ဆန်းချင်းရှကိုကြောက်တဲ့မိစ္ဆာ
Vol. 8 Ch. 753
ကူးဝေေ၀က…
"နင်က ချက်တတ်လို့လား…"
ပိုင်ရှောက်ယွီက သူ့ဗိုက်ကို လက်ဖြင့်ပွတ်နေရင်းမှ…
"အင်း… ချက်တတ်တာပေါ့…"
ကူးဝေေ၀ သံသယဖြစ်နေစဉ်မှာပင် ဆန်းလျန်က…
"ဒါဖြင့်လည်း သူ့ကို ချက်ခိုင်းလိုက်…"
ကူးဝေေ၀က ဆန်းလျန်၏စကားကို ဆန့်ကျင်လေ့မရှိသူဖြစ်လေရာ သဘောတူသည့်အနေဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။
မနက်စာစားပြီးသည့်အခါတွင်တော့ စားသောက်ဆိုင်သို့ ဧည့်သည် (၂)ယောက် ရောက်လာကြလေသည်။
တစ်ယောက်မှာ မိန်းကလေးကဲ့သို့ ချောမောလှပလွန်းသည့် ယောကျ်ားပျိုတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက် မှာတော့ သက်လတ်ပိုင်းအရွယ် လူရွယ်တစ်ယောက် ဖြစ်လေသည်။
လူရွယ်ကို ဆန်းလျန် ကောင်းကောင်းသိလေသည်။
အခြားသူမဟုတ်ပေ။ ရွှမ်နွီနန်းတော်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ဟယ်စူးရင်းလက်မှ ဆန်းလျန် ကယ်တင်လိုက်သည့် အနီရောင်မြေခွေး ဟူတောက်တယ်ဆိုသူ ဖြစ်လေသည်။
သို့သော်… ချောမောလွန်းသည့် လူငယ်ကိုတော့ တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိပေ။ သို့သော်… တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုလူငယ် မည်သူဖြစ်သည်ကို ဆန်းလျန် ချက်ချင်းသိလိုက်လေသည်။
လူငယ်မှာ သေစေခြင်းကျောင်းတောင်မှ ရွှီချင်းဟွမ်ဖြစ်လေသည်။ ရွှီချင်းဟွမ်က သူ၏ လျှို့ဝှက်ချက်များကို သေစေခြင်းကျောင်းတော်မှ ဆရာသခင်များမသိအောင် ဖုံးကွယ်ထားနိုင်သည့်တိုင် ဆန်းလျန်ကိုတော့ ဖုံးကွယ်ထား နိုင်ခြင်း မရှိပေ။
ရွှီချင်းဟွမ်က ဟူတောက်တယ်ကို ပြောလိုက်လေသည်။
"ဒီဆိုင်က စီးပွားရေး မကောင်းဘူးထင်တယ် ၊ ခြောက်ကပ်နေတာပဲ ၊ ဘာလို့ ဒီမှာ ထမင်းစားဖို့ ခေါ်လာရတာလဲ…"
ဟူတောက်တယ်က…
"သခင်လေး စိတ်မပူနဲ့ ၊ ဒီစားသောက်ဆိုင်က ဒီမြို့မှာ အကောင်းဆုံး စားသောက်ဆိုင် တစ်ခုပဲ…"
"သြော်…"
ရွှီချင်းဖုန်းက ပတ်ဝန်းကျင်ကို မသိမသာ တစ်ချက်လေ့လာလိုက်လေသည်။
ဟူတောက်တယ်ကတော့ စားသောက်ဆိုင်လေး၏ လျှို့ဝှက်ချက်ကို ယခင်ကတည်းက သိရှိထားသူဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရောက်လာခဲ့သူ ဖြစ်လေသည်။
ဟူတောက်တယ်က ကောင်တာသို့ လျှောက်သွားလိုက်ပြီး ဆန်းလျန်ကို ရိုရိုသေသေပင် စကားပြောလိုက်လေသည်။
"ဆန်းသခင်လေး… ကျုပ်တို့ နေ့လည်စာစားဖို့ ရောက်လာတာပါ…"
ဆန်းလျန်က…
"ဘာများ သုံးဆောင်ချင်ပါသလဲ…"
ဟူတောက်တယ်က…
"ဘာပဲဖြစ်ဖြစ် ရပါတယ်…"
ဆန်းလျန်မှာ သူ့ကိုကယ်တင်ခဲ့သည့် တန်ခိုးရှင်ဖြစ်ကြောင်းကို ဟူတောက်တယ်က သိရှိခြင်း မရှိပေ။
သို့သော်… မေနန့်စန်း၏ပြောပြချက်အရ ဆန်းလျန်မှာ အလွန်တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်ကြောင်း သိရှိထားလေသည်။ ထို့ကြောင့် သူက ဆန်းလျန်ကို တလေးတစားဖြင့် ဆက်ဆံလိုက်ခြင်း ဖြစ်လေ၏။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါဖြင့် မြေခွေးသားဆိုရင်ရော…"
ဟူတောက်တယ်မှာ မျက်နှာတစ်ချက် ပျက်သွားလေသည်။
သူက ဆန်းလျန်ကို ကြည့်ကာ မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"မနောက်ပါနဲ့ ဆန်းသခင်လေးရယ် ၊ ဟို ဧည့်သည်က ပိုင်ကျားမြို့ရဲ့ အကောင်းဆုံးစားသောက်ဆိုင်မှာ စားချင်တယ်ဆိုလို့ ကျုပ်က လိုက်ပို့တာပါ ၊ မဟုတ်ရင် ကျုပ် သခင်လေးကို လာမနှောက်ယှက်ရဲပါဘူး ၊ ကျုပ်ကို ယုံပါ ၊ ကျုပ်မှာ တခြားမကောင်းတဲ့အကြံအစည် မရှိရပါဘူး…"
ဆန်းလျန်က…
"ကျုပ်က နောက်တာပါဗျာ ၊ ဒါနဲ့ သေရည်နဲ့ပေါင်းထားတဲ့ ကြက်သားပေါင်းဆိုရင်ရော…"
ဟူတောက်တယ်က…
"ကောင်းပါပြီ ၊ ဟင်းလျာအတွက် ဆန်းသခင်လေး ဘယ်လိုရတနာပစ္စည်းများ လိုချင်ပါသလဲ…"
စားသောက်ဆိုင်၏ စည်းကမ်းများကို မေနန့်စန်းထံမှတစ်ဆင့်လည်း သိရှိထားပြီးပြီ ဖြစ်လေသည်။
ဤဆိုင်မှ စားကောင်းသောက်ဖွယ်များကို စားသောက်ချင်ပါက ရွှေ ၊ ငွေ ၊ ကြေးပြားများ ပေးစရာမလိုပေ။ ရတနာပစ္စည်းတစ်ခုပေးရန်သာ လိုအပ်လေသည်။ ထို့ပြင် ဆန်းသခင်လေး ကမ်းလှမ်းသည့် ရတနာပစ္စည်းမှလွဲပြီး အခြားရတနာပစ္စည်းများကို လက်ခံမည် မဟုတ်ပေ။
လောကတစ်ခုလုံးတွင် တော်တော်မှ သောက်ကြီးသောက်ကျယ်အနိုင်ဆုံး စားသောက်ဆိုင်ဖြစ်လေသည်။
ဆန်းလျန်က…
"စကားပုံရှိတယ်လေ ၊ 'ဆရာ့စကားတစ်ခွန်းနားထောင်တာက (၁၀)နှစ်စာဖတ်တာထက် ပိုကောင်းတယ်' တဲ့ ၊ ကျုပ်ဆိုင်က အစားအသောက်တွေကိုစားရရင် (၁၀)နှစ်ကျင့်ကြံတာထက် ပိုကောင်းတယ်"
ဟူတောက်တယ်မှာ အနည်းငယ် အံ့သြသွားပြီး…
"ကျင့်ကြံခြင်းအဆင့် ဒီလိုတိုးတက်လာတယ်ဆိုတာ ဟုတ်ပါ့မလား…"
ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…
"အဲဒီတော့ ခင်ဗျား (၁၀)နှစ်ကျင့်ကြံထားတဲ့ တန်ခိုးစွမ်းအားတွေ ကျုပ်ကို ပေးရမယ် ၊ ဘယ်လိုလဲ ခင်ဗျား သဘောတူရဲ့လား…"
ဟူတောက်တယ်က ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ရင်း…
"ကျုပ်သဘောတူပါတယ်…"
ဟူတောက်တယ်၏ စကားဆုံးသွားသည်နှင့် သူ၏ကိုယ်ထဲမှ တန်ခိုးစွမ်းအားအချို့သည် ရုတ်တရက် ပျောက်ဆုံးသွားသည်ကို အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရလေသည်။
ထို့နောက် ကောင်တာပေါ်တွင် အပြာရောင် ပုတီးစေ့တစ်စေ့ရောက်ရှိနေပြီး ထိုပုတီးစေ့သည် သူနှင့် သွေးခြင်း ဆက်နေသည့်အလား ဟူတောက်တယ် ခံစားလိုက်ရလေသည်။
ထိုပုတီးစေ့မှာ သူ (၁၀)နှစ်တာ ခက်ခက်ခဲခဲ ကျင့်ကြံထားခဲ့သည့် ကျင့်စဉ်အမြုတေ ဖြစ်လေ၏။
သူက ဆန်းလျန်၏ တောင်းဆိုမှုကို ပေါ့ပေါ့ပါးပါးဖြင့် သဘောတူခဲ့သည့်တိုင် ယခုလို တကယ်တမ်း ရင်ဆိုင် ကြုံတွေ့ လိုက်ရသည့်အခါတွင်တော့ ထိတ်လန့်သွားမိလေသည်။
ဆန်းလျန်က…
"ခဏစောင့်ကြပါ…"
ဟူတောက်တယ် နေရာသို့ပြန်လာကာ ထိုင်လိုက်လေသည်။ ထိုအချိန်တွင် ရွှီချင်းဟွမ်က တရားထိုင်နေလေသည်။ သူ၏မျက်လုံးများက ပွင့်နေသော်လည်း မည်သည့်အရာကိုမှ တွေ့မြင်ဟန် မတူပေ။
ရွှီချင်းဟွမ်က သွေးဓားထဲမှ မိစ္ဆာနှင့် ဆက်သွယ် စကားပြောနေခြင်း ဖြစ်လေသည်။
စားသောက်ဆိုင်ထဲသို့ ရွှီချင်းဟွမ် ဝင်လာကတည်းက သွေးဓားထဲမှ မိစ္ဆာမှာ ကြောက်လွန်းသောကြောင့် တုန်နေလေသည်။
ရွှီချင်းဟွမ်က အနည်းငယ် ထူးဆန်းသွားပြီး…
"ဘာဖြစ်နေတာလဲ…"
သွေးဓားထဲမှ မိစ္ဆာက…
"သူပဲ… သူပဲ…"
သွေးဓားထဲမှ မိစ္ဆာမှာ အမှန်တကယ် ကြောက်ရွံ့နေခြင်း ဖြစ်ပြီး ထိုမိစ္ဆာထိုသို့ အကြောက်လွန်နေခြင်းကို ရွှီချင်းဟွမ် ဘဝတွင် ပထမဆုံးတွေ့မြင်ဖူးခြင်း ဖြစ်လေသည်။
ရွှီချင်းဟွမ်က…
"မင်းဘာမြင်လို့လဲ…"
မိစ္ဆာက…
"မေးမနေနဲ့ ၊ မေးမနေနဲ့…"
ရွှီချင်းဟွမ်မှာ ဤစားသောက်ဆိုင်ထဲတွင် မည်သည့်ကြောက်မက်ဖွယ်ရာရှိနေသည်ကို ပိုပြီး သိချင်လာမိလေသည်။
သူက ဆိုင်ထဲမှ လူများကို သေသချာချာဂရုတစိုက်ဖြင့် အာရုံခံကြည့်လိုက်လေသည်။ သို့သော် စားသောက်ဆိုင်ထဲတွင် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာ လုံးဝမတွေ့ရပေ။
စားသောက်ဆိုင်ပိုင်ရှင်မိန်းမပျိုကတော့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ဟန်တူလေသည်။ ဘုန်းတော်ကြီးကတော့ နက်ရှိုင်းသည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည်မှာ ထင်ရှားလေသည်။ သို့သော်… ထိုသူများအားလုံးသည် သွေးဓားထဲမှ နတ်မိစ္ဆာ ဖိန့်ဖိန့်တုန်အောင် ကြောက်ရလောက်သူများ မဟုတ်ပေ။
ဒါဆိုလျှင် ကောင်တာမှ လူငယ်လေလား…။
ရွှီချင်းဟွမ်က ကောင်တာတွင်ထိုင်နေသည့်လူငယ်၏ အသက်ရှူသံကို ခံစားကြည့် လိုက်လေသည်။ ကောင်တာမှ လူငယ်သည်လည်း မည်သည့်ထူးခြားချက်မှ မရှိဘဲ ပုံမှန်သာဖြစ်လေသည်။ သို့သော်… ကောင်တာမှ လူငယ်ထံမှ ခန့်မှန်းရခက်သည့် တန်ခိုးစွမ်းအား အငွေ့အသက်များကို ရရှိနေသလို ခံစားလိုက်ရလေသည်။
ထို့ကြောင့် သူက ကောင်တာမှ လူငယ်ကို တစ်ချက်လှမ်းပြီး အကဲခတ်လိုက်သည်။ သွေးဓားထဲမှ မိစ္ဆာကြောက်ရွံ့နေသူမှာ ထိုသူဖြစ်နိုင်လေသည်။
ရွှီချင်းဟွမ်က ဆက်မေးလိုက်သည်။
"သူလား…"
သို့သော် သွေးဓားထဲမှ မိစ္ဆာသည် တိတ်ဆိတ်ငြိမ်သက်နေပြီး စကားတစ်ခွန်းပင် ပြန်မပြောတော့ပေ။ သွေးဓားမှာ အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
သွေးဓားထံမှ အဖြေပြန်မရတော့သည့်အခါ ရွှီချင်းဟွမ်သည် ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက် ပြန်လေသည်။ ချောမောလှပသည့် သာမန် လူငယ်တစ်ယောက်မျှသာ ဖြစ်ဟန်တူလေသည်။ ထိုသူကို မိစ္ဆာက အဘယ့်ကြောင့် ကြောက်ရွံ့ထိတ်လန့်ေနေရပါသနည်း။
ထိုအချိန်မှာပင် ဟူတောက်တယ်ကလည်း ကောင်တာမှ ပြန်ရောက်လာသည့်အတွက် ရွှီချင်းဟွမ်က ပုံမှန်လေသံဖြင့်ပင် မေးခွန်းထုတ်လိုက်လေသည်။
"သူဌေးဟူ… ခုန ကောင်တာကလူငယ်နဲ့ ဘာတွေပြောနေတာလဲ…"
ဟူတောက်တယ်က ထက်မြက်ပြီး ပါးနပ်သူတစ်ယောက် ဖြစ်လေရာ ရွှီချင်းဟွမ် မေးခွန်းထုတ်လိုက်သည်မှာ ဆန်းလျန်အကြောင်း စုံစမ်းချင်သောကြောင့် ဖြစ်သည်ကို သိလိုက်သည်။
သူ့အနေဖြင့် ရွှီချင်းဟွမ်ကို ဖုံးကွယ်ထားစရာ အကြောင်း မရှိပေ။ ထို့ကြောင့် သူသိသမျှ ဆန်းလျန်အကြောင်းများနှင့် စားသောက်ဆိုင်အကြောင်းများကို ပြောပြလိုက်လေသည်။ နေ့လည်စာဖိုးအဖြစ် သူ (၁၀)နှစ် ကျင့်ကြံထားသည့် ကျင့်ကြံခြင်း အမြုတေကို ပေးလိုက်ရသည့်အကြောင်းကိုပါ ထည့်ပြောပြလိုက်သည်။
ဟူတောက်တယ်၏ စကားများကို နားထောင်ပြီးသည့်အခါတွင်တော့ ရွှီချင်းဟွမ်မှာ အံ့သြထိတ်လန့်သွားရသည်။ လူတစ်ယောက် ကျင့်ကြံထားသည့် တန်ခိုးစွမ်းအားများ နှုတ်ယူခံရခြင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပေ။
သို့သော်… ထိုသို့ပြုလုပ်နိုင်သူများမှာ ဒဏ္ဍာရီထဲမှ နတ်ဘုရားများသာလျှင် ရှိလေသည်။
ယခုတော့ ဤစားသောက်ဆိုင်သေးသေးလေးမှ လူငယ်တစ်ယောက်က ထိုသို့သော တန်ခိုးစွမ်းအားမျိုး ရှိနေသည်တဲ့လား။ ထိုလူငယ်ကိုယ်တိုင်က တန်ခိုးစွမ်းအားမြင့်မားနေခြင်းလား ၊ သို့မဟုတ် မှော်ဝင်ပစ္စည်း ၊ ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ ပြုလုပ်နေခြင်းလား မပြောတတ်ပေ။
မည်သို့ပင်ဖြစ်စေ ထိုလူငယ်မှာ ကြောက်စရာကောင်းသည်ကတော့ အသေအချာပင် ဖြစ်လေ၏။
ယခုတော့ သူ့ကို အမြဲတမ်း ဆရာလုပ်နေတတ်သည့် သွေးဓားထဲမှ မိစ္ဆာသည် တုတ်တုတ်မှ မလှုပ်တော့ပေ။ မိစ္ဆာသည် စကားမပြောရဲလောက်အောင်ပင် တုန်လှုပ်နေပြီ ဖြစ်လေသည်။
ရွှီချင်းဟွမ်မှာလည်း ကြောက်ရွံ့လာသည့်အတွက် ဤနေရာမှ ချက်ချင်းထွက်ခွာသွားရန် ဆုံးဖြတ်လိုက်မိလေသည်။
သို့သော်… သူသာ ရုတ်တရက်ထွက်သွားလျှင် တစ်ဖက်လူကို သတိပေးလိုက်သလို ဖြစ်သွားနိုင်သည်။ ထို့ပြင်… သူက သေစေခြင်းကျောင်းတော်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်လေရာ လောကတွင် သူ့ကို ဒုက္ခပေးရဲသူမှာ အနည်းငယ်သာ ရှိလေသည်။ ထို့ကြောင့် စားသောက်ဆိုင်မှ လူငယ်သည် အကြောင်းမရှိဘဲ သူ့ကို ဒုက္ခပေးမည် မဟုတ်ပေ။
ထို့ပြင် ဤနေရာကို ဟူတောက်တယ်က ခေါ်လာခြင်းဖြစ်လေသည်။ ဟူတောက်တယ်ကတော့ သူ့ကို အန္တရယ်တွင်းထဲသို့ ဆွဲမခေါ်သည်မှာ သေချာသလောက်ရှိလေသည်။
နောက်ဆုံးတွင်တော့ ရွှီချင်းဟွမ်က စားသောက်ပြီးသည်အထိ စားသောက်ဆိုင်ထဲတွင် တည်တည်ငြိမ်ငြိမ်နေရန် ဆုံးဖြတ်လိုက်လေတော့သည်။
မည်သို့ပင်ဖြစ်စေ အမြဲတစေ ဉာဏ်များနေတတ်သည့် သွေးဓားထဲမှ မိစ္ဆာသည် ယခုတော့ အလွန်ကြောက်ရွံ့နေခဲ့ လေပြီ။ ထိုသို့တွေးမိသည့်အခါတွင်တော့ ရွှီချင်းဟွမ်မှာ စိတ်ပူနေသည့်ကြားမှပင် အကျေနပ်ကြီးကျေနပ်နေမိလေ တော့သည်။
မိစ္ဆာကောင်သည် ပြီးပြည့်စုံသူတစ်ယောက်မဟုတ်ဘဲ ဒေါသ ၊ အကြောက်တရား ၊ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု စသည့် စိတ်ခံစားချက်များရှိနေသည်ကို သိလိုက်ရခြင်းက သူ့အတွက် အကျိုးရှိလေသည်။ မိစ္ဆာ၏ အားနည်းချက်ကို သိရှိထားပြီဖြစ်သည့်အတွက် နောင်တစ်ချိန်တွင် မိစ္ဆာ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေနိုင်မည် ဖြစ်လေသည်။
ထိုအကြောင်းကို စဉ်းစားမိသည့်အခါတွင်တော့ ရွှီချင်းဟွမ်သည် အတော်အတန် တည်ငြိမ်သွားလေသည်။
ထိုအချိန်မှာပင်…
မည်သူမှ သတိမထားမိဘဲ ဆန်းလျန်သည် ကောင်တာနားမှ ပျောက်ကွယ်သွားလေသည်။
အမှန်တော့ ဆန်းလျန်က ကောင်တာနားတွင် ရပ်နေဆဲ ဖြစ်လေသည်။ သို့သော်… အခြားသူများက သူ့ကို မြင်တွေ့ နိုင်ခြင်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သီးခြားနေရာတစ်ခုသို့ ရောက်ရှိသွားသောကြောင့် ဖြစ်လေ၏။
ဆန်းလျန်၏ရှေ့တွင် အလင်းရောင်များထွက်ပေါ်လာပြီး အလင်းရောင်များအတွင်းမှ မျက်နှာတစ်ခု ပေါ်လာလေသည်။ ထိုသူမှာ သွေးဓားထဲမှ မိစ္ဆာပင် ဖြစ်လေ၏။
ရွှီချင်းဟွမ် အတွေးများနေစဉ်မှာပင် ဆန်းလျန်က သွေးဓားထဲမှ မိစ္ဆာကို ခေါ်ထုတ်လိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က…
"မင်းက ကျုပ်ကို သိနေတာလား…"
မိစ္ဆာက ကြောက်ကြောက်လန့်လန့်ဖြင့် ပြုံးလိုက်ရင်း…
"ချင်းရှကျန်းရန်နတ်ဘုရားက ကျုပ်လိုသေးငယ်တဲ့မိစ္ဆာလေးကို ဘယ်မှတ်မိတော့မှာလဲ…"
ဆန်းလျန်က…
"ကျုပ် အတိတ်မေ့နေတာ ၊ ဒါကြောင်း မင်းများ ကျုပ်ကိုသိနေသလားလို့ မေးကြည့်တာ…"
မိစ္ဆာက…
"ချင်းရှကျန်းရန်နတ်ဘုရားလို ပုဂ္ဂိုလ်မျိုးက အတိတ်မေ့နေတယ်တဲ့လား…."