← Chapters

အကျိုးမမျှော်လင့်ဘဲကူညီပါ

Vol. 8 Ch. 740

အကျိုးမမျှော်လင့်ဘဲကူညီပါ

Vol. 8 Ch. 740

ခဏကြာမှ အဘိုးအိုက…

"လူပေါင်း (၃၆၀)တိတိ သေခဲ့တယ်ဆိုတာ မင်းက ဘယ်လိုလုပ်သိတာလဲ…"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"ဘာလဲ… လူဘယ်နှစ်ယောက် သေခဲ့လဲဆိုတာ အဘိုးကရော သိလို့လား…"

လူတစ်ယောက် ဖြစ်ထဲသို့ နစ်မြုပ်သွားပြီဆိုလျှင် အလောင်းကို ပြန်ရှာတွေ့နိုင်ရန်မှာ ခဲယင်းလေသည်။ ထို့ကြောင့် မြစ်ထဲတွင် သေဆုံးသူ အရေအတွက်ကို မည်သူမှ တိတိကျကျ မပြောနိုင်ကြပေ။

အဘိုးအိုသည် ဤဒေသ၏ အကြီးအကဲတစ်ယောက် ဖြစ်သည့်တိုင် ရေနစ်မြုပ်သေဆုံးပြီး ကမ်းခြေတွင်လာရောက် သောင်တင်နေကြသည့် အလောင်းများကိုသာ စာရင်းပြုစုထားနိုင်ခဲ့လေသည်။ ထို့ကြောင့် သေဆုံးသူအရေအတွက် ကိုအတိအကျသိရှိခြင်း မရှိခဲ့ပါချေ။

ထို့ကြောင့် သူသည် ဆန်းလျန်ကဲ့သို့ အတိအကျ မပြောနိုင်ခဲ့ပေ။

ဆန်းလျန်သည် ထူးဆန်းသူတစ်ယောက်ဖြစ်သည်ကို အဘိုးအိုက ရိပ်မိလိုက်လေသည်။ သို့သော်… ထိုလူငယ်သည် မည်မျှပင် ထူးဆန်းသူဖြစ်ပါစေ မြစ်ကိုဖြတ်ကူးလျှင်တော့ သေမည်ပဲဖြစ်လေသည်။

ကျွယ်ရှင်းမှာ ဘုန်းတော်ကြီးတစ်ပါးဖြစ်သော်လည်း သူက ဆရာဖြစ်သူကို အတုယူကာ ဘုန်းတော်ကြီးပုံသဏ္ဍန် အသွင်ယူထားခြင်းသာ ဖြစ်လေသည်။ သိပ်ပြီး စိတ်ရှည်သူတစ်ယောက် မဟုတ်ပေ။

ကျွယ်ရှင်းက…

"ကျုပ်တို့ ကာယကံရှင်တွေကတောင် မကြောက်တာ ၊ အဘိုးက ဘာကိစ္စ စိတ်ပူနေတာလဲ…"

အဘိုးအိုက…

"မင်းက အကောင်းအဆိုးနားမလည်ပါလား ၊ အေးလေ… မင်းတို့ဟာမင်းတို့ ကူးချင်တယ်ဆိုရင်လည်း ကူးပေါ့…"

ဆန်းလျန်က…

"ကျွယ်ရှင်း… အသက်ကြီးသူတွေအပေါ်မှာ မရိုင်းရဘူး…"

ဆန်းလျန်က ဟန့်လိုက်သည့်အတွက် ကျွယ်ရှင်းက အဘိုးအိုနှင့် ဆက်လက်ငြင်းခုံခြင်း မပြုတော့ပေ။

ဆန်းလျန်က…

"ကျုပ်တပည့်က တောင်ပေါ်မှာ ကြီးပြင်းလာရတော့ ယဉ်ကျေးမှုတွေကို သိပ်နားမလည်ဘူး ၊ ဒါကြောင့် အဘိုးကို မလေးမစား လုပ်မိတာရှိရင် ဗွေမယူပါနဲ့ ၊ အခု အချိန်လည်း နောက်ကျနေပြီ ၊ ကျုပ်တို့ ဆရာတပည့်နှစ်ယောက် ဒီည အဘိုးအိမ်မှာပဲ လိုက်ပြီးတည်းခိုလို့ ရနိုင်မလား…"

အဘိုးအိုက ဆန်းလျန်၏ ယဉ်ကျေးသိမ်မွေ့သည့် စကားများကို ကြားလိုက်ရသည့်အတွက် ကျွယ်ရှင်းအပေါ်တွင် မကျေမနပ်ဖြစ်နေသည်များ ပျောက်ဆုံးသွားရလေသည်။ ထို့ပြင် ဆန်းလျန်က သူ၏အိမ်တွင် တည်းခိုမည်ဆိုသော အခါ အားနာပြီး ငြင်းရခက်သွားလေသည်။

"ရပါတယ်… ကျုပ်အိမ်ကို လိုက်ခဲ့ကြပါ…"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်ကာ ပြုံးလိုက်ရင်း…

"ဒါဖြင့်လည်း အဘိုးကိုပဲ ဒုက္ခပေးရတော့မယ်…"

ကျွယ်ရှင်းမှာ ဆန်းလျန်ကို နားမလည်နိုင်ဖြစ်နေရလေသည်။

ဆန်းလျန်သည် နတ်ဘုရားတစ်ပါးဖြစ်သည့်တိုင် လူသားများအပေါ်တွင် အဘယ့်ကြောင့် ကြင်ကြင်နာနာ ဆက်ဆံ နေရပါသနည်း။ ဆန်းလျန်၏ နူးညံ့သိမ်မွေ့ပုံမျိုးနှင့်ဆိုလျှင် မြစ်ထဲတွင်ပုန်းအောင်းနေသည့် နတ်မိစ္ဆာရှိနေလျှင် တောင်မှ နှိမ်နင်းနိုင်ရန် လမ်းမမြင်ပေ။

သို့သော်… ဆန်းလျန်က ဆုံးဖြတ်ထားသည့်အတွက် သူ့အနေဖြင့်လည်း မငြင်းနိုင်တော့ပေ။

သူတို့ (၂)ယောက်သည် အဘိုးအိုနောက်သို့ လိုက်ပါသွားကြပြီး ရွာလေးတစ်ရွာသို့ ရောက်ရှိသွားကြလေသည်။ ရွာလမ်းပေါ်ရှိလူများက အဘိုးအိုကို အသီးသီးနှုတ်ဆက်သွားကြလေသည်။

သေးငယ်သည့်ရွာလေးဖြစ်သည့်အတွက် မည်သည့်အရာကိုမှ ဖုံးကွယ်ထား၍မရပေ။ မကြာမီ အဘိုးအို၏အိမ်သို့ ဧည့်သည် (၂)ယောက်ရောက်ရှိနေသည့် သတင်းသည် တစ်ရွာလုံးသို့ ပျံ့နှံ့သွားလေတော့သည်။

ဆန်းလျန်၏အမူအရာမှာ ယဉ်ကျေးသိမ်မွေ့သည့်အတွက် ရွာသားများက ဆန်းလျန်မှာ သာမန်ခရီးသွား စာပေသမားတစ်ယောက်ဖြစ်သည်ဟု ထင်မှတ်သွားကြလေသည်။

စာပေသမားများသည် ဂုဏ်သရေရှိသူများ ဖြစ်ကြလေရာ ရွာသားများသည် ဆန်းလျန်အနားသို့လာပြီး မေးခွန်းများမေးမြန်းရန် မဝံ့ရဲကြပါချေ။ ထို့ကြောင့် အဝေးမှသာ ဧည့်သည်များကို ဝိုင်းဝန်းကြည့်ရှုနေကြလေသည်။

နောက်ဆုံးတော့ အပြာရောင်ကျောက်တုံးများဖြင့် တံတိုင်းခတ်ထားသည့် ခြံဝန်းလေးတစ်ခုရှေ့သို့ ရောက်ရှိလာကြ လေသည်။

အဘိုးအိုက ခြံဝန်းရှေ့တွင် မတ်တတ်ရပ်လိုက်ပြီး…

"သမီးရေ ၊ တံခါးလာဖွင့်ပေးပါဦး…"

ရွာလမ်းတစ်လျှောက်တွင် အိမ်တိုင်းမှာ သာမန် သက်ကယ်မိုး  ထရံကာ အိမ်ငယ်လေးများသာ ဖြစ်ကြလေသည်။

အဘိုးအို၏ အိမ်တစ်အိမ်သာ ကျောက်တုံးများဖြင့်တံတိုင်းကာထားခြင်းဖြစ်သည်ကို ကျွယ်ရှင်းသတိထားလိုက်မိလေ သည်။

ကျွယ်ရှင်းက…

"အဘိုးအိမ်က တော်တော်ကောင်းတာပဲ ၊ ကြည့်ရတာ အဘိုးက သူဌေးကြီးတစ်ယောက်ဖြစ်ရမယ်…"

အဘိုးအိုက…

"ဟွန်း ဆန်းသခင်လေးမျက်နှာသာမထောက်ရင် မင်းကို အိမ်ခေါ်လာမယ်မထင်နဲ့…"

ကျွယ်ရှင်းက ပြုံးလိုက်ပြီး…

"ကျုပ်ကိုမတွေ့ချင်ရင် အဘိုး ဒီညအိမ်မှာမနေနဲ့ပေါ့ ၊ အဘိုး အိမ်မှာမရှိတော့ ကျုပ် အဘိုးရဲ့အိပ်ယာမှာ သက်သောင့်သက်သာနဲ့ အိပ်ရတာပေါ့…"

အဘိုးအိုက ကျွယ်ရှင်းကို တစ်ချက်ကြည့်လိုက်လေသည်။

ကျွယ်ရှင်းသည် အပေါက်ဆိုးသယောင်ထင်ရသော်လည်း ပွင့်ပွင့်လင်းလင်းနှင့် စိတ်ရင်းကောင်းသူတစ်ယောက်ဖြစ် သည်ကို ရိပ်မိလိုက်လေသည်။ ထို့ကြောင့် အဘိုးအိုသည် ကျွယ်ရှင်းနှင့်ပြိုင်ပြီး ငြင်းခုန်မနေတော့ရန် ဆုံးဖြတ်လိုက် လေသည်။

ခဏအကြာတွင်တော့ ခြံဝန်းတံခါးပွင့်လာပြီး မိန်းကလေးတစ်ယောက် ထွက်လာလေသည်။ မိန်းကလေးမှာ ငယ်ရွယ်ချောမောသူလေးဖြစ်ပြီး ရုတ်တရက် ဧည့်သည်ယောကျ်ားပျိုများကို တွေ့မြင်လိုက်ရသည့်အခါ ရှက်သွေးဖြာ သွားရလေသည်။

အဘိုးအိုက…

"သမီးရေ ၊ ဒါက ဆန်းသခင်လေးပဲ ၊ နောက်ကတော့ သူ့တပည့် ကျွယ်ရှင်း ၊ ဒီည ဆန်းသခင်လေးတို့ ဆရာတပည့် အိမ်မှာတည်းခိုကြလိမ့်မယ် ၊ ညနေစာလေးဘာလေး ချက်ပါလား ၊ ဆန်းသခင်လေးတို့ကို ဧည့်ခံရအောင်…"

ချောမောလှပသည့် မိန်းမပျိုလေးက ဆန်းလျန်နှင့် ကျွယ်ရှင်းကို တစ်ချက်ကြည့်လိုက်ပြီး…

"အဖေ …. ညစာချက်ဖို့ အိမ်မှာ မီးသွေးမရှိတော့လို့  ပန်းပဲသမားကျန်းဆီမှာ မီးသွေးသွားဝယ်လိုက်ဦးမယ်နော်…"

အဘိုးအိုက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"ဒါဖြင့်လည်း သွားလေ…"

ထို့နောက် ချောမောလှပသည့်မိန်းကလေးက ထွက်ခွာသွားလေတော့သည်။

အဘိုးအိုက ဆန်းလျန်ကို ခြံဝန်းအတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။

ထို့နောက် အိမ်ဘေးမှ စပါးကျီကို တစ်ချက်ညွှန်ပြလိုက်ရင်း…

"ဆန်းသခင်လေး ၊ တကယ်တော့ ကျုပ်က ဒီရွာရဲ့ ရွာသူကြီးပါ ၊ ကျုပ်အိမ်ကို ကောင်းကောင်း မွန်မွန်ဆောက်လုပ် ထားရတာက ငွေကြေးချမ်းသာလို့ မဟုတ်ရပါဘူး ၊ ကျုပ်ဆီမှာ နှစ်စဉ်နှစ်တိုင်း ကောက်ပဲသီးနှံတွေသိုလှောင်ဖို့ စပါးကျီထားဖို့ လိုလို့ပါ ၊ တစ်ရွာလုံးအတွက် ကောက်ပဲသီးနှံ ရိက္ခာတွေကို ကျုပ်က သိမ်းဆည်းထားပေးရတယ် ၊ အပြင်မှာထားမယ်ဆိုရင် ကျွဲနွားတွေ ဖျက်စီးမှာလည်းစိတ်ပူရ ၊ သူခိုးဓားပြရန်လည်း ကြောက်ရတယ်လေ…"

ကျွယ်ရှင်းက ခေါင်းကို တစ်ချက်ပွတ်လိုက်ရင်း…

"သြော်… ဒါကြောင့်ကိုး ၊ ကျုပ် အဘိုးကို အထင်မှားသွားမိတယ်…"

အဘိုးအိုက…

"ကျုပ်က ဆန်းသခင်လေးကို ရှင်းပြနေတာ ၊ မင်းကို ဂရုစိုက်မနေဘူး…"

ကျွယ်ရှင်းက ဘာမှမပြောတော့ဘဲ ရယ်မောနေလိုက်လေသည်။

သူတို့ (၃)ယောက် အိမ်ထဲသို့ မဝင်ခင်မှာပင် အိမ်ထဲမှ ကလေးငယ်တစ်ယောက် ထွက်လာလေသည်။ ကလေးငယ်၏ လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ထားလေသည်။ သို့သော်… စာအုပ်မှာ အတည့်မဟုတ်ဘဲ ဇောက်ထိုးဖြစ်နေလေ၏။

အဘိုးအိုက ထိုကလေးငယ်၏ ခေါင်းကို လက်ဖြင့်အသာ ပွတ်သပ်လိုက်ရင်း…

"အော့ကိုးကျီ ၊ ဒီနေ့ စာတွေဖတ်ရတာ ပင်ပန်းသွားပြီလား ၊ အနားယူတော့လေ…"

အဘိုးအို၏ စကားဆုံးသွားသည်နှင့် ကျွယ်ရှင်းက ပြုံးလိုက်လေသည်။

ကျွယ်ရှင်း၏ အပြုံးကိုမြင်တော့မှ ကလေးငယ်မှာ ရှက်ကိုးရှက်ကန်းဖြင့် သူယူလာသည့် စာအုပ်ကိုကြည့်လိုက်လေ ရာ စာအုပ်မှာ ဇောက်ထိုးဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ကလေးငယ်က သူမှားနေမှန်းသိသွားပြီး အဘိုးဖြစ်သူမရိပ်မိခင်မှာပင် စာအုပ်ကို ကမန်းကတန်း စာအုပ်ကို နောက်ကျောတွင် ဖွက်ထားလိုက်လေသည်။

အမှန်တော့ ကလေးငယ်သည် တစ်နေ့လုံး ဆော့ကစားနေခဲ့ခြင်းဖြစ်ပြီး အဘိုးဖြစ်သူ ပြန်လာမှ စာအုပ်ကို ကောက်ကိုင်ကာ စာဖတ်နေဟန်ဖြင့် ထွက်လာခြင်း ဖြစ်လေသည်။ သို့သော်… စာအုပ်ပြောင်းပြန်ကိုင်လာမိလျက် သားဖြစ်နေခဲ့လေသည်။

ကလေးငယ်က…

"ကျွန်တော် သိပ်လည်းမကြိုးစားပါဘူး ဘိုးဘိုး…"

အဘိုးအိုက ကြင်နာသည့်မျက်နှာထားဖြင့်…

"ဒါက ဆန်းသခင်လေးတဲ့ ၊ သိပ်ကို ပညာရှိတဲ့လူတစ်ယောက်ပဲ ၊ မင်းစာဖတ်ပြီး နားမလည်တာတွေရှိရင် ဆန်းသခင်လေးကို မေးလို့ရတယ်…"

အော့ကိုးကျီဆိုသည့် ကလေးငယ်သည်ချက်ချင်းပင် ဆန်းလျန်ကို ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။

ထို့နောက် ကျွယ်ရှင်းကိုလည်း ဦးညွှန်နှုတ်ဆက်လိုက်လေသည်။ မဟုတ်ပါက သူစာအုပ်ပြောင်းပြန်ကိုင်လာသည်ကို အဘိုးဖြစ်သူကို တိုင်ပြောမည်စိုးသောကြောင့် ဖြစ်လေ၏။

အဘိုးအိုက…

"ကောင်လေးကျွယ်ရှင်း ၊ တွေ့လား… ကျုပ်မြေးလေးကတောင် မင်းထက်ပိုပြီး ယဉ်ကျေးသေးတယ်…"

ကျွယ်ရှင်းက ပြုံးလိုက်ရင်း…

"ဒါပေါ့ ဒါပေါ့ ၊ ကျုပ်က တောင်ပေါ်မှာ ကြီးလာတာ ၊ ယဉ်ကျေးမှုတွေနားမလည်ဘူး ၊ အဘိုး စိတ်ထဲမထားပါနဲ့…"

အဘိုးအိုက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အော့ကိုးကျီကို လက်ဖက်ရည်အိုး ယူလာခိုင်းလိုက်ကာ ဧည့်ခန်းထဲတွင် ဆန်းလျန်တို့ကို လက်ဖက်ရည်နှင့်ဧည့်ခံပြီး စကားစမြည်ပြောဆိုနေလေသည်။

ခဏအကြာတွင်တော့ မီးသွေးသွားဝယ်သည့် မိန်းကလေးပြန်ရောက်လာပြီး မီးဖိုချောင်အတွင်းသို့ ဝင်သွားလေ သည်။

သို့သော်… သူမသည် ချက်ချင်းပင် ပြန်ထွက်လာပြီး…

"အဖေ… မီးသွေးတွေက မီးမွှေးလို့လည်း မရဘူး…"

ဆန်းလျန်က…

"ကျွယ်ရှင်း ၊ မင်းသွားပြီး မိန်းကလေးကို ကူညီပေးလိုက်ပါ…"

ကျွယ်ရှင်းက မိန်းကလေးနှင့်အတူ မီးဖိုချောင်အတွင်းသို့ လိုက်ပါသွားလေသည်။

မီးဖိုချောင်အတွင်းရောက်သည့်အခါ မိန်းကလေးက ကျွယ်ရှင်းကို မီးခတ်ကျောက်နှစ်တုံး ပေးလိုက်လေသည်။ သို့သော် ကျွယ်ရှင်းက မီးခတ်ကျောက်ကိုမယူဘဲ မီးသွေးများကို လက်ဖြင့်တစ်ချက်ပွတ်လိုက်လေရာ ချက်ချင်းပင် မီးများစတင်လောင်ကျွမ်းလေတော့သည်။

"အစ်ကိုကြီး ၊ အစ်ကိုကြီးက အရမ်းတန်ခိုးစွမ်းအားမြင့်မားတာပဲ ၊ မီးတွေ အလိုလိုတောက်လာအောင် ဘယ်လိုလုပ် လိုက်တာလဲဟင်…"

ကျွယ်ရှင်းက…

"တောင်ပေါ်မှာဆိုရင် မီးသွေးတောင်ရှိတာမဟုတ်ဘူး ၊ ဒီလိုပဲ ကိုယ့်အားကိုယ်ကိုးပြီး မီးမွှေးကြရတာ"

မိန်းကလေးသည် သိပ်ပြီးမေးမြန်းမနေတော့ပေ။

သူမသည် ပွင့်လင်းသူလေးတစ်ယောက်လည်းဖြစ်လေရာ စကားကို တည့်တည့်ပင် ပြောလိုက်လေသည်။

"အစ်ကိုကြီး ၊ ကျွန်မတို့အိမ်က ဆင်းရဲတယ် ၊ ဘာမှသိပ်မရှိဘူး ၊ အစ်ကိုကြီးနဲ့ ဆန်းသခင်လေးအတွက် ညနေစာကို ဆန်ပြုတ်နဲ့ပဲ ဧည့်ခံရမှာပဲ…"

ကျွယ်ရှင်းကလည်း အားမနာတတ်သူတစ်ယောက် ဖြစ်လေရာ…

"ဒါဖြင့် စားဖို့စောင့်နေမယ်နော်"

ထို့နောက် ကျွယ်ရှင်းက မီးဖိုချောင်မှ ထွက်လာခဲ့လေသည်။

ဧည့်ခန်းထဲတွင်တော့ အဘိုးအိုနှင့် ဆန်းလျန်မှာ စကားလက်ဆုံကျနေကြလေသည်။

အဘိုးအို၏အမည်မှာ ကျန်းဟယ်ဖြစ်ပြီး ဤရွာလေးမှ နယ်ခံတစ်ယောက်ဖြစ်လေသည်။ သူ့တွင် သား (၂)ယောက် နှင့်သမီး (၁)ယောက်ရှိလေသည်။ သား (၂)ယောက်မှာ မြို့တွင် အလုပ်လုပ်နေကြပြီး အော့ကိုးကျီလေးမှာ အကြီးဆုံးသား၏သားငယ်လေးဖြစ်လေသည်။ ယခု မြေးငယ်က အဘိုးဆီသို့ ခဏတာ အလည်အပတ်ရောက်ရှိ နေခြင်းဖြစ်လေသည်။

သမီးဖြစ်သူမှာတော့ မုဆိုးမလေးဖြစ်လေသည်။ လွန်ခဲ့သည့်တစ်နှစ်က ခင်ပွန်းသည် ဆုံးပါးသွားခဲ့လေသည်။ သူမတွင် သားသမီးလည်းမထွန်းကားခဲ့သည့်အတွက် အဘိုးအိုက အိမ်တွင်ပြန်လာနေရန် ခေါ်ထားခြင်း ဖြစ်လေ၏။

ညစာစားသောက် ၊ စကားပြောကြပြီးသည့်နောက် အဘိုးအိုက ဆန်းလျန်နှင့် ကျွယ်ရှင်း အိပ်စက်နားနေရန်အတွက် နေရာထိုင်ခင်းများ ပြင်ဆင်ပေးလေသည်။

ညသန်းခေါင်အချိန်တွင်တော့…

အပြင်ဘက်မှ လှုပ်ရှားသံများကို ကြားလိုက်ရလေသည်။

တဒုန်းဒုန်းထုရိုက်သံများ ထွက်ပေါ်လာပြီး ခြံဝန်းတံခါးပွင့်ထွက်သွားလေသည်။ မီးတုတ်များကိုကိုင်ထားသည့် အားကောင်းသန်မာသည့် ယောကျ်ားကြီး (၇)ယောက်သည် ခြံထဲသို့ ပြေးဝင်လာကြသည့်အတွက် အဘိုးအို ကျန်းဟယ်တို့မိသားစုလည်း အိပ်ယာမှ နိုးလာကြရလေသည်။

အဘိုးအို၏အိမ် ဓားပြအတိုက်ခံရခြင်း ဖြစ်လေသည်။

ဓားပြများသည် အဘိုးအိုတို့မိသားစုကို ဧည့်ခန်းထဲတွင် ချက်ချင်းပင် ကြိုးတုပ်ကာ ဖမ်းဆီးထားလိုက်ကြလေသည်။

ကျွယ်ရှင်းမှာ အိပ်ယာမှ နိုးလာပြီး အခြေအနေကို သဘောပေါက်သွားလေသည်။

သူက အဘိုးအိုမိသားစုကို ကူညီရန် ဆန်းလျန်ထံခွင့်တောင်းရန်အတွက် ဆန်းလျန်ကို လှမ်းကြည့်လိုက်လေရာ ဆန်းလျန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျှက်ရှိလေသည်။

အဘိုးအိုမိသားစု မနေ့က ကျွေးမွေးခဲ့သည့် ဆန်ပြုတ်မှာ အရသာရှိလှပြီး အဘိုးအိုတို့ မိသားစုမှာ စိတ်ကောင်းရှိသူများဖြစ်သည်ကို ကျွယ်ရှင်းသိထားလေသည်။ ထို့ကြောင့် ဆန်းလျန်ထံမှ ခွင့်ပြုချက်ကို စောင့်မနေတော့ဘဲ အဘိုးအိုတို့ မိသားစုကို ကူညီရန် ဆုံးဖြတ်လိုက်လေသည်။

သူက တံခါးဖွင့်ပြီး အခန်းအပြင်သို့ထွက်လိုက်သည့်အခါတွင်တော့ အဘိုးအိုကျန်းဟယ်၏ သမီးငယ်ကို ဓားပြတစ်ယောက်က အဓမ္မပြုကျင့်ရန် ကြံစည်နေသည်ကို တွေ့လိုက်ရလေသည်။

ကျွယ်ရှင်းသည် ချက်ချင်းပင် ခုန်ဝင်လိုက်ပြီး ဓားပြဖြစ်သူ၏ ဦးခေါင်းကို ဖရဲသီးတစ်လုံးကိုခွဲသလို လက်ဝါးဇောင်းဖြင့် ရိုက်ခွဲလိုက်လေတော့သည်။

ထို့နောက် သူက အခြားသော ဓားပြများ၏ ခေါင်းများကို ရိုက်ခွဲပစ်လိုက်လေသည်။

အဘိုးအိုမိသားစုက ကျေးဇူးတင်စကားမပြောနိုင်သေးခင်မှာပင် ဆန်းလျန်၏ စကားသံထွက်ပေါ်လာလေသည်။

"ကျွယ်ရှင်း… ငါတို့ သွားကြရအောင်…"

ထို့နောက် ဆန်းလျန်သည် အဘိုးအိုကို တစ်ချက်ပြုံးပြနှုတ်ဆက်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာ သွားလေတော့သည်။

ယခုတော့ အဘိုးအိုကျန်းဟယ်၏ အိမ်တွင် ဆန်းလျန် တစ်ညတာ တည်းခိုလိုသည့်အကြောင်းကို ကျွယ်ရှင်း နားလည်သွားခဲ့ပြီဖြစ်လေသည်။

အဘိုးအိုကျန်းဟယ်သည် စိတ်ကောင်းစေတနာဖြင့် မြစ်ကို ဖြတ်ကူးခြင်းမပြုရန် ခရီးသွားများကို တားမြစ်နေခဲ့သူ ဖြစ်လေသည်။ ယနေ့တွင်လည်း ဆန်းလျန်နှင့် ကျွယ်ရှင်းကို စိတ်ကောင်းစေတနာဖြင့် တားဆီးခဲ့လေသည်။ ထိုစိတ်ကောင်းစေတနာကြောင့်ပင် အဘိုးအိုသည် ဆန်းလျန်နှင့် တွေ့ဆုံရမည့် ကံတရားကို ဖြစ်ပေါ်စေခဲ့လေသည်။ ထို့ကြောင့် ဆန်းလျန်က ယနေ့ည သူခိုးဓားပြများရန်မှ အဘိုးအိုတို့မိသားစု ကင်းလွတ်စေရန်အတွက် ပြန်လည် ကယ်တင်ပေးခဲ့ခြင်းဖြစ်လေတော့သည်။

All Chapters