← Chapters

မက်မွန်သီးပင်နှင့်သစ်ခွပင်အဖြစ်ပြောင်းလဲသွားသည့်နတ်ဘုရားများ

Vol. 8 Ch. 749

မက်မွန်သီးပင်နှင့်သစ်ခွပင်အဖြစ်ပြောင်းလဲသွားသည့်နတ်ဘုရားများ

Vol. 8 Ch. 749

သူတောင်းစားအဘိုးအို၏ စကားကိုကြားသည်နှင့် ကျွယ်ရှင်းက အဘိုးအိုကို လျှော့မတွက်ရဲတော့ချေ။

မည်သို့ပင်ဖြစ်စေ… တိုက်ပွဲသည် ဆန်းလျန်အပေါ်တွင်သာ မူတည်သည်ဟု ကျွယ်ရှင်းက တွေးလိုက်မိလေသည်။ တန်ခိုးစွမ်းအားမြင့်မားသူများရှေ့တွင် အခြေအနေများကို ဆုံးဖြတ်ပြောဆိုနေခြင်းသည် ရယ်စရာဟာသပင် ဖြစ်ရ ပေလိမ့်မည်။

ဆန်းလျန်က…

"မင်းတို့ (၂)ယောက်က ဘာအရည်အချင်းတွေရှိလို့ ကျုပ်နဲ့ ပြိုင်ချင်ရတာလဲ ၊ မင်းတို့ အခု ထွက်သွားရင် မီသေးတယ်နော် ၊ နောက်မှ ကျုပ်အဆိုးမဆိုနဲ့…"

ဆန်းလျန်စကားကြောင့် လန်တောက်ရှင်က ဒေါသထွက်သွားပြီး…

"ဒါဖြင့် မင်းမှာ ဘယ်လောက်အစွမ်းရှိလဲ ကြည့်ကြတာပေါ့…"

သူတောင်းစားအဘိုးအိုက ဆန်းလျန်ကို နက်ရှိုင်းသည့်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ရင်း…

"ဒီလိုစကားမျိုးကို ဆရာကြီးတွေပဲပြောတာ ၊ မင်းက အပြောကတော့ကြီးတယ် ၊ ဒါပေမယ့် ကျုပ်တို့ (၂)ယောက်ကို တိုက်နိုင်မလား ကြည့်ကြတာပေါ့ ၊ တိုက်နိုင်ရင် ကျုပ်တို့ (၂)ယောက် မင်းဆီမှာတောင် တပည့်ခံလိုက်ဦးမယ်…"

ဆန်းလျန်က တစ်ချက်ပြုံးလိုက်လေသည်။ အပြုံးက ထက်ရှလျှက်ရှိလေ၏။

ထို့နောက် လက်နှစ်ဖက်ကိုနောက်သို့ပစ်ကာ လေထဲတွင် တည်ငြိမ်စွာ ရပ်နေလေသည်။

ဆန်းလျန်၏ အမူအရာကို တွေ့လိုက်သည်နှင့် ထိုသူ (၂)ယောက်မှာ ဆန်းလျန်မှာ မာနခေါင်ခိုက်နေသူ ဖြစ်ကြောင်း သိရှိလိုက်လေသည်။ ဆန်းလျန်၏ပုံစံက သူတို့ကို စတင်တိုက်ခိုက်မည့်ဟန်မရှိပေ။ သူတို့ဘက်က စတင်တိုက်ခိုက်သည်ကို စောင့်နေဟန် ရှိလေသည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများက တောင်နှင့်မြစ်ရေများကိုပင် ရွှေ့ပြောင်းနိုင်လောင်အောင် မြင့်မားလေသည်။ ယခု… သူတို့တိုက်ခိုက်ရသည့်အကြောင်းမှာ ဟယ်ရှန်းကြောင့် ဖြစ်လေသည်။

လန်တောက်ရှင်၏လက်နက်မှာ သူ့လက်ထဲတွင်ကိုင်ထားသည့် ဆေးမြစ်တူးသည့် ဂေါ်ပြားဖြစ်လေသည်။ ဂေါ်ပြားမှာ လရောင်အလား တလက်လက်တောက်ပလျှက်ရှိလေသည်။

ကျွယ်ရှင်းမှာ ထိုဆေးမြစ်တူးသည့် ဂေါ်ပြားကို တွေ့မြင်လိုက်သည်နှင့် စန်းလော်ခန်းမမှ ငရဲမင်း၏ စုတ်တံကို ပြေးပြီး သတိရလိုက်မိလေသည်။ သူ၏ ဝိညာဉ်ပင် တစ်ချက်တုန်ခါသွားသလို ခံစားလိုက်ရလေသည်။ သာမန်ဝိညာဉ်တစ်ခုသာဆိုလျှင် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားနိုင်ပေ၏။

သူသာ လန်သောက်ရှင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုလျှင် လန်တောက်ရှင်၏ ဂေါ်ပြားကို (၈)ကြိမ် ၊ (၉)ကြိမ်ခန့်သာ ခုခံနိုင်မည် ဖြစ်လေသည်။ ထိုသူ၏ မှော်ဝင်လက်နက်မှာ အမှန်တကယ်ပင်ကြောက်မက်ဖွယ် ကောင်းလေရာ အလွန်အပြောကြီးနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

လန်တောက်ရှင်သည် ပွဲတိုင်းနိုင်ခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ ယခုတိုက်ပွဲကိုလည်း အမြန်အဆုံးသတ်ကာ အနိုင်ယူလိုက်မည်ဟု တွေးထားလေသည်။

သို့သော်… အခြေအနေများက သူ မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။

လန်တောက်ရှင်၏ ဆေးပင်တူးသည့် ဂေါ်ပြားက ဆန်းလျန်ထံသို့ ရုတ်တရက်ပျံသန်းဝင်ရောက်လာလေသည်။ ဆန်းလျန်င်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ လွင့်ပျံနေသည့် အင်္ကျီလက်သည် အခိုးအငွေ့များအလား ဆေးမြစ်တူးသည့် ဂေါ်ပြားကို ရစ်ပတ်ကာ ဆွဲယူသွားလေသည်။

စူးရှထက်မြက်လွန်းသည့် ဂေါ်ပြားသည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

လန်တောက်ရှင်မှာ သွေးများအန်ထုတ်လိုက်ပြီး မျက်နှာမှာလည်း ဖြူဖပ်ဖြူလျော် ဖြစ်သွားလေသည်။

သူတောင်းစားအဘိုးအိုက ချက်ချင်းပင် အင်းစာရွက်တစ်ရွက်ကို ထုတ်ယူကာ လန်တောက်ရှင်၏ ကိုယ်ပေါ်တွင် ကပ်လိုက်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။ ထိုအခါ လန်တောက်ရှင်မှာ နေရာမှာ ပျောက်ကွယ်သွားလေ တော့သည်။

သူတောင်းစားအဘိုးကြီးသည် ဆန်းလျန်ကို မနိုင်မှန်းသိလိုက်ရသည့်အခါတွင်တော့ ထွက်ပြေးရန် ကြိုးစားလေ တော့သည်။ သူက လန်တောက်ရှင်ကို လွတ်မြောက်သွားအောင် လုပ်ပေးပြီးသည့်နောက် သူကိုယ်တိုင် ထွက်ပြေး ရန်အတွက် နောက်ထပ် အင်းစာရွက်တစ်ရွက်ကို ထုတ်ယူလိုက်လေသည်။

သို့သော်… အဘိုးအို ဂါထာမရွတ်နိုင်ခင်မှာပင် ဆန်းလျန်ထံမှ ရယ်မောသံ တစ်ချက် ထွက်ပေါ်လာလေသည်။ ထို့နောက် ဆန်းလျန်က အဘိုးအိုကို လက်နှစ်ချောင်းဖြင့် ထိုးချိန်လိုက်လေသည်။

ဆန်းလျန် ထိုးညွှန်လိုက်သည့် လက်ချောင်းများသည် အလင်းရောင်များလင်းလက်ပြီး တန်ခိုးစွမ်းအားများ ထွက်ပေါ်လာခြင်း မရှိပေ။

သို့သော်… သူတောင်းစားအဘိုးကြီး၏ ခန္ဓာကိုယ် တစ်ချက်တောင့်တင်းသွားလေသည်။ ထို့နောက် အဘိုးအို၏ အဝတ်များသည် သစ်ခေါက်များအဖြစ်သို့ ပြောင်းလဲသွားပြီး အဘိုးအို၏ ဆံပင်များသည့် သစ်ကိုင်းသစ်ခက်များ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

အဘိုးအိုသည် ယွင်မု မြစ်ကမ်းနံဘေးတွင် မက်မွန်သီးပင်တစ်ပင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

အဘိုးအိုမှာ အလွန်ထိတ်လန့်သွားလေသည်။ သူသည်တွေးတောနိုင်သော်လည်း စကားမပြောနိုင်တော့ပေ။ သူ၏ တန်ခိုးစွမ်းအားများမှာလည်း သစ်ပင်ထဲတွင် ချိတ်ပိတ်ခံလိုက်ရပြီ ဖြစ်လေသည်။

ကျွယ်ရှင်းက…

"သခင်လေး… ဟို တစ်ယောက်တော့ လွတ်သွားပြီ…"

ဆန်းလျန်က အေးစက်စွာ ပြုံးလိုက်ရင်း…

"ဘယ် ပြေးလို့လွတ်မှာလဲ…"

ထို့နောက် ဆန်းလျန်သည် လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်လေသည်။

လေထုထဲတွင် ရွှံ့အိုင်ကဲ့သို့ အိုင်ကြီးတစ်အိုင်ပေါ်လာပြီး ဆန်းလျန်ကသူ၏လက်ကို ထိုရွှံ့အိုင်အတွင်းသို့ ထိုးသွင်း လိုက်လေသည်။ ဆန်းလျန်၏ လက်သည် တစ်စုံတစ်ခုကို လိုက်ဖမ်းနေဟန် ရှိလေသည်။ သိပ်မကြာမီတွင် ဆန်းလျန်က သူ၏လက်ကို လေထဲရှိ ရွှံ့အိုင်ထဲမှ ပြန်ဆွဲထုတ်လိုက်လေသည်။

ထိုအခါ သူ့လက်ထဲတွင် လူသေးသေးလေးတစ်ယောက် ပါလာလေသည်။ ထိုလူသေးသေးလေး၏ ပုံစံမှာ လန်တောက်ရှင်နှင့်တစ်ပုံစံတည်း ဖြစ်လေ၏။

ဆန်းလျန်က…

"မင်းက သိပ်ပြီး အပြောကြီးလွန်းတယ် ၊ မင်းသိလား… တကယ်အစွမ်းထက်တဲ့လူတွေဆိုတာ သစ်ခွပန်းတွေလိုပဲ ၊ အမြင့်ကြီးမှာပေါက်ရောက်ပေမယ့် တိတ်ဆိတ်ပြီး တန်ဖိုးကြီးလွန်းတယ် ၊ အဲဒီတော့ မင်းကိုယ်မင်း စဉ်းစား ဆင်ခြင်နိုင်အောင် သစ်ခွပင်ခဏလုပ်ပေးလိုက်မယ်…"

စကားဆုံးသွားသည်နှင့် ဆန်းလျန်က လူသေးသေးလေးဖြစ်နေသည့် လန်တောက်ရှင်ကို လေထဲသို့ ပစ်လွှတ်လိုက် လေသည်။ လန်တောက်ရှင်မှာ တောင်ပေါ်ရှိ ချောက်ကမ်းပါးတစ်ခုဆီသို့ရောက်ရှိသွားပြီး သစ်ခွပင်လေးတစ်ပင် အဖြစ်အထီးကျန်စွာ ရှင်သန်နေရလေတော့သည်။

ဆန်းလျန်သည် လက်လေးတစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် နတ်ဘုရား (၂)ပါးကို နှိမ်နင်းလိုက်ပြီ ဖြစ်လေသည်။

လန်တောက်ရှင်နှင့် သူတောင်းစားအဘိုးအိုမှာ နတ်ဘုရားများအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့ကြပြီး လောကတွင် အခြားသူများထက် သာလွန်သည်ဟု ဘဝင်မြင့်နေခဲ့ကြလေသည်။ လောကတွင် သူတို့ထက်သာသူ အနည်းငယ် ရှိနိုင်သော်လည်း တန်ခိုးစွမ်းအားအရာတွင် သိပ်ပြီးကွာခြားခြင်း မရှိကြပေ။

သို့သော်… ယခုတော့ သူတို့ထက်အဆမတန်သာလွန်သူတစ်ယောက်နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီ ဖြစ်လေသည်။ သူတို့သည်ကား ရေတွင်းထဲမှ ဖားများသာ ဖြစ်ကြလေ၏။

ယခုတော့ ရေတွင်းထဲမှ ဖားမဟုတ်တော့ဘဲ မြစ်ထဲမှ ငါးများ ဖြစ်သွားကြပေပြီ။ မြစ်ထဲတွင် သူတို့ထက်သာလွန် သည့် အခြားသောအရောများလည်း ရှိနေကြသေးသည်ကို လက်တွေ့ကျကျ နားလည်သဘော ပေါက်သွားကြပေပြီ။

သူတို့အပေါ်တွင် သနားကြင်နာပါရန် တောင်းပန်လိုသော်လည်း အပြစ်ကို ခွင့်လွှတ်ခြင်း ၊ ခွင့်မလွှတ်ခြင်းကတော့ ဆန်းလျန် အပေါ်တွင်သာ မူတည်လေသည်။

မက်မွန်သီးပင်အဖြစ်ပြောင်းလဲသွားသည် သူတောင်းစားအဘိုးအိုတွင် ဆန်းလျန်ကိုပြောစရာ စကားများစွာ ရှိနေလေသည်။

ဆန်းလျန်က ရိပ်မိလိုက်သည့်အတွက် ပင့်သက်တစ်ချက်ရှိုက်လိုက်ကာ မက်မွန်သီးပင်ကို တစ်ချက် ကြည့်လိုက်လေသည်။

ထိုအခါ မက်မွန်သီးပင်၏အခေါက်များအလယ်တွင် ပါးစပ်တစ်ခု ပေါ်လာလေသည်။

မက်မွန်သီးပင်က…

"ကျုပ်တို့ဟာ ရေတွင်းထဲကဖားတွေလိုမျိုး လောကကြီးကို ကြည့်မြင်နေခဲ့လို့ တန်ခိုးရှင်အပေါ်မှာ လျှော့တွက်ခဲ့မိပါ တယ် ၊ အခုတော့ ဘေးဒုက္ခကြုံရပါပြီ ၊ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်လို အထွန့်မတက်ရဲပါဘူး ၊ ကျုပ်တို့ (၂)ယောက်လို တန်ခိုးစွမ်းအားမြင့်မားတဲ့သူတွေကို တန်ခိုးရှင်က ထိန်းချုပ်လိုက်နိုင်တာ သိပ်ကို အံ့သြစရာ ကောင်းပါတယ် ၊ ဒါပေမယ့် ဝဋ်ဆိုတာ လည်တတ်ပါတယ် ၊ တစ်ချိန်မှာ တန်ခိုးရှင်ကိုလည်း အခုလိုမျိုး ထိန်းချုပ်တဲ့ လူတစ်ယောက်နဲ့ မတွေ့နိုင်ဘူးလို့ မပြောနိုင်ပါဘူး…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းပြောချင်တာ ဒါပဲလား…"

မက်မွန်သီးပင်က…

"ကျုပ်တို့ ချွင်ယန်တာအိုနန်းတော်က တုန်းဟွာတောက်ကျွင်းရဲ့ ကျင့်စဉ်တွေကို ဆက်ခံထားပါတယ် ၊ ပြီးတော့ အဲဒီမိန်းကလေးငယ်က ကျုပ်တို့ ချွင်ယန်တာအိုနန်းတော်နဲ့ ရေစက်ပါပြီးသားပါ ၊ တန်ခိုးရှင်က အခု ကျုပ်တို့ကို ချုပ်နှောင်ထားလိုက်နိုင်လည်း ချွင်ယန်တာအိုနန်းတော်က နောက်ထပ်လူတွေ ရောက်လာကြဦးမှာပါပဲ ၊ တန်ခိုးရှင်က သူတို့ကိုလည်း ထပ်ပြီး ထိန်းချုပ်မယ်ဆိုရင် အကြောင်းအကျိုး သက်ရောက်မှုတွေ ဆိုးသည်ထက် ဆိုးလာပါတော့မယ် ၊ ဒါကြောင့် ဘာလို့ ဒီလိုအလုပ်တွေကို လုပ်နေဦးမှာလဲ…"

ဆန်းလျန်က…

"အင်း… တုန်းဟွာတောက်ကျွင်းကတော့ အံ့သြစရာပါပဲ…"

မက်မွန်သီးပင်က…

"အခုဆိုရင် တုန်းဟွာတောက်ကျွင်းဟာ ကျင်းရှန်းရွှေနတ်ဘုရားခန္ဓာရရှိတဲ့အထိ ကျင့်ကြံနိုင်ခဲ့ပါပြီ…"

ဆန်းလျန်က…

"ဒါဖြင့် သူက တန်ခိုးစွမ်းအား တော်တော် မြင့်မားနေပြီပေါ့ ၊ ကျင်းရှန်းရွှေနတ်ဘုရားခန္ဓာရရှိထားတဲ့ နတ်ဘုရားတစ်ပါးအနေနဲ့ လူ့လောကဆိုတာ သူဆင်းလာဖို့အတွက် သိပ်ကိုနိမ့်ကျတဲ့နေရာတစ်ခုပါ ၊ ဒါပေမဲ့ သူလာချင်လည်း လာပေါ့ ၊ ကျုပ်က ဘာကိုအရေးစိုက်ရမှာလဲ ၊ ဘာလဲ… မင်းက သူ့နည်မည်ကို အသုံးပြုပြီး ကျုပ်ကို ခြိမ်းခြောက်ချင်တာလား…"

မက်မွန်သီးပင်က…

"ကျုပ်က အကျိုးနဲ့အပြစ်ကို ပြောပြတာပါ…"

ဆန်းလျန်က…

"သြော်… မင်းကတော့ အကျိုးနဲ့အပြစ်ကို သိတယ်ပေါ့ ၊ အေး… ကျုပ်ကတော့ အကျိုးနဲ့အပြစ်ဆိုတာတွေ နားမလည်ဘူး… ၊ အဲဒါကြောင့် အဲဒီမှာပဲ သစ်ပင်လုပ်နေလိုက်တော့…"

မက်မွန်သီးပင်က စကားထပ်ပြောရန် ဟန်ပြင်လိုက်သော်လည်း ပြော၍ မရတော့ပေ။

အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်က သူ့ကို ပြန်လည်ထိန်းချုပ်လိုက်သောကြောင့် ဖြစ်လေသည်။ သူ့ဘဝသည်ကား… အဆုံးမရှိသည့် မက်မွန်သီးပင်တစ်ပင်အဖြစ် ရှင်သန်ရပေတော့မည်။

ကျွယ်ရှင်းက…

"ကြည့်ရတာ… သူတို့ကနောက်ခံအင်အားကောင်းပုံရတယ် ၊ သခင်လေးက တစ်ခါတည်း ရှင်းပစ်လိုက် ပြီးရော…"

ဆန်းလျန်က ခေါင်းခါယမ်းလိုက်ရင်း…

"သေတယ်ဆိုတာက အဆုံးသတ်မဟုတ်ဘူး ၊ သူတို့ကို သတ်ပြီးဘာလုပ်မှာလဲ ၊ ပြီးတော့ သူတို့က နတ်ဘုရားတွေပဲ ၊ သတ်လိုက်ရင် လူပြန်ဝင်စားလာမှာပဲ ၊ ပြီးတော့ သူတို့ကို သတ်လိုက်ရင် သူတို့နဲ့သက်ဆိုင်သူတွေအားလုံးလည်း သိသွားကြလိမ့်မယ်…"

ကျွယ်ရှင်းက…

"နတ်ဘုရားတွေဆိုတာလည်း သေပြီး လူပြန်ဝင်စားလို့ရတယ်တဲ့လား…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"တကယ်တော့ အံ့သြစရာမရှိပါဘူး ၊ ကျုပ်ကတော့ ဖြစ်တည်မှုအားလုံးကို သိရှိနိုင်တဲ့ မှန်ကန်တဲကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့တယ် ၊ လူ့လောကရဲ့ သေခြင်းရှင်ခြင်းနဲ့ လူပြန်ဝင်စားခြင်းတွေကို နားလည်နိုင်တယ် ၊ တကယ်တော့ နတ်ဘုရားတစ်ပါးဟာ လူပြန်ဝင်စားခြင်းအဆုံးသတ်တဲ့အထိ မကျင့်ကြံနိုင်သေးသရွေ့ မိုးကောင်းကင်အစစ်ဆေး ခံရခြင်းကို ရှောင်ရှားနိုင်ဖို့ ခက်တယ်လေ…၊ ဒီတော့ မိုးကောင်းကင်အစစ်ဆေးခံတာကို မကျော်လွှားနိုင်သရွေ့ လူပြန်ဝင်စားပြီး ကျင့်ကြံကြရတာပဲ…"

ကျွယ်ရှင်းက…

"ဒီလိုသာဆိုရင် လူပြန်ဝင်စားရတာက အန္တရယ်သိပ်မရှိဘူးပေါ့ ၊ သေပြီး လူပြန်ဝင်စားကျင့်ကြံနိုင်မယ်ဆိုလည်း ကောင်းတာပဲ မဟုတ်လား…"

ဆန်းလျန်က…

"ကောင်းတယ်လို့လည်း မဆိုသာဘူး ၊ ဘာလို့လည်းဆိုတော့ လူပြန်ဝင်စားရာကနေ အခန့်မသင့်ရင် ကျင့်စဉ်လမ်းကို မလျှောက်မိတော့ဘဲ လူသားဘဝနဲ့ပဲ နေထိုင်သွားကြသူတွေလည်း ရှိပြန်တယ် ၊ ဒါမှမဟုတ်ရင်လည်း လူပြန်ဝင်စားတဲ့ နတ်ဘုရားတွေဟာ ကျင့်စဉ်လမ်းမှာ အရင်ဘဝကလောက် အောင်မြင်မှု ရချင်မှ ရကြတော့မယ် ၊ အဲဒီလိုသာဖြစ်ရင် နောက်ဆုံးတော့ သူတို့ဘဝတွေဟာ သာမန်ပဲ ဖြစ်သွားကြလိမ့်မယ်…"

ထိုစကားများကို ပြောနေသည့်အချိန်တွင် ဆန်းလျန်၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားနေရလေသည်။

သူ့စိတ်ထဲတွင် လူပြန်ဝင်စားခြင်းနှင့်ပတ်သက်ပြီး သီးခြားခွဲထွက်မှုကို ငြင်းပယ်နေလေသည်။ အကြောင်းတစ်ခုခုများ ရှိလေသည်လား….။ အမှန်တော့ ဆန်းလျန်ကိုယ်တိုင်သည် လူပြန်ဝင်စားခြင်းမှ ကင်းလွတ်သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သို့သော်… သူသည် လူပြန်ဝင်စား၍လည်း ရလေသည်။ လူပြန်ဝင်စားပြီးလျှင်လည်း သူသည် နတ်ဘုရားတစ်ပါးပင် ဖြစ်နေဆဲ ဖြစ်လေ၏။

သူ့ဘဝတွင် ကျင့်စဉ်လမ်းနှင့်ပတ်သက်ပြီး အဓိကအချက်တစ်ချက်ကို သိမြင်ရန် လိုအပ်နေသည်ဟု ဆန်းလျန်သည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ခံစားလိုက်ရလေသည်။

သို့သော်… သူသည် အတိတ်ကို လုံး၀ စဉ်းစား၍ မရခဲ့ပေ။ သူ၏အတိတ်သည် သေချာပေါက် လျှို့ဝှက်ချက်တစ်ခု ဖြစ်ရပေမည်။

All Chapters