← Chapters

ကျိုးယီတောင်ခြေကမိန်းကလေးငယ်

Vol. 8 Ch. 744

ကျိုးယီတောင်ခြေကမိန်းကလေးငယ်

Vol. 8 Ch. 744

ကျိုးယီတောင်သည် ထူးဆန်းသည့် တောင်တစ်တောင်တော့မဟုတ်ပါ။

သို့သော်… ကျိုးယီတောင်ဖြစ်တည်လာသည့် ဇာစ်မြစ်ကတော့ ထူးဆန်းလေသည်။

ကျိုးယီတောင်သည်  မိုးနှင့်မြေတွင် တစ်ညအတွင်း ရုတ်တရက်ဖြစ်ပေါ်လာသည့် တောင်တစ်တောင် ဖြစ်လေသည်။ ကျိုးယီတောင်တွင် အဓိကတောင်ထွတ် (၉)ခု ရှိလေသည်။ အခြားသော တောင်ထွတ်ငယ်များလည်း မရေမတွက် နိုင်အောင် ရှိကြလေသည်။

ထို့ကြောင့် ကျိုးယီတောင်ဟု ခေါ်ကြခြင်း ဖြစ်လေ၏။

"တောင်ထွတ်ကိုးခုဝယ် ခရီးလှည့်လည်…

စမ်းချောင်းများနှင့် ထူးဆန်းအံ့သြဖွယ်…

ခရီးသွားမှာ မျက်စိလည်…"

ဆိုသည့်ကဗျာမှာ ကျိုးယီတောင်အကြောင်း ရေးစပ်ထားသည့် ကဗျာဖြစ်လေသည်။

ကျိုးယီတောင်ရှိ ထောင်ထွတ်များမှာ ဆင်တူလွန်းပြီး ခွဲခြားရန် ခက်ခဲလေသည်။ ထို့ကြောင့် ထိုကဗျာကို ရေးသားခဲ့ခြင်း ဖြစ်ဟန်တူလေသည်။

ထို့ပြင် ကျိုးယီတောင်သည် ခမ်းနားထည်ဝါပြီး ရှုခင်းများလည်း လှပလေသည်။ လိုဏ်ဂူများကိုလည်း နေရာအနှံ့တွင် တွေ့မြင်နိုင်ပြီး စမ်းချောင်းလေးများကလည်း နေရာတိုင်းတွင် စီးဆင်းလျှက်ရှိလေသည်။ ဝိညာဉ်စွမ်းအားများလည်း မြင့်မားလွန်းလှပြီး ကျင့်ကြံသူများအတွက် သင့်တော်သည့် နေရာတစ်ခု ဖြစ်လေသည်။

ကျိုးယီတောင်၏ တောင်ထွတ် (၉)ခုလုံးကို ဟယ်အိမ်တော်က ပိုင်ဆိုင်လေသည်။ ကျိုးယီတောင်၏ အခြားသော ဒေသများမှာတော့ ဟယ်အိမ်တော်နှင့် ဆွေးမျိုးနီးစပ်သူများ ၊ ဟယ်အိမ်တော်နှင့် လက်ဆက်ထားသည့် မိသားစုများ ကပိုင်ဆိုင်ကြလေသည်။

ကျိုးယီတောင်နှင့်ဟယ်အိမ်တော်သည် တာ့ကျိုးပြည်၏ လက်အောက်တွင် တည်ရှိလေသည်။

သို့သော်… တာ့ကျောက်ဧကရာဇ်၏ အာဏာစက်ဝန်းနှင့် ဝေးလံလွန်းလှသည့်အတွက် ဟယ်အိမ်တော်သည် သီးသန့်တည်ရှိသည့်နေရာတစ်ခုအလား တစ်ထီးတစ်နန်း ဖြစ်နေလေသည်။

ထို့ပြင် ဟယ်အိမ်တော်သည် ဝိညာဉ်စွမ်းအားမြင့်မားသည့် နေရာတွင်တည်ရှိပြီး ကျင့်ကြံသူများစွာလည်း နေထိုင်ကြသည့် နေရာတစ်ခု ဖြစ်လေသည်။ ဟယ်မျိုးနွယ်များမှ ကျင့်ကြံသူများဖြစ်မလာဘဲ သာမန်ဘဝတွင် နေထိုင်မည် ဆိုလျှင်တောင် လောကနိယာမတရားများနှင့် အခြေခံကျင့်စဉ်များကိုတော့ တတ်ကျွမ်းကြလေသည်။

ထူးချွန်သည့်လူငယ်ကျင့်ကြံသူများဆိုလျှင်တော့ ဟယ်အိမ်တော်မှတစ်ဆင့် နန်းတော် (၃)ခုနှင့် နတ်ဘုရား ကျောင်းတော်ကြီး(၄)ခုရှိရာတွင် ပညာသင်ယူနိုင်မည် ဖြစ်လေသည်။ ထို့ကြောင့် ဟယ်အိမ်တော်သည် နှစ်ထောင် ပေါင်းများစွာကြာအောင် ရပ်တည်နေခဲ့သည့် ကျင့်ကြံသူမျိုးနွယ်များ ဖြစ်ကြလေသည်။

လောကတွင် အနိမ့်အမြင့်အတက်အကျ များစွာရှိလေရာ သာမန် လက်လုပ်လက်စား ဟယ်မျိုးနွယ်များလည်း ရှိကြသည်ပဲ ဖြစ်လေသည်။

ကျင့်ကြံသူဖြစ်မလာဘဲ သာမန်လူတန်းစားများအနေဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသည့် ဟယ်မျိုးနွယ် လယ်သမားများ ၊ အရောင်းအဝယ်သမားများလည်း ရှိလသည်။ သို့သော်… သူတို့သည် ဟယ်အိမ်တော်နှင့် ပတ်သက်သည့် ဟယ်မျိုးနွယ်များဖြစ်ကြသည့်အတွက် သူတို့၏ဘဝများသည် အခြားသောသူများထက်သာလွန် သည့်အခွင့်အရေးများကို ရရှိကြလေသည်။

အလွန်ဆင်းရဲပြီး မြေငှားခမပေးနိုင်သည့် ဟယ်မျိုးနွယ်များရှိခဲ့လျှင်တောင်မှ လယ်ရှင် ၊ အိမ်ရှင်များက ဟယ်မျိုးနွယ်ဖြစ်နေသည့်အတွက် သက်သာ လျှော့ပေါ့ပေးကြလေ့ရှိလေသည်။

ကျိုးယီတောင်တွင် ဟယ်မျိုးနွယ်များစွာနေထိုင်ကြလေသည်။

ကျိုးယီတောင်အနောက်ဘက်တောင်ခြေတွင် ယွင်မုမြစ်စီးဆင်းနေလေသည်။ ကျိုးယီတောင်ပေါ်မှ ကြည့်မည်ဆိုလျှင် ယွင်မုမြစ်စီးဆင်းနေသည့် ရှုမျှော်ခင်းမှာ အလွန်မှ လှပလေသည်။

ထိုယွင်မုမြစ်ကမ်းဒေသတွင် ဟယ်မျိုးနွယ် မိသားစုလေးတစ်စု နေထိုင်လေသည်။

မိသားစုမှ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးသည့်နောက် ဟယ်အိမ်တော်တွင် မိခင်ဖြစ်သူ မုဆိုးမကြီးနှင့် ကလေးများသာ ကျန်ရစ်ခဲ့လေသည်။ ဖခင်ဖြစ်သူကို သဂြိုလ်ပြီးသည့်နောက်ပိုင်း ကလေးများမှာလည်း အခြားနေရာသို့ ရောက်ရှိသူက ရောက်ရှိပြီး ပျောက်ဆုံးသူများလည်း ပျောက်ဆုံးသွားကြလေရာ မိသားစုလေး၏ ဘဝသည် အခြေအနေပိုမိုဆိုးဝါးလာလေတော့သည်။

ခင်ပွန်းသည် ဆုံးပါးသွားပြီးသည့်နောက် မိခင်ဖြစ်သူက ညစဉ်ညတိုင်းငိုကြွေးခဲ့လေရာ နောက်ဆုံး မျက်လုံးများ ကွယ်ခဲ့ရလေသည်။ ထိုအခါ မိသားစုတာဝန်များသည် တစ်ဦးတည်ကျန်ရစ်ခဲ့သူ သမီးငယ်ဟယ်ရှန်း၏ ပခုံးပေါ်သို့ ကျရောက်ခဲ့ရလေသည်။

ယခုနှစ်တွင်တော့ ဟယ်ရှန်းသည်  အသက် (၁၃)နှစ် ပြည့်ပြီ ဖြစ်လေသည်။ မိခင်ဖြစ်သူ မျက်မမြင်ကြီးကို စောင့်ရှောက်ရင်း ဆင်းရဲလှစွာ နေထိုင်ရသည့် သူမ၏ဘဝကြောင့်သူမကို မည်သူမှ လက်ထပ်ရန် ကမ်းလှမ်းခြင်း မရှိခဲ့ကြပေ။

ထို့ကြောင့်ဟယ်ရှန်းသည် တောင်ပေါ်တွင် ဆေးမြစ် ဆေးပင်များ ရှာဖွေပြီး အသက်မွေးဝမ်းကျောင်းပြုရလေသည်။ အားလပ်ချိန်များတွင်တော့ အပိုဝင်ငွေရရန်အတွက် ပန်းထိုးသည့် အလုပ်ကို ပြုလုပ်လေသည်။

ထို့ကြောင့် အသက်ငယ်ငယ်နှင့်ပင် သူမ၏လက်များမှာ အသားမာများတက်နေပြီး ကောက်ရိုးဖိနပ်ကိုစီးကာ တောင်ပေါ်သို့ တက်ရသည့်အတွက် ခြေဖဝါးများတွင်လည်း အသားမာများ တက်လျှက်ရှိလေသည်။ ခန္ဓာကိုယ်မှာလည်း အလွန် ပိန်လှီပြီး အသက် (၁၃)နှစ်ရှိပြီ ဖြစ်သည့်တိုင် အသက် (၁၀)နှစ်အရွယ် ဟုသာ ထင်မှတ် ရလေသည်။

ယနေ့လည်း သူမသည် ခါတိုင်းနေ့များကဲ့သို့ ဆေးပင် ဆေးမြစ်များ ရှာဖွေရန် တောင်ပေါ်သို့ တက်လာခဲ့လေသည်။

တောင်ပေါ်သို့တက်လာရင်း ချောက်ကမ်းပါးယံကြီးကို တစ်ချက်မော့ကြည့်လိုက်ရာ ချောက်ကမ်းပါးယံအမြင့်ကြီး ထက်တွင် ပေါက်ရောက်နေသည့် သစ်ခွပန်းတစ်မျိုးကို တွေ့လိုက်ရလေသည်။ ထိုသစ်ခွပန်းမှာ အလွန်ဆေးဘက်ဝင်ပြီး အဖိုးတန်သည့် ပန်းတစ်မျိုး ဖြစ်လေသည်။ ထိုသစ်ခွပင်ကိုသာ ရမည်ဆိုလျှင် သူမအနေဖြင့် ပိုက်ဆံများစွာ ရရှိမည် ဖြစ်လေသည်။

အခြားသူများမဦးသွားခင်မှာပင် သူမသည် ကျောက်နံရံထက်သို့ ကုတ်တက်ကာ သစ်ခွပန်းကို ခူးယူရန် ပြင်ဆင်လိုက်လေသည်။

သူမသည် တောင်ပေါ်တွင် ဆေးပင် ဆေးမြစ်များ စုဆောင်းသည့်အလုပ်ကို လုပ်နေသည်မှာ နှစ်အတန်ငယ်ကြာပြီ ဖြစ်သည့်အတွက် ချောက်ကမ်းပါးများကို တွယ်တက်နေကျဖြစ်လေသည်။ ချောက်ကမ်းပါးယံများသည် အေးစက်စိုစွတ်ပြီး ချောမွတ်နေသည့်တိုင် သူမကတော့ မရ ရအောင် ကုတ်တက်နိုင်လေသည်။

ယခုလည်း သူမသည် ချောက်ကမ်းပါးယံကြီးပေါ်သို့ ကုတ်တက်သွားလေသည်။ သစ်ခွပန်းပင်ကို အနီးကပ်တွေ့မြင် လိုက်ရသည့်အခါ အလွန်စိတ်လှုပ်ရှားသွားပြီး သစ်ခွပန်းပင်ကို နှုတ်ယူလိုက်လေသည်။

သို့သော်…

သူမသည် ရုတ်တရက် ခြေချော်ပြီး ချောက်ကမ်းပါးရံကြီးထက်မှ ပြုတ်ကျသွားလေတော့သည်။ သူမဘဝတွင် မည်သည့်အခါမှ ထိုသို့ ပြုတ်ကျဖူးခြင်း မရှိပေ။ ယခုတော့ သူမသည် ခြေလွတ်လက်လွတ် ပြုတ်ကျသွားခဲ့ပြီဖြစ်ပြီး အောက်ရောက်လျှင် အရိုးတခြား အသားတခြား ဖြစ်ရပေတော့မည်။

သို့သော်… မထင်မှတ်စွာပင် အလွန်နူးညံ့သည့် တန်ခိုးစွမ်းအား လှိုင်းလုံးတစ်ခုထွက်ပေါ်လာပြီး သူမကို အသာအယာ ထောက်ပံ့ပေးထားလိုက်လေသည်။ ထို့ကြောင့် သူမ မြေပြင်ထက်သို့ သက်သက်သာသာဖြင့် အန္တရယ်ကင်းစွာ ကျရောက်သွားခဲ့လေသည်။

အဖြစ်အပျက်များမှာ ထူးဆန်းလွန်းသည့်အတွက် သူမက ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်လေ သည်။ သို့သော်… မည်သည့်ထူးခြားချက်မှ မတွေ့ရသည့်အတွက် သူမသည် သစ်ခွပန်းပင်ကို ယူကာ ထွက်ခွာလာခဲ့လေတော့သည်။

သို့တိုင်အောင် သူမသည် တစ်ခုခုထူးခြားမှုများ ဖြစ်လေမည်လားဟု သူမ ပြုတ်ကျခဲ့သည့် ချောက်ထဲသို့ လည်ပြန်လှည့်ကာ ကြည့်နေခဲ့သေးသည်။

ဟယ်ရှန်းအိမ်ပြန်ရောက်လောက်သည့်အချိန်ရောက်မှ ဟယ်ရှန်းပြုတ်ကျခဲ့သည့် ချောက်ထဲတွင် လူ (၂)ယောက်၏ ပုံသဏ္ဍန်ပေါ်လာလေသည်။ တစ်ယောက်မှာ အနက်ရောင်ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး နောက်တစ်ယောက်မှ အပြာနုရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်လေသည်။

ကျွယ်ရှင်းနှင့် ဆန်းလျန်ပင် ဖြစ်လေ၏။

ကျွယ်ရှင်းက…

"အင်း… ဒီကလေးမလေးကတော့… ကံကောင်းလို့…"

ဟယ်ရှန်း၏အသက်ကိုကယ်လိုက်သူမှာ ကျွယ်ရှင်းဖြစ်လေသည်။

ဆန်းလျန်က…

"အခုတလေ မင်းရဲ့ မိစ္ဆာစွမ်းအားတွေကို အတော်လေး ထိန်းချုပ်နိုင်နေတာပဲ ၊ အဲဒါ မင်းရဲ့စိတ်ထဲမှာ အပြောင်းအလဲတွေဖြစ်လာလို့ပဲ…"

ကျွယ်ရှင်းက ခေါင်းညိတ်လိုက်ပြီး…

"ဟုတ်တယ် ၊ ဒါနဲ့ အဲဒီကောင်မလေးဘ၀ ဒီလောက်ခက်ခဲနေတာ ၊ ငွေတွေဘယ်မှာ မြှုပ်ထားတယ်ဆိုတာ သခင်လေး ပြောမပြသေးဘူးလား…"

ဆန်းလျန်က…

"အဲဒီကိစ္စက အလျင်လိုစရာမလိုပါဘူး ၊ ဒါနဲ့ အဲဒီကောင်မလေးက ဝိညာဉ်စွမ်းအား တော်တော် ကောင်းတာပဲ…"

ကျွယ်ရှင်းက…

"ဒီနေရာက တောတောင်ရေမြေတွေကအရမ်းသာယာပြီး ဝိညာဉ်စွမ်းအားတွေနဲ့ ပြည့်ဝနေတာ အဲဒီကောင်မလေး ဝိညာဉ်စွမ်းအားကောင်းတာ အံ့သြစရာမရှိပါဘူး…."

ဆန်းလျန်က…

"သူ့ရဲ့ဝိညာဉ်စွမ်းအားတွေက ပုံမှန်မဟုတ်ဘူး ၊ ထူးခြားတယ် ၊ ကျုပ်ဘဝမှာ ကလေးတွေအများကြီးတွေ့ဖူးတယ် ၊ ဒီကလေးမလေးက ကျုပ်ရဲ့တူမနဲ့တောင် ကောင်းကေင်းယှဉ်နိုင်တယ်…"

ကျွယ်ရှင်းက အံ့သြသွားသည့်လေသံဖြင့်…

"သခင်လေးမှာ တူမရှိသေးတာလား…"

ဆန်းလျန်သည် "ကျုပ်ရဲ့တူမ" ဆိုသည့်စကားကို အလိုအလျောက် မသိစိတ်မှ ပြောထွက်သွားခြင်း ဖြစ်လေသည်။

သို့သော်… သူ၏တူမလေးအကြောင်းကို ပြန်လည်စဉ်းစားကြည့်သည့်အခါတွင်တော့ အခိုးအငွေ့များ နောက်ကွယ်တွင် ေ၀ဝါးစွာဖြင့် ခန့်မှန်းမရဖြစ်နေရလေသည်။

သို့ရာတွင်… အတိတ်ကိုစဉ်းစားကြည့်လိုက်တိုင်း ထိုသို့ပင် ဖြစ်နေကျဖြစ်သည့်အတွက် ထူးဆန်းလှသည်တော့ မဟုတ်ပေ။

ဆန်းလျန်က…

"အင်း… နောင်အနာဂတ်မှာတော့ သူနဲ့ ပြန်တွေ့ခွင့်ရချင်ရမှာပေါ့ ၊ ကျုပ်ဆိုလိုတာက ဒီမိန်းကလေးက ပေါ့သေးသေး မဟုတ်ဘူးလို့ ပြောချင်တာ ၊ သူသာ ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းမယ်ဆိုရင် ခဏလေးနဲ့ စစ်မှန်တဲ့ ကျင့်စဉ်လမ်းကို ဝင်ရောက်နိုင်လိမ့်မယ်…"

ဆန်းလျန်ပြောသည့် "စစ်မှန်တဲ့ကျင့်စဉ်လမ်းကိုဝင်ရောက်နိုင်လိမ့်မယ်" ဆိုသည့် စကားအဓိပ္ပါယ်ကို ကျွယ်ရှင်း ကောင်းကောင်း နားလည်လေသည်။

ထိုစကားမှာ ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ခြင်းကို ပြောခြင်း ဖြစ်လေသည်။ ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ပြီဆိုလျှင် ကျင့်စဉ်လမ်းတစ်ဝက်ကျိုးပြီဟု မှတ်ယူနိုင်လေ၏။

အမှန်တော့ လောကတွင် နတ်ဘုရားတစ်ပါးအဖြစ်အဆင့်တက်ရောက်နိုင်ရန်မှာ လွယ်ကူလှခြင်း မရှိပေ။ ။

အဘယ်ကြောင့်ဆိုသော် ဟိုင်သန်းအဆင့်မှ ရှေ့မဆက်နိုင်ကြသည့်အတွက် ဖြစ်လေသည်။ သို့သော်… ဟိုင်သန်း အဆင့်တွင် ရပ်တန့်နေသူများထက် ဟိုင်သန်းအဆင့်သို့ပင် ရောက်ရှိနိုင်ခြင်း မရှိသူများက ပိုမိုများပြားလေသည်။

ထို့ကြောင့် ဟိုင်သန်းအဆင့်တက်ရောက်နိုင်ခြင်းမှာ လူ့လောကမှ စာပေသမားများ ဘုရင့်စာမေးပွဲ ဖြေဆိုအောင်မြင်ခြင်းနှင့် ဆင်တူလေသည်။ စာပေသမားများ ဘုရင့်စာမေးပွဲ အောင်မြင်သည်နှင့် ရာထူးရာကန်များ ၊ ငွေကြေးများ ၊ ဘွဲ့ထူးဂုဏ်ထူးများ ရရှိကာ ချက်ချင်းဘဝပြောင်းသွားသကဲ့သို့ ကျင့်ကြံခြင်းလောကတွင် ဟိုင်သန်း အဆင့်တက်ရောက်နိုင်ပါကလည်း ချက်ချင်းဘဝပြောင်းသွားမည် ဖြစ်လေသည်။

ဆန်းလျန်သည် မမှန်မကန်စကားကို ပြောဆိုမည် မဟုတ်သည်ကို ကျွယ်ရှင်း ကောင်းကောင်းသိလေသည်။ ဟယ်မိန်းကလေးငယ်မှာ အမှန်ပင် အရည်အချင်းရှိသူတစ်ယောက် ဖြစ်ရပေမည်။

သို့သော်… ကျင့်ကြံခြင်းပါရမီပါသူတိုင်း ၊ အရည်အချင်းရှိသူတိုင်းလည်း ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်ကြသည် မဟုတ်ပါ။ အရာရာသည် ကံတရားအတိုင်းသာ ဖြစ်လေ၏။

ကျွယ်ရှင်းက…

"သခင်လေးက သူ့ကို ကျင့်စဉ်လမ်းကို လျှောက်လှမ်းစေချင်လို့လား…"

ဆန်းလျန်က နူးညံ့စွာပင် ရယ်မောလိုက်ရင်း…

"ဆရာဆိုတာက တံခါးကို ဖွင့်ပေးရုံပဲ တတ်နိုင်တယ် ၊ ကျန်တာကတော့ကိုယ့်ဟာကိုယ်ပဲ ဆက်လျှောက်ရမှာပဲ ၊ ကျုပ်က သူ့ကို ပညာသင်ပေးချင်တယ် ၊ ဒါပေမယ့် သူ ကျုပ်ရဲ့တပည့်ဖြစ်လာမလား ၊ ဖြစ်မလာဘူးလားဆိုတာတော့ ကံတရားအပေါ်မူတည်တယ်…"

ဆန်းလျန်သည် လောကကြီးတစ်ခုလုံးအကြောင်းကို ခြုံငုံသိမြင်နိုင်သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

အရည်အချင်းရှိသူများ ၊ အလှတရားများ နှင့် မိုးနှင့်မြေမှ ဖြစ်တည်မှုမှန်သမျှသည် သူ့အတွက် စိတ်လှုပ်ရှားစရာ သိပ်မရှိလှပေ။ သို့သော်… အရည်အချင်းရှိသူများကိုတွေ့သည့်အခါ သူ့အနေဖြင့် ကူညီပေးလိုစိတ် ဖြစ်မိခြင်းသာ ဖြစ်လေသည်။

All Chapters