အတိုင်းအဆမဲ့သည့်ဗုဒ္ဓတံတိုင်း
Vol. 8 Ch. 738
အနက်ရောင်ဝတ်ဘုန်းတော်ကြီးက ထိုအကြောင်းများကို ပြောပြနေသည့်အချိန်တွင် ခေါင်းကို အသာမော့လိုက်ပြီး ဆန်းလျန်နှင့် အကြည့်ချင်းဆုံလိုက်လေသည်။
ထို့နောက် သူက ခဏရပ်နားလိုက်ပြီးမှ ဆက်ပြောေလေသည်။
သို့သော်… ဆန်းလျန်က သူ၏အတွေးများကို ထိုးဖောက်မြင်နေရသည်ကိုတော့ သိရှိခဲ့ခြင်း မရှိပေ။ ဆန်းလျန်သည် ထိုဘုန်းတော်ကြီး၏ အတိတ်ကို စိတ်အာရုံဖြင့် သိမြင်နေခဲ့လေသည်။
စစ်မှန်သည့် တန်ခိုးစွမ်းအားသည် တစ်ချက်ကြည့်ရုံမျှဖြင့် လူတစ်ယောက်၏ နှစ်ထောင်ပေါင်းများစွာ ကြဉ်လည် ဖြတ်သန်းခဲ့သည့် အဖြစ်အပျက်အတွေ့အကြုံများကို သိမြင်နိုင်လေသည်။ လက်ဖဝါးထက်တွင် စာအုပ်တစ်အုပ်ကို တင်ကာဖတ်နေသကဲ့သို့ ကွက်ကွက်ကွင်းကွင်း မျက်ဝန်းထဲတွင် ထင်မြင်လာစေလေသည်။
ဆန်းလျန်သည် ကျင့်စဉ်လမ်း၏ အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးသည့်တိုင် အလှမ်းမဝေးတော့သည့် လူတစ်ယောက် ဖြစ်လေသည်။
အနက်ရောင်ဝတ်ဘုန်းတော်ကြီးက သူ့အကြောင်းများကို ဆက်ပြောပြလေသည်။ သို့သော် ဆန်းလျန်က သူ၏ အတွေးများကို စစ်ဆေးပြီးပြီဖြစ်သည့်အတွက် သူ၏စကားများသည် အမှန်တရား ဟုတ် ၊ မဟုတ်ကို သိရှိနေခဲ့လေသည်။
……
ခူယားလေးသည် ဘုန်းတော်ကြီးနှင့် ပြန်လည်ဆုံတွေ့ရသည့်အခါတွင်တော့ ဘုန်းတော်ကြီးကို မှတ်မိရန် အတော်ကြိုးစားလိုက်ရလေသည်။
အဘယ်ကြောင့်ဆိုသော်… ယခင်က ဘုန်းတော်ကြီးသည် ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကျန်းမာကြံ့ခိုင်ပြီး အသားအရေကလည်း ဖြူစင်ကြည်လင်လေသည်။ သို့သော်… ယခုတစ်ကြိမ် ပြန်တွေ့သည့်အခါတွင်တော့ ဘုန်းတော်ကြီးသည် အရင်ကနှင့်မတူတော့စွာ ပိန်ချုံးချိနဲ့လျှက် ရှိလေသည်။
ဘုန်းတော်ကြီးသည် ပိုးစာပင်အောက်သို့ ရောက်လာသည့်အခါတွင်တော့ အလွန်မောပန်းလျှက် ရှိလေသည်။ သူသည် ပိုးစာပင်ကို အသာမှီကာ ထိုင်လိုက်ပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူနေရလေသည်။
ဘုန်းတော်ကြီးသည် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ ပူခြင်း အေးခြင်း ရာသီဥတုဒဏ်ကို ခံစားရခြင်း မရှိသလို ခန္ဓာကိုယ်မှာလည်း နဂါးတစ်ကောင်အလား ကြံ့ခိုင်သန်မာသူ ဖြစ်လေသည်။
ထိုအချိန်တုန်းက ခူယားကောင်လေးကတော့ နားလည်ခဲ့ခြင်း မရှိပါ။
ထိုအချိန်က ဘုန်းတော်ကြီးသည် အဘယ်မျှ ပင်ပန်းနေပြီး အဘယ်မျှ နာကျင်ကြေကွဲနေရသည်ကို နောက်ပိုင်းကျမှ ခူယားလေး နားလည်သဘောပေါက်ခဲ့ရလေသည်။
ခူယားကောင်လေးသည် ဘုန်းတော်ကြီး မည်သည့်အဖြစ်အပျက်များနှင့်ရင်ဆိုင်ခဲ့ရသည်ကို သိရှိခဲ့ခြင်း မရှိပေ။ သို့သော် ဘုန်းတော်ကြီးသည် လူကောင်းတစ်ယောက်ဖြစ်သည်ကိုတော့ သိရှိထားလေသည်။
ထို့ကြောင့် သစ်ရွက်လေးတစ်ရွက်ထက်တွင် နှင်းရည်လေးများကို စုစည်းပြီး တရွေ့ရွေ့ဖြင့် သစ်ရွက်လေးကို ဘုန်းတော်ကြီး၏နှုတ်ခမ်းနားသို့ အသာတေ့ပေးလိုက်လေသည်။
ဘုန်းတော်ကြီးသည် အနည်းငယ်အံ့သြသွားပြီး နောက်သို့ တစ်ချက်ဆုတ်လိုက်ပြီးမှ သစ်ရွက်ပေါ်မှ နှင်းရည်လေးများကို စုပ်ယူကာ သောက်လိုက်လေသည်။
ပြီးမှ ကြင်နာသည့်မျက်ဝန်းများဖြင့် ခူယားကောင်လေးကို ကြည့်လိုက်ရင်း…
"လိမ္မာတဲ့ ခူယားငယ်လေး ၊ အခု မင်းသောက်ဖို့ သွေးမပေးနိုင်တော့တာ စိတ်မကောင်းစရာပဲ…"
ခူယားလေးက သူ၏ ခန္ဓာကိုယ်ကို လေထဲတွင် ခါယမ်းပြလေသည်။ အဓိပ္ပါယ်မှာ သွေးကိုသောက်စရာ မလိုတော့ဘူးဆိုသည့် သဘောပင်။
ခူယားကောင်လေးဆိုလိုသည့်အဓိပ္ပါယ်ကို ဘုန်းတော်ကြီးက နားလည်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်လေ သည်။
"ခူယားလေးတစ်ကောင်ကမှ ကျေးဇူးသိတတ်သေးတယ် ၊ လောကကြီးမှာရှိတဲ့ လူတွေ ၊ ကျင့်ကြံသူတွေကတော့ ကျုပ်ကို ဘာလို့မယုံကြည်ကြရတာလဲ ၊ ကျုပ် မိစ္ဆာလမ်းကို မလျှောက်ခဲ့ဘူးဆိုတာ ဘာလို့ မယုံကြည်ကြရတာလဲ…"
ကြေကွဲစွာဖြင့် စကားဆိုပြီးသည့်နောက် သူက နာကျင်စွာဖြင့် ရယ်မောလိုက်ရင်း…
"ကျုပ်က အကျိုးမမျှော်ကိုးဘဲ သတ္တဝါတွေကို ကူညီခဲ့တယ် ၊ အခုတော့ မတရားခံရလို့ ဒေါသတွေ ဖြစ်နေရပြီ ၊ သြော်… ဒေါသဆိုတာ ဘုန်းတော်ကြီးနဲ့မှ မသင့်တော်တဲ့အလုပ်ပဲ…"
ဘုန်းတော်ကြီး မည်သည့်ကိစ္စများဖြစ်ပျက်လာသည်ကို ခူယားလေးက မသိရှိသည့်တိုင် ထိုနေ့မှစပြီး နေ့တိုင်း နှင်းစက်လေးများကို စုစည်းပြီး ဘုန်းတော်ကြီးကို တိုက်လေ့ရှိလေသည်။ ဘုန်းတော်ကြီးသည် တဖြည်းဖြည်း နေကောင်းကျန်းမာလာပြီး အသားအရေများပြန်လည် ဖြူစင်ကြည်လာလေသည်။
တစ်နေ့တွင်တော့…
ဘုန်းတော်ကြီးရှိရာသို့ လူပေါင်းများစွာ ရောက်ရှိလာကြလေသည်။
အချို့သူများမှာ ဓားများကိုစီးပြီး ပျံသန်းလာကြပြီး အချို့သူများကတော့ နဂါးများကို စီးလာကြလေသည်။ အချို့ကတော့ ပျံသန်းနေသည့် လှေများကို စီးနင်းလာကြလေသည်။
နောင်ပိုင်းတွင်မှ ထိုသူများသည် ကျင့်ကြံသူများဖြစ်သည်ကို ခူယားလေး နားလည်ခဲ့ရလေသည်။ ထိုကျင့်ကြံသူ များထဲမှ အများစုမှာ တစ်ချိန်တုန်းက ဘုန်းတော်ကြီးက ကျေးဇူးပြုခဲ့ဖူးသူ ၊ ကူညီခဲ့ဖူးသူများ ဖြစ်ကြလေသည်။
ထိုနေ့ကတော့…
ထိုသူများအားလုံးမှာ ဘုန်းတော်ကြီးကို သတ်ဖြတ်ပစ်လိုဟန် ရှိနေကြလေသည်။
အမှန်တော့ ထိုဘုန်းတော်ကြီးမှာ ကျင်းကွမ်းဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လေသည်။ သူက ဗုဒ္ဓဘာသာကျင့်စဉ်များကို ကျင့်ကြံခဲ့ပြီး တန်ခိုးစွမ်းအားလည်း မြင့်မားသူ ဖြစ်လေသည်။ ကျင့်ကြံခြင်းလောကတွင် လည်း လူသိများသူ ဖြစ်ပြီး အခြားသူများအပေါ် ဂရုဏာတရားထားတတ်သူ ဖြစ်လေသည်။
ထို့ကြောင့် သူ့ကို လူအများက "သီလနှင်ပြည့်စုံသူ သူတော်စင်" ဟု ခေါ်ကြလေသည်။
နောက်ပိုင်းတွင် ဘုန်းတော်ကြီးသည် မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံသည်ဟု သတင်းထွက်လာပြီး ကျင့်ကြံသူများ ၊ ဘုန်းတော်ကြီးများနှင့် လူပေါင်းများစွာသည် မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်ကြောင့် တိုက်တိုက် ဆိုင်ဆိုင်သေဆုံးခဲ့ကြရလေသည်။
နောက်ဆုံးတွင်တော့… ကျင့်ကြံသူများက ဘုန်းတော်ကြီးကို လိုက်လံ သတ်ဖြတ်ခဲ့ကြလေသည်။ ဘုန်းတော်ကြီး သည်အသက်ဘေးမှလွတ်ရန် ပြေးလွှားနေခဲ့ရပြီး လူအများ၏ ပြစ်တင်ရှုံ့ချခြင်းကို ခံခဲ့ရလေသည်။
အမှန်တော့ ဘုန်းတော်ကြီးကို လိုက်လံသတ်ဖြတ်နေကြသူအများစုမှာ ဘုန်းတော်ကြီးက မိုးကောင်းကင်နတ်မိစ္ဆာ ကျင့်စဉ်ကို ကျင့်ကြံပြီး လူအများကို သတ်ဖြတ်သည်ဟု သံသယဝင်သောကြောင့် မဟုတ်ကြပေ။ ဘုန်းတော်ကြီး၏ လက်ထဲတွင်ရှိနေသည့် မိုးကောင်းကင်နတ်မိစ္ဆာကျဉ့်စဉ်ကို လိုချင်ကြသောကြောင့် ဖြစ်လေသည်။
မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်၏ မူလဇာစ်မြစ်ကို မည်သူမှ မသိရှိကြပေ။ သို့သော်… မည်သို့မည်ပုံ ဖြစ်သည်မသိ ထိုကျမ်းစာသည် ကျင်းကွမ်း ဝတ်ကျောင်းတော်သို့ ရောက်ရှိနေခဲ့လေသည်။
ထိုကျဉ့်စဉ်ကို ကျင့်ကြံခဲ့သူ လောကတွင် (၂)ယောက်သာ ရှိလေသည်။
တစ်ယောက်မှာ ကျင်းကွမ်းဝတ်ကျောင်းတော်မှ တန်ခိုးစွမ်းအား မြင့်မားလွန်းလှသည့် ဖားဟိုင်ဆရာတော် ဖြစ်ပြီး နောက်တစ်ယောက်မှာတော့ အမည်မထင်ရှားသည့် ဆရာတော်တစ်ပါး ဖြစ်လေသည်။ ဘုန်းတော်ကြီးသည် မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ဆရာတော်ကြီးများ၏ ဓာတ်တော်များထားရာ အခန်းထဲတွင် ရှေးဟောင်းပစ္စည်း များနှင့်အတူ တွေ့ရှိခဲ့ရ ခြင်းဖြစ်လေသည်။
ဘုန်းတော်ကြီးသည် မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်ကို သတိလက်လွတ်ဖြင့် လောဘတကြီး ကျင့်ကြံခဲ့ခြင်း မဟုတ်ပါ။ သူက ကျမ်းစာမှ ကျင့်ကြံခြင်းအချက်အလက်များကို အရင်လေ့လာခဲ့လေသည်။ သို့သော်… မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်တွင် ထူးခြားချက်တစ်ခု ရှိလေသည်။
ထိုထူးခြားချက်မှာ ထိုကျမ်းစာကို တစ်ခါဖတ်လိုက်သည်နှင့် မေ့သွားခြင်းမရှိတော့ဘဲ တရားထိုင်လိုက်သည်နှင့် ထိုကျင့်စဉ်ကို အလိုလို ကျင့်ကြံမိလျှက်သား ဖြစ်သွားခြင်း ဖြစ်လေသည်။
မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်သည် အလွန် ထူးဆန်းနက်ရှိုင်းလေသည်။ မိစ္ဆာကျင့်စဉ်တစ်ခု ဖြစ်သော်ငြား စစ်မှန်သည့် ကျင့်စဉ်လမ်းနှင့်လည်း ဆက်စပ် ပတ်သက်နေလေသည်။
ဘုန်းတော်ကြီး၏ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံမှုသည် တဖြည်းဖြည်း နက်ရှိုင်းလာလေသည်။ သို့သော်… ဘုန်းတော်ကြီးသည် စစ်မှန်သည့် ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် မည်သည့်အခါမှ မိစ္ဆာစွမ်းအားများအတွင်းသို့ ကျရောက်သွားခြင်းမရှိဘဲ ထိန်းချုပ်နိုင်ခဲ့လေသည်။
ဘုန်းတော်ကြီးက သူ့ကို အထင်လွဲနေသူများကို နည်းလမ်းများစွာဖြင့် အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့လေသည်။ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်သည် မိစ္ဆာကျင့်စဉ်တစ်ခုဖြစ်လင့်ကစား အခြေခံကျသည့် ကျင်စဉ် တစ်ခုလည်းဖြစ်လေသည်။ ထို့ကြောင့် ထိုကျင့်စဉ်ကို ကျင့်ကြံပြီး မိစ္ဆာစွမ်းအားများကို သန့်စင်ပစ်နိုင်လျှင် သန့်စင်သည့် မိုးကောင်းကင်မိစ္ဆာနတ်ဘုရားခန္ဓာကို ရရှိမည်ဖြစ်ပြီး အခြားသော ကျင့်စဉ်ကျင့်ကြံသည့် နတ်ဘုရားကဲ့သို့ပင် နတ်ဘုရားတစ်ပါး ဖြစ်လာမည် ဖြစ်လေသည်။
သို့သော်… ဘုန်းတော်ကြီးက မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေသည်ဆိုသည့်သတင်းသည် ကျင့်ကြံသူ လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့လေသည်။
သီလနှင့်ပြည့်စုံသူ သူတော်စင် ဘုန်းတော်ကြီးသည် အချိန်ခဏအတွင်းမှာပင် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေသည့် မိစ္ဆာတစ်ပါးအဖြစ် အစွပ်စွဲခံလိုက်ရလေသည်။
နောက်ဆုံး ကျင့်ကြံသူများ အုပ်စုဖွဲ့ကာ ဘုန်းတော်ကြီးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြလေသည်။
ဘုန်းတော်ကြီးမှာ တန်ခိုးစွမ်းအား မည်မျှမြင့်မားပါစေ အများနှင့် တစ်ယောက် တိုက်ခိုက်ရသည့်အခါ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခြင်း မရှိတော့ပေ။
နောက်ဆုံးတော့ သူသည် လွတ်လမ်းမရှိတော့ဘဲ ချယ်လန်းဝတ်ကျောင်းတော်သို့ ရောက်ရှိလာခဲ့ရလေသည်။
ချယ်လန်းဝတ်ကျောင်းတော်ဆိုသည်မှာ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့သည့် မထင်မရှား ဘုန်းတော်ကြီးတစ်ပါးက ပြောပြခဲ့သည့် နေရာတစ်ခု ဖြစ်လေသည်။ ထိုနေရာတွင် မတိုင်းတာနိုင်အောင် ရှည်လျားသည့် နတ်မိစ္ဆာများကို နှိမ်နင်းနိုင်သည့် ဗုဒ္ဓတံတိုင်းကြီးတစ်ခုရှိသည်ဟု ထိုဘုန်းတော်ကြီးကပြောခဲ့လေ သည်။
ဘုန်းတော်ကြီးသည် ချယ်လန်းဝတ်ကျောင်းတော်သို့ အကြိမ်ပေါင်းများစွာ လာရောက်ပြီး ဗုဒ္ဓတံတိုင်းတော်ကြီးကို ရှာဖွေသော်လည်း မတွေ့ရှိခဲ့ပါချေ။
ထိုနေ့တွင်တော့…
အဆင့်မြင့်ကျင့်ကြံသူများနှင့် ဘုန်းတော်ကြီးသည် (၇)ရက် (၇)ည တိတိကြာအောင် တိုက်ခိုက်ခဲ့ကြလေသည်။ တိုက်ပွဲအစပိုင်းတွင် ဘုန်းတော်ကြီးက သီလစောင့်ထိန်းသည့်အတွက် လူသတ်ခဲ့ခြင်း မရှိပေ။ သို့သော်… တိုက်ပွဲက တစ်နေ့ တခြားပြင်းထန်လာလေသည်။ ဘုန်းတော်ကြီးမှာလည်း မတတ်သာတော့ဘဲ ရန်သူများကို သတ်ဖြတ်ရလေတော့သည်။ နောက်ဆုံးတွင် ပြင်းထန်လှသည့် တိုက်ပွဲကြောင့် ချယ်လန်းဝတ်ကျောင်းတော်ကြီး ပြိုကျပျက်စီးသွားခဲ့လေသည်။
တိုက်ပွဲနောက်ဆုံးနေ့တွင်တော့….
ဘုန်းတော်ကြီးက အနိုင်ရခဲ့လေသည်။
ဘုန်းတော်ကြီးသည် တည်ငြိမ်နေသည့်တိုင် အချို့သော ကျင့်ကြံသူများမှာ သေဆုံးသွားကြရပြီး အချို့သော ကျင့်ကြံသူများမှာ ရူးသွပ်သွားကြရလေသည်။ ထိုအခါတွင်တော့… ဘုန်းတော်ကြီးမှာ အလွန်နောင်တရသွားခဲ့ရ လေသည်။
အတိတ်က ကောင်းသည့်အလုပ်များ မည်မျှပင် လုပ်ခဲ့ပါစေ ယခုတော့ သူသည် တကယ့် မိစ္ဆာတစ်ပါးအလား ဖြစ်ရလေပြီ။ သူ့ကြောင့် ကျင့်ကြံသူပေါင်းများစွာ အသက်ဆုံးရှုံးရလေပြီ။
နောက်ပိုင်းတွင်တော့…
ချယ်လန်းဝတ်ကျောင်းတော်အပျက်ကြီးနားတွင် မကျွတ်လွတ်သည့် ဝိညာဉ်များ ခြောက်လှန့်လေ့ ရှိကြလေသည်။ ဘုန်းတော်ကြီးက ဝိညာဉ်များကို ကြောက်ရွံ့ခြင်းမရှိပါ။ သို့သော်… ထိုဝိညာဉ်များ၏ မကျွတ်လွတ်နိုင်ခြင်းမှာ သူ့အပြစ်မကင်းသလို ခံစားခဲ့ရလေသည်။
နောက်ဆုံးတွင်တော့ ဘုန်းတော်ကြီး၏ သန့်စင်သည့် ဗုဒ္ဓဘာသာနှလုံးသားမှာ အပြစ်တရား၏ ဖိစီးခြင်းကို ခံစားရပြီး မည်သည့်အခါမှ ပြန်လည် ပြုပြင်၍ မရတော့ပေ။
ဘုန်းတော်ကြီးမှာ စိတ်ဖိစီးမှုများကြောင့် လုံးပါးပါးလာရလေသည်။
သူ၏ နောက်ဆုံးနေ့ရက်များတွင်…
ဘုန်းတော်ကြီးသည် သူကျင့်ကြံခဲ့သည့် ဗုဒ္ဓဘာသာကျင့်စဉ်များနှင့် မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ် အားလုံးကို ခူယားကောင်လေးကို ပြောပြသွားခဲ့လေသည်။ ထိုအချိန်မှစပြီး ခူယားကောင်လေးသည် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီး ဗုဒ္ဓကျင့်စဉ်များနှင့် မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ် (၂)ခုစလုံးကို ကျင့်ကြံသူဖြစ်လာခဲ့လေသည်။
နှစ်ပေါင်း (၅၀၀၀) ကြာသည့်အခါတွင်တော့ ခူယားကောင်လေးသည် တာအိုခန္ဓာကိုရရှိကာ လူသားအဖြစ် အသွင်ပြောင်းနိုင်ခဲ့လေသည်။ သို့သော်… သူသည် သူ့ကို ပညာသင်ပေးခဲ့သည့် ဘုန်းတော်ကြီးကို တစ်ရက်မှ မမေ့နိုင်ခဲ့ပါ။ ထို့ကြောင့် လူသားခန္ဓာရရှိသည့်အခါ ဘုန်းတော်ကြီး၏အသွင်ကို ယူခဲ့လေသည်။
သို့သော်… သူသည် မိတ်ဆွေအပေါင်းအသင်းမရှိဘဲ ချယ်လန်းတောင်ပေါ်တွင် တစ်ယောက်တည်း နေထိုင်ခဲ့ လေသည်။
တစ်နေ့တွင်တော့ …
ချယ်လန်းတောင်ပေါ်သို့ တာအိုဆရာတစ်ယောက်နှင့် နတ်သူငယ်လေးတစ်ယောက် ရောက်လာခဲ့လေသည်။ သူတို့ (၂)ယောက်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီး တာအိုဆရာသည် ချောက်ကမ်းပါးကြီးကို မိုးကြိုးဖြင့် ပစ်ချပြီး နတ်သူငယ်လေး ထွက်ခွာသွားအောင် တိုက်ခိုက်ခဲ့လေသည်။
ထို့နောက် တာအိုဆရာသည်လည်း ထွက်ခွာသွားပြီး နောက်ပိုင်းတွင် သူတို့ (၂)ယောက်ကိုလည်း ထပ်မံတွေ့ဆုံရ ခြင်းမရှိတော့ပေ။
သို့သော်… တာအိုဆရာပစ်ချလိုက်သည့် မိုးကြိုးတန်ခိုးစွမ်းအားကြောင့် ချောက်ကမ်းပါးကြီး ကွဲအက်သွားရပြီး ချောက်ကမ်းပါးကြီးအနောက်တွင် ကျောက်စိမ်းတံတိုင်းကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုကျောက်စိမ်း တံတိုင်းကြီးမှာ ဘုန်းတော်ကြီးရှာဖွေနေသည့် အတိုင်းအဆမဲ့ဗုဒ္ဓတံတိုင်းပင် ဖြစ်လေတော့သည်။
ဗုဒ္ဓတံတိုင်းကြီးပေါ်လာသည့်နေ့မှစပြီး ခူယားကောင်မှ အသွင်ပြောင်းထားသည့် ဘုန်းတော်ကြီးသည် ထိုနေရာတွင် နေထိုင်ခဲ့လေသည်။ ဗုဒ္ဓတံတိုင်းမှ တန်ခိုးစွမ်းအားများက သူ၏ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာစွမ်းအားများကို ဖိနှိပ်ထား နိုင်ခဲ့လေသည်။ သို့သော်… အမြစ်ပြတ်ဖယ်ရှားပစ်နိုင်ခြင်းတော့မရှိပေ။ အဘယ်ကြောင့်ဆိုသော်… သူ၏ ကျင့်စဉ်လမ်းမှာ ဗုဒ္ဓဘာသာကျင့်စဉ်နှင့် မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ် (၂)ခုကို တစ်ပြိုင်တည်း ကျင့်ကြံခဲ့ပြီး စတင်ခဲ့သည့်အတွက် ကျင့်စဉ်စွမ်အား (၂)ခုကို ခွဲခြားရန် ခက်နေခဲ့လေသည်။
နောင်ပိုင်းတွင်… သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ သူ၏ မိစ္ဆာစွမ်းအားများမှာလည်း ပိုမိုများပြား လာခဲ့လေသည်။ တန်ခိုးစွမ်းအားများ မြင့်မားလာသည့်အတွက် သူသည် စိတ်အာရုံဖြန့်ကျက်ကာ လောကကို ကြည့်မြင်နိုင်စွမ်း ရလာခဲ့လေသည်။
သူက သူ၏ စိတ်အာရုံများကို ဖြန့်ကျက်လိုက်သည့်အချိန်တွင် အမှတ်မထင် ကျုန်းတျဲယီကို တွေ့ရှိသွားခဲ့လေသည်။ ထို့နောက် သူသည် မိုးကောင်းကင်နတ်မိစ္ဆာတန်ခိုးစွမ်းအားကို အသုံးပြုကာ ထိုသူ၏ နှလုံးသားကို ထိန်းချုပ်ခဲ့လေ သည်။ ထို့နောက် ထိုသူ၏ အသွေးအသားများအား ယာဇ်ပူဇော်ကာ သူ၏ မိစ္ဆာစွမ်းအားများကို ပေါင်းစည်းပြီး စစ်မှန်သည့် အရိုးမိစ္ဆာခန္ဓာကို ဖြစ်တည်စေခဲ့လေသည်။ ထိုအရိုးမိစ္ဆာအတွင်းသို့ သူ၏ မိစ္ဆာစွမ်းအားများ ကိုထည့်သွင်းပြီး မိစ္ဆာစွမ်းအားများကို အမြစ်ပြတ်ဖျက်စီးပစ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။
အရိုးမိစ္ဆာက ကူးဝေေ၀နှင့် ဆန်းချင်းချင်းကို တိုက်ခိုက်ခဲ့ရသည့်အကြောင်းရင်းမှာ ဆန်းချင်းချင်း၏ နက်ရှိုင်းသည့် ဝိညာဉ်အတွင်းပိုင်းမှ ထွက်ပေါ်နေသည့် သန့်စင်သည့် တာအိုတန်ခိုးစွမ်းအားက အရိုးမိစ္ဆာကို ဆွဲဆောင်နေသည့် အတွက်ကြောင့် ဖြစ်လေသည်။
အဖြစ်အပျက်တစ်ခုလုံးကို နားလည်သွားသည့်အခါတွင်တော့ အရိုးမိစ္ဆာ၏နောက်ကွယ်မှ ကြိုးကိုင်နေသည့် နတ်မိစ္ဆာကို ချက်ချင်း မခန့်မှန်းနိုင်သည့် အကြောင်းရင်းကို ဆန်းလျန် သိရှိလိုက်ရလေသည်။ အဘယ်ကြောင့်ဆိုသော်… ဗုဒ္ဓတံတိုင်းက ကာကွယ်ပေးထားသောကြောင့် ဖြစ်လေ၏။
အနက်ရောင်ဝတ်ဘုန်းတော်ကြီး၏ ခန္ဓာအစစ်အမှန်သည် ဗုဒ္ဓတံတိုင်းနောက်တွင် ပုန်းအောင်းနေခြင်း ဖြစ်သည့်အတွက် ဆန်းလျန်ထက် တန်ခိုးစွမ်းအား မြင့်မားသူများပင်လျှင် သိရှိနိုင်ရန် ခက်ခဲမည် ဖြစ်လေသည်။