အရည်အချင်းရှိသူများကိုသင်ပြပေးရသည်ကကျေနပ်စရာကောင်းသည်
Vol. 8 Ch. 752
အချိန်တိုအတွင်း ဟယ်ရှန်း၏ တိုးတက်မှုများက မြင်သာ ထင်သာ ရှိလှလေသည်။
သူမ၏ တိုးတက်သူများကိုသာ အခြားသောကျင့်ကြံသူများ သိရှိသွားကြလျှင် ကြောက်လန့်၍ပင် သွားနိုင်သည်။
ဆန်းလျန်သည်ပင် ဟယ်ရှန်း၏ လျှင်မြန်လွန်းသည့် တိုးတက်မှုကို အသိအမှတ်ပြုလိုက်မိလေသည်။
သို့သော်… ဆန်းလျန်က သူမကို တစ်ချက်လေးပင် ထောက်ပြပေးခြင်းမျိုး မပြုလုပ်ခဲ့ပေ။ သူမအနေဖြင့် ဟယ်ရှန်းကို ဓားသိုင်းသင်ပေးချင်လျှင် အလွန်မှ လွယ်ကူလေသည်။
သူသင်ပေးသည့် ဓားသိုင်းကိုသာ ဟယ်ရှန်း လေ့ကျင့်မည်ဆိုလျှင် သူမကို ယှဉ်ပြိုင်နိုင်မည့် ကျင့်ကြံသူ လောကတွင် သိပ်ပြီးရှိတော့မည် မဟုတ်ပေ။ လောကနတ်ဘုရားများပင်လျှင် သူမကို ထိခိုက်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
သို့သော်… ဆန်းလျန်က သင်ပြမပေးရန် ဆုံးဖြတ်ထားလေသည်။ သူက သင်မပေးလိုသောကြောင့် မဟုတ်ပေ။
ဟယ်ရှန်းသည် ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က သူမကို အခြေခံမှစပြီး သင်ယူစေချင် လေသည်။ အဆင့်ခုန်တက်ပြီး ကျင့်ကြံမည်ဆိုလျှင် မွေးရာပါ ပါရမီသည် အလဟသ ဖြစ်သွားရပေလိမ့်မည်။ အခက်အခဲကြားထဲမှ သင်ယူမှသာ အခြေခံအုတ်မြစ် ခိုင်ခံ့ပေလိမ့်မည်။
ကျောက်သားထက်တွင်ပေါက်ရောက်သည့် သစ်ပင်သည် မြေပြင်ထက်တွင်ပေါက်ရောက်သည့် သစ်ပင်ထက်ပိုပြီး ကြံ့ခိုင်သန်မာလေသည်။ တောင်တောင်များထဲတွင် သစ်ပင်များစွာရှိသော်လည်း ကျောက်သားထက်တွင် အမြစ်တွယ်ကာပေါက်ရောက်နေကြသည့် ရှေးဟောင်းနာနတ်ပင်အိုများလောက်တော့ ကြံ့ခိုင်သန်စွမ်းခြင်း မရှိကြ ပေ။
သက်ရှိသတ္တဝါများအားလုံး သာတူညီမျှ အခွင့်အရေးရှိကြသော်လည်း လူတစ်ယောက်သည် ကျင့်စဉ်လမ်းကို စတင် လျှောက်လှမ်းတော့မည် ဆိုလျှင်တော့ အခြားသောသက်ရှိများနှင့်မတူညီတော့ဘဲ ကွဲပြားသွားမည် ဖြစ်လေသည်။ ထိုအချက်မှာ ငြင်း၍မရသည့် အမှန်တရား ဖြစ်လေ၏။
ကျွယ်ရှင်းသည် တည်ငြိမ်သည့်တိုက်ကွက်များဖြင့် ဟယရှန်းကို တိုက်ခိုက်နေဆဲ ဖြစ်လေသည်။ သူမ၏လက်ထဲမှ သစ်ကိုင်းသည်လည်း တည်ငြိမ်နေလေ၏။
သို့သော်… ဟယ်ရှန်းကတော့ ကျွယ်ရှင်း၏ တိုက်ကွက်များအားလုံးကို ရှောင်တိမ်းနိုင်သွားပြီ ဖြစ်လေသည်။ သူမ၏ ကိုယ်နေဟန် လှုပ်ရှားမှုမှာလည်း များစွာ ပြောင်းလဲ သွားပြီဖြစ်လေသည်။
ဟယ်ရှန်းသည် လေထဲတွင်လွင့်ပျံ ယိမ်းနွဲ့နေသည့် ကြာပန်းလေးအလား ထင်မှတ်ရလေသည်။ မိုးနှင့်လေများ မည်မျှပင်တိုက်ခိုက်ပါစေ ကျိုးပဲ့ပျက်စီးသွားမည် မဟုတ်ဘဲ ပို၍ပို၍လှပလန်းဆန်းလျှက် ရှိလေသည်။
အရုဏ်တက်တော့မည် ဖြစ်လေ၏။
ကျွယ်ရှင်းက သစ်ကိုင်းကိုပြန်သိမ်းလိုက်ပြီး ဟယ်ရှန်းကလည်း ရှောင်တိမ်းနေခြင်းကို ရပ်နားလိုက်လေသည်။
သူမက ချက်ချင်းပင် သင်ပြပေးကြသည့်ဆရာများဖြစ်သည့် ဆန်းလျန်နှင့်ကျွယ်ရှင်းကို လေးလေးစားစားဖြင့် ဦးညွှတ်ဂါရ၀ ပြုလိုက်လေသည်။
ကျွယ်ရှင်းနှင့်ဆန်းလျန်ကလည်း ဂါရဝခြင်းကို တည်ငြိမ်စွာပဲ ခံယူလိုက်ကြသည်။
ကျွယ်ရှင်းက ပြုံးလိုက်ရင်း…
"သခင်လေး… လောကမှာ ဆရာသခင်တွေက အရည်အချင်းရှိတဲ့လူတွေကို ဘာလို့ ပညာသင်ပေးချင်သလဲဆိုတာ ကျွန်တော် ကောင်းကောင်းသဘောပေါက်သွားပြီ ၊ တပည့်တွေ ပညာတော်တော့ သင်ပေးတဲ့သူ အားရကျေနပ်ရ တာပေါ့…"
ဆန်းလျန်က ထိုင်နေရာမှ မတ်တတ်ရပ်လိုက်ပြီး…
"ဟယ်ရှန်း… မင်း နေ့ဘက်တွေဆို ခါတိုင်းလိုပဲ တောင်ပေါ်မှာ ဆေးသွားရှာပေါ့ ၊ ညဘက်ကျရင် ဒီနေရာမှာပဲ ပညာလာသင်…"
ဟယ်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး ဆရာနှစ်ယောက်ကို နှုတ်ဆက်ကာ မိခင်ဖြစ်သူအတွက် မနက်စာ ချက်ပြုတ်ရန် အိမ်သို့ ပြန်သွားလေသည်။
ကျွယ်ရှင်းက…
"သခင်လေး သူ့ကို ညဘက်မှ သင်ပေးမယ်ဆိုတော့ နေ့ဘက်မှာ လုပ်စရာ တစ်ခုခုများ ရှိလို့လား…"
ဆန်းလျန်က…
"မင်းကို ဒီနေ့ စားသောက်ဆိုင်ကို ခေါ်သွားမယ်…"
ကျွယ်ရှင်းက ဆန်းလျန်ပြောသည့်စကားကို အူကြောင်ကြောင်ဖြင့် သံယောာင်လိုက်လိုက်လေသည်။
"စားသောက်ဆိုင်ကိုလား…"
………..
ပိုင်ရှောက်ယွီသည် မနက်စောစောထပြီး ထင်းများခုတ်နေလေ၏။
ထိုအချိန် မီးဖိုချောင်းထဲတွင် လူသံကြားသည့်အတွက် သူက မီးဖိုချောင်ထဲသို့ သွားကြည့်လိုက်သည်။ ထိုအခါ ဘုန်းတော်ကြီးတစ်ပါး မီးမွှေးနေသည်ကို တွေ့လိုက်ရလေသည်။
ဘုန်းတော်ကြီးမှာ မီးတောက်လောင်လာစေရန် မီးဖိုကို တဖူးဖူးမှုတ်နေလေသည်။ ဘုန်းတော်ကြီးမှာ အဆုတ်အား တော်တော်ကောင်းသည်ပဲဟု ပိုင်ရှောက်ယွီ တွေးလိုက်မိသည်။ မီးဖိုအတွင်းသို့ လေဖြင့်မှုတ်နေသည်မှာ ဖားဖိုနှင့်ထိုးသည်ထက်ပင် အားကောင်းနေသေးသည်။
ပိုင်ရှောက်ယွီက အပြစ်တင်သည့်လေ့သံဖြင့်…
"ဆရာတော်… အထဲကို ဘယ်လိုလုပ်ဝင်လာတာလဲ…"
ဘုန်းတော်ကြီးမှာ အခြားသူမဟုတ်။ ကျွယ်ရှင်းဖြစ်လေ၏။
ကျွယ်ရှင်းက…
"မင်းက ပိုင်ရှောက်ယွီဖြစ်ရမယ် ၊ ကျုပ်က မီးထိုးသမားအသစ် ၊ နာမည်က ကျွယ်ရှင်းလို့ခေါ်တယ်…"
ပိုင်ရှောက်ယွီက…
"မီးထိုးသမားအသစ်ရောက်နေတာ ကျုပ်က ဘာလို့ မသိရတာလဲ ၊ ဒါနဲ့ နေပါဦး… ခင်ဗျားကို ဘယ်သူက ဒီကိုခေါ်လာတာလဲ…"
ဘုန်းတော်ကြီးက…
"ဘယ်သူရှိရမလဲ ၊ သခင်လေးဆန်းလျန်ပေါ့…"
ပိုင်ရှောက်ယွီက ပြုံးလိုက်ရင်း…
"ဒါဆို အစ်ကိုဆန်း ပြန်လာပြီပေါ့…"
ဘုန်းတော်ကြီးက ခေါင်းညိတ်ပြလိုက်လေသည်။
ပိုင်ရှောက်ယွီသည် ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားလေသည်။
ပိုင်ရှောက်ယွီ စားသောက်ဆိုင်အတွင်းသို့ အပြေးအလွှား ရောက်လာလေသည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် စားသောက်ဆိုင်ကောင်တာနားတွင် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။
အမှန်တော့ ဆန်းလျန်ကို မတွေ့ရသည်မှာ လဝက်ခန့်ပင် ရှိပြီ ဖြစ်လေရာ ပိုင်ရှောက်ယွီမှာ ဆန်းလျန်နှင့် အချိန်အကြာကြီး ခွဲခွာနေရသလို ခံစားနေရလေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဆန်းချင်းချင်းတစ်ယောက် ပြန်သွားခဲ့ပြီဖြစ်လေသည်။ ဆရာမေသည်လည်း ပြန်ရန် ပြင်ဆင်နေခဲ့လေပြီ။
ယခုအတောအတွင်း စားသောက်ဆိုင်တွင် ဧည့်သည်လည်း သိပ် မရှိလှပေ။
ကူးဝေေ၀ကလည်း သူ့ကို သိပ်ပြီး အရေးမစိုက်လေရာ ပိုင်ရှောက်ယွီမှာ တစ်နေ့တစ်နေ့ တစ်ယောက်တည်း ပျင်းရိလျှက်သာ ရှိလေသည်။ ဆန်းလျန်သာရှိလျှင် သူပျင်းရတော့မည် မဟုတ်ပေ။
သူက စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ဆန်းလျန်ကို ပြေးဖက်လိုက်လေသည်။
သို့သော်… ဆန်းလျန်ကို မဖက်မိဘဲ လေကိုသာဖက်မိသွားပြီး ပိုင်ရှောက်ယွီမှာ အရှေ့သို့ ဟပ်ထိုးကျကာ အရှက်ကွဲလေတော့၏။
ဆန်းလျန်က…
"မင်း ကျုပ်ကိုလွမ်းနေတာသိပါတယ် ၊ ဒါပေမယ့် လာတော့မဖက်နဲ့လေကွာ ၊ ငါက ယောကျ်ားလေးချင်းဆို ခပ်ပါးပါးပဲ…"
ပိုင်ရှောက်ယွီမှာ လဲကျရာမှ ထလိုက်ပြီး ကြမ်းပြင်နှင့်စောင့်မိသည့် နဖူးကို အသာပွတ်နေလေသည်။
"အစ်ကိုဆန်း… ခုတလော ဘယ်တွေသွားနေတာလဲ…"
ဆန်းလျန်က…
"ကျိုးယီတောင်…"
ကျိုးယီတောင် မည်သည့်နေရာတွင် တည်ရှိသည်ကို ပိုုင်ရှောက်ယွီ မသိပေ။
အစကတည်းက သူက ဗဟုသုတရှိသူမှ မဟုတ်ပေပဲ။ သို့သော် သိချင်စိတ်ကို ထိန်းမထားနိုင်သည့်အတွက် ဆန်းလျန်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေးမြန်းကြည့်လိုက်လေသည်။
ဆန်းလျန်ကလည်း ဖုံးကွယ်ထားခြင်းမရှိဘဲ ဖြစ်သမျှ အကြောင်းများကို ပြောပြလိုက်လေ၏။
ဆန်းလျန်၏ စကားများကို နားထောင်ပြီးသည့်အခါတွင်တော့ ပိုင်ရှောက်ယွီက မနာလိုစွာဖြင့်…
"အစ်ကိုဆန်း… ကျုပ်ကိုကျတော့ နတ်မက်မွန်သီး မကျွေးဘူး…"
ဆန်းလျန်က ခေါင်းခါယမ်းလိုက်ရင်း…
"မင်းက သူ့လောက်မှ ကံမကောင်းတာ…"
ထို့နောက် ပိုင်ရှောက်ယွီကို မျက်နှာထားတင်းတင်းနှင့် တစ်ချက်ကြည့်လိုက်ပြီး…
"သွား… အလုပ်သွားလုပ်တော့…"
ပိုင်ရှောက်ယွီမှာ စိတ်မကောင်းဖြစ်သွားလေသည်။
ကြိတ်မနိုင်ခဲမရ ခံစားနေရပြီး အလုပ်လည်း လုပ်ချင်စိတ်မရှိတော့ပေ။ သို့သော်… ချက်ချင်းပင် ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရလေသည်။
ပိုင်ရှောက်ယွီက ဆန်းလျန်ကို ဒီထက်ပိုပြီး ပိန်ညှောင်ညှောင်ဖြစ်သွားပါစေဟု ကျိန်ဆဲလိုက်ချင်သော်လည်း မကျိန်ဆဲတော့ဘဲ အလုပ်ကိုသာ ရိုးရိုးသားသားလုပ်ရန် ဆုံးဖြတ်လိုက်မိသည်။
ပိုင်ရှောက်ယွီသည် စားသောက်ဆိုုင်တစ်ခုလုံး သန့်ရှင်းရေးလုပ်ပြီးသွားသည့် အချိန်တွင် ကူးဝေေ၀သည် ဖြေးညင်းသည့် ခြေလှမ်းများဖြင့် အောက်ထပ်သို့ ဆင်းလာလေသည်။
ဆန်းလျန်ပြန်ရောက်နေပြီးကို သူမ သိရှိထားပြီးသား ဖြစ်လေသည်။
သို့သော်… သိသိချင်း အပြေးအလွှားရောက်လာပါလျှင် အိန္ဒြေသိက္ခာ မရှိရာ ကျမည်စိုးသည့်အတွက် အေးအေးဆေးဆေး အဝတ်အစားလဲပြီးမှ အောက်သို့ ဆင်းလာခဲ့ခြင်း ဖြစ်လေသည်။
အောက်ထပ်တွင် ဆန်းလျန်ကို တွေ့မြင်လိုက်ရသည့်အခါတွင်တော့ ကူးဝေေ၀သည် ပျော်ရွှင်မှုများကို အောင့်ထား၍ မရတော့ပေ။ သူမသည် ဆန်းလျန်ရှေ့သို့ အလျှင်အမြန်ပင် ရောက်လာခဲ့လေသည်။
သန့်ရှင်းရေးလုပ်ပြီး ဆိုင်ထောင့်တစ်နေရာတွင် ထိုင်နေသည့် ပိုင်ရှောက်ယွီသည် ကူးဝေေ၀လည်း သူကဲ့သို့ ဆန်းလျန်ကို ပြေးဖက်လေမည်လားဟု မျက်စိဒေါက်ထောက်ကြည့်နေလေသည်။
ကူးဝေေ၀သည် အရိပ်လေးတစ်ခုအလား ဆန်းလျန်ရှိရာသို့ ချက်ချင်းရောက်ရှိလာလေသည်။
ကူးဝေေ၀ကိုကြည့်ရင်း ဤစားသောက်ဆိုင်တွင် သူတစ်ယောက်သာ တန်ခိုးစွမ်းအား မရှိသူတစ်ယောက် ဖြစ်သည်ဟု တွေးလိုက်မိသည့်အခါ ပိုင်ရှောက်ယွီ သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ ဖြစ်နိုင်မည်ဆိုလျှင် သူသည်လည်း အစ်ကိုဆန်းထံမှ နတ်ဘုရားကျင့်စဉ်များကို သင်ယူချင်မိသည်။
စဉ်းစားရင်း အားငယ်စိတ်များဝင်လာသည့်အခါ ပိုင်ရှောက်ယွီသည် တစ်ကိုယ်လုံး အားပြတ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူက စားပွဲများကိုသာ သုတ်နေလေတော့သည်။
ဆန်းလျန်က ပိုင်ရှောက်ယွီ၏ အမူအရာများကို ရိပ်မိလိုက်သော်လည်း မသိချင်ယောင်ဆောင်လိုက်ကာ ကူးဝေေ၀ကို နှုတ်ဆက်လိုက်လေသည်။
"ဂိုဏ်းတူအစ်မ ၊ အခု ကျင့်စဉ်ကျင့်ကြံတဲ့အခါ အစ်မရဲ့ကိုယ်ထဲမှာ တန်ခိုးစွမ်းအားတွေ မြစ်တစ်စင်းလို စီးဆင်းနေတယ်ဆိုတာ ခံစားမိတယ်မဟုတ်လား ၊ နောက်ကျရင် အစ်မကို ပိုပြီးတန်ခိုးစွမ်းအားမြင့်မားတဲ့ ကျင့်စဉ် တွေသင်ပြပေးဦးမယ်…"
ကူးဝေေ၀က…
"နင်ပေးတဲ့ မက်မွန်သီးကိုစားပြီးတော့ ငါ့ခန္ဓာကိုယ်က နေ့တိုင်း ပြောင်းလဲနေတယ်လို့ ခံစားရတယ် ၊ အားလျန်… သိပ်မကြာခင် ငါလည်း နတ်ဘုရားတစ်ပါး ဖြစ်လာတော့မလား မသိဘူး…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"အစ်မက ဖြစ်ချင်တယ်ဆိုရင် ဖြစ်လာရမှာပေါ့…"
အခြားသူများသာ ဆန်းလျန်၏စကားကိုကြားမည်ဆိုလျှင် အကြွားပိုသည်ဟု ထင်မှတ်ကြပေလိမ့်မည်။
သို့သော်… ဆန်းလျန်ကတော့ မဖြစ်နိုင်ဟု မယူဆခဲ့ပေ။ ကျင့်ကြံသူတစ်ယောက် နတ်ဘုရားတစ်ပါး ဖြစ်လာရန် အတွက် အခက်ခဲဆုံးအချက် (၃)ချက် ရှိလေသည်။
ပထမအချက်မှာ ကျင့်စဉ်ဖြစ်လေသည်။
ဒုတိယအချက်မှာ တန်ခိုးစွမ်းအားပေါင်းစပ်ခြင်းဖြစ်လေသည်။
တတိယအချက်မှာ လမ်းမှားမရောက်အောင် ထိန်းသိမ်းခြင်း ဖြစ်လေသည်။
ဆန်းလျန်က ကူးဝေေ၀ကို ပထမအချက်နှင့် ဒုတိယအချက်ကို ကျော်လွန်စေခဲ့ပြီ ဖြစ်လေသည်။ ကူးဝေေ၀အနေဖြင့် တတိယအချက်ကိုသာ ကျော်လွှားနိုင်ရန် လိုအပ်လေသည်။
တတိယအချက်မှာ ကျော်လွှားရန် အမှန်တကယ်ပင်ခက်ခဲလေသည်။ သို့သော်… မဖြစ်နိုင်လောက်အောင် ခက်ခဲသည့် အဆင့်တစ်ခုတော့ မဟုတ်ပေ။ လေ့လာချက်များအရ လွယ်မည်ဆိုလျှင်လည်း ပြတင်းတံခါးမှ စက္ကူလေးကို လက်ဖြင့်ထိုးဖောက် လိုက်သလို လွယ်မည်ဖြစ်ပြီး ခက်မည်ဆိုလျှင်လည်း ကောင်းကင်ပေါ်တက်ရ သည်လောက် ခက်ခဲနိုင်လေသည်။
အဓိကသော့ချက်ကို နားလည်သွားသူကတော့ အခက်အခဲကို ကျော်လွန်နိုင်ပြီး သွေးကြောဆုံချက်များအားလုံး ပွင့်ထွက်သွားအောင် ကျင့်ကြံနိုင်မည် ဖြစ်လေသည်။ နောက်ဆုံးတွင်တော့ နတ်ဘုရားတစ်ပါးအဖြစ် ကျိန်းသေ အဆင့်တက်ရောက်နိုင်ပေလိမ့်မည်။
ကူးဝေေ၀ နတ်ဘုရားတစ်ပါး ဖြစ်လာမည်လား ၊ မဖြစ်လာဘူးလားဆိုသည်ကိုတော့ ဆန်းလျန်လည်း တပ်အပ် မပြောနိုင်ပါ။ ဆန်းလျန်အနေဖြင့် အနီးစပ်ဆုံး ခန့်မှန်းပြီးသာ သိနိုင်လေသည်။
ထို့ပြင်… ဟယ်ရှန်းကို သူ၏ဆက်ခံသူတပည့်အရင်းအဖြစ် သတ်မှတ်ခဲ့လေသည်။
ဟယ်ရှန်းသည် မွေးရာပါ ဝိညာဉ်စွမ်းအားကောင်းသူတစ်ယောက်ဖြစ်ပြီး အစ်မဖြစ်သူ ကူးဝေေ၀ထက်သာလေသည်။ သူတို့ (၂)ယောက်လုံးကို ဆန်းလျန်က ပညာသင်ပေးနေသူဖြစ်လေရာ ဟယ်ရှန်းသာ အောင်မြင်မှုရခဲ့လျှင် ကူးဝေေ၀ကိုလည်း ဆက်လက်လမ်းပြပေးနိုင်မည် ဖြစ်လေသည်။
သို့သော်… ထိုအကြောင်းကြောင့်တော့ဖြင့် ဆန်းလျန်က ဟယ်ရှန်းကို အသုံးချခဲ့ခြင်း မဟုတ်ပေ။ ဆန်းလျန်က ဟယ်ရှန်းကို တပည့်အဖြစ် ရွေးခြယ်ခဲ့ရခြင်းမှာ သူမသည် အလွန်အရည်အချင်းရှိသူတစ်ယောက် ဖြစ်သောကြောင့်ပင်။
ခဏအကြာတွင်တော့ ကျွယ်ရှင်းက ချက်ပြုတ်ပြီးစီးသွားလေသည်။
သူတို့အားလုံး မနက်စာစားရန်အတွက် ထမင်းစားခန်းသို့ ရောက်လာခဲ့ကြသည်။ ကျွယ်ရှင်းက ဆန်ပြုတ် ၊ ပေါက်စီများနှင့် ဟင်းရံအနည်းငယ်ကို ချက်ပြုတ်ထားလေသည်။
ကျွယ်ရှင်းသည် မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံထားသူဖြစ်သည့်အတွက် စိတ်အာရုံကို ဖြန့်ကျက်ကာ အကြောင်းအရာအတော်များများကို လျှင်လျှင်မြန်မြန်ဖြင့် သင်ယူနိုင်လေသည်။ ထို့ကြောင့် ဟင်းလျာများ ချက်ပြုတ်သည့်အလုပ်မှာ သူ့အတွက် မခက်ခဲလှပေ။
ကူးဝေေ၀က ဟင်းရံများကို အနည်းငယ်မြည်းကြည့်လိုက်ပြီး ပေါက်စီကို တစ်ကိုက်ကိုက်လိုက်လေသည်။
"ဆရာတော်က ကျွန်မထက်တောင် ဟင်းချက်လက်ရာကောင်းနေပါလား ၊ အရင်ကတည်းက အခုလို ချက်ပြုတ်ဖူးလို့လား…"
ကျွယ်ရှင်းက ရှက်ကိုးရှက်ကန်းဖြင့်…
"မဟုတ်ပါဘူး ၊ ကျုပ်က လျှောက်လုပ်တာပါ…"
ပိုင်ရှောက်ယွီက ကမန်းကတန်း ဝင်ပြောလိုက်လေသည်။
"အစ်မကူးဝေေ၀သာ ဆရာတော်က ချက်ပြုတ်ပေးတာ အားနာစရာကြီး ၊ နောက်ဆို မနက်စောစော ကျုပ်ထချက်ပေးပါ့မယ်…"