လရောင်အောက်မှမက်မွန်သီးပင်နားမှာပညာသင်
Vol. 8 Ch. 751
ဟယ်ရှင်းယင်က…
"စူးရင်းက ဘယ်လိုဖြစ်လို့ သူ့စိတ်ကိုသူ မထိန်းနိုင်ဖြစ်ရတာလဲ"
သမီးဖြစ်သူ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကို သိရပါက အဖြေကို ရှာဖွေနိုင်မည်ဖြစ်လေသည်။
ဟယ်ရှင်းယင်သည် သမီးဖြစ်သူအတွက် စိတ်ပူနေမိလေသည်။
"သူ့စိတ်ကိုသာမပြုပြင်နိုင်ရန် သေရမယ်ဆိုတော့ ဒီအခက်အခဲကို ကျော်လွန်နိုင်မယ့် တခြားနည်းလမ်း မရှိတော့ဘူး လား"
ကျီးယင်းက ပြုံးလိုက်ရင်း…
"အဲဒီနည်းလမ်းကိုသာ သိခဲ့မယ်ဆိုရင် ကျွန်မကိုယ်တိုင်တောင် လူပြန်ဝင်စားခဲ့ရမှာ မဟုတ်ဘူး ၊ သူ့အတွက် ကျင့်စဉ်လမ်းမှာ ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်ဖို့ဆိုတာ အသာထား ၊ ဘယ်လိုအန္တရယ်ကင်းကင်းနဲ့ အသက်ရှင်နေထိုင်သွားနိုင်မလဲဆိုတာကိုသာ အစ်ကိုရူယွမ် အရင်ဆုံး စဉ်းစားရမယ်…."
ဟယ်ရှင်းယင်က….
"ကျုပ် အရမ်းစိတ်ပူနေတယ် ၊ ကျီးယင်းနတ်သမီးကတော့ အဖေနဲ့ သမီးကြားက မေတ္တာတရားကို ဘယ်နားလည် နိုင်မှာလဲ…"
ကျီးယင်းက ပေါ့ပေါ့ပါးပါးလေသံဖြင့်ပင်…
"အမှန်ပဲ ၊ ကျွန်မ နားမလည်နိုင်ပါဘူး ၊ ဒါနဲ့… အစ်ကိုရူယွမ် မနေ့က ကျွန်မရှာခိုင်းထားတဲ့ တိမ်တိုက်ရယ် ၊ ရေရယ် ၊ မြေကြီးရယ် ရလာလို့ရှိရင် အစ်ကို့ရဲ့ ဖိုထိုးတဲ့အခန်းကို ကျွန်မကို ခဏပေးသုံးပါနော် ၊ ပြီးတော့ (၇)ရက်လောက် ဘယ်သူမှ ကျွန်မကို မနှောက်ယှက်ရအောင်လည်း အစ်ကိုရူယွမ် ကာကွယ်ပေးစေ ချင်ပါတယ်…"
ဟယ်ရှင်းယင်က…
"ဖိုထိုးတဲ့အခန်းကို ကျီးယင်းနတ်သမီးအချိန်မရွေးယူသုံးလို့ရပါတယ် ၊ ဒါပေမယ့် စူးရင်း အခုလို မိစ္ဆာစွမ်းအားတွေ မြင့်တက်နေတဲ့အချိန်မှာ သမီးလေးကိုပဲ ဂရုစိုက်ရမှာဖြစ်လို့ ကျီးယင်းနတ်သမီးကို ကာကွယ်ပေးဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး ၊ ကျုပ်ကို ခွင့်လွှတ်ပေးပါ…"
ကျီးယင်းက…
"ဒါဖြင့်လည်း ရှင့်သဘောပါပဲ…"
ပြောပြီးသည်နှင့် သူမက ထွက်ခွာသွားလေသည်။
ဟယ်ရှင်းယင်သည် ကျီးယင်း၏ ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။ အနည်းငယ်လည်း စိတ်ပျက် လက်ပျက်ဖြစ်သွားရသည်။
ထိုနှစ်များဆီက… သူသည် ပုရှယ်ဆရာတော်ထံတွင် မေးခွန်းများကို မေးမြန်းခဲ့လေသည်။
"ဆရာတော်… ကျင့်ကြံခြင်းဆိုတာ ဘာလဲ…"
ပုရှယ်ဆရာတော်က…
"ကျင့်ကြံခြင်းဆိုတာ စွန့်လွှတ်ခြင်းပါပဲ…"
ဟယ်ရှင်းယင်က…
"ဆရာတော် ဘာလို့ကျင့်ကြံခဲ့တာလဲ…"
ပုရှယ်ဆရာတော်က…
"ကိလေသာတွေက ရွံလျာစရာကောင်းလို့ပေါ့…"
ဟယ်ရှင်းယင်က…
"မစွန့်လွှတ်နိုင်ဘူးဆိုရင်ရော ဆရာတော် ဘာလုပ်မလဲ…"
ပုရှယ်ဆရာတော်က…
"ဘာမှလုပ်စရာမရှိဘူး…"
ဟယ်ရှင်းယင်က…
"ဒါဆို ကျင့်ကြံခြင်းက ဘယ်တော့မှ မသွေဖည်သွားတော့ဘူးလား…"
ပုရှယ်ဆရာတော်က…
"ကျင့်ကြံနေသမျှ သွေဖည်သွားမှာ မဟုတ်ဘူး…"
ထို့နောက်တွင်တော့ …
သူ ကျိုးယီတောင်သို့ ပြန်လာခဲ့လေသည်။
ကျိုးယီတောင်ပေါ်တွင် ခဏတာမျှ တံခါးပိတ်ကျင့်ကြံမှုကို ပြုလုပ်ခဲ့ပြီး သူပြန်ထွက်လာသည့်အချိန်တွင် ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့လေသည်။
ဖခင်ဆုံးပါးသွားသည့်နောက် သူက ဟယ်အိမ်တော်၏ သခင်ကြီးနေရာကို ဆက်ခံခဲ့ပြီး နှစ်အနည်းငယ်ကြာသည့် အခါ မိန်းမပျို တစ်ယောက်နှင့် လက်ထပ်ခဲ့လေသည်။
သို့သော်… ဇနီးဖြစ်သူသည် အသက်တိုခဲ့လေသည်။ သမီးငယ်ကိုမွေးဖွားပြီး သိပ်မကြာမီပင် ဆုံးပါးသွားခဲ့လေသည်။
သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သော်လည်း ဖခင်ဖြစ်သူ ဆုံးပါးသွားခြင်းကို မည်သို့မှ ပြောင်းလဲ မပေးနိုင်ခဲ့ပေ။
ဟယ်အိမ်တော်၏သခင်ကြီးဖြစ်ခဲ့သော်လည်း ဇနီးဖြစ်သူဆုံးပါးသွားခြင်းကိုလည်း မည်သို့မှ မတတ်နိုင်ခဲ့ပေ။
ယခုတော့ သူ့ဘဝတွင် သမီးဖြစ်သူ ဟယ်စူးရင်းသာ ကျန်တော့သည်။ သမီးဖြစ်သူကို တတ်နိုင်သမျှ စောင့်ရှောက်ပေးရပေလိမ့်မည်။
သူ့ပတ်ဝန်းကျင်မှ ချစ်ခင်သူများအားလုံးကို အမြဲတမ်း စွန့်လွှတ်လိုက်ရသည်မှာ အဘယ့်ကြောင့်များပါလဲ…။ သူ့နှလုံးသားသည် ပဟေဠိများဖြင့် ပြည့်နေလေတော့သည်။
သူ့ကို မည်သူမှ အဖြေမပေးနိုင်ခဲ့ကြပေ။
ပုရှယ်ဆရာတော် ပြောလိုက်သည့်စကားများက မှားသည်လား ၊ မှန်သည်လား အဖြေရှာ၍ မရသေးပေ။
ကျီးယင်းကတော့ ရှင်းရှင်းလင်းလင်း သိချင်သိပေလိမ့်မည်။ သို့သော်… သူ ဖွင့်ပြီး မမေးရဲပါချေ။ အဘယ်ကြောင့်ဆို သော် အဖြေမှန်ကို သိရရသည့်အချိန်တွင် သူကိုယ်တိုင်က လက်မခံနိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်လေ၏။
ဟယ်စူးရင်းကတော့ ဖခင်ဖြစ်သူ၏ စိတ်ရှုတ်ထွေးပူပန်နေမှုများကို မသိရှိခဲ့ပေ။ သူမက ရွှမ်နွီနန်းတော်မှ ကျင့်စဉ်များကို အဖန်ဖန် အထပ်ထပ် ကျင့်ကြံကာ စိတ်တည်ငြိမ်အောင် ကြိုးစားနေလေတော့သည်။
………..
တစ်ချိန်တည်းမှာပင်…
ဟယ်ရှန်းမှာလည်း အိပ်ယာမှ လန့်နိုးလာခဲ့လေသည်။ ဟယ်ရှန်း လန့်နိုးလာသည့်အတွက် တစ်ဖက်ခန်းတွင် အိပ်နေသည့် မိခင်ဖြစ်သူလည်း နိုးလာလေသည်။
မိခင်ဖြစ်သူက…
"ရှန်းအယ်… ဘာဖြစ်လို့လဲ…"
ဟယ်ရှန်းက…
"ဘာမှ မဖြစ်ပါဘူး အမေ ၊ သမီးအိပ်မက်ဆိုးမက်တာပါ…"
"သြော်…"
ထို့နောက် ဟယ်ရှန်း၏ အခန်းထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည့်အတွက် မိခင်ဖြစ်သူမှာလည်း ပြန်လည် အိပ်ပျော်သွားလေတော့သည်။
မိခင်ဖြစ်သူ အိပ်ပျော်သွားတော့မှ ဟယ်ရှန်း အခန်းအပြင်ဘက်သို့ တိတ်တဆိတ်ထွက်လာခဲ့လေသည်။
သူမ၏ အိမ်ရှေ့တွင် ယွင်မုဖြစ်သည် တိတ်ဆိတ်စွာ စီးဆင်းနေပြီး ညက တိတ်ဆိတ်လျှက် ရှိလေသည်။ နှင်းမှုံများက ကျဆင်းနေပြီး လရောင်အောက်တွင် နှင်းမှုံများက တောက်ပလျှက် ရှိလေသည်။
ဆောင်းရာသီနှောင်းပိုင်းကာလဖြစ်သည့်အတွက် ရာသီဥတုက အလွန်အေးလှသည်။ ဟယ်ရှန်းက အင်္ကျီပါးပါးလေး သာဝတ်ဆင်ထားသည့်တိုင် အေးစိမ့်မှုကို မခံစားရပေ။
သူမက မြင်မက်ခဲ့သည့် အိပ်မက်အကြောင်းကို စဉ်းစားနေလေသည်။
သူမ၏နှလုံးသားသည် လှုပ်ရှားနေပြီး သူမ၏ ခြေဖဝါးလေးများကို မြစ်ရေထဲသို့ အသာချလိုက်သည်။
သို့သော် သူမသည် ရေထဲတွင် နစ်မြုပ်သွားခြင်းမရှိပေ။ သူမသည် နဂါးတစ်ကောင်အလား ရေပေါ်တွင် ပျံသန်းလျှက်ရှိလေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ တစ်နေ့တခြားတိုးတက်လာသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ထိုအချိန်…
အရှေ့ဆီတွင် မက်မွန်သီးပင်တစ်ပင်ကို တွေ့လိုက်ရလေသည်။
လေအဝှေ့တွင် မက်မွန်သီးပင်၏ သစ်ကိုင်းများက လှုပ်ရှားနေပြီး ဆူညံသံများ ထွက်ပေါ်လျှက် ရှိလေ၏။
ဟယ်ရှန်းက မက်မွန်သီးပင်ကို သေချာကြည့်လိုက်လေသည်။ သူမ မှတ်မိသလောက် ယခင်က ထိုနေရာတွင် မည်သည့်မက်မွန်သီးပင်မှ မရှိပေ။ သူမစိတ်ထဲတွင် ထူးဆန်းစွာ ခံစားလိုက်ရပြီး မက်မွန်ပင်ရှိရာသို့ လမ်းလျှောက် လာလိုက်လေသည်။
ထိုအခါ… မက်မွန်ပင်အောက်မှ မြင်ကွင်းကြောင့် ဟယ်ရှန်း အလွန်အမင်း အံ့သြသွားရလေသည်။
အဘယ်ကြောင့်ဆိုသော်… မက်မွန်သီးပင်အောက်တွင် ဆန်းလျန်နှင့် ကျွယ်ရှင်း ထိုင်နေသည်ကို တွေ့လိုက်ရသော ကြောင့်ပင်။
ဟယ်ရှန်းက…
"ဆရာတို့ကိုး… ဆရာတို့ ထွက်သွားကြပြီထင်နေတာ ၊ အခုလို ပြန်တွေ့ရတာ အရမ်းဝမ်းသာတာပဲ…"
ကျွယ်ရှင်းက…
"မင်းကို ကျင့်စဉ်သင်ပေးနေတာ အဆုံးမသတ်သေးဘဲ ဘယ်ထွက်သွားလို့ဖြစ်မှာလဲ ၊ ကျုပ်တို့က လမ်းတစ်ဝက်မှာ ထားခဲ့မယ့်သူတွေ မဟုတ်ပါဘူး ၊ ဒီနေ့ မင်းကို သင်ပေးစရာတွေ ရှိသေးတယ်…"
ဟယ်ရှန်းက…
"ဒီနေ့ ဘာတွေသင်ပေးမှာလဲ…"
ဆန်းလျန်က…
"အခုဆိုရင် ဟိုတစ်နေ့က မင်းကိုအနိုင်ကျင့်တဲ့မိန်းကလေးနဲ့ မင်းနဲ့ တန်ခိုးစွမ်းအားအရာမှာ တူညီနေပြီ ၊ ဒါပေမဲ့ မင်း သူ့ကို ဘာလို့ နိုင်အောင် မတိုက်ခိုက်နိုင်သေးတာလဲလို့ ကျုပ်စဉ်းစားနေတာ…"
ဟယ်ရှန်း ကြက်သေသေသွားပြီး…
"ဆရာဆန်းလျန်က ကျွန်မရဲ့ အိပ်မက်ကို သိနေတာလား…"
ဆန်းလျန်ကပြုံးလိုက်ရင်း…
"အဲဒါ အိပ်မက်မဟုတ်ဘူး ၊ တကယ်ဖြစ်ခဲ့တာပဲ…"
ဟယ်ရှန်းသည် ထူးဆန်းမှုကို ခံစားလိုက်ရလေသည်။
ဆက်စပ်စဉ်းစားကြည့်လိုက်သည့်အခါတွင်တော့ သူမမြင်မက်သည့်အိပ်မက်သည် အကြောင်းမရှိဘဲ မြင်မက်သည့် အိပ်မက်တစ်ခု မဟုတ်တန်သည်ကို သိရှိလိုက်လေသည်။
သူမ အိပ်မက်ထဲတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ရလဒ်အပေါ်တွင် ဆရာဖြစ်သူဆန်းလျန်၏ သုံးသပ်ချက်မှာ မမှားယွင်း နိုင်ပေ။
ဟယ်ရှန်းက…
"သူသုံးတဲ့ဓားက အရမ်းမြန်ပြီး အစွမ်းထက်လွန်းတယ် ၊ ကျွန်မ ရှောင်ချိန်တောင် မရလိုက်ဘူး…"
ဆန်းလျန်က…
"မင်းပြောတာ မမှားဘူး ၊ သူ ဘယ်လောက်ပဲ လျှင်မြန်ပါစေ မင်းဘက်က ရှောင်နိုင်တယ်ဆိုရင် လုံးဝရှုံးမှာ မဟုတ်ဘူး ၊ မရှုံးသရွေ့တော့ အနိုင်ရဖို့ နည်းလမ်းရှာနိုင်မှာပဲ ၊ ကျင့်ကြံသူတစ်ယောက်ဟာ အရင်ဆုံး တစ်ဖက်ရန်သူက မလွှမ်းမိုးနိုင်အောင် အရင်လုပ်ရတယ် ၊ ပြီးမှ အနိုင်ယူရတယ် ၊ ပြီးတော့ မင်း အကြိမ်ပေါင်း တစ်ထောင်အနိုင်ရခဲ့ပြီး တစ်ကြိမ်ရှုံးနိမ့်သွားတာနဲ့ ပွဲက ပြီးသွားမှာပဲ ၊ ဒါပေမဲ့ အမြဲတမ်း အဲဒီလိုလည်း တရားသေ တွက်ထားလို့တော့မရဘူးပေါ့ ၊ မင်းအနေနဲ့ အခြေအနေတွေကိုသုံးသပ်ပြီး နားလည်အောင် အရင်ဆုံး ကြိုးစားရမယ်…"
ဟယ်ရှန်းက…
"ဆရာပြောတာ ကျွန်မနည်းနည်းပဲ နားလည်တယ်… ၊ ဒါပေမဲ့ ဆရာက သူ့ကို အနိုင်ယူနိုင်ဖို့ အခု ကျွန်မကို သင်ပေး မှာလား…"
ဆန်းလျန်က…
"အရည်အချင်းဆိုတာက သင်ပေးလို့ရတဲ့အရာမဟုတ်ဘူး ၊ လေ့ကျင့်ယူရတယ်…"
ဟယ်ရှင်းက ကျွယ်ရှင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"ဒါဖြင့် ဆရာတော်က သင်ပေးမှာလား…"
ကျွယ်ရှင်းက ရယ်မောလိုက်ရင်း…
"မင်း နားလည်လာမှာပါ…"
ပြောပြီးသည်နှင့် ကျွယ်ရှင်းက မက်မွန်သီးပင်မှ သစ်ကိုင်းတစ်ကိုင်းကို ချိုးယူလိုက်လေသည်။
သစ်ကိုင်းသည် ကျွယ်ရှင်း၏လက်ထဲတွင် တုန်လှုပ်လျှက်ရှိလေသည်။ မက်မွန်သီးပင်၏ အကိုင်းသည် လောကရှိ အခြားသောမှော်ဝင်ပစ္စည်းများစွာထက် သာလွန်လေသည်။ မက်မွန်သီးသစ်ကိုင်းမှ သစ်ရွက်များသည် ကြွေကျ သွားပြီး ချက်ချင်းပင် အမှုံ့ဖြစ်ကာ ပျောက်ကွယ်သွားလေသည်။
မြင်ကွင်းကိုကြည့်ပြီး ဟယ်ရှန်းသည် ထိတ်လန့်ကြောက်ရွံ့သွားလေသည်။ သူမဘဝတွင် တစ်ခါမှ မျှော်လင့် မထားသည့် အဖြစ်အပျက်များကို မြင်တွေ့နေခဲ့ရသည် မဟုတ်ပါလား။
ကျွယ်ရှင်းက လက်ထဲမှ မက်မွန်သီးသစ်ကိုင်းကို လေထဲသို့ တစ်ချက်ဝှေ့ယမ်းလိုက်လေရာ မက်မွန်သီးကိုင်းသည် မြွေတစ်ကောင်အလား ဟယ်ရှန်းဆီသို့ တိုးဝင်လာလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟယ်ရှန်း၏ မျက်ဝန်းထဲတွင် သစ်ကိုင်းထိပ်ဖျားပေါင်းများစွာ ပေါ်လာပြီး မည်သည့် သစ်ကိုင်းက အစစ်အမှန်ဖြစ်သည်ကို မခွဲခြားနိုင်တော့ပေ။ ထို့ကြောင့် သူမသည် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားမိလေသည်။
ကျွယ်ရှင်းက ဟယ်ရှန်းကို စွမ်းအားအပြည့်နှင့် တိုက်ခိုက်နေခြင်း ဖြစ်ပြီး သူ၏လက်ထဲမှ သစ်ကိုင်းမှာ ဓားတစ်လက် ထက်ပင် အံ့သြဖွယ်ရာ ဖြစ်လေသည်။
သစ်ကိုင်းမှာ အဆုံးမရှိသည့်အပြောင်းအလဲများနှင့်အတူ အတက် ၊ အဆုတ် ၊ အထိုး ၊ အခုတ် တိုက်ကွက်များအား လုံးမှာ အံ့သြစရာ ကောင်းလှပေသည်။ သစ်ကိုင်း၏အရိပ်သည်ပင် လေထဲတွင် သဲလွန်စ မကျန် လျှင်မြန်လှလေသည်။
ကျွယ်ရှင်း၏သစ်ကိုင်းမှာ ဟယ်ရှန်း၏ အိပ်မက်ထဲမှ ဟယ်စူးရင်း၏ဓားလောက် လျှင်မြန်ခြင်း မရှိပေ။ သို့သော်… တိုက်ကွက်များက လျှို့ဝှက်ဆန်းကျယ်လွန်းလှသည်။
အချိန် (၅)စက္ကန့် ၊ (၆)စက္ကန့်မျှ အကြာတွင်တော့ ဟယ်ရှန်းမှာ သစ်ကိုင်းဖြင့် ဆယ်ချက်ခန့် အရိုက်ခံလိုက်ရပြီး ကိုယ်လက်များ နာကျင်လာလေတော့သည်။
သို့သော်… ဟယ်ရှန်းက နာကျင်မှုကို အရေးမစိုက်နိုင်ပါ။ သူမက ကျွယ်ရှင်းလက်ထဲမှ သစ်ကိုင်းကိုသာ သေသေချာချာ အာရုံစူးစိုက် ထားလေသည်။
နောက်ပိုင်းတွင်တော့ ကျွယ်ရှင်း၏ တိုက်ခိုက်မှုကို တစ်ချက် နှစ်ချက်ခန့် ရှောင်တိမ်းလာနိုင်လေသည်။
ဟယ်ရှန်းသည် ကျောက်စိမ်းရေကန်ဥယျာဉ်မှ နတ်မက်မွန်သီးကို စားထားသူဖြစ်လေရာ သူမ၏ ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားတန်ခိုးစွမ်းအားများ စတင်ဖြစ်တည်နေပြီ ဖြစ်လေသည်။
သူမသည် ကျွယ်ရှင်းလက်ထဲမှ သစ်ကိုင်းခြောက်၏ လှုပ်ရှားမှုကို မြင်သာထင်သာဖြစ်လာပြီး တန်ခိုးစွမ်းအားများ လည်းတဖြည်းဖြည်း မြင့်တက်လာလေသည်။
သူမက ခြေလှမ်းများကို ပေါ့ပါးရိုးရှင်းစွာဖြင့် ရွေ့လျားနေလေသည်။ သူမ၏ ခြေလှမ်းများမှ အလွန်လျှင်မြန်ပြီး ကျွယ်ရှင်း၏ သစ်ကိုင်းခြောက်ကို ရှောင်တိမ်းနေခဲ့လေသည်။
အစပိုင်းနှင့်ယှဉ်လျှင် အတော်လေးတိုးတက်လာပြီဟု ဆိုနိုင်လေသည်။