ကျောက်စိမ်းရေကန်ဥယျာဉ်ကမက်မွန်သီး
Vol. 8 Ch. 746
သူမကိုယ်ထဲသို့ အေးစိမ့်သည့် အငွေ့အသက်တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူမကိုယ်ပေါ်မှ ဒဏ်ရာများမှာ လျှင်မြန်လွန်းသည့်အရှိန်ဖြင့် ချက်ချင်း သက်သာပျောက်ကင်းသွားလေသည်။
ဟယ်ရှန်း အံ့သြမှင်တက်သွားပြီး အဝတ်များကို ပြန်လည်ဝတ်ဆင်လိုက်လေသည်။ သူမခန္ဓာကိုယ်က ရေများစိုရွှဲနေသည့်အတွက် အဝတ်အစားများပါရေစိုကုန်ပြီး နေရထိုင်ရခက်နေသည့်တိုင် သူမက အရေးမစိုက်နိုင် အားပေ။
သူမ ခြုံပုတ်အတွင်းမှ ထွက်လာသည့်အခါ ကျောက်ဆောင်အမြင့်ကြီးတစ်ခုကိုမှီကာ လက်ပိုက်ပြီးရပ်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရလေသည်။ လူငယ်က သူမကို စိုက်ကြည့်နေလေသည်။ လူငယ်၏ဘေးတွင်တော့ ထောင်ထောင်မောင်းမောင်းနှင့် အနက်ရောင်ဝတ်ဆင် ထားသည့် ဘုန်းတော်ကြီးတစ်ပါး ကို တွေ့ရလေသည်။
ဟယ်ရှန်းက ချက်ချင်းပင် သူတို့ (၂)ယောက်ကို လက်နှစ်ဖက်ဆုပ်ကာ ဂါရဝပြုလိုက်ပြီး လေးလေးစားစားဖြင့် မေးလိုက်သည်။
"ကျွန်မကို ကူညီလိုက်တာ ဦးလေးလား…"
သူမ၏ ပါးပြင်ထက်တွင် မျက်ရည်စများရှိနေသေးသော်လည်း သူမသည် အနည်းငယ် တည်တည်ငြိမ်ငြိမ် ဖြစ်နေလေပြီ။
ဟယ်ရှန်း၏ တည်ငြိမ်မှုကြောင့် ဆန်းလျန်က သူမကို ထပ်ပြီး အမှတ်ပေးလိုက်မိသည်။
ဆန်းလျန်က…
"ခုန မင်းကို အနိုင်ကျင့်သွားတဲ့ မိန်းကလေးကို မင်း ဂလဲ့စားမချေချင်ဘူးလား…"
ဟယ်ရှန်းက တစ်ချက်တုံ့ဆိုင်းနေပြီးမှ…
"ဂလဲ့စားချေချင်တာပေါ့ ၊ ဒါပေမယ့် ကျွန်မကို အနိုင်ကျင့်ခဲ့တဲ့အတွက် ဂလဲ့စားချေချင်တာမဟုတ်ဘူး ၊ သူ နောက်ထပ် အခြားသူတွေကို အနိုင်မကျင့်အောင် ပညာပေးချင်တာ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မထင်ရဘူး ၊ မင်းက အသက်ငယ်ငယ်လေးနဲ့ သူရဲကောင်းစိတ်ဓာတ်ရှိတယ် ၊ ဒါပေမယ့် မင်းရဲ့အတွေးတွေက အလကားပဲ ၊ ဘာလို့လဲဆိုတော့ သူက ကျင့်ကြံသူတစ်ယောက် ဖြစ်နေလို့ပဲ ၊ မင်းက သိပ်ပြီး အရည်အချင်းရှိလို့ အခုအချိန်က စပြီး တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံသွားမယ်ဆိုရင်တောင်မှ သူ့ကိုမီဖို့ အနှစ် (၂၀) ၊ (၃၀) လောက်ကြာဦးမှာ ၊ အဲဒီအချိန်မှာ သူလည်း လူပေါင်းဘယ်လောက်ကို အနိုင်ကျင့်ပြီးနေပြီလဲ မပြောနိုင်ဘူး"
ဟယ်ရှန်းရင်ထဲတွင် ပြောချင်မိသည့်စကားမှာ…
"ကျွန်မကိုယ်စား ဦးလေးက အပြစ်ပေးလို့ရနိုင်တာပဲ…"
သို့သော်… ဟယ်ရှန်းတစ်ယောက် ထိုစကားကို မပြောခဲ့ပေ။
အမှန်တော့ သူမရှေ့မှလူငယ်က ထိုကျင့်ကြံသူမိန်းကလေးကို တကယ်တမ်း အပြစ်ပေးချင်သည်ဆိုပါလျှင် သူမကပင် အကြံပေးနေစရာ မလိုပေ။ သူ့ဟာသူ လုပ်ဆောင်မည် ဖြစ်လေသည်။
သူမသည် ခပ်တုံးတုံးမိန်းကလေးတစ်ယောက်မဟုတ်ပါ။ မတုံးသည့်အပြင် အလွန်ပင် ဉာဏ်ထက်လေသည်။
ဆန်းလျန်ပြောသည့်လေသံကို ကြားလိုက်ရုံနှင့် သူမကိုတိုက်ခိုက်ခဲ့သည့် မိန်းမပျိုထက် ဆန်းလျန်က အဆပေါင်းများစွာ တန်ခိုးစွမ်းအားမြင့်မားသည်ကို ခန့်မှန်းလိုက်နိုင်လေသည်။
သူမသည် ငယ်စဉ်ကတည်းကပင် ဒုက္ခသုက္ခပေါင်းများစွာကို ခံစားရသည့်အတွက် လူ့အရိပ်အကဲ အထူအပါး နားလည်သူဖြစ်လေသည်။
ဟယ်ရှန်းက…
"တစ်ဆင့်ပြီးတစ်ဆင့်ကျင့်ကြံရမယ်လို့ ဦးလေးက ပြောတယ်နော် ၊ ဦးလေးသာ ကျွန်မကိုသင်ပေးမယ်ဆိုရင် ကျွန်မ သင်ယူချင်ပါတယ်…"
ဆန်းလျန် စကားပြန်မပြောခင်မှာပင် မျက်နှာထားတည်တည်ကြီးဖြင့် သူမကိုကြည့်နေသည့် ကျွယ်ရှင်းက တဖြည်းဖြည်းပြုံးလာလေသည်။
"သခင်လေး ၊ ဒီကောင်မလေး ဒီလောက်ဉာဏ်ကောင်းတာ ၊ သူ့ကို သခင်လေးက ပညာသင်မပေးဘူးဆိုရင် ကျွန်တော်ပဲ သင်ပေးလိုက်တော့မယ်…"
ကျွယ်ရှင်း၏ခံစားချက်များက ဆန်းလျန်နှင့် မတူပေ။
တစ်ချိန်တုန်းက သူ့ကိုပညာသင်ပေးသည့် ဘုန်းတော်ကြီးနှင့်သာ တွေ့ဆုံခွင့်မရခဲ့လျှင် သူ့ဘဝသည် အားနည်းသည့် ခူယားကောင်လေးတစ်ကောင်အဖြစ် အဆုံးသတ်ရပေမည်။
ခူယားဘဝဖြင့်အဆုံးမသတ်လျှင်လည်း အမြင့်ဆုံး လိပ်ပြာတစ်ကောင် ဖြင့်ခွင့်ရပြီး အခြေအနေကတော့ ထူးခြားမည် မဟုတ်ပေ။ လောကတစ်နေရာတွင် သေဆုံးခြင်းဖြင့်သာ အဆုံးသတ်ရပေလိမ့်မည်။
ဟယ်ရှန်းကိုတွေ့မြင်ရသည်မှာ အတိတ်တစ်ချိန်တုန်းက သူ့ဘဝကဲ့သို့ပင် အားနည်းပြီး ကူရာကယ်ရာမဲ့နေသည်ဟု ခံစားခဲ့ရလေသည်။ ထို့ကြောင့် ကျွယ်ရှင်းက ဟယ်ရှန်းကို ကိုယ်ချင်းစာကာ အလွန်ကူညီချင်နေမိလေသည်။
ဆန်းလျန်က ခေါင်းခါယမ်းလိုက်ရင်း…
"ကျုပ်က သူ့ကိုသင်မပေးဘူးလို့ ပြောနေလို့လား ၊ သူ့ကို ပညာသင်ပေးရုံတင်မကဘူး ၊ ဟိုမိန်းကေလးကိုပါ တစ်ခါတည်း အနိုင်ယူနိုင်အောင် လုပ်ပေးလိုက်မယ်"
ဆန်းလျန်၏စကားကြောင့် ကျွယ်ရှင်းက တအံ့တသြဖြင့်…
"သခင်လေး… သခင်လေးက နတ်ဘုရားတစ်ပါးဖြစ်ပေမယ့် သာမန်လူတစ်ယောက်ကို အချိန်တိုတိုနဲ့ ကျင့်ကြံခြင်း အဆင့်တွေတက်သွားအောင် ဘယ်လိုလုပ် လုပ်ပေးလို့ရမှာလဲ ၊ သူ့ကို ပြဒါးဆေးကျွေးမယ်ဆိုရင်တောင်မှ သူ့ရဲ့ခန္ဓာကိုယ်က ချက်ချင်းတိုးတက်လာမှာ မဟုတ်ဘူး ၊ ပြီးတော့ အဲဒီလို ဖြတ်လမ်းနည်းနဲ့သွားတာက သူ့ရဲ့ ကျင့်စဉ်လမ်းမှာ အမှားအယွင်းတွေ အများကြီး ဖြစ်ကုန်လိမ့်မယ်…"
ဆန်းလျန်က…
"ပြဒါးဆေးက သိပ်ပြီး အထောက်အကူမဖြစ်ပါဘူး ၊ ဒါပေမယ့် လောကမှာ လူတွေမသိသေးတဲ့ နတ်ဆေးတွေလည်း ရှိပါသေးတယ် ၊ အဲဒီလိုမျိုး နတ်ဆေးတွေကိုသာမာန်လူသားတွေသာ စားလိုက်မယ်ဆိုရင် (၁၀)နှစ် ဒါမှမဟုတ် နှစ် (၁၀၀) ကျင့်ကြံမှ ရလာမယ့် အစွမ်းတွေကို ရလာနိုင်တယ်…."
ကျွယ်ရှင်းက…
"အဲဒီလို နတ်ဆေးမျိုးက တကယ်ရှိတာလား ၊ တစ်ခါမှ မကြားဖူးဘူး ၊ ဘာဆေးတွေလဲ ပြောပြပါလား သခင်လေး…"
ဆန်းလျန်က…
"ကျုပ်သိတာတော့ (၂)မျိုးလောက်ပဲ ရှိတယ် ၊ တစ်ခုကတော့ မိုးမြေသူယောင်ပင်ရဲ့အမြစ် ၊ နောက်တစ်ခုကတော့ မယ်တော်ဝမ်မူရဲ့ ကျောက်စိမ်းရေကန်ဥယျာဉ်ထဲက မက်မွန်သီးပဲ…"
ကျွယ်ရှင်းက…
"တစ်ခါမှ မကြားဖူးဘူး ၊ ဒါပေမယ့် မယ်တော်ဝမ်မူရဲ့ကျောက်စိမ်းရေကန်ဥယျာဉ်ကတော့ မြင့်မြတ်တဲ့ နတ်ဘုရား နယ်မြေတစ်ခုဆိုတာ ကြားဖူးတယ် ၊ ဒါပေမယ့် အဲဒီမှာ စောင့်ကြပ်နေတဲ့ နတ်ဘုရားတွေအများကြီးရှိတယ် ၊ မက်မွန်သီးကို သွားယူဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"
ဆန်းလျန်က…
"မယ်တော်ဝမ်မူရဲ့ ကျောက်စိမ်းရေကန်ပန်းဥယျာဉ်က တကယ့်ကို ထူးဆန်းတဲ့ နတ်ဘုရားနယ်မြေပါပဲ ၊ ဒါပေမယ့် ကျုပ်သွားချင်တယ်ဆိုရင် ဘယ်သူမှတားလို့ မရဘူး ၊ ကျုပ် တစ်လုံး နှစ်လုံးလောက်သွားခူးလိုက်ဦးမယ် ၊ သုံးရက် အတွင်းပြန်လာခဲ့မယ်…"
ပြောပြီးသည်နှင့် ဆန်းလျန် ပျောက်ကွယ်သွားလေတော့သည်။
ဆန်းလျန်ပျေက်ကွယ်သွားသည်နှင့် ဟယ်ရှန်းက ကျွယ်ရှင်းကို လှမ်းကြည့်လိုက်ပြီး…
"ကျွန်မ ချောက်ထဲပြုတ်ကျတုန်းက ကယ်ခဲ့တဲ့သူက ဆရာတော် မဟုတ်လား ၊ ကျွန်မကို ဘာလို့ ကယ်ရတာလဲ…"
ကျွယ်ရှင်းက ပြုံးလိုက်ရင်း…
"ကယ်ချင်လို့ကယ်တာပေါ့…"
ထိုစကားက အဖြေမမည်သော အဖြေသာ ဖြစ်လေသည်။
သို့သော်… ဟယ်ရှန်းသည် စိတ်ထဲမထားတော့ပေ။
ဦးလေးနှင့်ဆရာတော်သာ မကယ်လျှင် ယခုအချိန်တွင် သူမ အသက်ပျောက်နေလောက်ပေပြီ။ သူမအနေဖြင့် ထိုသူ (၂)ယောက်ကို သံသယရှိနေလျှင်တောင်မှ သူတို့သည် သူမအပေါ်တွင် မကောင်းသည့် အကြံအစည်ရှိနေဟန် မတူပေ။
…………….
"သောက်ပြီးရင်ပြန်မလာနဲ့တော့" စားသောက်ဆိုင်မှ ဆန်းလျန်ထွက်ခွာသွားသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ လေပြီ။
ကူးဝေေ၀သည် ဆန်းလျန်ကို အလွန်ပင် လွမ်းဆွတ်သတိရနေခဲ့သည်။ သို့သော်… ဆန်းလျန်ပြန်မလာတော့ မည်ကို စိတ်ပူပန်ခြင်း မဖြစ်မိပေ။
ကူးဝေေ၀သည် ညစဉ်ညတိုင်း ခေါင်မိုးထက်တွင်ထိုင်ကာ လရောင်အောက်တွင် ဆန်းလျန်သင်ပေးထားသည့် အသက်ရှူကျင့်စဉ်ကို ကျင့်ကြံလေသည်။ ဟင်းချက်ရာတွင်အသုံးပြုရန် ဆန်းလျန် သူမကိုပေးသွားသည့် ဓားကျိုး သည်ယခုတော့ ကူးဝေေ၀နှင့် ခွဲမရအောင် တစ်သားတည်းကျနေပြီ ဖြစ်လေသည်။
မနေ့ညကတော့ သူမသည် ဓားကျိုးကို လေထဲတွင် လိုသလိုထိန်းချုပ်နိုင်သည်အထိ ကျင့်ကြံနိုင်ခဲ့သည်။
ကူးဝေေ၀၏ ကျင့်ကြံခြင်း အဆင့်တက်ခြင်းမှာ လျှင်မြန်လွန်းလေရာ အခြားသောကျင့်ကြံသူများသာ သိရှိပါက ယုံနိုင်ကြမည်ပင် မဟုတ်ပေ။
သူမ ယခုကဲ့သို့ ကျင့်ကြံခြင်းအဆင့်တက်ခြင်း လျှင်မြန်ရခြင်းမှာ ဆန်းလျန်၏ သင်ပြပေးမှုကြောင့်သာမက ဓားကျိုး၏ ဝိညာဉ်စွမ်းအားများကြောင့်လည်း ဖြစ်လေသည်။ ကူးဝေေ၀ကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုကိုလည်း ထည့်မတွက်၍ မရနိုင်ပေ။
လောကတွင် လူပြန်ဝင်စားပြီး ကျင့်စဉ်လမ်းကို ပြန်လည်လျှောက်လှမ်းခဲ့ကြသူများမှာ ဒုနှင့်ဒေး ဖြစ်လေသည်။ ထိုသူများအတွက် နတ်ဘုရားတစ်ပါးဖြစ်မလာသေးခင်အချိန်တွင် ကျော်ဖြတ်ရန် အခက်ခဲဆုံး အဆင့် (၂)ဆင့် ရှိလေ၏။ ထိုအဆင့်များမှာ ဟိုင်သန်းအဆင့်နှင့် ဖော့ဝမ့်အဆင့် ဖြစ်လေသည်။
ကူးဝေေ၀သည် စစ်မှန်သည့် တန်ခိုးစွမ်းအားများကို ရရှိသေးခြင်းမရှိသော်လည်း နတ်ဘုရားတန်ခိုးစွမ်းအားများကို ဖော်ထုတ်အသုံးပြုနေနိုင်ပြီ ဖြစ်လေသည်။
ယနေ့ညတွင်တော့…
ကူးဝေေ၀သည် ခါတိုင်းညများကဲ့သို့ပင် စားသောက်ဆိုင်ခေါင်မိုးထက်တွင် ကျင့်စဉ်ကျင့်ကြံနေလေသည်။
ထိုအချိန်တွင်… အလွန်တရာ မွှေးပျံ့သည့်ရနံ့တစ်ခုကို သူမ ရရှိလိုက်လေသည်။
မျက်လုံးဖွင့်ကြည့်လိုက်သည့် အခါတွင်တော့ လက်ထဲတွင် မက်မွန်သီးတစ်လုံးကိုင်ထားသည့် ဆန်းလျန်ကို တွေ့လိုက်ရသည်။
ဆန်းလျန်၏ခန္ဓာကိုယ်ကို ခရမ်းရောင်မြူခိုးတိမ်တိုက်များက မြွေတစ်ကောင်အလား ရစ်ပတ်ထားပြီး လရောင်အောက်တွင် နတ်ဘုရားတစ်ပါးအလား အလွန်မှ ခမ်းနားလှလေသည်။
ဆန်းလျန်ကိုတွေ့သည်နှင့် ကူးဝေေ၀က လှပစွာ တစ်ချက်ပြုံးလိုက်ရင်း…
"အားလျန်… နင် သေချာပေါက် ပြန်လာမယ်ဆိုတာ ငါသိသားပဲ…"
ဆန်းလျန်က…
"ပြန်လာရမှာပေါ့… ၊ ရော့… အစ်မ ဒီမက်မွန်သီးကို စားလိုက်ပါ…"
ကူးဝေေ၀က ခေါင်းညိတ်လိုက်လေသည်။
သို့သော်… သူမက မက်မွန်သီးကို ချက်ချင်း မစားသေးပေ။ သူမ၏လက်လေးများကို အသာဆန့်လိုက်ပြီး ဆန်းလျန်၏ နားရွက်နောက်မှာ ဆံပင်များကို အသာသပ်တင်လိုက်လေသည်။ ထိုအခါ သွေးစများကို တွေ့လိုက်ရ လေသည်။
ကူးဝေေ၀က…
"နင် ဒဏ်ရာရထားတာလား…"
ဒဏ်ရာမှာ အပေါ်ယံမျှသာဖြစ်သော်လည်း ကူးဝေေ၀ကတော့ မစိုးရိမ်ဘဲ မနေနိုင်ပါချေ။
သူမ၏အားလျန်သည် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ အဘယ့်ကြောင့် ဒဏ်ရာရလာပါသနည်း။
ဆန်းလျန်က…
"မယ်တော်ဝမ်မူရဲ့ ကျောက်စိမ်းရေကန်ပန်းဥယျာဉ်မှာ မက်မွန်သီးလေးနှစ်လုံးလောက်သွားခိုးတာ ၊ ပြန်လာခါနီး ကျမှ မယ်တော်ဝမ်မူမိသွားလို့ အမြန်ထွက်ပြေးလာခဲ့ရတယ် ၊ နည်းနည်းပါးပါး တိုက်ခိုက်ကြရင်း မယ်တော်ဝမ်မူရဲ့ ရွှေဆံထိုးနဲ့ထိမိပြီး ဒီဒဏ်ရာရလာတာ ၊ ဒါပေမယ့် စိတ်မပူပါနဲ့ ၊ နောက် တစ်ရက် နှစ်ရက်လောက်နေရင် ပျောက်သွားမှာပါ…."
ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပင် ကူးဝေေ၀ကို ရှင်းပြနေလေသည်။
သို့သော်… မယ်တော်ဝမ်မူ၏ ကျောက်စိမ်းရေကန်ဥယျာဉ်မှ မက်မွန်သီးသွားခိုးသည့်အတွက် ဒဏ်ရာ အနည်းငယ်ရခဲ့သည့် သတင်းသာ လောကတွင် ပျံ့နှံ့သွားမည်ဆိုလျှင် ဆန်းလျန်အနေဖြင့် နေ့ချင်းညချင်း နာမည်ကြီးသွားပေလိမ့်မည်။
လောကမှ နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုမှာ နတ်ဘုရားများ ၊ ဆရာသခင်များ၏ အကြီးအကျယ် ဝေဖန်ခြင်းကို ခံရပေလိမ့်မည်။
မယ်တော်ဝမ်မူဆိုသည်က ကျောက်စိမ်းရေကန်ဥယျာဉ်ကို ခေတ်အဆက်ဆက် ဆက်ခံခဲ့ကြသူများ၏ မျိုးဆက် ဖြစ်လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်းကျော်ခန့်က သူမ၏ ထိုက်ယီထျန်းရှန်း နတ်ဘုရားစွမ်းအားများကို အသုံးပြုကာ ကျောက်စိမ်းရေကန်ဥယျာဉ်တွင် မက်မွန်ပင် အပင် (၃၀၀) စိုက်ပျိုးခဲ့လေသည်။
ထို့ပြင် သူမသည် တာ့လော်အဆင့်သို့ ရောက်ရှိရန်လည်း အလွန်နီးစပ်နေပြီ ဖြစ်လေသည်။ အချို့သူများကတော့ သူမကို အနောက်ဘက်မယ်တော်ဟု ခေါ်ဆိုကြလေ၏။
နှစ်ပေါင်းထောင်နှင့်သောင်းနှင့်ချီကာ အသက်ရှည်ခဲ့သည့် ချင်းယန်ကျောင်းတော်မှ ယင်ရှန်းကျွင်းသည်ပင်လျှင် မယ်တော်ဝမ်မူကို မလေးမစား မလုပ်ရဲပါချေ။
ထိုသို့ အရှိန်အဝါမြင့်မားသည့် မယ်တော်ဝမ်မူ၏ ကျောက်စိမ်းရေကန်ဥယျာဉ်ကို ဆန်းလျန်ကတော့ ဝင်ချင်းတိုင်းဝင် ထွက်ချင်တိုင်းထွက် သွားလာနေခဲ့သည်တဲ့လား…။
အမှန်တော့ မိုးနှင့်မြေတွင် ဆန်းလျန်မသွားနိုင်သည့်နေရာ တစ်ခုမှ မရှိပေ။
လောကတစ်ခုလုံး တုန်လှုပ်သွားစေမည့် အပြုအမူကို ပြုလုပ်ခဲ့သည့်တိုင် ဆန်းလျန်ကတော့ ဘာမှ မဖြစ်သလို ခပ်အေးအေးပင်။
ကူးဝေေ၀ကတော့ ဆန်းလျန်ပြုလုပ်ခဲ့သည့် အပြုအမူသည် မည်မျှအန္တရယ်များသည်ကို မသိရှာပေ။
သို့သော်…
ဆန်းလျန် ပြန်သွားပြီးသည့်နောက်…
မယ်တော်ဝမ်မူ၏ ကျောက်စမ်းရေကန်ဥယျာဉ်တွင်တော့ အရေးကြီးကိစ္စတစ်ခုရှိသည့်အလား နတ်သမီးများ ပျားပန်းခတ် ပျံသန်းသွားလာလျှက် ရှိကြလေတော့သည်။