← Chapters

အထီးကျန်မှုကိုမည်သူနားလည်နိုင်မည်နည်း

Vol. 8 Ch. 747

အထီးကျန်မှုကိုမည်သူနားလည်နိုင်မည်နည်း

Vol. 8 Ch. 747

ကျောက်စိမ်းရေကန်ဥယျာဉ်သည် လောကနှင့် သီးခြားရပ်တည်နေသည့် နတ်ဘုရားနယ်မြေတစ်ခု ဖြစ်လေသည်။

ထို့ပြင် မယ်တော်ဝမ်မူကျင့်ကြံခဲ့သည့် တာအိုတရား အသီးအပွင့်များ တည်ရှိရာနေရာလည်း ဖြစ်လေသည်။ ထို့ကြောင့် ကျောက်စိမ်းရေကန်ဥယျာဉ်သည် တာအိုတရားဓမ္မများနှင့်ပြည့်နေသည့် နတ်ဘုရားနယ်မြေ တစ်ခု ဖြစ်လေ၏။

ထိုနေရာတွင်နေထိုင်သည့် နတ်သမီးများနှင့် ကျင့်ကြံသူများအနေဖြင့် အခြားနေရာမှ ကျင့်ကြံသူများကဲ့သို့ စည်းကမ်းတင်းကြပ်လွန်းခြင်း မရှိကြသည့်တိုင် သူတို့၏ ကျင့်စဉ်လမ်း အဆင့်တက်လှမ်းနိုင်မှုများတွင်တော့ အကန့်အသတ်ရှိကြလေသည်။

မယ်တော်ဝမ်မူသည် စကြာဝဠာဖွဲ့သည်းပုံမူဝါဒကို နားလည်သည့်အတွက် သူမ၏ကိုယ်ပိုင်လောကသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… သူမဖွင့်လှစ်ခဲ့သည့် ကိုယ်ပိုင်လောကသည် မက်မွန်ပင် အပင် (၃၀၀)၏ အမြစ်များကို အခြေခံထားလေသည်။

ကျောက်စိမ်းရေကန်ဥယျာဉ်နှင့် ခပ်ဆင်ဆင်တူသည့်နေရာတစ်ခုရှိသေးသည်။ ထိုနေရာမှာ ဝမ့်ရှို့တောင်မှ ဝူကျွမ်းကျောင်းတော် ဖြစ်လေသည်။

မက်မွန်ပင် အပင် (၃၀၀)၏ အမြစ်များသည် ကျောက်စိမ်းရေကန်ဥယျာဉ်၏ အုတ်မြစ်ဖြစ်သလို မယ်တော်ဝမ်မူ တရားအလင်းရခဲ့သည့် သော့ချက်လည်း ဖြစ်လေသည်။ ထို့ကြောင့် မက်မွန်ပင်မှ မက်မွန်သီးများကို သာမန်လူသား များစားသုံးရန်ဆိုသည်မှာ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ။

နှစ်ပေါင်း (၃၀၀၀)တွင်တစ်ခါ မက်မွန်သီးပွဲတော် ကျင်းပလေ့ရှိလေသည်။

ထိုအချိန်မှသာ… မယ်တော်ဝမ်မူက မက်မွန်သီးများကို ခူးဆွတ်ပြီး ကျော်ကြားသည့် ဗောဓိသကျများ ၊ နတ်ဘုရားများကိုပင့်ဖိတ်ကာ ဧည့်ခံလေ့ရှိလေသည်။

ယခုတော့ …

မက်မွန်သီးပွဲတော်မတိုင်မီမှာပင် နတ်ဘုရားတစ်ပါးရောက်လာပြီး မက်မွန်သီး (၃)လုံး လာခိုးသွားခဲ့လေသည်။

ဤသည်မှာ နှစ်ထောင်ပေါင်းများစွာအတွင်း တစ်ခါမှ မဖြစ်စဖူး အဖြစ်ထူးသည့် ဖြစ်ရပ်တစ်ခုပင်။ ထို့ပြင် ကျောက်စိမ်းရေကန်ဥယျာဉ်အတွက် အရှက်ရစရာကိစ္စလည်း ဖြစ်လေသည်။

အမှန်တော့ ကျောက်စိမ်းရေကန်ဥယျာဉ်မှ နတ်သမီးများအားလုံးသည် မက်မွန်သီးလာခိုးသူမှာ မည်မျှ တန်ခိုးစွမ်းအား မြင့်မားသည်ကို သိရှိထားပြီ ဖြစ်လေသည်။

သူက မယ်တော်ဝမ်မူထံတွင် မက်မွန်သီးကို အရင်တောင်းခံခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… မယ်တော်ဝမ်မူက မပေးသည့်အတွက် မပြောဘဲ ယူသွားခဲ့ခြင်း ဖြစ်လေသည်။

သို့ရာတွင် ထိုအဖြစ်အပျက်သည် မယ်တော်ဝမ်မူအတွက် မျက်နှာပျက် အရှက်ရစရာ ကိစ္စဖြစ်သည့်အတွက် ထိုသူကို အပြစ်ပေးရမည် ဖြစ်လေသည်။

နန်းတော်ခန်းမဆောင်အတွင်းသို့ နတ်သမီးများအားလုံး စုရုံးရောက်ရှိလာကြလေသည်။

မယ်တော်ဝမ်မူသည် တိမ်တိုက်တစ်ခုထက်တွင် ထိုင်နေလေသည်။ နတ်သမီးများကတော့ သူမရှေ့တွင်အစီအစဉ် တကျ တန်းစီပြီး မတ်တပ်ရပ်နေကြလေသည်။

နတ်သမီးများနောက်တွင်တော့ နတ်ဘုရားမဖြစ်သေးသည့် ကျင့်ကြံသူမိန်းမပျိုများ ရပ်နေကြလေ၏။

စုစုပေါင်း နတ်သမီး အပါး (၃၀)နှင့် နတ်ဘုရားမဖြစ်သေးသည့် ကျင့်ကြံသူမိန်းမပျို အယောက်(၂၇၀) ရှိလေသည်။

သူတို့အားလုံးသည် နှစ်ထောင်ပေါင်းများစွာ ကျောက်စိမ်းရေကန်ဥယျာဉ်နန်းတော်တွင် နေထိုင်ခဲ့ကြသူများ ဖြစ်ပြီး တန်ခိုးစွမ်းအားလည်း မြင့်မားကြလေသည်။ နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခု ပေါင်းလိုက်လျှင်တောင်မှ ယခု နတ်သမီးများနှင့် ကျင့်ကြံသူမိန်းမပျိုများကို အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

မယ်တော်ဝမ်မူသည် အသက် (၃၀)ဝန်းကျင်ခန့် မိန်းမပျိုတစ်ယောက်အသွင်ဖြစ်လေသည်။ သူမသည် ဆံပင်ကို တိမ်တိုက်ပုံသဏ္ဍန်ထုံးဖွဲ့ဆင်ယင်ထားပြီး ရွှေဆံထိုးတစ်ချောင်းဖြင့် ထိုးစိုက်ထားလေသည်။ သူမ၏ မျက်နှာက နူးညံ့ပြီး ချောမောလှပလေသည်။

မယ်တော်ဝမ်မူက…

"ကျောက်စိမ်းရေကန်ဥယျာဉ်ကို လာရဲတဲ့သူဆိုတာ လောကမှာသိပ်မရှိလှဘူး ၊ လွိလော်… မင်း အဲဒီနတ်ဘုရားရဲ့ ဇာစ်မြစ်ကို သိသလား…"

လွိလော်ဆိုသည်မှာ မယ်တော်ဝမ်မူ၏ ဘယ်ဘက်တွင်ရပ်နေသည့် နတ်သမီးဖြစ်လေသည်။

မယ်တော်ဝမ်မူက သူမကို မက်မွန်သီးတစ်လုံးဖြင့် နတ်ဘုရားခန္ဓာရအောင် ဖန်စဉ်းပေးခဲ့ပြီး ကျင့်စဉ်လမ်းတွင် နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်စေခဲ့လေသည်။

နှစ်ပေါင်းများစွာအတွင်း ကျောက်စိမ်းရေကန်ဥယျာဉ်သည် အတက်အကျ ၊ အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရလေ သည်။ ထိုအဖြစ်အပျက်များအားလုံးကို လွိလော်က သိရှိသူဖြစ်ပြီး မယ်တော်ဝမ်မူ၏ အယုံကြည်ရ ဆုံးလက်ရုံးလည်း ဖြစ်လေသည်။ ထို့ပြင် သူမသည် ကျောက်စိမ်းရေကန်ဥယျာဉ်တွင် ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်လေသည်။

သူမက မယ်တော်ဝမ်မူ၏ စကားများကို တစ်ချက်နားထောင်လိုက်ပြီးသည်နှင့် စကားစပြောလိုက်လေသည်။

"လူ့လောကနဲ့ ကောင်းကင် (၉)ခုမှာ သူ့လိုတန်ခိုးစွမ်းအားမြင့်မားသူက လက်တစ်ဆုပ်စာတောင် မရှိပါဘူး ၊ ကျွန်မ သေသေချာချာ ရေတွက်ကြည့်ပြီးပါပြီ ၊ ဒါပေမယ့် အဲဒီလူဘယ်သူလဲဆိုတာ ခန့်မှန်းရခက်နေတယ်…"

မယ်တော်ဝမ်မူက…

"ဒီတော့ ဒီနတ်ဘုရားက မရှိမှုကျေးရွာမှာ ပုန်းနေတဲ့ နတ်ဘုရားတစ်ပါးများလား…"

လွိလော်က…

"အဲဒီလိုလည်း မဖြစ်နိုင်ပြန်ဘူး ၊ လောကကြီးက ကျယ်ပြောတယ် ၊ ကြည့်ရတာ… အဆုံးမရှိတဲ့ အချိန်နဲ့ အာကာသကို ဖြတ်သန်းလာတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးလည်း  ဖြစ်နိုင်ပါတယ် ၊ အဲဒီလိုနတ်ဘုရားတွေက ခန့်မှန်းနိုင်ဖို့ ခက်တယ်…"

မယ်တော်ဝမ်မူက တည်ငြိမ်သည့်လေသံဖြင့်…

"အဲဒီနတ်ဘုရားက ငါ့ရဲ့ ထိုက်ယင်းရွှေဆံထိုးနဲ့ ထိမိသွားတာတောင်မှ ဘာမှဖြစ်မသွားဘူး ၊ ခေတ်အဆက်ဆက်မှာ ဗောဓိသကျတွေ  ၊ နတ်ဘုရားတွေ အများကြီးရှိခဲ့တာ ၊ ငါ မသိနိုင်တဲ့နတ်ဘုရားဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ တကယ်ဆိုရင် သူ့လိုနတ်ဘုရားမျိုးက မိတ်ဆွေဖွဲ့ ထားသင့်တာ ၊ ဒါပေမယ့် ကျောက်စိမ်းရေကန်ဥယျာဉ်ထဲကို ခွင့်ပြုချက်မရဘဲ ဝင်လာတယ် ၊ မက်မွန်သီးလည်းခိုးသေးတယ် ၊ ဒီတော့ ငါတို့ဘက်ကတော့ ခွင့်မလွှတ်နိုင်ဘူး ၊ အဲဒီနတ်ဘုရား လူ့ပြည်မှာရှိတယ်ဆိုတာ ငါသိမြင်နေတယ် ၊ ဒီတော့ ငါနဲ့ လွိလော် လူ့ပြည်ကို ခဏသွားမယ် ၊ ယွိအယ်ကတော့ လောလောဆယ် ကျောက်စိမ်းရေကန်ဥယျာဉ်ကို ခဏစောင့်ရှောက်ပြီးနေခဲ့ပါ ၊ ငါတို့ ခရီးထွက်သွားတုန်းမှာ ကြိုးကြိုးစားစား ကျင့်ကြံကြပါ…"

နတ်သမီးများက မယ်တော်ဝမ်မူကို ဦးညွှတ်ဂါရဝပြုလိုက်ကြလေသည်။

ထို့နောက် မယ်တော်ဝမ်မူနှင့် လွိလော်တို့ ချင်လွမ်နတ်ငှက်ကိုစီးကာ လူ့ပြည်သို့ ဆင်းသွားသည်ကို ကြည့်ရင်း ကျန်ရစ်ခဲ့ကြလေသည်။

လူ့လောကတွင် လေထန်လျှက်ရှိလေသည်။ သို့သော်… မယ်တော်ဝမ်မူကိုတော့ ထိခိုက်နိုင်ခြင်း မရှိပေ။

မယ်တော်ဝမ်မူက…

"မင်း သူ့ကိုတွေ့လား…"

လွိလော်က ခေါင်းခါယမ်းလိုက်ရင်း…

"မတွေ့သေးဘူး…"

မယ်တော်ဝမ်မူက…

"မင်း ငါ့ဆီမှာ နေလာတာ နှစ်ပေါင်းတစ်သောင်းမကတော့ဘူး ၊ ဒါပေမယ့် ငါ မင်းကို အခုထိ နားမလည်နိုင်သေးဘူး ၊ မင်းမဖြေချင်ဘူးဆိုရင်လည်း ငါ ဆက်ပြီး မမေးတော့ပါဘူး…."

လွိလော်က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျေးဇူးတင်ပါတယ် မယ်တော်…"

မယ်တော်ဝမ်မူက…

"တကယ်တော့ ငါ လူ့လောကကို လာရတာ သူ့ဆီက တောင်းပန်တာကို လိုချင်လို့ပဲ ၊ တကယ်တော့ အဲဒီနတ်ဘုရား ဘယ်သူဆိုတာ မင်းသိနေတယ်မဟုတ်လား ၊ မင်းအသိဆိုရင်လည်း မင်းမျက်နှာကိုထောက်ပြီး ဆယ်လုံးလောက် ပေးလိုက်ရလည်း ဘာအရေးလဲ ၊ ဒါပေမဲ့ ငါ့အနေနဲ့ သူ့ကို မျက်နှာချင်းမဆိုင်ချင်တာတော့ အမှန်ပဲ…"

မယ်တော်ဝမ်မူ၏စကားကြောင့် လွိလော်မှာ အသက်ရှူကြပ်သလို ခံစားလိုက်ရလေသည်။

သို့သော်… သူမသည် သက်ပြင်းတစ်ချက်သာချလိုက်ပြီးမည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ မယ်တော်ဝမ်မူ၏ ကျေးဇူးများ သူမအပေါ်တွင် များစွာ ရှိလေသည်။ သို့ရာတွင် သူမသည် ယခုတော့ မယ်တော်ဝမ်မူအပေါ်တွင် ကိစ္စတစ်ခုကို ဖုံးကွယ်ထားခဲ့မိပြီ ဖြစ်လေသည်။ နောက်ပိုင်းတွင် မယ်တော်ဝမ်မူသည် သူမကို မျက်နှာသာပေးတော့ မည်ပင် မဟုတ်ပေ။

သူတို့နှစ်ယောက်သည် ချင်းလွမ်နတ်ငှက်ကို စီးနှင်လာပြီး တောအထပ်ထပ် တောင်အသွယ်သွယ်ကိုကျော်ဖြတ် လာခဲ့ကြလေသည်။

အတန်ကြာသည့်အခါ… သူတို့ရှေ့တွင် တိမ်တိုက်များကို ထိုးဖောက်ပြီး မိုးထိအောင်မြင့်မားသည့် တောင်မြင့်ကြီး တစ်ခုကိုတွေ့လိုက်ရလေသည်။

မယ်တော်ဝမ်မူက…

"အရှေ့ကတောင်က ကျီမော့တောင်ပဲ ၊ ငါ လူတစ်ယောက်နဲ့တွေ့စရာရှိတယ် ၊ မင်း ဒီမှာ ခဏစောင့်ပြီးနေခဲ့…"

လွိလော်က ခေါင်းညိတ်ပြလိုက်လေသည်။

ချင်လွမ်နတ်ငှက်ကြီးသည် လေထဲတွင် ရပ်တန့်နေလေသည်။ မယ်တော်ဝမ်မူက ရွှေရောင်အလင်းတန်း အသွင်ပြောင်းပြီး ကျီမော့တောင်သို့ ထွက်ခွာသွားလေသည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်ခန့်က လောကတွင် အမှားအယွင်းများစွာ ဖြစ်ခဲ့လေသည်။

ယခု မယ်တော်ဝမ်မူ၏ ကျောက်စိမ်းရေကန်ဥယျာဉ်သို့ ရောက်လာသူမှာ ထိုနတ်ဘုရား ဟုတ်သည်လား မဟုတ်သည်လား လွိလော်လည်း သိပ်ပြီး မသေချာလှပေ။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်ခန့်က…

ထိုနတ်ဘုရားသည် များစွာသော နတ်ဘုရားများနှင့်တိုက်ခိုက်ခဲ့ပြီး အတိတ်ကို ဖြတ်တောက်ပစ်ခဲ့လေသည်။

ထိုနတ်ဘုရားသည် မိုးနတ်မင်းပြီးလျှင် တန်ခိုးစွမ်းအား အမြင့်မားဆုံး နတ်ဘုရားတစ်ပါး  ဖြစ်လေသည်။ ယခုတစ်ကြိမ် ပြန်လည်ဆုံတွေ့ရသည့်အခါတွင်တော့ ထိုနတ်ဘုရားသည် ပထမအကြိမ် တိုက်ပွဲတုန်းကထက်ပင် တန်ခိုးစွမ်းအားများ မြင့်မားနေခဲ့ပြီ ဖြစ်လေသည်။

မယ်တော်ဝမ်မူ၏ ထိုက်ယင်းရွှေဆံထိုးကပင် ထိုနတ်ဘုရားကို တစ်ချက်ကလေး ထိခိုက်အောင် ဒုက္ခပေးနိုင်စွမ်း မရှိခဲ့ပေ။

ကံကောင်းသည်မှာ ယခင်အချိန်များတုန်းက မယ်တော်ဝမ်မူသည် ထိုနတ်ဘုရားကို တွေ့မြင်ခဲ့ဖူးခြင်း မရှိပေ။ အကယ်၍ မယ်တော်ဝမ်မူသာ ထိုနတ်ဘုရား မည်သူမည်ဝါဖြစ်သည်ကို သိရှိသွားပါက ထိုနတ်ဘုရား၏ ရန်သူများကို သတိပေးသလိုဖြစ်သွားပေမည်။

လွိလော်သည် ထိုနတ်ဘုရားအန္တရယ်ကျရောက်မည်ကို စိုးရိမ်နေမိလေသည်။

ထိုအကြောင်းအရာများကို စဉ်းစားလိုက်မိသည့်အခါတွင်တော့ လွိလောသည် ရက်ဆက်လွန်းသည့် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေတော့သည်။ သူမ၏ နတ်ဘုရားစိတ်ထားသည် ဓားတစ်လက်အလား ထက်မြက်လာလေ သည်။

ထို့နောက်… ထက်မြက်လှသည့်ဓားဖြင့် သူမ၏ ဝိညာဉ်စီးကြောင်းမှ ထိုနတ်ဘုရားနှင့်ပတ်သက်သည့် အတိတ်အမှတ်တရများအားလုံးကို ဖြတ်တောက်ပစ်လိုက်လေတော့သည်။ ထိုသို့ပြုလုပ်လိုက်မှသာ နောင်တစ်ချိန်တွင် တစ်စုံတစ်ယောက်က ထိုနတ်ဘုရားအကြောင်း သူမထံတွင် လာရောက်စုံစမ်းလျှင် လုံး၀ ပေါက်ကြားတော့မည် မဟုတ်ပေ။

ဆန်းလျန်၏ ရန်သူများအားလုံးသည် မိုးမြေကိုတုန်လှုပ်စေသည်အထိ တန်ခိုးစွမ်းအား မြင့်မားသူများ ဖြစ်ကြလေ သည်။ ကျယ်ပြန့်သည့်လောကကြီးတွင် သူတို့သည် တစ်နေ့မဟုတ် တစ်နေ့ ဆန်းလျန်ကို ရှာတွေ့သွားကြမည် ဖြစ်လေသည်။

သို့သော်… သူမဆီကတစ်ဆင့် ဆန်းလျန်အကြောင်း သတင်းပေါက်ကြားသွားခြင်းမှာတော့ မည်သည့်အခါမှ မဖြစ်စေရ။

သူမ… ဆန်းလျန်အတွက် လုပ်ပေးနိုင်သည့် အရာအားလုံးကို လုပ်ပေးခဲ့ပြီ ဖြစ်လေသည်။

သခင်လေး… ဆရာစူး၏အိမ်မှ ရေငန်းသီးပင်လေးကို မှတ်မိပါဦးမည်လား…။ သခင်လေးကိုယ်တိုင် "လွိလော်" ဟု အမည်ပေးခဲ့သည့် ယွီစွေမြစ်ကမ်းနံဘေးက နတ်မိမယ်လေးကို မှတ်မိပါဦးမည်လား…။

ထိုအတွေးသည် သူမ၏ အတိတ်မှတ်ဉာဏ်များအားလုံးကို ဖြတ်တောက်မပစ်ခင် လွိလော် နောက်ဆုံးတွေးလိုက် သည့် အတွေးများသာ ဖြစ်လေသည်။

မှတ်ဉာဏ်များကို ဖြတ်တောက်ပစ်လိုက်သည့်အချိန်တွင် သူမ၏ပါးပြင်ထက်မှ မျက်ရည်တစ်စက် တိတ်တဆိတ် ကျဆင်းသွားကာ လူ့လောကမြေပြင်တစ်ခုလုံး ရွှဲရွှဲစိုသွားလေတော့သည်။

………….

ဆန်းလျန်ကတော့ ထိုအဖြစ်အပျက်များကို သိရှိခဲ့ခြင်း မရှိပေ။ သူ၏ မှတ်ဉာဏ်များထဲတွင် အတိတ်တစ်ခုလုံးသည် မှုံဝါးလျှက်ရှိလေသည်။ အတိတ်နှင့်ပတ်သက်ပြီး မည်သည့်သဲလွန်စမှ မကျန်ရှိပေ။

ကူးဝေေ၀သည် မက်မွန်သီးကို စားလိုက်လေသည်။

ဆန်းလျန်က ထိပ်တန်းအဆင့် နတ်ဘုရားတန်ခိုးစွမ်းအား များကို အသုံးပြုပြီး ကူးဝေေ၀၏ အသွေးအသားနှင့် အရိုးများကို ပြုပြင်ဖန်ဆင်းပေးလိုက်လေသည်။ ဆန်းလျန် ပြုပြင်ပြောင်းလဲပေးလိုက်သည့် ခန္ဓာကိုယ်သည် ကျွယ်ရှင်းက သူ၏မိစ္ဆာစွမ်းအားများကို ဖြတ်တောက်ရန်အတွက် ကျုန်းတျဲယီ၏ ခန္ဓာကိုယ်ကို အရိုးမိစ္ဆာအဖြစ် ပြောင်းလဲပေးလိုက်သည်ထက် များစွာ သာလွန်လေသည်။

ဤသည်မှာ ထိုက်ယီထျန်းရှန်းအဆင့်၏ ဖန်ဆင်းမှုတန်ခိုးစွမ်းအားပင် ဖြစ်လေသည်။ ဤသည်မှာ ကျောက်စိမ်း ရေကန်ဥယျာဉ်မှ မက်မွန်သီး၏ အလှတရားလည်း ဖြစ်လေသည်။

ထို့နောက်တွင်တော့ ဆန်းလျန်သည်ကျိုးယီတောင်သို့ ပြန်သွားခဲ့လေသည်။

သူက ခရမ်းရောင်တိမ်တိုက်မြူခိုးများဖြင့် ရစ်နှောင်နေသည့် သူ၏ နတ်ဘုရားအသွင်ဖြင့် ရောက်လာခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် လူ့လောကတွင် လူသားအသွင်ဖန်ဆင်းပြီး နေလေ့ရှိသူ ဖြစ်လေသည်။ သို့သော်… သူ လူသား ပုံသဏ္ဍန်ဖန်ဆင်းလိုက်တိုင်း ထူးဆန်းမှုတစ်ခုကို တွေ့ရှိရလေသည်။ လူသားပုံသဏ္ဍန်ဖန်ဆင်းလိုက်ရင် သူ၏ စိတ်ထဲတွင် ပိုပြီး လွတ်လပ်သွားသလို ခံစားလိုက်ရပြီး လူတစ်ယောက် အသစ်မွေးဖွားလာသလိုလည်း ခံစားရလေ သည်။

ထိုသို့ ခံစားရသည်မှာ ကောင်းသည်လား ၊ ဆိုးသည်လည်း သူလည်း သေသေချာချာ မသိပေ။

ထို့ပြင်… သူသည် လူ့လောကတွင် မိုင်ပေါင်းထောင်နှင့်ချီအောင် ဝေးကွာသည့်နေရာမှ အကြောင်းအရာများ အားလုံးကိုလည်း အာရုံခံနိုင်စွမ်းရှိလေသည်။

သူက ကျိုးယီတောင်သို့ မလာခင် ကူးဝေေ၀ထံတွင် သူ၏ မူလဝိညာဉ်သင်္ကေတကို ထားရှိခဲ့လေသည်။ ထို့ကြောင့်… သူ ထွက်ခွာလာသည့်တိုင် စားသောက်ဆိုင်ထဲတွင် သူရှိနေသည်နှင့်မခြားတော့ပေ။

ဆန်းလျန်သည် ပြောသည့်စကားအတိုင်း တည်ခဲ့လေသည်။ (၃)ရက်မြောက်သည့်နေ့တွင် သူသည် ဟယ်ရှန်း ရှေ့တွင် ပြန်ပေါ်လာလေသည်။

လရောင်က ဖြာလင်းနေသည့် ညအချိန်တွင်…

ဆန်းလျန်သည် သူ၏ နတ်ဘုရားအသွင်သဏ္ဍန်ဖြင့် ဟယ်ရှန်းနှင့် ကျွယ်ရှင်းရှေ့တွင် ရုတ်တရက်ပေါ်လာလေ သည်။

ဟယ်ရှန်းမှာ ရုတ်တရက် ထိတ်လန့်သွားသော်လည်း မအော်လိုက်မိအောင်တော့ ထိန်းထားလိုက်နိုင်လေသည်။

ဆန်းလျန်က မက်မွန်သီးကို ထုတ်လိုက်ပြီး ဟယ်ရှန်းဆီသို့ ပစ်ပေးလိုက်သည်။

"စားလိုက်…"

ဟယ်ရှန်းက မက်မွန်သီးကို ဖမ်းလိုက်ပြီး စိတ်ဝင်တစားဖြင့် လေ့လာနေလေသည်။

မက်မွန်သီးမှ မွှေးပျံ့သည့်ရနံ့များထွက်ပေါ်နေသည့်အတွက် သူမ တံတွေးတစ်ချက် မျိုချလိုက်မိသည်။ မက်မွန်သီးမှ နတ်ဘုရားစွမ်းအားများက သူမကို စွဲဆောင်လျှက်ရှိလေသည်။ မက်မွန်သီးမှာ မည်မျှ အဖိုးတန်သည်ကို သိရှိနိုင်လေသည်။

တစ်ချိန်တည်းမှာပင်…

ကျွယ်ရှင်းမှာလည်း သူ၏ သခင်လေးမှာ တန်ခိုးစွမ်းအား မည်မျှမြင့်မားသူဖြစ်သည်ကို နားလည်လိုက်ရလေသည်။ ထိုသို့သော နတ်ဘုရားတစ်ပါး၏လက်အောက်တွင် တာဝန်ထမ်းတောင်ခွင့်ရသည်မှာ ကံကောင်းလှသည်ဟု တွေးလိုက်မိလေတော့သည်။

All Chapters