့်ကြံသူ တစ်ယောက်ပဲ…"
မေနန့်စန်းက အံ့သြသွားဟန်ဖြင့် ကိုယ်ကိုနောက်သို့ တစ်ချက်ဆုတ်လိုက်ရင်း…
"သေစေခြင်းကျောင်းတော်ကလူက ဒီကို ဘယ်လိုလုပ်ရောက်နေရတာလဲ…"
ဟူတောက်တယ်က…
"ကျုပ်လည်း အဲဒီကိစ္စ သိချင်နေတာ ၊ ခုတလော ဒီပိုင်ကျားမြိုးလေးကို တန်ခိုးစွမ်းအားမြင့်မားတဲ့ အဆင့်မြင့် ကျင့်ကြံသူတွေ ရောက်လာတာကို တွေ့တွေ့နေရတယ် ၊ ကျုပ်ဘဝလုံခြုံရေးကိုတောင် တော်တော် စိတ်ပူနေမိပြီ ၊ ဒါနဲ့… မေဂိုဏ်းချုပ်ကိုတွေ့မှပဲ အကူအညီတစ်ခုလောက်တောင်းဖို့ သတိရသွားတယ် ၊ မေဂိုဏ်းချုပ်… ကျုပ်ကို ခင်ဗျားရဲ့အစ်ကို ရွှင်ယောင်းကျန်းရန်နဲ့ မိတ်ဆက်ပေးပါလားဗျာ ၊ ကျုပ်မှာရှိတဲ့ စည်းစိမ်ချမ်းသာတွေ အကုန်ပေးဆို လည်းပေးပါ့မယ် ၊ ရွှင်ယောင်းကျန်းရန်က ကျုပ်ကို နည်းနည်းလောက် ကာကွယ်ပေးနိုင်မလား မျှော်လင့်မိလို့ပါ…"
မေနန့်စန်းကိုသာ မတွေ့ဆုံခဲ့ရလျှင် ဟူတောက်တယ်သည် ထိုအတွေးမျိုးကို တွေးမိလိမ့်မည် မဟုတ်ပေ။
ရွှင်ယောင်းကျန်းရန်မှာ မေနန့်စန်း၏ အစ်ကိုဖြစ်ပြီး ရှင်သန်စေခြင်းကျောင်းတော်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သတင်းများအရဆိုလျှင် ရွှင်ယောင်းကျန်းရန်သည် မကြာသေးခင်အချိန်ကပင် ကျောက်စိမ်းကိုဖိုထိုးကာ ဓာတ်လုံးအောင်ခဲ့ပြီး ဟိုင်သန်းအဆင့်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် ရွှင်ယောင်းကျန်းရန်သည် ရှင်သန်စေခြင်းကျောင်းတော်မှ ဆရာသခင်တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
ထို့ပြင် ရွှင်ယောင်းကျန်းရန်သည် အသက် (၄၀)ပင် မပြည့်သေးဘဲ ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်ခဲ့သူ ဖြစ်လေသည်။
ရွှင်ယောင်းကျန်းရန်၏ ကျင့်စဉ်လမ်းအဆင့်တက်ရောက်မှုသည် လျှင်မြန်သည်ဟု မဆိုနိုင်သော်လည်း ရှားပါးသည်ကတော့အမှန်ပင် ဖြစ်လေသည်။ အကယ်၍ ဟူတောက်တယ်သာ ရွှင်ယောင်းကျန်းရန်၏ အရိပ်အောက် တွင်ခိုလှုံနိုင်မည်ဆိုလျှင် ရွှမ်နွီနန်းတော်မှ မိန်းမပျို (၂)ယောက်ကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။