ကျီးစစ်ကျွင်းနှင့်ငါးရောင်းနေသည့်ကျွယ်ရှင်း
Vol. 8 Ch. 741
ဆန်းလျန်၏ စကားကိုကြားသည်နှင့် ကျွယ်ရှင်းသည်လည်း လေထဲသို့ ခုန်တက်ကာ ဆန်းလျန်နောက်သို့ လိုက်ပါ သွားလေသည်။
သူတို့သည် မြေပြင်နှင့် ပေ (၂၀၀၀) အမြင့်သို့ ရောက်ရှိသွားပြီး သူတို့၏ ပတ်ဝန်းကျင်တွင် တိမ်တိုက်မြူခိုးများက ဝန်းရံနေလေသည်။ လရောင်က တိမ်တိုက်မြူခိုးများဆီသို့ ဖြာကျနေပြီး မြင်ကွင်းမှာ အလွန်မှ ခမ်းနားလှပနေလေ သည်။
သို့သော်… ကျွယ်ရှင်းသည် ချယ်လန်းတောင်ပေါ်တွင် ကြီးပြင်းခဲ့သူဖြစ်လေရာ ထိုသို့သောမြင်ကွင်းမျိုးကို အသားကျနေပြီ ဖြစ်လေသည်။ သူ့အတွက် မထူးဆန်းလှပေ။
သူနှင့် မနီးမဝေး တစ်နေရာတွင် ဆန်းလျန် ရပ်နေလေသည်။
ဆန်းလျန်သည် လေထဲတွင် လက်နှစ်ဖက်နောက်ပစ်ကာရပ်တန့်နေပြီး မျက်လုံးများက တစ်စုံတစ်ခုကို ရှာဖွေနေဟန် ရှိလေသည်။ သူ၏ စိတ်အာရုံဆီသို့ ချဉ်းကပ်လာသည့် တစ်စုံတစ်ရာကို အာရုံစူးစိုက်နေဟန် ရှိလေသည်။
ကျွယ်ရှင်းက…
"ကျွန်တော် အရင်ကလည်း လူတွေသတ်ဖူးပါတယ် ၊ ဒါပေမယ့် ဒီနေ့ ဒီလူယုတ်မာတွေကို သတ်လိုက်ရတာက ပျော်စရာအကောင်းဆုံးပဲ…"
ဆန်းလျန်က သူ့ကို စကားပြန်ပြောခြင်း မရှိပါ။
ဆန်းလျန်က ရုတ်တရက် မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ လေထဲမှာ တိမ်တစ်စကို ဖမ်းယူလိုက်လေသည်။ ထို့နောက် သူက တိမ်စကို ပြန်ပြီး လွှတ်ပေးလိုက်လေသည်။ ထိုတိမ်တိုက်မှာ အသက်ရှိနေဟန် တူလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်၏အဝေးတစ်နေရာသို့ ချက်ချင်း ပျံသန်းထွက်ခွာသွားလေသည်။
ဆန်းလျန်က လက်နှစ်ဖက်ကို အသာနောက်ပစ်လိုက်ရင်း…
"ကျုပ်တို့တွေ အခု မြစ်ကိုဖြတ်ကူးကြရအောင်…"
ကျွယ်ရှင်းက ဆန်းလျန် သူ့ကို စကားပြန်မပြောသည့်အတွက် ဆန်းလျန်လုပ်သလို တိမ်တစ်စကို ဖမ်းယူလိုက်ပြီး စစ်ဆေးကြည့်လိုက် လေသည်။
ပြီးမှ သူက သံသယရှိသည့် လေသံဖြင့်…
"ဒီလေထဲက တိမ်တိုက်မှာ ထူးခြားတာတစ်ခုခုများ တွေ့လို့လား…"
ဆန်းလျန်က…
"လူတစ်ယောက်က တိမ်တိုက်ရဲ့ တန်ခိုးစွမ်းအားကို အသုံးပြုပြီး သတင်းပို့တဲ့အလုပ်ကို လုပ်နေတာ ၊ ဒါကြောင့် ကျုပ်က တစ်ချက်လောက် ကြည့်လိုက်တာပါ…"
ကျွယ်ရှင်းက…
"ဟုန်ယန်ကျမ်းစာနဲ့ ဖေးကျန့်ကျမ်းစာတွေထဲမှာ အဲဒီအကြောင်းကို ကြားဖူးတယ် ၊ ဒါပေမယ့် အခုလိုမျိုး တစ်ခါမှ မတွေ့ကြုံဖူးဘူး…"
ဆန်းလျန်က…
"အဲဒါ သိပ်တော့မခက်ပါဘူး ၊ မင်းရဲ့စိတ်က လောကကြီးကို ဖြန့်ကျက်နိုင်တယ်ဆိုရင် လောကမှာ ရှိသမျှအရာ အားလုံးက မင်းရဲ့ မျက်စိတွေ နားတွေ ဖြစ်လာနိုင်ပါတယ်"
တစ်စုံတစ်ယောက်ကသာ ဆန်းလျန်၏ စကားကို ကြားမည်ဆိုလျှင် ဆန်းလျန်ကို အပြောကြီးသည်ဟု ထင်ကြမည် ဖြစ်လေသည်။
သို့သော် ဆန်းလျန်ပြောသည်က အမှန်တရားပင်ဖြစ်လေသည်။ သူက တိမ်တိုက်ကို စစ်ဆေး ကြည့်လိုက်သည့်တိုင် တိမ်တိုက်ထဲတွင် ပါရှိနေသည့် သတင်းအချက်အလက်များကိုတော့ အာရုံခံလိုက်ခြင်း မရှိပေ။ သူက လူကြီလူကောင်းဆန်သူတစ်ယောက်ဖြစ်ပြီး မဆိုင်သည့်ကိစ္စများကို စိတ်ဝင်စားတတ်သူ မဟုတ်ပေ။
ကျွယ်ရှင်းက…
"ဒါဖြင့်လည်း မြစ်ကို ဖြတ်ကူးကြတာပေါ့…."
မြစ်ကမ်းနံဘေးတွင် ဝါးဖောင်လေးက ရှိနေဆဲ ဖြစ်လေသည်။
ရေလှိုင်းလေးများက ကမ်းခြေသို့ ဖြည်းဖြည်းချင်း ရိုက်ခတ်နေလေသည်။ လရောင်သည် ရေလှိုင်းများဆီသို့ ဖြာကျနေပြီး ရေလှိုင်းများနှင့်အတူ တိတ်ဆိတ်စွာ ရွေ့လျားနေလေသည်။
ကျွယ်ရှင်းက ဝါးဖောင်ကို ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ပြီး ရေထဲသို့ တွန်းချလိုက်လေသည်။ ဝါးဖောင်မှာ ရေထဲတွင် ဟိုမှဒီမှ လူးလွန့်နေလေ၏။ ဆန်းလျန်နှင့် ကျွယ်ရှင်းသည် ဝါးဖောင်ပေါ်သို့ တက်လိုက်လေသည်။ ဝါးဖောင်သည် လှိုင်းများအကြားလူးလွန့်ရင်း မြစ်ပြင်ကျယ်ဆီသို့ မျောပါသွားလေတော့သည်။
ကျွယ်ရှင်းက ဝါးလုံးတစ်လုံးကိုယူကာ ဝါးဖောင်ကို လှော်ခတ်လိုက်လေသည်။ ဝါးဖောင်သည် မြစ်ကိုဖြတ်ကာ ကမ်းတစ်ဖက်သို့ ဖြည်းငြင်းစွာ ထွက်ခွာသွားလေတော့သည်။
သို့သော် … မြစ်လယ်သို့ရောက်သည်နှင့် မြစ်ရေပြင်တွင် ရေဝဲကန်တော့တစ်ခု ရုတ်တရက် ပေါ်လာပြီး ဝါးဖောင်ကို စုပ်ယူလိုက်လေသည်။
ကျွယ်ရှင်းက ကျယ်လောင်သည့်အသံဖြင့်…
"မိစ္ဆာစုတ်… သေချင်လို့လား…"
ကျွယ်ရှင်းက ကြိမ်းဝါးသံတစ်ချက် ပြုလုပ်လိုက်ပြီး ရေပြင်ကို ဝါးလုံးရှည်ဖြင့် ရိုက်ချလိုက်လေသည်။
သူ၏ ဝါးလုံးမှာ မျောက်မင်း စွန်းဝူခုံးကိုင်သည့် တင့်ဟိုင်စန်းကျန်းရွှေတုတ်အလားပင် ဖြစ်လေသည်။ ဝါးလုံးဖြင့် အရိုက်ခံလိုက်ရသည်နှင့် မြစ်ရေပြင်တစ်ခုလုံး လှိုင်းများပြင်းထန်လာပြီး ကြီးမားလွန်းသည့် မိစ္ဆာစွမ်းအား လှိုင်းလုံး ကြီးများ မြင့်တက်လာလေသည်။
ထို့နောက် မြစ်အတွင်းမှ အနက်ရောင် ငါးကြီးတစ်ကောင် ခုန်ထွက်လာလေသည်။ ငါးကြီးမှာ ခပ်သေးသေးလူတစ်ယောက်နီးပါး ကြီးမားလေသည်။ မြစ်ကို ကူးဖြတ်နေကြသူများ သေဆုံးကြရသည့် အကြောင်းရင်းမှာ ထိုငါးမိစ္ဆာကြီးကြောင့်ပင် ဖြစ်လေ၏။
ကျွယ်ရှင်းက ဒေါသတကြီးဖြင့် ငါးကြီး၏ ဝမ်းဗိုက်ကို ဝါးလုံးဖြင့် ထိုးစိုက်ချလိုက်လေသည်။
ပြင်းထန်လှသည် အားတစ်ခု ထွက်ပေါ်လာပြီး ဝါးဖောင်သည် မြားတစ်စင်းကဲ့သို့ တစ်ပတ်လည်ထွက်သွားပြီး လျှင်မြန်လွန်းသည့် အရှိန်ဖြင့် တစ်ဖက်ကမ်းသို့ ရောက်ရှိသွားလေသည်။
မြစ်ကြောင်းတစ်လျှောက်တွင်တော့ ငါးကြီး၏ ဝမ်းဗိုက်မှာထွက်လာသည့် သွေးများဖြင့် ရဲရဲနီလျှက် ရှိလေသည်။
ကမ်းခြေသို့ရောက်သည်နှင့် ဝါးလုံးဖြင့်ထိုးယူခံလာရသည့် အနက်ရောင်ငါးကြီးက…
"ကျုပ်ကို မသတ်ပါနဲ့ ၊ ကျုပ်က လင်ကန်မင်းကြီးဘေးမဲ့ပေးထားတဲ့ ငါးကြီးပါ…"
ကျွယ်ရှင်းက ရယ်မောလိုက်ရင်း…
"ဘာလဲ… လင်ကန်မင်းကြီးက မင်းကို လူတွေကိုသတ်ဖို့ရော သင်ပေးထားတာလား…"
အနက်ရောင်ငါးကြီးက…
"လင်ကန်မင်းကြီးရဲ့မွေးနေ့ကျရင် ဝိညာဉ်ပုတီးတစ်ခု လုပ်ပေးချင်လို့ပါ ၊ အဲဒါကြောင့် လူတွေကို သတ်သလို ဖြစ်သွားရတာပါ…"
ကျွယ်ရှင်းက…
"မင်းက လူပေါင်း (၃၆၀) တိတိကိုတောင် သတ်ပြီးပြီ ၊ ဒီညလည်း ကျုပ်တို့ကို သတ်မလို့ မဟုတ်လား…"
အနက်ရောင်ငါးကြီးက…
"အရင်က လူနည်းနည်းလောက်သတ်ခဲ့မိတာပါ ၊ သခင်လေးတို့ကိုလည်း မသိလို့ သတ်ဖို့ ကြံစည်မိတာပါ…"
ကျွယ်ရှင်းက…
"သခင်လေး ၊ ဒီအနက်ရောင်ငါးစုတ်ကို ဘယ်လိုစီရင်မှာလဲ…"
သူက မေးပြီးသည်နှင့် ဆန်းလျန်၏ အဖြေစကားကိုစောင့်နေလေသည်။
ဆန်းလျန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး အနက်ရောင်ငါးကြီးကို လက်နှစ်ချောင်းဖြင့် ထိုးညွှန်လိုက်လေ သည်။ ထိုအခါ လေထဲတွင် ရေပူဖောင်းငယ်များ ထွက်ပေါ်လာလေသည်။
ထို့နောက်… ငါးကြီး၏ဦးခေါင်းထက်မှ ပိုးစုန်းကြူးနှင့်တူသော အလင်းရောင် အစက်အပြောက်များစွာထွက်ပေါ်လာ လေသည်။
ထို့နောက် ဆန်းလျန်သည် လေထဲတွင် တွင်းနက်ကြီးတစ်ခုကို ဖန်ဆင်းလိုက်လေသည်။ အလင်းရောင် အစက်အပြောက်များသည် တွင်းနက်ကြီးအတွင်းသို့ ဝင်သွားပြီး တွင်းနက်ကြီး ပြန်လည်ပျောက်ကွယ်သွားလေ သည်။
အလင်းရောင် အစက်အပြောက်များမှာ ငါးမိစ္ဆာကြီးသတ်ဖြတ်ခဲ့သည့် လူသားများ၏ ဝိညာဉ်များဖြစ်ကြလေသည်။
အနက်ရောင်ငါးကြီးက အလွန်အမင်း အံ့သြသွားဟန်ဖြင့်…
"ခင်ဗျားက အသူရာချောက်က လာတဲ့လူလား…"
ဆန်းလျန်က ခေါင်းခါပြလိုက်လေသည်။
အနက်ရောင်ငါးကြီးက…
"ဒါဖြင့် လူပြန်ဝင်စားခြင်း (၆)ဘုံကို ခင်ဗျားက ဘယ်လိုလုပ်ဖွင့်လှစ်နိုင်ရတာလဲ ၊ ငရဲမင်းက မင်းကို ဒုက္ခပေးမှာ မကြောက်ဘူးလား…"
ဆန်းလျန်က အနက်ရောင်ငါးကြီးကို တစ်ချက်ကြည့်လိုက်ပြီး စကားပြန်ပြောခြင်း မရှိပေ။ ထို့နောက် အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်လေရာ အနက်ရောင်ငါးကြီးမှာ ပျောက်ကွယ်သွားလေတော့သည်။
ဆန်းလျန်က ငါးကြီးကို သိမ်းဆည်းလိုက်ခြင်း ဖြစ်လေ၏။
ကျွယ်ရှင်းက….
"သခင်လေးရဲ့ တန်ခိုးစွမ်းအားတွေက သေသူတွေကိုလည် လူပြန်ဝင်စားအောင် လုပ်ပေးနိုင်တာလား…"
ဆန်းလျန်က…
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်မြင့်လာရင်လည်း ဒီလိုပဲ လုပ်နိုင်မှာပေါ့ ၊ ကဲ… အရှေ့မြို့က ဈေးကိုရောက်ရှင် ဒီငါးကို ရောင်းလိုက်…"
……….
ဆန်းလျန်တို့နှင့် မိုင်ထောင်ပေါင်းများစွာ အဝေးတစ်နေရာတွင် တောင်တစ်တောင် ရှိလေသည်။ ထိုတောင်၏အမည် မှာ "ဝူတင့်" တောင် ဖြစ်လေသည်။
အဘယ့်ကြောင့် ဝူတင့်တောင်ဟုခေါ်သည်ကို မည်သူမှ မသိကြပေ။ တောင်ပေါ်ရှိ မရေရာလှသည့် ရှုမျှော်ခင်းများကြောင့် ထိုသို့ နာမည်ပေးခဲ့ဟန် တူလေသည်။ ဝူတင့်တောင်ပေါ်မှ ရှုမျှော်ခင်းများမှာ လေးရာသီလုံးတွင် ပြောင်းလဲလျှက် ရှိလေသည်။
(၁)မိုင်ခန့်အဝေးမှ ကြည့်လျှင် တစ်တောင်လုံး ပန်းများ ပွင့်လန်းနေသည်ဟု ထင်ရနိုင်ဖွယ် ရှိလေသည်။
နောက် (၁)မိုင်ခန့် အဝေးမှ ထပ်ကြည့်မည်ဆိုလျှင် တောင်ပေါ်တွင် ဆောင်းဦးသစ်ရွက်များ ပျံသန်းနေသည့်အလား မြင်တွေ့ရမည် ဖြစ်လေသည်။ သို့မဟုတ်… လူသားမျက်နှာကဲ့သို့ ခေါင်ရမ်းပန်းများနှင့် မိုးမခပင်အကိုင်းများ လေတွင် လွင့်မျောနေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
ဝူတင့်တောင်၏ ရှုမျှော်ခင်းများသည် ထိုသို့ အံ့သြစရာ ကောင်းလှလေသည်။
အဘယ်ကြောင့်ဆိုသော်… ဝူတင့်တောင်သည် ထုန်ထျန်းနတ်မြစ်ဟုခေါ်သည့် နတ်ဘုရားနယ်မြေတစ်ခုနှင့် ဆက်စပ် နေသောကြောင့် ဖြစ်လေသည်။ သာမန်လူများအနေဖြင့် ထုန်ထျန်းနတ်မြစ်ကို တွေ့မြင်နိုင်ကြလေသည်။ သို့သော်… ထိုနေရာသို့ မည်သူမှ ရောက်ရှိနိုင်ခြင်းမရှိကြပေ။ လိုက်လေဝေးလေ တံလျှပ်တစ်ခုအလားပင် ဖြစ်လေသည်။
လူ့ပြည်မှ ထုန်ထျန်းနတ်မြစ်သို့ သွားနိုင်သည့် တစ်ခုတည်းသောလမ်းမှာ ဝူတင့်တောင် ဖြစ်လေသည်။ ထို့ပြင် ကမ္ဘာမြေကြီးလှုပ်ရှားပြောင်းလဲသွားသည့်တိုင် ဝူတင့်တောင်ကတော့ မပြောင်းမလဲ ထာဝရတည်ရှိနေခဲ့လေသည်။
ဝူတင့်တောင်ပေါ်တွင် ကျောက်ဂူတစ်ခု ရှိလေသည်။ ထိုကျောက်ဂူထဲတွင် ကျီးစစ်ကျွင်းဆိုသည့် ကျင့်ကြံသူတစ်ယောက် နေထိုင်လေသည်။
သူက လိုဏ်ဂူထဲတွင် တရားထိုင်နေရင်းမှ မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်လေသည်။ ထို့နောက် တာအိုလူငယ်လေးကို ခေါ်လိုက်ပြီး ဂူတံခါးကို ဖွင့်ခိုင်းလိုက်လေသည်။ ဂူအပြင်ဘက်တွင် တိမ်တိုက်မြူခိုးများ လွင့်မျောနေပြီး လှပသည့်မြင်ကွင်းသည် သူ၏မျက်လုံးအတွင်းသို့ ဝင်ရောက်လာလေသည်။
ကျီးစစ်ကျွင်းသည် တိမ်တိုက်တစ်ခုကို လက်ဖြင့်ဖမ်းယူလိုက်ပြီး တိမ်တိုက်အတွင်းမှ သတင်းအချက်အလက်များကို အာရုံခံလိုက်လေသည်။
ကျီစစ်ကျွင်းက…
"ဟေးပိုင်လန်ကျွင်းက လင်ကန်မင်းကြီးရဲ့မွေးနေ့ပွဲတက်ဖို့ ကျုပ်ကို ဖိတ်လိုက်တယ် ၊ ဒါကြောင့် ကျုပ် (၁)လလောက် ခရီးထွက်ရလိမ့်မယ် ၊ ကျုပ်မရှိတုန်း လိုဏ်ဂူကို သေချာစောင့်ရှောက်ထားနော်…"
တာအိုလူငယ်လေးက ခေါင်းညိတ်ပြလိုက်လေသည်။
စကားပြောပြီးသွားသည်နှင့် ကျီးစစ်ကျွင်းသည် လိုဏ်ဂူအတွင်းမှ ပျောက်ကွယ်သွားလေသည်။ ထို့နောက် အဝေးတစ်နေရာရှိ ကောင်းကင်ထက်တွင် ပြန်ပေါ်လာလေသည်။
သူသည် မြောက်ဘက်စူးစူးရှိ ကျန်ရှင့်တောင်ရှိရာအရပ်သို့ ပျံသန်းနေခြင်း ဖြစ်လေသည်။ ကျန်ရှင့်တောင်သည် ဟေးပိုင်လန်ကျွင်းနေထိုင်ရာ နေရာဖြစ်လေသည်။
ထိုအချိန်မှာပင်… သူက ကောင်းကင်ထက်မှ အောက်သို့ ငုံ့ကြည့်လိုက်လေရာ မှိန်ပျပျအလင်းရောင်တစ်ချက် ရုတ်တရက် လင်းလက်လာသည်ကို တွေ့လိုက်ရလေသည်။ သို့သော်… အလင်းရောင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။
ကျီးစစ်ကျွင်းစိတ်လှုပ်ရှားသွားပြီး စီးနှင်လာသည့်တိမ်တိုက်ကို အောက်သို့ အသာနှိမ့်လိုက်ကာ မြေပြင်ထက်သို့ ဆင်းသက်လိုက်လေသည်။
ထိုနေရာသည် ဈေးတစ်ခုဖြစ်ပြီး လူအများဖြင့် စည်ကားသိုက်မြိုက်လျှက် ရှိလေသည်။
ထိုဈေးထဲတွင် မိန်းမပျိုလေးတစ်ယောက် ရှိနေလေသည်။ သူမသည် ဖခင်ဖြစ်သူကို သဂြိုလ်ရန်အတွက် မိမိကိုယ်ကို ရောင်းချနေခြင်းဖြစ်လေသည်။
မိန်းကလေးမှာ ချောမောလှပသူဖြစ်သည့်အတွက် လူများက သူမကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြလေ၏။
ထိုအချိန်မှာပင်…
စူးရှသည့်ငါးညှီနံ့များပြင်းပြင်းထန်ထန် ထွက်ပေါ်လာလေသည်။
အဘယ်ကြောင့်ဆိုသော် ကြီးမားသည့် ငါးကြီးတစ်ကောင်ကို အပိုင်း (၆)ပိုင်းပိုင်းကာ သယ်ဆောင်လာသည့် ဘုန်းတော်ကြီးတစ်ပါး ဈေးအတွင်းသို့ ဝင်ရောက်လာသောကြောင့် ဖြစ်လေသည်။
ဘုန်းတော်ကြီးက…
"ဒီဘုန်းကြီးက ချယ်လန်းတောင်ကနေ မြစ်ကိုဖြတ်ပြီး လာခဲ့တဲ့သူပါ ၊ မြစ်ထဲမှာ သောင်းကြမ်းနေတဲ့ ငါးမိစ္ဆာကို နှိမ်နင်းခဲ့ပြီး ငါးမိစ္ဆာအသားကို မင်းတို့ကို ရောင်းချင်လို့ပါ…"
လူများက အတန်ကြာတိတ်ဆိတ်သွားပြီး ဘုန်းတော်ကြီးရှိရာသို့ တစ်ချက်ကြည့်လိုက်လေသည်။
သို့သော်… ငါးကြီးမှ ညှီနံ့များက ထောင်းထောင်းထနေလေရာ…
"သွားစမ်း … သွားစမ်း ၊ မင်းရဲ့ အနံ့ဆိုးတဲ့ငါးကြီးကို မလိုချင်ပါဘူး…"
ဘုန်းတော်ကြီးက ပြုံးလိုက်ရင်း..
"ဒီငါးက အရမ်းတန်ဖိုးကြီးတာပါ ၊ မဝယ်ဘူးဆိုရင် နောက်ကျရင် နောင်တရလိမ့်မယ်နော်…"
ကျီးစစ်ကျွင်းသည် ကောင်းကင်ထက်မှ ဆင်းသက်လိုက်ပြီး စာပေသမားလူရွယ်တစ်ယောက်အသွင် ဖန်ဆင်းလိုက် လေသည်။ ထို့နောက်… သူက ငါးညှီနံ့ကို အနံ့ခံကြည့်လိုက်လေသည်။
ငါးကြီးမှာ အနံ့ဆိုးရွားသည့်တိုင် ဝိညာဉ်စွမ်အားများဖြင့် ပြည့်ဝလျှက်ရှိသည်ကို ချက်ချင်းသိရှိလိုက်လေသည်။
သူသည် ကျောက်စိမ်းကိုဖိုထိုးကာ ကျင့်ကြံနေသူတစ်ယောက်ဖြစ်သည့်အတွက် နတ်ဘုရားခန္ဓာ တစ်ဝက်ရနေပြီ ဖြစ်လေသည်။ ထို့ကြောင့် ငါးကြီးနှင့်ပတ်သက်ပြီး အမြင်မှားယွင်းခြင်း မရှိနိုင်ပေ။
"ဒီငါးက တကယ့်ရတနာတစ်ပါးပဲ…"
ကျီးစစ်ကျွင်းက စိတ်ထဲမှ တွေးလိုက်လေ၏။
ငါးကြီးကို ရောင်းချနေသည့် ဘုန်းတော်ကြီးမှာလည်း အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို သူက ချက်ချင်းသိရှိလိုက်လေသည်။
"ဒီဘုန်းကြီးက ဒီလောက်တန်ဖိုးရှိတဲ့ငါးကြီးကို ဘာလို့ လူတွေကိုလာပြီး ရောင်းနေရတာလဲ…"
ကျီးစစ်ကျွင်းက စိတ်ထဲမှ တွေးလိုက်ပြန်လေသည်။
ကျီးစစ်ကျွင်းကျင့်ကြံနေသည့် ကျင့်စဉ်သည် အမှားကိုပယ်သတ်သည့် ကျင့်စဉ်ဖြစ်လေသည်။ သူက ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ စိတ်ထားကို သူနားလည်နိုင်မည် မဟုတ်ဟု တွေးလိုက်မိလေသည်။
ဘုန်းတော်ကြီးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်လေသည်။ မည်သူမှ သူ၏ငါးကြီးကို စိတ်ဝင်စားဟန် မရှိကြပေ။
ထို့ကြောင့် သူက အနားတွင် ပါးစပ်နှင့်နှာခေါင်းများကိုလက်ဖြင့်အုပ်ထားသည့် မိန်းမပျိုကို တစ်ချက်လှမ်းကြည့်လိုက် လေသည်။
ဘုန်းတော်ကြီးက…
"မိန်းကလေး… ငါးဝယ်ပါလား…"