သာမန်လူသားတစ်ယောက်ဖြစ်ရသောကြောင့်
Vol. 8 Ch. 745
ဆန်းလျန်နှင့် ကျွယ်ရှင်း ဟယ်ရှန်းအကြောင်းပြောနေကြစဉ်မှာပင် ရွှမ်နွီနန်းတော်မှ မိန်းမပျို (၄)ယောက်သည်လည်း ကျိုးယီတောင်သို့ ရောက်ရှိလာကြလေသည်။
သူတို့က တောင်၏ အခြားဘက်ခြမ်းမှ မြစ်ကြောင်းအတိုင်း လှေတစ်စင်းဖြင့် ရောက်လာကြခြင်းဖြစ်သည်။
ဟယ်စူးရင်းက…
"ဆရာဒေါ်လေး… စွမ့်ယွမ်တောင်ထွတ်က ဟို အရှေ့မှာပါ ၊ ကျွန်မတို့ ဟယ်အိမ်တော်က အဲဒီမှာရှိတယ်…."
ကျီးယင်က အရှေ့သို့ ကြည့်လိုက်လေရာ… ကြည်လင်သည့် စမ်းချောင်းလေးနှင့် လှပသည့် တောတောင်များကို တွေ့လိုက်ရလေသည်။ တောင်ထွတ်ပေါ်တွင် တိမ်ခိုးများဝေနေပြီး ဝိညာဉ်စွမ်းအားများနှင့် ပြည့်ဝလျှက် ရှိလေသည်။
ဟယ်အိမ်တော်သည် နှစ်ပေါင်းများစွာကြာအောင် ရပ်တည်နိုင်ခဲ့သည်မှာ အံ့သြစရာ မရှိပေ။ အဘယ်ကြောင့် ဆိုသော် ဤနေရာသည် ဝိညာဉ်စွမ်းအားများကောင်းမွန်ပြီး မိုးမြေစွမ်းအားများ နှင့်ပြည့်ဝနေသောကြောင့်ဖြစ်လေ သည်။
စွမ့်ယွမ်တောင်ထွတ်နှင့် နီးကပ်လာသည့်အခါတွင်တော့ ကျီးယင်က စီးလာသည့်လှေနံဘေးကို ခြေထောက်ဖြင့် တစ်ချက်အသာကန်လိုက်လေသည်။ ရုတ်တရက် တန်ခိုးစွမ်းအား လှိုင်းလုံးများ မြင့်တက်လာပြီး လှေက ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
နေဝင်ချိန်ဖြစ်သည့်အတွက် ဆည်းဆာရောင်ခြည်က တောက်ပနေပြီး ကြိုးကြာများက လှေကြီးနံဘေးတွင်ပျံသန်း လိုက်ပါလာကြလေရာ တွေ့မြင်ရသည့် ရှုမျှော်ခင်းမှာ အလွန်မှ ရင်သပ်ရှုမောဖွယ်ရာပင်။
ရုတ်တရက်ပင် … တောင်ထိပ်မှ အလင်းရောင်များထွက်ပေါ်လာပြီး သူတို့ (၄)ယောက်ကို ကြိုဆိုသည့် ဧည့်ကြိုများ ရောက်ရှိလာကြလေသည်။
စွမ့်ယွမ်တောင်ထွတ်မှာ တိမ်ခိုးများနှင့် ဖုံးလွှမ်းလျှက် ရှိလေသည်။ သို့သော်… တိမ်ခိုးများအတွင်းသို့ ဝင်ရောက် လိုက်သည်နှင့် အတိုင်းထက်အလွန်လှပသည့် ရှုမျှော်ခင်းများကို မြင်တွေ့လိုက်ရလေသည်။
စွမ့်ယွမ်တောင်ထွတ်ထိပ်တွင် ခမ်းနားလွန်းသည့် အိမ်တော်ကြီးတစ်ခု ရှိနေလေသည်။ တောင်ပေါ်သို့ တက်သည့် လမ်းမှာလည်း အလွန်မှ လှပလေသည်။
ကျီးယင်နှင့် မိန်းမပျိုများသည် မြေပြင်ထက်သို့ ဆင်းသက်လိုက်ကြပြီး ဟယ်အိမ်တော်မှ လာရောက်ကြိုဆိုကြသည့် ဧည့်ကြိုများနောက်သို့ လိုက်ပါသွားကြလေသည်။ သူတို့တောင်ပေါ်သို့ တက်လာသည့်အချိန်မှာပင် နတ်ဘုရား တေးသွားများ ထွက်ပေါ်လာလေသည်။ ထိုတေးသွားမှာ ဟယ်အိမ်တော်မှ ဂုဏ်သရေရှိဧည့်သည်တော်များကို ကြိုဆိုသည့် ဂီတတေးသွားဖြစ်လေသည်။
တောင်တက်လမ်းတစ်လျှောက်တွင် ငယ်ရွယ်သည့် ကျင့်ကြံသူလူငယ်လေးများကို နေရာအနှံ့တွင် တွေ့မြင်ရလေ သည်။ အချို့မှာ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်နေကြပြီး အချို့မှာ စကားစမြည် ပြောဆိုနေကြ လေသည်။
သို့သော်… ကျီးယင်နှင့် အခြားဧည့်သည်များ လမ်းလျှောက်လာသည်ကို မြင်တွေ့ကြသည့်အခါတွင်တော့ သူတို့သည် ဘေးသို့ ရှောင်ပေးကြပြီး ယဉ်ကျေးသည့် အမူအရာဖြင့် ဂါရ၀ ပြုကြလေသည်။
ဟယ်စူးရင်းသည် လက်ရှိ ဟယ်အိမ်တော်သခင်ကြီး၏ သမီးဖြစ်လေသည်။
သူမသည် ထက်မြက်သူတစ်ယောက်ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်လည်းဖြစ်လေရာ အားလုံးက သူမကို မျက်နှာသာပေးကာ ဂရုတစိုက်ဖြင့် ချစ်ခင်ကြလေသည်။ ကျိုးယီတောင်တွင် သူမကို မသိသည့် ကျင့်ကြံသူဆို၍ မရှိသလောက် ရှားလေသည်။
ယခုလည်း သူမနှင့်အတူပါလာသူများမှာ ရွှမ်နွီနန်းတော်မှ မိန်းကလေးကျင့်ကြံသူများ ဖြစ်ကြလေရာ သူမသည် ပိုပြီး မျက်နှာပွင့်လျှက်ရှိလေသည်။
ဟယ်အိမ်တော်သည် ကြီးကျယ်ခမ်းနားသည့် အိမ်တော်တစ်ခု ဖြစ်သော်လည်း ကျင့်ကြံခြင်းလောကမှ နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော် (၄)ခုကို မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ပေ။
ခမ်းနားလွန်းသည့် ဟယ်အိမ်တော်ကြီးရှေ့တွင် သက်လတ်ပိုင်းလူရွယ်တစ်ယောက်က အခြွေအရံများ ခြံရံကာ ဧည့်သည်များကို ကြိုဆိုနေလေသည်။ သက်လတ်ပိုင်းလူရွယ်မှာ ဟယ်စူးရင်း၏ ဖခင် ၊ ဟယ်အိမ်တော်နှင့် ဟယ်မျိုးနွယ်များအားလုံး၏ခေါင်းဆောင် ဟယ်ရှင်းယင် ဖြစ်လေ၏။
ထိုအချိန်မှာပင်…
အတိတ်ကိုသတိပြန်ရသည်မှာ မကြာသေးသော လူပြန်ဝင်စားသည့်မိန်းမပျို ကျီးယင်းက ဟယ်ရှင်းယင်ကို စတင်နှုတ်ဆက်လိုက်လေသည်။
"အစ်ကိုရူယွမ် ၊ မတွေ့တာကြာပြီနော်…"
ဟယ်စူးရင်းမှာ အံ့သြသွားရလေသည်။
အဘယ်ကြောင့်ဆိုသော်… ယခုမှ ပြန်တွေ့ရသည့် ဆရာဒေါ်လေးသည် သူမဖခင်နှင့် မိတ်ဆွေများ ဖြစ်နေသော ကြောင့်ပင်။
ဟယ်စူးရင်းမှာ ရွှမ်နွီနန်းတော်မှ တပည့်တစ်ယောက် ဖြစ်လာပြီးသည့်နောက်ပိုင်း လောကကြီးအကြောင်း အတော်များများကို သိရှိလာခဲ့လေသည်။ သူမတို့ ဟယ်အိမ်တော်မှာ ဂုဏ်သတင်းကျော်ကြားသည့်တိုင် ရွှမ်နွီနန်းတော်နှင့်ယှဉ်လျှင် အသေးအဖွဲမျှသာဖြစ်လေသည်။
ယခုတော့… ဆရာဒေါ်လေးကျီးယင်းက ဖခင်ဖြစ်သူကို စတင် နှုတ်ဆက်လိုက်သလို ဆရာဒေါ်လေးကျီးယင် ကလည်း ဖခင်ဖြစ်သူကို လေးစားသည့်အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည့်အခါ သူမသည် ဖခင်ဖြစ်သူ အတွက်ဂုဏ်မယူဘဲ မနေနိုင်ခဲ့ပေ။
ကျီးယင်း၏ နှုတ်ဆက်စကားကို ကြားလိုက်ရသော်လည်း ဟယ်ရှင်းယင်သည် သူမကို မမှတ်မိပေ။ မည်သူဖြစ်သည်ကို အလျှင်အမြန်စဉ်းစားလိုက်သည့်တိုင် နောက်ဆုံးတွင်တော့ စဉ်းစားမရတော့ဘဲ မေးမြန်းလိုက်ရ လေသည်။
"ဒီက နတ်သမီးကဘယ်သူများလဲ…."
"မမှတ်မိတော့ဘူးလား အစ်ကိုရူယွမ် ၊ အရင်တုန်းက အစ်ကို ထိုက်ဟယ်တောင်က ဘုန်းတော်ကြီးပုရှယ်ဆီမှာ တရားနာပြီး သိချင်တာတွေကို မေးမြန်းခဲ့တယ် ၊ အပြန်လမ်း တောင်ပေါ်စမ်းချောင်းလေးနံဘေးမှာ လမ်းလျှောက် လာရင်း ကျွန်မတီးခတ်တဲ့ ဗျပ်စောင်းသံကို နားထောင်ခဲ့ဖူးတယ်လေ ၊ အဲဒီတုန်းက ကျွန်မက အရေးကြီးကိစ္စ ပေါ်လာတာနဲ့ သိပ်အကြာကြီးမနေခဲ့ရဘူး ၊ ဗျပ်စောင်းသံနဲ့ မိတ်ဆွေဖွဲ့ခွင့်ရခဲ့တာ… အခုဆိုရင် အနှစ် (၃၀)တောင် ကြာခဲ့ပြီပဲ ၊ အင်းလေ… ကျွန်မက အရင်နဲ့မတူဘဲ ပြောင်းလဲသွားခဲ့တာကိုး…"
လူပြန်ဝင်စားခဲ့သူ ကျီးယင်းက ရှင်းပြလိုက်လေသည်။
ဟယ်ရှင်းယင်သည် ကျီးယင်းမည်သူဖြစ်သည်ကို ချက်ချင်းသိရှိသွားလေသည်။ ထိုအကြောင်းအရာများကို သူ မည်သို့ မေ့ပျောက်နိုင်ပါမည်နည်း။
ထိုအချိန်တုန်းက အသူ့အသက်မှာ (၃၀)ပင် မပြည့်သေးပေ။ လောကတစ်ခွင်လှည့်လည်သွားလာရင်း တာအိုတရား ကျင့်ကြံနေခဲ့ချိန်ဖြစ်လေသည်။
သူက ထိုက်ဟယ်တောင်ပေါ်မှ ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးနှင့်တွေ့ဆုံကာ တရားစကာနာယူခဲ့ပြီး မရှင်းလင်းသည့် မေးခွန်းများကိုလည်း မေးမြန်းခဲ့လေသည်။
ထိုနေ့က…
သူတောင်ပေါ်မှ ပြန်ဆင်းလာသည့်အချိန်တွင် ညခင်းအချိန်သို့ပင်ရောက်ရှိနေခဲ့ပြီ။
ကေင်းကင်ထက်တွင် လရောင်က ထိန်ထိန်သာနေပြီး အေးချမ်းသည့် တောင်ဆင်းလမ်းလေးထက်တွင် လမ်းလျှောက်လာစဉ် သာယာသည့် ဗျပ်စောင်းတီးခတ်သံတစ်သံကို ကြားခဲ့ရခြင်း ဖြစ်လေသည်။
ဗျပ်စောင်းသံကို ကြားလိုက်ရသည်နှင့် သူ၏စိတ်အစဉ်သည် တိမ်ကင်းစင်သည့်လရောင်ပမာ ချက်ချင်း ကြည်လင် သွားရပြီး တရားအလင်းပွင့်ကာ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားခဲ့လေသည်။
ထိုအချိန်မှစပြီး… သူ၏ ကျင့်ကြံခြင်းအဆင့်များ အဆက်မပြတ်မြင့်တက်လာခဲ့လေသည်။
ယခုအချိန်ထိ… ထိုညက ကြားခဲ့ရသည့် ဗျပ်စောင်းသံကို ပြန်စဉ်းစားမိတိုင်း ကြည်နူးခြင်းကို ခံစားရလေသည်။ သို့သော်… နှစ်ပေါင်းများစွာ ရှာဖွေခဲ့သည့်တိုင် ဗျပ်စောင်းတီးခတ်ကာ သူ့ကို ကျင့်ကြံခြင်း အဆင့်တက်စေခဲ့သည့် ကျေးဇူးရှင်ကို ပြန်လည်တွေ့ရှိရခြင်း မရှိတော့ပေ။
ယခုတော့ မထင်မှတ်စွာပင်… သမီးဖြစ်သူနှင့်အတူပါလာသည့် ကျင့်ကြံသူမိန်းမပျိုသည် တစ်ချိန်က ရှာဖွေနေခဲ့သည့် ကျေးဇူးရှင် ဖြစ်လို့နေခဲ့လေသည်။
ဟယ်ရှင်းယင်သည် ဟယ်အိမ်တော်၏ သခင်ကြီးဖြစ်လေသည်။
သူ့ကို ကျေးဇူးပြုခဲ့ဖူးသူမိန်းမပျိုသည် အကြောင်းမရှိဘဲ တစ်ချိန်က ပတ်သက်ခဲ့ဖူးသည်ကို ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူက မိန်းမပျိုကို သေသေချာချာ အကဲခတ်ကြည့်လိုက်လေသည်။ ထိုအခါ မိန်းမပျို၏ ကျင့်ကြံခြင်းအဆင့်သည် ယခင်တစ်ချိန်ကလောက် မြင့်မားခြင်း မရှိတော့သည်ကို သတိပြုလိုက်မိလေသည်။
ယခင်တုန်းက ပြုခဲ့ဖူးသည့် ကျေးဇူးတရားကို ပြန်ဆပ်ရန် အချိန်တန်ပြီဟု ဟယ်ရှင်းယင် တွေးလိုက်လေသည်။
ဟယ်ရှင်းယင်က ပြုံးလိုက်ရင်း…
"ကံတရားက သိပ်ဆန်းကျယ်တာပဲ ၊ အခုလို ပြန်ဆုံတွေ့ရမှတော့ ကျုပ်က ဧည့်ဝတ်ကျေစေရပါမယ်ဗျာ ၊ ကဲ ကဲ… နတ်သမီး (၃)ပါးနဲ့ အားရင်းတို့ အိမ်ထဲအရင်ဝင်ကြပါ ၊ ပြီးမှ စကားပြောကြတာပေါ့…"
ဟယ်ရှင်းယင်က ဧည့်သည်များကို လိုလေသေးမရှိ ပြင်ဆင်ဧည့်ခံလေသည်။ အထူးသဖြင့် ကျီးယင်းကို အထူးဂရုစိုက်လေသည်။
ဟယ်စူးရင်းက ဖခင်ဖြစ်သူမှာ ဆရာဒေါ်လေးကျီးယင်းကို အထူးဂရုစိုက်နေသည်ကို ရိပ်မိလိုက်လေသည်။ ဖခင်ဖြစ်သူက ဆရာဒေါ်လေးကျီးယင်းကို မေတ္တာများ ရှိနေလေသလားဟုပင် သူမတွေးလိုက်မိလေသည်။
အမှန်တော့ ဟယ်စူးရင်းသည် မိတဆိုးသမီးလေးဖြစ်လေသည်။
သူမကိုမွေးပြီးသည့်နောက်ပိုင်း မိခင်ဖြစ်သူမှာ ပြင်းထန်သည့်အဖျားရောဂါကိုခံစားရပြီး ဆုံးပါးသွားခဲ့လေသည်။ ဖခင်ဖြစ်သူက ဟယ်အိမ်တော်မှ အစွမ်းထက်ဆေးဝါးများဖြင့် အစွမ်းကုန်ကုသပေးခဲ့သော်လည်း အရာမထင်ခဲ့ပေ။
ဇနီးဖြစ်သူဆုံးပါးသွားပြီးသည့်နောက်ပိုင်း ဟယ်ရှင်းယင်သည် နောက်အိမ်ထောင်မပြုတော့ပေ။ ကျင့်စဉ်လမ်းကိုသာ စိတ်ထက်သန်စွာဖြင့် လျှောက်လှမ်းခဲ့လေသည်။
ယခုတော့ ဟယ်ရှင်းယင်သည် တစ်ချိန်က စိတ်တွင်စွဲလန်းခဲ့ရသူ ဗျပ်စောင်းသံပိုင်ရှင်မိန်းမပျိုကို ပြန်လည်တွေ့ဆုံရ သည့်အခါ သမီးဖြစ်သူကိုပင် အရေးမစိုက်နိုင်ဘဲ လျစ်လျူရှုထားမိလေတော့သည်။
ဟယ်စူးရင်းသည် ငယ်စဉ်ကပင် အလိုလိုက်ခံထားရသည့် မိတဆိုးသမီးလေးဖြစ်သည့်အတွက် အနည်းငယ် ဆိုးသွမ်းသလို စိတ်ဓာတ်အတက်အကျလည်း မြန်သူ ဖြစ်လေသည်။
သို့သော်… ဟယ်ရှင်းယင်သည်ပင် သမီးဖြစ်သူ၏စိတ်ကို ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
ကျီးယင်က သူမတို့ရောက်လာရသည့် ရည်ရွယ်ချက်ကို ဟယ်ရှင်းယင်ကို ဖွင့်ပြောလိုက်လေသည်။ ထိုအခါ ဟယ်ရှင်းယင်က တစ်ချက်ပင်မဆိုင်းငံ့ဘဲ ကျီးစစ်ကျွင်းအကြောင်းစုံစမ်းရန် သူ၏လူများကို စေခိုင်းလိုက်လေသည်။
မကြာမီအချိန်အတွင်းမှာပင် ကျီးစစ်ကျွင်းအကြောင်း စုံစမ်းသိရှိလာရသည်။
ကျီးယင်သည် စိတ်ကြီးသူတစ်ယောက်ဖြစ်လေရာ ချက်ချင်းပင် ကျင့်ကြံသူအချို့ကိုခေါ်ကာ ကျီးစစ်ကျွင်းကို ဂလဲ့စားချေရန် ထွက်ခွာသွားလေသည်။
ယခုမှ အတိတ်ကို ပြန်လည်သတိရကာစဖြစ်သည့် ကျီးယင်းကတော့ များစွာ အကူအညီမပေးနိုင်သေးပေ။ ထို့ကြောင့် … ကျိုးယီတောင်တွင်ပင် လှပသည့်ရှုမျှော်ခင်းများကိုကြည့်ရင်း နေရစ်ခဲ့လေသည်။
ကျီးယင် ထွက်ခွာမသွားခင် ဟယ်စူးရင်းနှင့် ယွမ်ကျိယီတို့ကို ဆရာဒေါ်လေးဖြစ်သူ ကျီးယင်းကို သေသေချာချာ ဂရုစိုက်ရန် မှာထားခဲ့လေသည်။
ဟယ်စူးရင်းကလည်း ကျီးယင်းကို ဂရုစိုက်လေသည်။
ကျီးယင်းမှာ အတိတ်မှ အကြောင်းအရာများကို ပြန်လည်မှတ်မိနေပြီး တန်ခိုးစွမ်းအားများလည်း ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်ကတော့ ယခင်ကလောက် မြင့်မားခြင်း မရှိသေးပေ။
ဟယ်စူးရင်းနှင့် ကျီးယင်းသည် သဘာဝလွန်ပညာရပ်များအကြောင် းပြောဆိုဆွေးနွေးနေကြလေသည်။
ထိုအချိန်မှာပင်…
ဟယ်စူးရင်း၏ဖခင် ဟယ်ရှင်းယင်ရောက်လာပြီး ကျီးယင်းနှင့် နှစ်ယောက်တည်းစကားပြောရန် ခွင့်တောင်းလိုက် လေသည်။
ဟယ်စူးရင်းသည် စိုးရိမ်ပူပန်သည့်မျက်ဝန်းများဖြင့် သူတို့ (၂)ယောက်ကို ကြည့်နေခဲ့လေသည်။ ထို့နောက်တွင် တော့ ဖခင်ဖြစ်သူက ကျီးယင်းကို ဂရုတစိုက်ရှိနေသည့်အတွက် စိတ်ညစ်သွားပြီး တစ်ယောက်တည်း အခန်းအောင်း နေလေတော့သည်။
ကျိုးယီတောင်သည် ကြမ်းတမ်းပြီး ကျယ်ပြန့်လေသည်။
သို့သော်… တောင်တစ်ခွင်တွင် သူမကို မသိသူဆို၍ အနည်းငယ်သာ ရှိလေသည်။ ဟယ်စူးရင်းသည် အခန်းအောင်း နေရာမှ စိတ်ပြေလက်ပျောက် အပြင်သို့ ပြန်ထွက်လာခဲ့လေသည်။
သို့သော် သူမကို သိနေကြသည့် လူများအလယ်တွင် နေချင်စိတ်မရှိပေ။ ထို့ကြောင့် လူသူကင်းဝေးရာ ကျိုးယီ တောင်ခြေသို့ တစ်ယောက်တည်း ထွက်လာခဲ့လေသည်။
သူမသည် လျှောက်သွားရင်း ယွင်မုမြင်ကမ်းနံဘေးသို့ ရောက်လာလေသည်။
ယွင်မုမြစ်ရေများမှာ ကြည်လင်လေရာ သူမက မြစ်ရေများဖြင့် စတင် ဆော့ကစားလိုက်လေသည်။ မြစ်ရေသည် ကျောက်တောင်ကို တိုက်စားသွားပြီး ကမ်းခြေတွင် ကျောက်တုံးများစွာ ရှိနေလေသည်။ ကျောက်တုံးများထက်တွင် ရေညှိများကပ်ညိနေပြီး ခြုံပုတ်များလည်း ပေါက်ရောက်လျှက် ရှိလေသည်။
သူမသည် မြစ်ရေထဲတွင် ဆော့ကစားရင်း ပျော်ရွှင်လာမိလေသည်။ ထို့နောက် သူမက မြစ်အတွင်းသို့ ခုန်ဆင်း လိုက်ပြီး စိတ်လွတ်ကိုယ်လွတ် ရေကူးနေလေတော့သည်။ ပတ်ဝန်းကျင်ကိုပင် မေ့လျော့သွားရသည်။
သို့သော်…
သူမစိတ်ထဲမှ ငြိမ်းချမ်းနေမှုလေး ပျက်စီးသွားရလေသည်။
အဘယ်ကြောင့်ဆိုသော်… မြစ်ရေထဲသို့ လူတစ်ယောက် ဆင်းလာသောကြောင့် ဖြစ်လေသည်။ ဆင်းလာသူမှာ မိန်းကလေးငယ်တစ်ယောက် ဖြစ်လေ၏။
ဟယ်စူးရင်းဆိုသည့် သူမသည် ဂုဏ်သရေရှိသခင်မလေးတစ်ပါးဖြစ်သလို ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်လေ သည်။ ထိုမိန်းကလေးငယ်ကတော့ သာမန်မိန်းကလေးငယ်တစ်ယောက်မျှသာဖြစ်သည်။
ထိုမိန်းကလေးငယ်နှင့်သူမမှာ အဆင့်အတန်းများစွာ ကွာခြားလေသည်။ ထို့ကြောင့် အဆင့်အတန်းနိမ့်သည့် ဆင်းရဲသားမိန်းကလေးတစ်ယောက် ရေထဲသို့ ဆင်းလာသည့်အခါ မြစ်ရေများညစ်ပတ်သွားသလိုခံစားလိုက်ရပြီး ရွံလျာသွားမိလေသည်။
အစပိုင်းတွင်တော့ သူမ၏မျက်နှာသည် စိတ်အလိုမကျမှုများကြောင့် သုန်မှုန်သွားပြီး နောက်ပိုင်းတွင်တော့ စိတ်မထိန်းနိုင်တော့ဘဲ မိန်းကလေးကို ဖမ်းချုပ်လိုက်လေသည်။
ထိုမိန်းကလေးငယ်မှာ ဟယ်ရှန်း ဖြစ်လေ၏။
သူမသည် လူရှင်းသည့်အချိန်တွင် မြစ်ရေထဲတွင် အမြဲတမ်း ရေချိုးလေ့ရှိလေသည်။ ယနေ့လည်း မြစ်ရေထဲတွင် အခြားသူတစ်ယောက်ရှိနေသည်ကို မသိလိုက်သည့်အတွက် ရေချိုးရန် ဆင်းလာခြင်း ဖြစ်လေသည်။
ဟယ်စူးရင်းက သူမကို ဖမ်းချုပ်လိုက်သည့်အခါတွင်တော့ ဟယ်ရှန်း အလွန်ထိတ်လန့်သွားမိလေသည်။
သို့သော်… သူမကို ဖမ်းချုပ်လိုက်သူမှာ မိန်းကလေးတစ်ယောက် ဖြစ်သည်ကို သိရှိလိုက်ရသည့်အခါ အနည်းငယ် စိတ်သက်သာရာရသွားလေသည်။
သို့ရာတွင်… သူမကို ဖမ်းချုပ်လိုက်သူမိန်းမပျို၏ တင်းမာခက်ထန်နေသည့် မျက်နှာထားကို မြင်လိုက်ရသည့်အခါ တွင်တော့ ထိတ်လန့် တုန်လှုပ်သွားရပြန်လေသည်။
"ကောင်မစုတ်လေး ၊ ဘာကိစ္စရေထဲဆင်းလာတာလဲ ၊ ကျက်သရေမရှိလိုက်တာ…"
ပြောပြီးသည်နှင် ဟယ်စူးရင်းသည် ဟယ်ရှန်းကို ကြယ်လေးတစ်ကောင်အလား ကိုင်ပေါက်လိုက်လေရာ ဟယ်ရှန်း မှာ မြစ်ကမ်းနံဘေးရှိ ြ့ခုံပုတ်တစ်ခုပေါ်သို့ကျသွားပြီး ခြုံပုတ်အတွင်းမှ ကျောက်တုံးများနှင့် ရိုက်မိပြီး တစ်ကိုယ်လုံး ဒဏ်ရာများရကာ သွေးချင်းချင်းနီရဲကုန်တော့သည်။
ဟယ်ရှန်း အရှက်တကွဲဖြင့် နာကျင်ခံစားသွားရသည်ကို တွေ့ရတော့မှ ဟယ်စူးရင်းမှာ အနည်းငယ် ဒေါသပြေသွား လေသည်။
ဟယ်ရှန်းကြောင့် မြစ်ရေများလည်း ညစ်ပတ်သွားပြီဟု ခံစားလိုက်မိသည့်အတွက် သူမသည် ရေထဲတွင် ဆက်ပြီး ဆော့ကစားမနေတော့ပဲ အဝေးဆီသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
ကံဆိုးသူလေး ဟယ်ရှန်းမှာတော့ လေထဲသို့ ပျံသန်းထွက်ခွာသွားသည့် မိန်းမပျိုလေးကို ငေးကြည့်ရုံသာ တတ်နိုင်ခဲ့ လေသည်။
မိန်းမပျိုသည် ကျိုးယီတောင်မှ နတ်သမီးတစ်ပါးဖြစ်ပေလိမ့်မည်။ သို့သော်… သူမ ဘာအပြစ်မှ မကျူးလွန်ရပါပဲ အဘယ့်ကြောင့် သူမကို အနိုင်ကျင့်နှိပ်စက်ခဲ့ရပါသနည်း။
ဟယ်ရှန်းသည် တစ်ကိုယ်လုံး နာကျင်နေပြီး လက်ချောင်းလေးတစ်ချောင်းပင် လှုပ်နိုင်စွမ်း မရှိတော့ပေ။ မည်သူမှ လာမကူညီလျှင် သူမသည် မြစ်ကမ်းနံဘေးတွင် အသက်ဆုံးရပေတော့မည်။
သူမ သေသွားလျှင်လည်း ကိစ္စမရှိပါ။ သို့သော်… မျက်မမြင်မိခင်ကြီးကို မည်သူက ပြုစုလုပ်ကျွေးပါမည်နည်း။
ဟယ်ရှန်းသည် ကလေးဘဝကတည်းက စိတ်ဓာတ်ခိုင်မာသူတစ်ယောက်ဖြစ်ပြီး တော်ရုံဖြင့် မျက်ရည်ကျလေ့ မရှိပေ။ သို့သော်.. ယခုတော့ နာကျင်စွာဖြင့် ငိုကြွေးလိုက်မိလေသည်။
"ငိုနေတာက ပြဿနာကို ဖြေရှင်းနိုင်မယ် ထင်လို့လား…"
ထူးဆန်းသည့်အသံတစ်သံက ဟယ်ရှန်း နားထဲသို့ ဝင်ရောက်လာလေသည်။
ထို့နောက် … ကမ်းခြေတွင် ချွတ်ထားခဲ့သည့် သူမ၏ အဝတ်အစားများသည် သူမကိုယ်ပေါ်သို့ လာရောက်ဖုံးလွှမ်း သွားပြီး သူမအရှက်ကို ကာကွယ်ပေးလိုက်လေသည်။