နတ်ဒေဝါမြေခွေးဒဏ္ဍာရီ
Vol. 8 Ch. 743
ရွှမ်နွီနန်းတော်မှ မိန်းမပျို၏ စကားကိုကြားသည့်အခါတွင်တော့ ကျီးစစ်ကျွင်းမှာ အလွန်မှ ရွံလျှာသွားမိလေသည်။
လောကထိပ်တန်း ကျင့်ကြံသူဂိုဏ်းတစ်ခုမှ ဆရာသခင်တစ်ပါးဖြစ်သည့်တိုင် ကျိုးကြောင်းဆီလျော်ခြင်း မရှိလှပေ။ အခြားသောကျင့်ကြံသူများကို အနိုင်ကျင့်လိုသည့်စိတ်ထားဖြင့် ပြည့်လျှက် ရှိလေသည်။
ကျီးစစ်ကျွင်း၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားမိလေသည်။
"မင်းက ဒီလောက်တောင် ရန်လိုနေမှတော့ ပြောစရာ စကားမရှိတော့ပါဘူး…"
ကျီးစစ်ကျွင်းသည် အခြေအနေများကို ကောင်းကောင်း သုံးသပ်နိုင်သူဖြစ်လေသည်။
သူ့အနဖြင့် ရှေ့လည်းမတိုးသာ နောက်လည်း မဆုတ်သာသည့်အခြေအနေမျိုးကို ရင်ဆိုင်နေရပြီ ဖြစ်လေသည်။ တစ်ဖက်လူကို ညှိနှိုင်း၍မရလျှင်တော့ တိုက်ခိုက်ရန်သာ ရွေးခြယ်ရမည် ဖြစ်လေသည်။
သူက အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ သူ၏ လက်ထဲတွင် သံတုတ်တစ်ချောင်း ပေါ်လာလေသည်။ သူက သံတုတ်ကို ဝှေ့ယမ်းပြီး မိန်းမပျိုကိုစတင်တိုက်ခိုက်လိုက်လေသည်။
ရုတ်တရက် တိုက်ခိုက်လိုက်မှုကြောင့် ရွှမ်နွီနန်းတော်မှ မိန်းမပျိုမှာ အံ့အားသင့်သွားရလေသည်။ ဤနေရာသည် ဈေးတစ်ခုဖြစ်ပြီး သာမန်လူများနေထိုင်ကြရာ နေရာတစ်ခု ဖြစ်သည့်အတွက် သူတို့သာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြမည်ဆိုလျှင် သာမန်လူသားများ ထိခိုက်သွားနိုင်လေသည်။ ထိုအခါ ပြဿနာများစွာ ရင်ဆိုင်ရပေလိမ့် မည်။
သူမသည် အကျိုးနှင့်အပြစ်ကို ချိန်ကြည့်လိုက်ပြီး လွန်းပျံတစ်ခုကို စီးနှင်ကာ ပျံသန်းထွက်ခွာသွားလေတော့သည်။ ကျီးစစ်ကျွင်းကလည်း သူမ၏နောက်မှလိုက်ပါသွားပြီး သူတို့သည် တောနက်တစ်ခုအတွင်းသို့ ရောက်ရှိလာကြလေ သည်။
လွန်းပျံသည် သူမကိုယ်တိုင်သန့်စင်ထားသည့် မှော်ဝင်ပစ္စည်းတစ်ခု မဟုတ်ပါ။ စကြာဝဠာထဲတွင် ပျံသန်းရန် အတွက် ရွှမ်နွီနန်းတော်မှ နတ်ဘုရားတစ်ပါး တီထွင်ထားခဲ့သည့် ပစ္စည်းတစ်ခု ဖြစ်လေသည်။ လွန်းပျံသည် စကြာဝဠာထဲသို့ပင် ပျံသန်းနိုင်စွမ်းရှိလေသည်။
သူမက လေထဲသို့ ပျံသန်းထွက်ခွာသွားသည့်အတွက် ကျီစစ်ကျွင်း၏ တိုက်ခိုက်မှုမှလည်း ရှောင်တိမ်းပြီးသား ဖြစ်သွားလေသည်။
ထို့နောက်… သူမက ပါးစပ်ကိုဟကာ မီးများမှုတ်ထုတ်ပြီး ကျီစစ်ကျွင်းကို ပြန်လည် တိုက်ခိုက်လိုက်လေသည်။
ကျီးစစ်ကျွင်းက တစ်ဖက်ရန်သူမှ အစစ်အမှန်မီးတောက်ဖြင့် တိုက်ခိုက်လိုက်သည်ကို တွေ့ရှိရသည့်အခါ ထိတ်ထိတ် ပြာပြာဖြစ်သွားရလေသည်။
လောကတွင် အစစ်အမှန်မီးတောက် (၃)မျိုးရှိလေသည်။ သို့သော်… ရွှမ်နွီနန်းတော်၏ တည်ထောင်သူဆရာသခင် ကျိုးထျန်းရွှမ်နွီ၏ ကျိုးထျန်းမီးတောက်ကတော့ ထိပ်တန်းအဆင့် မီးစွမ်းအားဖြစ်လေသည်။ မှော်ဝင်ပစ္စည်းများ ၊ ဝိညာဉ်စွမ်းအားပစ္စည်းများကိုပင် တစ်ခဏအတွင်း အရည်ဖျော်ပစ်နိုင်လေသည်။
မီးတောက်မှာ ပြင်းထန်လှသည်ကို သိရှိလိုက်သည့်အတွက် ကျီးစစ်ကျွင်းသည် သူ၏သံတုတ်ဖြင့် ပေါ့ပေါ့တန်တန် မတိုက်ခိုက်ဝံ့တော့ပေ။
ကျီးစစ်ကျွင်းသည် ဆက်လက်မတိုက်ခိုက်တော့ဘဲ ချက်ချင်းပင် လေအသွင်ဖန်ဆင်းကာ ထွက်ခွာသွားလေတော့ သည်။
ရွှမ်နွီနန်းတော်မှာ တန်ခိုးစွမ်းအားမြင့်မားသည့်အတွက် သူတစ်ယောက်တည်းအနေဖြင့် မည်သို့မှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ မိတ်ဆွေများနှင့်တိုင်ပင်ပြီးမှ ဤပြဿနာကိုမည်သို့ဖြေရှင်းရမည်ကို ဆုံးဖြတ်သင့်လေသည်။
ရွှမ်နွီနန်းတော်မှ မိန်းမပျိုမှာ ကျီးစစ်ကျွင်းပြေးပြီဆိုသည်ကို သိလိုက်သည်နှင့် ကျီးစစ်ကျွင်းနောက်သို့ လိုက်လံ တိုက်ခိုက်ခြင်းမရှိတော့ပါ။
အနီးအနားမှ သူမ၏လူများကို တွေ့မြင်စေရန် အချက်ပြမီးတစ်ခုကို ကောင်းကင်ထက်သို့ လွှတ်တင်လိုက်ပြီး သူမကတော့ ဈေးထဲတွင် ဖခင်ကိုသဂြိုလ်ရန်အတွက် မိမိကိုယ်ကို ရောင်းချနေသည့် မိန်းကလေးကို ပြန်လည်ရှာဖွေ ရန်ထွက်လာခဲ့လေသည်။
သူမထံတွင် သူမ၏ ဂိုဏ်းတူအစ်မ ယခင်ဘဝက ချန်ထားခဲ့သည့် ဘဝသုံးခုကျောက်တုံး ရှိလေသည်။ ထိုကျောက်တုံးထဲတွင် ဂိုဏ်းတူအစ်မဖြစ်သူ၏ အတိတ်မှတ်ဉာဏ်များအားလုံးကို သိမ်းဆည်းထားလေသည်။
သူမသည် ဈေးထဲတွင် ဂိုဏ်းတူအစ်မကို ပြန်လည်တွေ့ရှိလိုက်ရသည့်အခါတွင်တော့ ဝမ်းသာအားရဖြင့် ပွေ့ဖက်နှုတ်ဆက်လိုက်လေသည်။
သူမတို့ (၂)ယောက်သည် နာမည်ချင်းလည်း ဆင်တူကြလေသည်။
သူမ၏ ဂိုဏ်းတူအစ်မ၏အမည်မှာ ကျီးယင်းဖြစ်ပြီး သူမ၏ အမည်ကတော့ ကျီးယင် ဖြစ်လေသည်။ သူတို့ (၂)ယောက်လုံးသည် ရွှမ်နွီနန်းတော်၏လွန်ခဲ့သည့်မျိုးဆက်တွင် ထူးချွန်ထက်မြက်ကြသည့် ကျင့်ကြံသူများဖြစ်ကြ လေသည်။ သူတို့သည် ငယ်စဉ်ကပင် တာအိုကျင့်စဉ်များကို အတူတကွကျင့်ကြံခဲ့သူများဖြစ်ကြပြီး အလွန်ခင်မင်ကြ သည့်ဂိုဏ်းတူညီအစ်မများ ဖြစ်လေသည်။
ကျီးယင်းက ဖခင်ဖြစ်သူကို ကောင်းမွန်စွာ သဂြိုလ်လိုက်ပြီး သူမ၏ လူသားခန္ဓာကိုယ်ကို ဖျက်စီးာ ကျင့်ကြံခြင်း အဆင့်ကို နှစ်ဆမြင့်မားစေပြီး တာအိုခန္ဓာကို ဖန်ဆင်းလိုက်လေသည်။
ထို့ပြင် ဘဝသုံးပါကျောက်တုံးကြောင့် အတိတ်ဘဝကိုလည်း ပြန်လည်မှတ်မိသွားပြီဖြစ်ပြီး ဝိညာဉ်စွမ်းအားများလည်း မြင့်မားလာခဲ့လေသည်။ နောင်အနှစ် (၂၀)အတွင်းတွင် ဟိုင်သန်းအဆင့်ကို ပြန်လည်တက်ရောက်နိုင်တော့မည် ဖြစ်လေသည်။
ကျီးယင်းသည် ယခုဘဝတွင် ဖခင်တော်စပ်ခဲ့သူ၏ အုတ်ဂူကို ရိုသေစွာ ကန်တော့လိုက်ပြီး ကျီးယင်နှင့်အတူ အနီးအနားမှ တောအုပ်တစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့လေသည်။
နေဝင်တော့မည်ဖြစ်ပြီး အရှေ့ဆီမှ လပြည့်ဝန်းပင် ထွက်ပေါ်လာပြီ ဖြစ်လေသည်။
ထိုအချိန်မှာပင် …
နေဝင်ဆည်းဆာရောင်ခြည်အောက်တွင် ကြိုးကြာငှက်ကြီးတစ်ကောင်ပျံသန်းလာပြီး ကြိုးကြာငှက်ပေါ်တွင် မိန်းကလေး (၂)ယောက် လိုက်ပါလာသည်ကို တွေ့မြင်လိုက်ရလေသည်။
ထိုမိန်းကလေးနှစ်ယောက်မှာ ဆန်းလျန်ကြောင့် ဒဏ်ရာရခဲ့သည့် ဟယ်စူးရင်းနှင့် သူမ၏ဂိုဏ်းတူအစ်မ ယွမ်ကျိယီတို့ပင် ဖြစ်လေ၏။ ဟယ်စူးရင်းမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ရွှမ်နွီနန်းတော်သို့ မပြန်နိုင်တော့ဘဲ အနီးအနားတွင်ရှိသည့် သူမ၏အိမ်သို့ပြန်ကာ ဒဏ်ရာကို ကုသနေခဲ့ခြင်း ဖြစ်လေသည်။
ယခု ကျီးယင်၏ အချက်ပြမီးကို မြင်လိုက်ရသည့်အတွက် သူတို့ (၂)ယောက်ချက်ချင်းရောက်လာကြခြင်း ဖြစ်လေသည်။
သူတို့ (၂)ယောက် ကြိုးကြငှက်ကြီးပေါ်မှ ဆင်းလိုက်ကြပြီး ကျီးယင်ကို ဂါရဝပြုလိုက်ကြလေသည်။
"ဆရာဒေါ်လေး ၊ ဆရာဒေါ်လေးရဲ့ ဂိုဏ်းတူအစ်မကို ပြန်ရှာတွေ့ပြီလား…"
ကျီးယင်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…
"သူက မင်းတို့ရဲ့ဆရာဒေါ်လေးကျီးယင်းပဲ ၊ သူ အခု အတိတ်ဘဝကို ပြန်မှတ်မိနေပြီ…"
သူတို့ (၂)ယောက်က ဆရာဒေါ်လေးကျီးယင်းကိုလည်း ချက်ချင်းဂါရ၀ ပြုလိုက်ကြလေသည်။
သူမတို့ (၂)ယောက်သည် ရွှမ်နွီနန်းတော်သို့ နောက်ပိုင်းကျမှ ဝင်ရောက်လာသူများ ဖြစ်သည့်အတွက် ဆရာဒေါ်လေးကျီးယင်းနှင့် တွေ့ဆုံခဲ့ဖူးခြင်း မရှိကြပေ။ သို့သော်… ကျီးယင်းအကြောင်းကို သူမတို့ များစွာ ကြားဖူးကြလေသည်။ ကျီးယင်းသည် ရွှမ်နွီနန်းတော်တွင် အတော်ဆုံးတပည့်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာရန် အနီးစပ်ဆုံးကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။
သို့သော်… မထင်မှတ်သည့်အခြေအနေများကြောင့် သူမသည် နတ်ဘုရားမဖြစ်ခင်မှာပင် လူပြန်ဝင်စားခဲ့ရလေ သည်။
ဟယ်စူးရင်းနှင့် ယွမ်ကျိယီတို့မှာ ကျီးယင်းကိုကြည့်လိုက်ပြီးမည်သည့်ထူးခြားချက်မှ မတွေ့ရှိရဘဲ သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည့်အတွက် စိတ်ပျက်သွားကြလေသည်။
ကျီးယင်းသည် နောက်ပိုင်းမျိုးဆက်တပည့်ငယ်လေးများ၏ သူမအပေါ်ထားသည့် သဘောထားကို သိရှိလိုက်သော်လည်း စကားများစွာမပြောတော့ဘဲ ခေါင်းတစ်ချက်ညိတ်ကာ အသိအမှတ်ပြုလိုက်လေသည်။
ကျီးယင်က…
"ဟယ်စူးရင်း… မင်းဒဏ်ရာရလာတာလား…"
ကျီးယင်က မေးသည့်အခါတွင်တော့ ဟယ်စူးရင်းက ဖြစ်သမျှအကြောင်းများကို အကုန်ပြောပြလိုက်လေသည်။
ဟယ်စူးရင်းက…
"ဆရာဒေါ်လေး… အဲဒီ ချင်းရှတောင်က အနီရောင်မြေခွေးရဲ့ ဇာစ်မြစ်ကို သိသလား…"
ကျီးယင်က တစ်ချက်မျှစဉ်းစားလိုက်ပြီး…
"နည်းနည်းတော့သိတယ် ၊ အဲဒီမြေခွေးက ချင်းယန်ကျောင်းတော်က တာအိုဆရားတွေကိုနာယူပြီး ကျင့်ကြံသူ တစ်ယောက်ဖြစ်လာခဲ့တာ ၊ ချင်းယန်ကျောင်းတော်ဟာ သန့်စင်တဲ့တာအိုနယ်မြေတစ်ခုပဲ ၊ ယင်ရှန်းကျွင်းဟာလည်း မာနကြီးတဲ့သူတစ်ယောက်ဖြစ်လို့ နတ်မိစ္ဆာတွေနဲ့ ပတ်သက်လေ့မရှိဘူး ၊ ဒါကြောင့် အဲဒီမြေခွေး ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်တဲ့အခါ တောင်ပေါ်က နှင်ချလိုက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ခိုင်းလိုက်တယ် ၊ ချင်းယန် ကျောင်းတော်ပတ်ဝန်းကျင်မှာ တိရိစ္ဆာန်တွေ အများကြီးရှိတာပဲ ၊ တာအိုတရားနာကြားရရုံနဲ့ ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်သွားတယ်ဆိုတာ ခပ်ရှားရှားပဲ ၊ အဲဒီမြေခွေးသာ နတ်ဒေဝါမြေခွေးစာတမ်းရှည်ကိုရခဲ့ရင် ဒုတိယ ရှင်းစစ်စစ်နျန်ဖြစ်လာနိုင်တယ်…"
ဟယ်စူးရင်းနှင့် ယွမ်ကျိယီတို့မှာ ရှင်းစစ်စစ်နျန်ဆိုသူမှာ မည်သူဖြစ်သည်ကို သိရှိခြင်းမရှိကြပေ။ သို့သော်… ကျီးယင်းကတော့ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက နတ်မိစ္ဆာဘုရင်တစ်ပါးအဖြစ် ကျော်ကြားခဲ့သည့် ရှင်းစစ်စစ်နျန်ကို ကောင်ကောင်းသိရှိလေသည်။
ရှင်းစစ်စစ်နျန်သည် နောက်ဆုံးတွင် နတ်ဒေဝါမြေခွေးတစ်ပါးဖြစ်သည်အထိ ကျင့်ကြံနိုင်ခဲ့လေသည်။
သို့သော်… သူမသည် အသူရာချောက်သို့သွားကာ ငရဲမင်း၏ နန်းတော်ကို မွှေနှောက်ခဲ့သူတစ်ယောက်လည်း ဖြစ်လေသည်။
ငရဲမင်းက သူမကို နှိမ်နင်းနိုင်ခဲ့သည့်တိုင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး နှစ်ပေါင်း(၁၀၀)နီးပါး ပြန်လည်ကျင့်ကြံပြီး ဒဏ်ရာကို ကုသခဲ့ရလေသည်။
ငရဲမင်း ဒဏ်ရာရနေသည်ကို အခွင့်ကောင်းယူကာ အသူရာချောက်တွင် ပုန်ကန်မှုများ ဖြစ်ခဲ့သေးသည်။ ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် တာအိုကျင့်ကြံသူများက အသူရာချောက်ကို သိမ်းပိုက်ရန် စီစဉ်ခဲ့ကြလေသည်။
ရှင်းစစ်စစ်နျန် နတ်ဒေဝါမြေခွေးဖြစ်လာရခြင်းမှာ နတ်ဒေဝါမြေခွေးစာတမ်းရှည်ကြောင့် ဖြစ်လေသည်။ သို့သော်… သူမသည် အသူရာချောက်ကို တိုက်ခိုက်ခြင်းမပြုမီ နတ်ဒေဝါမြေခွေးစာတမ်းရှည်ကို ရှင်သန်စေခြင်း ကျောင်းတော်သို့ ပေးအပ်ခဲ့လေသည်။ သူမရင်ဆိုင်ရမည့်အန္တရယ်ကို ကြိုတင်သိမြင်ခဲ့သည့်အတွက် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ဟန်တူလေ၏။ နတ်ဒေဝါမြေခွေးစာတမ်းရှည်ဆိုသည်က မြေခွေးနတ်ဘုရားများ၏ အစဉ်အလာကို မချိုးဖောက်သည့် လက်စွဲစာအုပ်တစ်အုပ် ဖြစ်လေသည်။
သို့သော်… နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် ရှင်သန်စေခြင်းကျောင်းတော်သည် နတ်ဒေဝါမြေခွေးစာတမ်းရှည် ကို မည်သူ့ကိုမှ သင်ကြားပြသပေးခဲ့ခြင်း မရှိပေ။
ထိုသို့ နက်နဲသည့် အတိတ်ဖြစ်ရပ်များကို ကျီးယင်းနှင့် ကျီးယင်တို့သာ သိနိုင်လေသည်။ တပည့်အငယ်များဖြစ်သည့် ဟယ်စူးရင်းနှင့် ယွမ်ကျိယီတို့က သိရှိနိုင်ခြင်း မရှိတော့ပေ။
ဟယ်စူးရင်းက…
"ဒါပေမယ့် အဲဒီမြေခွေးက ဒီလောက်လည်း တန်ခိုးစွမ်းအား မမြင့်မားလှပါဘူး ၊ တကယ်တော့ အဲဒီချင်းရှတောင်မှာ အမြီးရော ခေါင်းရော မပြရဲဘဲ ပုန်းနေတဲ့လူကြောင့် ကျွန်မဒဏ်ရာရသွားတာ ၊ ကျွန်မက ရွှမ်နွီနန်းတော်ရဲ့နာမည်ကို ထုတ်ပြောတာတောင် အဲဒီလူက တိုက်ခိုက်ရဲတယ်…"
ဟယ်စူးရင်း၏စကားကြောင့် ကျီးယင်းသည် မျက်မှောက်တစ်ချက်ကြုံ့လိုက်မိလေသည်။
ဟယ်စူးရင်းသည် အနည်းငယ်ရိုင်းစိုင်းသည့်အတွက် သူမက သိပ်ပြီး သဘောမကျမိပေ။ သို့သော်… သူမသည် ယခုမှ လူပြန်ဝင်စားကာ ရွှမ်နွီနန်းတော်သို့ ပြန်လည်ဝင်ရောက်ရမည့်သူ ဖြစ်သည့်အတွက် ထိုမိန်းကလေးကို ဆုံးမစကားပြောရန်မှာလည်း မဖြစ်နိုင်ပေ။
သို့သော်… ကျီးယင်ကတော့ အစကတည်းက အေးစက်သည့်စိတ်ထားရှိသူဖြစ်သည့်အတွက် ဟယ်စူးရင်း၏ စကားများထဲတွင် အမှားပါသည်ဟု မထင်မိပေ။
ကျီးယင်က…
"မင်းတို့ရဲ့ကိစ္စတွေ ခဏထားလိုက်ဦး ၊ ငါ့ရဲ့ဂိုဏ်းတူအစ်မကို ဒုက္ခပေးဖို့ ကြံစည်တဲ့ ဟိုကျင့်ကြံသူကို ကောင်းကောင်း ပညာပေးဖို့ အရင်စဉ်းစားရမယ် ၊ သူက ဟိုဈေးထဲမှာပေါ်လာတာဆိုတော့ ဒီအနီးတစ်ဝိုက်က ကျင့်ကြံသူပဲ ဖြစ်ရမယ် ၊ ဟယ်စူးရင်း … မင်းရဲ့အိမ်က ဒီအနားတစ်ဝိုက်မှာရှိတာ မဟုတ်လား ၊ အဲဒီ ကျင့်ကြံသူအကြောင်း စုံစမ်းပေးလို့ မရဘူးလား…"
ကျီးယင်က ပြောပြီးသည်နှင့် ချက်ချင်းပင် စာရွက်ဖြူတစ်ရွက်ကို ဖန်ဆင်းလိုက်ပြီး စာရွက်ပေါ်တွင် ကျီးစစ်ကျွင်း၏ ပုံတူပန်းချီကို ဆွဲလိုက်လေသည်။
ကျီးစစ်ကျွင်းကို ပညာမပေးဘူးဆိုလျှင်တောင်မှ သူမသည် ကျီးစစ်ကျွင်း၏ ဇာစ်မြစ်ကို သိချင်မိလေသည်။
ဆရာဖြစ်သူ၏ စကားကြောင့် ဟယ်စူးရင်းမှာ ကျေနပ်သွားလေသည်။ သူမတို့မိသားစုသည် တာ့ကျောက်တိုင်းပြည်မှ နာမည်ကြီး ကျင့်ကြံသူမိသားစုတစ်ခုဖြစ်သည့် ဟယ်အိမ်တော် ဖြစ်လေသည်။
သို့သော်… ဟယ်အိမ်တော်သည် မည်မျှပင် နာမည်ကြီးပါစေ ရွှမ်နွီနန်းတော်ကိုတော့ မမီနိုင်ပေ။ ယခုတော့ ဆရာဖြစ်သူထံမှ ဟယ်အိမ်တော်ကို အားကိုးသည့်စကားများ ကြားလိုက်ရသည့်အတွက် ပီတိဖြာသွားရခြင်း ဖြစ်လေသည်။
ဆရာဒေါ်လေးများနှင့် ဟယ်အိမ်တော်ကို မိတ်ဖွဲ့ပေးခြင်းအားဖြင့် ဟယ်အိမ်တော်အတွက်လည်း အကျိုးမယုတ်နိုင် ပေ။ ထို့ကြောင့် သူမသည် ကျီးယင်ဆွဲပေးသည့် ပန်းချီကားကို လက်ခံလိုက်ပြီး ဆရာဒေါ်လေး (၂)ယောက်ကို လည်းအိမ်သို့အလည်အပတ်သွားရန် နွေးထွေးစွာဖြင့် ဖိတ်ခေါ်လိုက်လေတော့သည်။
ဟယ်အိမ်တော်သည် ကျိုးယီတောင်ပေါ်တွင် တည်ရှိလေသည်။
ဖြစ်ချင်တော့… ထိုနေရာတွင် ဆန်းလျန်လည်း ရောက်ရှိနေခဲ့လေသည်။