ရည်ရွယ်ချက်မရှိဘဲဓမ္မကိုသိမြင်ရန်မဖြစ်နိုင်
Vol. 8 Ch. 739
အနက်ရောင်ဝတ်ဘုန်းတာ်ကြီးက စကားဆုံးသွားသည့်အခါတွင်တော့ ဆန်းလျန်ကို ဂရုတစိုက်ဖြင့် လေ့လာနေလေ သည်။
သူသည် ကျင့်စဉ်လမ်းတွင် များစွာအဆင့်မြင့်နေခဲ့ပြီဖြစ်သည့်တိုင် ဆန်းလျန်၏ရှေ့တွင်တော့ အကူအညီမဲ့နေသည့် ကလေးငယ်တစ်ယောက်ပမာ ခံစားနေရလေသည်။
ဆန်းလျန်သည် ထိုနှစ်များတုန်းက ချောက်ကမ်းပါးပြိုကျကာ ဗုဒ္ဓတံတိုင်းထွက်ပေါ်လာသည်အထိ တိုက်ခိုက်ခဲ့ ကြသည့် တာအိုဆရာနှင့် နတ်သူငယ်ထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။
ဆန်းလျန်က…
"မင်း ကျုပ်နောက်လိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ ကျုပ်ရဲ့ မီးထိုးသမားအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပေးမယ်…"
အနက်ရောင်ဝတ်ဘုန်းတော်ကြီးက ဆန်းလျန်သည် သူလုပ်ခဲ့သည့်အပြစ်များအတွက် အပြစ်ပေးမည်ဟု ထင်မှတ်နေခဲ့လေသည်။
သို့သော်… ဆန်းလျန်သည် သူ၏ ရှည်လျားသည့် ဇာတ်လမ်းကို နားထောင်ပြီးသည့်နောက် သူ့ကိုအပြစ်မပေးသည့်အပြင် သူ့ထံတွင် တာဝန်ထမ်းဆောင်ရန်ပင် တောင်းဆိုနေခဲ့လေသည်။
ဆန်းလျန်၏ စကားများမှာ အနည်းငယ် အမိန့်ဆန်သော်လည်း အနက်ရောင်ဘုန်းတော်ကြီးက ကျေကျေနပ်နပ်ပင် လက်ခံလိုက်လေသည်။ သူသည် နတ်မိစ္ဆာတစ်ကောင်မျှသာဖြစ်ပြီး တန်ခိုးစွမ်းအားမြင့်မားသူများကို အမြဲတမ်းပင် နာခံတတ်သူဖြစ်လေသည်။
သူက ဆန်းလျန်ရှေ့တွင် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး…
"သခင်လေးကို ဂါရဝပြုပါတယ်…"
ပြောပြီးသည်နှင့် သူ၏နှလုံသားသင်္ကေတအမှတ်အသားသည် ဆန်းလျန်ရှိရာသို့ လွင့်မျောလာလေသည်။
သူ၏ နှလုံးသားသင်္ကေတတွင် စိတ်အာရုံစူးစိုက်မှုများ ပါဝင်လေသည်။ ဆန်းလျန်သည် သူ၏ လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်နိုင်မည် ဖြစ်ပြီး သူ့ဘဝ၏ သေခြင်းရှင်ခြင်းကိုပင် စီရင်ဆုံးဖြတ်နိုင်သူတစ်ယောက်ဖြစ်လာမည်ဖြစ်လေ သည်။
ဆန်းလျန်က ဟန်ဆောင်မနေတော့ဘဲ အနက်ရောင်ဘုန်းတော်ကြီး နှင်းအပ်သည့် နှလုံးသားသင်္ကေတကို လက်ခံလိုက်လေသည်။
ဆန်းလျန်က…
"မင်းမှာ နာမည်ရှိသလား"
အနက်ရောင်ဝတ်ဘုန်းတော်ကြီးက…
"ကျွန်တော့်မှာ နာမည် မရှိပါဘူး…"
ဆန်းလျန်က လေးနက်သည့်လေသံဖြင့်…
"ဒါဖြင့် မင်းကို နာမည်တစ်ခုပေးမယ်…"
အနက်ရောင်ဝတ်ဘုန်းတော်ကြီးက…
"ဟုတ်ကဲ့… သခင်လေး နာမည်တစ်ခု ပေးပေးပါ…"
ဆန်းလျန်က…
"ဗုဒ္ဓကတရားဟောတဲ့အခါ နတ်ဘုရားတွေက လေးလေးစားစားနဲ့ နားထောင်ကြရတယ် ၊ မင်းက ဗုဒ္ဓဘာသာကျင့်စဉ်ရော မိစ္ဆာကျင့်စဉ်ကိုပါ ကျင့်ကြံခဲ့တဲ့သူဖြစ်လို့ မင်းကို ကျွယ်ရှင်းလို့ နာမည်ပေးလိုက်မယ်…"
အနက်ရောင်ဝတ်ဘုန်းတော်ကြီးက ဆန်းလျန်ပေးသည့် နာမည်ကို ငြင်းပယ်ခြင်းမရှိဘဲ လက်ခံလိုက်လေသည်။
ဆန်းလျန်က ကျွယ်ရှင်းကို သူ၏ လက်အောက်တွင် အလုပ်လုပ်သူအဖြစ် သတ်မှတ်လိုက်ပြီး တည်ကြည်သည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေသည်။
ကျွယ်ရှင်းက ဆန်းလျန် သူ့ကို သဘောမကျမည်ကို ကြောက်ရွံ့နေမိလေသည်။
"မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်က ဘယ်ကိုရောက်သွားလဲဆိုတာ ကျွန်တော် မသိပါဘူး ၊ ပြီးတော့ အဲဒီ ကျင့်စဉ်ကို သင်ယူခဲ့တုန်းကလည်း ငယ်ပါသေးတယ် ၊ ဒါပေမယ့် ကျင့်စဉ်ထဲက အကြောင်းအရာ တော်တော်များများကို မှတ်မိပါတယ် ၊ သခင်လေးကို ကျွန်တော် ပြောပြပါ့မယ်…"
ဆန်းလျန်က ခေါင်းခါယမ်းလိုက်ရင်း…
"မင်း ပြောပြစရာမလိုဘူး ၊ ကျုပ်ရဲ့ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်က မင်းထက်တောင် သာသေးတယ်…"
ထို့နောက် ဆန်းလျန်က လက်ဖဝါးကိုဖြန်လိုက်ပြီး ခူယားကောင်လေးတစ်ကောင် ဖန်ဆင်းလိုက်လေသည်။
ခူယားကောင်လေးသည် တဖြည်းဖြည်းကြီးထွားလာပြီး နောက်ဆုံး ပိုးအိမ်မှထွက်လာကာ လိပ်ပြာလေးတစ်ကောင် အဖြစ်ပြောင်းလဲသွားလေသည်။ လိပ်ပြာလေးသည် ဆန်းလျန်၏ လက်ဖဝါးထက်မှ ကျွယ်ရှင်းရှိရာသို့ ပျံသန်း ထွက်ခွာသွားလေသည်။
ကျွယ်ရှင်းက လိပ်ပြာလေးကို ဖမ်းရန်အတွက် လက်ဖဝါးကို အသာဖြန့်လိုက်လေသည်။ သို့သော်… လိပ်ပြာလေးကို မဖမ်းမိခင်မှာပင် လိပ်ပြာလေးသည် လေထဲတွင် သဲမှုံများပမာ လွင့်ပြယ်သွားလေတော့သည်။
ကျွယ်ရှင်းမှာ လိပ်ပြာလေးသည် ပုံရိပ်ယောင်တစ်ခုဖြစ်သည့်တိုင် ကျွယ်ရှင်းကို လှည့်စားနိုင်ခဲ့လေသည်။
ကျွယ်ရှင်းက ဆန်းလျန်၏ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်သည် သူ့ထက် များစွာအဆင့်မြင့်သည်ကို လက်ခံ ယုံကြည်လိုက်လေတော့သည်။
သူက သူ၏ ခေါင်းကို လက်ဖြင့်တစ်ချက်အသာပွတ်လိုက်ရင်း…
"ကျွန်တော့်အဆင့်လောက်နဲ့ သခင်လေးအတွက် ရယ်စရာ ဖြစ်ရပြီ…"
ဆန်းလျန်က…
"ကျုပ် လောကထဲကို ထွက်လာတာ အလုပ်တွေလုပ်စရာရှိလို့ပဲ ၊ မင်းလည်း ကျုပ်နဲ့အတူ လိုက်ခဲ့ပါ…"
ကျွယ်ရှင်းက ခေါင်းညိတ်လိုက်လေသည်။
သို့သော် သူက ဗုဒ္ဓတံတိုင်းအကြောင်းကို စဉ်းစားလိုက်မိသည့်အခါတွင်တော့…
"သခင်လေး ၊ ဒီ ဗုဒ္ဓတံတိုင်းကြီးက ထူးခြားတယ် ၊ ယူမသွားဘူးလား…"
ဆန်းလျန်က…
"ဒီတံတိုင်းကြီးက အစကတည်းက ဒီမှာရှိနေတာ ကျုပ်က ယူသွားစရာ အကြောင်းမရှိပါဘူး"
ထိုစကားကိုကြားလိုက်ရသည့်အခါတွင်တော့ ကျွယ်ရှင်း၏ စိတ်ထဲတွင် မယုံကြည်နိုင်ဖြစ်သွားရလေသည်။ အစွမ်းထက်လှသည့် ဗုဒ္ဓတံတိုင်းကြီးကို မည်သူမဆို လိုချင်ကြမည်ပဲ ဖြစ်လေသည်။ သို့သော်… ဆန်းလျန်ကတော့ ငြင်းပယ်ခဲ့လေသည်။
သို့သော်… ဆန်းလျန်ပြောသည်မှာလည်း ဟုတ်သည်လေ…။
ဗုဒ္ဓတံတိုင်းကြီးကို သယ်ဆောင်သွားမည်ဆိုပါက နောက်ထပ် နေရာတစ်ခုတွင် နေရာချကာ ထပ်မံသိမ်းဆည်းထားရဦးမည် ဖြစ်လေသည်။ ထို့ပြင်… ဗုဒ္ဓတံတိုင်းကြီးသည် ချယ်လန်းတောင်ပေါ်တွင် တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်လေသည်။ သူ၏ရှိရင်းစွဲနေရာတွင်ပင် ထားခဲ့ခြင်းကသာ အကောင်းဆုံး ဖြစ်လေသည်။
ကျွယ်ရှင်းသည် ချယ်လန်းတောင်ပေါ်တွင် ကြီးပြင်းလာသူ ဖြစ်လေသည်။ သူ့အနေဖြင့်လည်း ချယ်လန်းတောင်ပေါ် တွင်သာ အမြဲတမ်းနေသင့်လေသည်။ သို့သော်… သူက တစ်ယောက်တည်း အထီးကျန် မနေချင်တော့သလို လောကကြီးကိုလည်း လှည့်လည်သွားလာချင်မိလေသည်။ ထို့ကြောင့် ဆန်းလျန်နှင့် လိုက်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
ထို့ပြင် ယနေ့ ဆန်းလျန်နှင့် စကားပြောလိုက်ရသည့်အတွက် အတိတ်မှ အကြောင်းအရာများကိုလည်း သတိရသွားမိသလို ထူးဆန်းသည့် စိတ်ခံစားချက်များကိုလည်း ခံစားနေရလေသည်။
ကျွယ်ရှင်းသည် ဆန်းလျန်ကိုလည်း အထင်ကြီးလေးစားနေပြီဖြစ်လေသည်။
ရည်ရွယ်ချက်မရှိဘဲနှင့် ဓမ္မကို သိရှိရန်မှာ မဖြစ်နိုင်ပေ။ ဆန်းလျန်နှင့်အတူ လိုက်သွားခြင်းအားဖြင့် သူ့အနေဖြင့် ကျင့်စဉ်လမ်းတွင်လည်း ပိုမိုသိရှိနားလည်လာရန် အထောက်အကူရရှိမည် ဖြစ်လေသည်။
ဆန်းလျန်ကတော့ ဗုဒ္ဓတံတိုင်းကြီးမှာ အလွန်အဖိုးတန်သည့် ရတနာပစ္စည်းတစ်ခုဖြစ်သည်ကို သိရှိထားလေသည်။ သို့သော်… သူက ယူဆောင်သွားမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်… မိမိအတွက် အသုံးဝင်မည် ၊ မဝင်ဘူး မစဉ်းစားဘဲ ရတနာပစ္စည်းတွေ့သည်နှင့် ငမ်းငမ်းတက်ယူဆောင်ချင်သူသည် နောင်တစ်ချိန်တွင် မိမိကိုယ်တိုင်ရော အခြားသူများကိုပါ နာကျင်စေမည် ဖြစ်လေသည်။
ဆန်းလျန်သည် ခံစားချက်ပေါင်းများစွဖြင့် ချယ်လန်းတောင်ပေါ်မှ ဆင်းသွားခဲ့လေသည်။ သူသည် "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်သို့ ပြန်မသွားတော့ပေ။
သူသည် တန်ခိုးစွမ်းအားအသုံးပြုကာ လောကတစ်ခွင် သွားလိုသည့်နေရာကို ချက်ချင်းရောင်သွားအောင် သွားလာနိုင်သည့်တိုင် ယခုတော့ ချယ်လန်းတောင်ပေါ်မှ လမ်းလျှောက်ဆင်းသွားရန် ဆုံးဖြတ်ခဲ့လေသည်။
ချယ်လန်းတောင်သည် သူနှင့်တစ်ခုခု ပတ်သက်ခဲ့သည့်နေရာတစ်ခုဖြစ်သည်ကို ခံစားသိရှိနေမိလေသည်။
သို့သော်… ကူးဝေေ၀၏ "သောက်ပြီးရင် မပြန်နဲ့တော့" စားသောက်ဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့ပြီးသည့်အချိန်မှစပြီး သူသည် အတိတ်မှအကြောင်းအရာများကို တစ်ခုမှ စဉ်းစား၍မရတော့ပေ။ သူ့ဘဝသည် ဘဝသစ်တစ်ခု ပြန်လည်စတင်သည့်အလား ဖြစ်နေလေသည်။ ထို့ကြောင့် … သူသည် အတိတ်ကို သိပ်မစဉ်းစားတော့ဘဲ စိတ်လက်ပေါ့ပါးစွာဖြင့် လျှောက်သွားချင်နေမိလေသည်။
နတ်ဘုရားများသည် လောကထဲတွင် လျှောက်မသွားဘဲ လောကကြီးအကြောင်းကို သိနိုင်လေသည်။ သို့သော်… တကယ်တမ်းတွင် လောကတစ်ခွင်လှည့်လည်သွားလာရင်း အရာရာကို လက်တွေ့ကျကျသိမြင်အောင် ကြိုးစားခြင်းက စိတ်အာရုံဖြင့် သိမြင်ရခြင်းထက်ပိုပြီး ကောင်းမွန်လေသည်။
ဆန်းလျန်သည် ယခုအချိန်တွင် သာမန်လူတစ်ယောက်ကဲ့သို့ ခရီးဆန့်ချင် နေခဲ့မိလေသည်။
ကူးဝေေ၀ထံမှ အစပြုခဲ့သည့် သူ၏ဘဝအသစ်သည် ယခုတော့ လောကတစ်ခွင်လှည့်လည်ခြေဆန့်ခရီးနှင်ရန် အချိန်တန်ပြီ ဖြစ်လေသည်။
နတ်ဘုရားတစ်ပါးအနေဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ နေထိုင်ကြည့်ရသည်မှာ မလွယ်ကူလှပါ။ ဆန်းလျန်သည် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူ့အနေဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ရန် ဆုံးဖြတ်လိုက်သည့် တိုင် သာမန်လူသားတစ်ယောက်နှင့် မတူတော့သည်ကတော့ အမှန်ပင် ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ… သူကတော့ သာမန်လူတစ်ယောက်လို သွားလာနေထိုင်ရန် တမင်သက်သက် ရွေးခြယ်လိုက်ခြင်း ဖြစ်လေသည်။
ထိုသို့ပြုလုပ်သည်မှာ သရုပ်ဆောင်ခြင်းနှင့် ဆင်တူလေသည်။ သရုပ်ဆောင်ခြင်းသည် ဟန်ဆောင်ခြင်း တစ်မျိုးဖြစ်လေသည်။ သို့သော်… ဇာတ်လမ်းထဲမှ ဇာတ်ကောင်များ၏ သဏ္ဍန်ကို မတူတူအောင် သရုပ်ဆောင်ရ ခြင်းဖြစ်သည့်အတွက် ဟန်ဆောင်ခြင်းဖြစ်သည့်တိုင် စစ်မှန်သည့် ဟန်ဆောင်ခြင်း ဖြစ်လေ၏။
ဆန်းလျန်နှင့် ကျွယ်ရှင်းသည် ခပ်ဖြည်းဖြည်းပင် လမ်းလျှောက်ခရီးနှင်လာကြပြီး အချိန်(၂)ရက်ခန့် ကြာသည့် အခါတွင်တော့ သူတို့ရှေ့တွင် ကာဆီးနေသည့် မြစ်ကြီးတစ်စင်းကို တွေ့မြင်လိုက်ကြရလေသည်။
မြစ်ကမ်းတွင် ကျောက်တိုင်တစ်ခုစိုက်ထူထားပြီး ကျောက်တိုင်ပေါ်တွင် စာများရေးသားထားလေသည်။
"မိုင်ပေါင်း (၃၀၀၀) ရှည်လျားသည့်မြစ်တစ်စင်းဖြစ်ပြီး မည်သည့်နေရာကိုမဆို ဆက်သွယ်သွားလာနိုင်သည်"
ထိုစာလုံးများအောက်တွင် ခပ်သေးသေးစာလုံးများဖြင့် ရေးသားထားသည်များလည်း ရှိနေသေးသည်။
"ဤမြစ်သည် ကြမ်းတမ်းသည့်မြစ်တစ်စင်းဖြစ်သည်။ မည်သည့်သင်္ဘောဖြစ်ဖြစ် ၊ လှေဖြစ်ဖြစ် ဤမြစ်ထဲတွင် နစ်မြုပ်ဖျက်စီးခံရပြီး လူပါသေဆုံးသွားနိုင်သည်။ ဤမြစ်ကိုဖြတ်ကူးသူ မည်သူမဆို အသူရာချောက်မှ ဝိညာဉ်မြစ်ရေ ထဲသို့ တစ်ခဏအတွင်းရောက်ရှိသွားနိုင်သည်။"
စာများကို ဖတ်ပြီးသွားသည်နှင့် ဆန်းလျန်က မြစ်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။ မြစ်ရေပြင်သည် ကျယ်ပြန့်စွာတည်ရှိနေသည့်တိုင် မြစ်ကိုဖြတ်ကူးရန်အတွက် လှေ ၊ သင်္ဘော စသည်တို့ကို တစ်ခုတစ်လေမျှပင် မတွေ့ရချေ။
ကျောက်တိုင်တွင်ရေးသားထားသည့် စာများသည် မြစ်တစ်ခုလုံးအတွက်အကျုံးဝင်သည်လား ၊ မြစ်၏ ဤနေရာဒေသရှိ အပိုင်းလေးတွင် ဖြစ်ပျက်နေသည်လားဆိုသည်ကိုတော့ သေသေချာချာ မသိနိုင်ပေ။
ကျွယ်ရှင်းက…
"သခင်လေး ၊ ဒီမြစ်ကထူးဆန်းတယ် ၊ ဖြတ်ကူးမလို့လား…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မင်း ဝါးဖောင်တစ်ခု သွားလုပ်လိုက်ပါ ၊ ဒီမြစ်က ဘာတွေထူးဆန်းသလဲဆိုတာ ကြည့်ကြတာပေါ့…"
ဆန်းလျန်မှာ ထူးဆန်းသူတစ်ယောက်ဖြစ်သည်ကို သိရှိထားသည့်အတွက် ကျွယ်ရှင်းက ဆန်းလျန်၏ စကားကို အထွန့်တက်မနေတော့ပေ။
ပြီးတော့ ဝါးဖောင်တစ်ခုပြုလုပ်ရန်မှာလည်း ခက်ခဲသည့်အလုပ်မှ မဟုတ်ပေပဲ။
ခဏအကြာတွင်တော့ ကျွယ်ရှင်းက ဝါးလုံးများကိုထမ်းကာ ပြန်ရောက်လာလေသည်။ သူက ဓားတစ်လက်ဖြင့် ဝါးရွက်များခုတ်လိုက်ပြီး ဝါးဖောင်တစ်ခု အောင်မြင်စွာ ပြုလုပ်လိုက်လေသည်။ သူက ဝါးဖောင်ကို မြစ်ရေထဲသို့ မျှောလိုက်ပြီး မြစ်ကိုဖြတ်ကူးရန် အဆင်သင့် ပြင်လိုက်လေသည်။
ထိုအချိန်မှာပင်…
"လူလေးတို့ ၊ မြစ်ကိုဖြတ်မကူးကြနဲ့…"
တောင်ဝှေးတစ်ချောင်းကိုကိုင်ထားသည့် အဘိုးအိုတစ်ယောက်သည် အဝေးဆီမှ လှမ်းအော်ပြောလိုက်ခြင်း ဖြစ်လေ၏။
ကျွယ်ရှင်းက ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။ ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည့်အခါ ကျွယ်ရှင်းက ဝါးဖောင်ကို မြစ်ရေထဲ မမျှောသေးဘဲ ခဏရပ်ထားလိုက်လေသည်။
အဘိုးအိုသည် နှေးကွေးသည့် ခြေလှမ်းများဖြင့် သူတို့ရှိရာသို့ ချဉ်းကပ်လာလေသည်။
အဘိုးအိုက…
"မင်းတို့ မမြင်ကြဘူးလား ဟိုမှာ ကျောက်တိုင်စိုက်ထားတာ ၊ ဒီမြစ်ကို ဖြတ်ကူးလို့မရဘူး…"
ကျွယ်ရှင်းကပြုံးလိုက်ရင်း…
"ကျောက်တိုင်စိုက်ထားတာတွေ့ပါတယ် ၊ ဒါပေမယ့် ကျုပ်တို့က ကူးမှာပဲ…"
အဘိုးအိုက တောင်ဝှေးကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ထောက်ထားလိုက်ရင်း…
"မင်းတို့လိုမျိုး လူငယ်တွေအများကြီးတွေ့ဖူးပါတယ် ၊ နည်းနည်းလောက် အစွမ်းရှိတာနဲ့ မိုးကိုဒူးနဲ့တိုက်ချင်ကြတယ် ၊ လွန်ခဲ့တဲ့နှစ်တွေက ဒီမြစ်ထဲမှာ လူတွေ ဘယ်လောက်သေခဲ့ကြပြီလဲဆိုတာ မင်းတို့သိလို့လား"
ဆန်းလျန်က…
"အတိအကျပြောရရင် မနှစ်က ဒီမြစ်ထဲမှာ သေတဲ့လူပေါင်း (၃၆၀)တိတိ ရှိခဲ့တယ်…"
ဆန်းလျန်၏ စကားကိုကြားလိုက်ရသည့်အခါတွင်တော့ သူသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြောက်ရွံ့တုန်လှုပ်သည့် အကြည့်များဖြင့် ဆန်းလျန်ကို ကြည့်လိုက်လေတော့သည်။