← Chapters

အတိတ်မှတ်ဉာဏ်များသည်စီးဆင်းသွားသည့်ရေပမာ

Vol. 8 Ch. 754

အတိတ်မှတ်ဉာဏ်များသည်စီးဆင်းသွားသည့်ရေပမာ

Vol. 8 Ch. 754

မိစ္ဆာထံမှ စကားကိုကြားလိုက်ရသည့်အခါ ဆန်းလျန်၏မျက်ဝန်းများ လက်ခနဲ တစ်ချက်တောက်ပသွားလေသည်။

ဆန်းလျန်၏ မျက်ဝန်းများမှာ ကြယ်စင်အလားတောက်ပလာပြီး မိစ္ဆာ၏ အတွင်းစိတ်ကို ထိုးဖောက်သိမြင်နေသည့် အလားပင်။

မိစ္ဆာ အံ့သြမှင်တက်နေသည့်အခိုက်အတန့်မှာပင် ဆန်းလျန်၏ မျက်လုံးများက ပြန်လည် မှေးမှိန်သွားလေသည်။

ဆန်းလျန်က…

"ကျုပ်သိချင်တာတွေ သိပြီးသွားပါပြီ ၊ မင်းက တကယ်ပဲ ကျုပ်ကို သိနေတာပဲကိုး ၊ လောကကြီးက အံ့သြစရာ ကောင်းလိုက်တာ ၊ မင်းနဲ့ ကျုပ်က ပတ်သက်ခဲ့ဖူးတယ် ၊ ဒါပေမယ့် ဒီလောက် နှစ်ပေါင်း သောင်းနဲ့ချီကြာမှ ပြန်တွေ့ကြရတယ်နော် ၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကြာတဲ့အချိန်တုန်းက မင်းသိခဲ့တဲ့ ကျုပ်နဲ့ အခု ကျုပ်က တော့ တူပါတော့မလားဆိုတာ ပြောရခက်တယ်…"

မိစ္ဆာက…

"ချင်းရှကျန်းရန်နတ်ဘုရားက ကျုပ်ရဲ့မှတ်ဉာဏ်တွေကို ထွင်းဖောက်ကြည့်လိုက်တာလား…"

ဆန်းလျန်က…

"အမှန်ပဲ ၊ ဒါပေမယ့် စိတ်မပူပါနဲ့ ၊ ကျုပ်နဲ့ ပတ်သက်တဲ့အပိုင်းကိုပဲ ရွေးပြီးကြည့်လိုက်တာပါ ၊ လက်စသတ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းနဲ့ချီတဲ့အချိန်တုန်းက ကျုပ်က ချင်းရွှမ်နတ်တံခါးဆိုတဲ့ နတ်ဘုရားကျောင်းတော်ရဲ့ ဂိုဏ်းချုပ်တစ်ယောက်ပဲ ၊ ချင်းရွှမ်နတ်တံခါးရဲ့ အနွယ်တော် ဂိုဏ်းခွဲတွေက သေစေခြင်းကျောင်းတော်နဲ့ ရှင်သန်စေခြင်းကျောင်းတော်ပဲ ၊ ဒါပေမယ့်… နှစ်တွေအများကြီးကြာခဲ့ပြီးတဲ့နောက်… အခုအချိန်ကျတော့ သေစေခြင်းကျောင်းတော်နဲ့ ရှင်သန်စေခြင်းကျောင်းတော်က ကျင့်ကြံခြင်းလောကမှ ရှိနေပြီး ချင်းရွှမ်နတ်တံခါး ဆိုတာက ပျောက်ကွယ်သွားပါလား ၊ ပြီးတော့ မင်းရဲ့မှတ်ဉာဏ်တွေထဲမှာလည်း ယန်ရွှီးနဲ့ ကျုပ် တိုက်ခိုက်ပြီးတဲ့ နောက် ကျုပ်ရော ယန်ရွှီးရော ပျောက်ကွယ်သွားခဲ့တယ်ဆိုတဲ့အထိပဲ သိရတယ် ၊ ပြီးတော့ အဲဒီအချိန်တုန်းက ကျုပ်က မိုးကောင်းကင် နတ်ဘုရားတစ်ပါးတောင် မဖြစ်သေးဘူး ၊ အခုထက် အများကြီးအဆင့်နိမ့်နေတယ် ၊ နှစ်ပေါင်း သောင်းနဲ့ချီတဲ့ အချိန်အတောအတွင်း ကျုပ်ဘာတွေများ ဖြစ်ပျက်ခဲ့သေးတာလဲ မသိဘူး ၊ ဘာကြောင့် ကျုပ်ရဲ့ တန်ခိုးစွမ်းအားတွေလည်း အရမ်းမြင့်တက်လာခဲ့တာလဲ မသိဘူး…"

မိစ္ဆာသည်ကား အမှောင်မိစ္ဆာသခင် ယန်ရွှီး၏ နောက်လိုက်တစ်ယောက် ဖြစ်လေရာ သူ့အနေဖြင့် ဆန်းလျန်ကို သိရှိနေသည်မှာ မဆန်းပါပေ။

သို့သော်… ထူးဆန်းသည့်အချက်တစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့လေသည်။

မိစ္ဆာထံမှ သိရှိလိုက်ရသည့် အတိတ်အဖြစ်အပျက်များသည် ထူးဆန်းလှစွာပင် ဆန်းလျန်၏ ခေါင်းထဲမှ အလျှင်အမြန် ပြန်လည်ပျောက်ကွယ် နေခြင်းပင်ဖြစ်လေသည်။

ဆန်းလျန်သည် တန်ခိုးစွမ်းအားအလွန်မြင့်မားသူတစ်ယောက် ဖြစ်သော်လည်း ထိုသို့ အတိတ်ဖြစ်ရပ်များ ပြန်လည် ပျောက်ကွယ်နေသည်ကို တားဆီး၍မရနိုင်ခဲ့ပေ။ မည်သို့သော ထူးခြားဆန်းကျယ်မှုများ သူ့တွင် ဖြစ်ပျက်နေခဲ့ပါ သနည်း။

သို့သော်… သူ၏ မှတ်ဉာဏ်များ ချက်ချင်းပြန်လည်မေ့ပျောက်သွားသည်ဆိုသော်ငြား မိစ္ဆာထံမှ မှတ်ဉာဏ်များကို သူ ယခုပဲ ထွင်းဖောက်ကြည့်ခဲ့သည် ဆိုသည့်အချက်ကိုတော့ မေ့ပျောက်သွားခြင်း မရှိပေ။

ဆန်းလျန်၏ မှတ်ဉာဏ်များ ပြန်လည်ပျောက်ကွယ်သွားရခြင်းသည် ဆန်းလျန်နားမလည်နိုင်သည့် နိယာမတစ်ခုနှင့် ဆင်တူနေလေသည်။

စီးဆင်းနေသည့် ရေထဲတွင် တစ်စုံတစ်ယောက်က စုတ်တံဖြင့် စာရေးနေသကဲ့သို့ ဖြစ်လေသည်။ စာလုံးများကို ရေးသားနေသည့်တိုင် ရေကအဆက်မပြတ်စီးဆင်းသွားသည့်အတွက် သဲလွန်စမကျန် ပြန်လည် ပျောက်ကွယ်သွား ရသကဲ့သို့ ဖြစ်လေသည်။

မိစ္ဆာမှာလည်း စိတ်ရှုတ်ထွေးနေဟန် ရှိလေသည်။

ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားများကို အသုံးပြုကာ မိစ္ဆာ၏ မှတ်ဉာဏ်များကို ထပ်မံထွင်းဖောက်ကြည့်ရှုလိုက် ပြန်လေသည်။

သို့သော်… သူသိချင်သည့်အကြောင်းအရာများကို ထပ်မံသိမြင်ရခြင်း မရှိတော့ပေ။

ဆန်းလျန် နားလည်လိုက်သည့်အချက်မှာ မိစ္ဆာသည် သူနှင့်ပတ်သက်သည့် အတိတ်များကို သိရှိသူ ဖြစ်လေသည်။ သို့သော်… သူက မိစ္ဆာ၏ မှတ်ဉာဏ်များကို ထွင်းဖောက်ကြည့်ရှုလိုက်သည့်အချိန်တွင် သူ၏အတိတ်များကို ခဏသာ မှတ်မိလိုက်ပြီး ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

ထို့အတူ… သူ၏အတိတ်များသည် မိစ္ဆာ၏ မှတ်ဉာဏ်အတွင်းမှလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ပြဿနာ၏အရင်းအမြစ်သည် ဆန်းလျန်ကိုယ်တိုင်နှင့်သက်ဆိုင်နေခဲ့လေသည်။

အဘယ့်ကြောင့် ထိုသို့ ဖြစ်ရသည်ကို ဆန်းလျန် မသိပေ။

သို့သော်…လောကတွင် သူ့ကိုမှတ်မိသိရှိနေသည့် မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရခြင်းမှာ သူ့အကြောင်း သဲလွန်စ တစ်ခု ကျန်ရှိနေသေးသည်ဆိုသည့် အဓိပ္ပါယ်ပင်။ သူ့အကြောင်း သဲလွန်စများအားလုံး ပျောက်ကွယ်သွား ခဲ့ပြီဟု မဆိုသာပေ။ နတ်ဆိုးကဲ့သို့ အတိတ်ကို သိရှိနေမည့် နောက်တစ်ယောက် ရှိနေနိုင်သေး သည်။

သို့သော်… သူ့တွင် ဖြေရှင်းရမည့် ပြဿနာတစ်ခု ရှိလေသည်။ အတိတ်ကို ပြန်လည်သိရှိရသည့်တိုင် အဘယ့်ကြောင့် ပြန်လည်မေ့ပျောက်သွားရသနည်းဆိုသည့် အချက်ပင် ဖြစ်လေသည်။ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းကို သိရှိရန် လိုအပ်လေသည်။

အကြောင်းတစ်ခုတော့ ရှိရပေမည်။ ပြဿနာ၏ အရင်းအမြစ်ကို သိလျှင် ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေနိုင်မည် ဖြစ်လေ၏။

ဆန်းလျန် မျက်မှောင်များကို ကြုံ့ထားမိလေသည်။ မိုးနှင့်မြေတွင် သူကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ၏ အတိတ်ကို ဖျောက်ဖျက်ထားရန် မည်သို့သော နည်းလမ်းများကို အသုံးပြုထားပါသနည်း။

ထိုကဲ့သို့သော နည်းလမ်းသည် များများစားစားတော့ မရှိနိုင်ပေ။ ထို့ကြောင့် သူ့အနေဖြင့် သေချာပေါက် သိရှိအောင် စုံစမ်းရပေမည်။ အတိတ်ကိုပြန်လည်သိရှိရခြင်းကြောင့် အဆုံးသတ်တွင် မည်သို့သော အဖြစ်အပျက်များနှင့် ရင်ဆိုင်ရမည်ကိုတော့ ဆန်းလျန် ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိပေ။

ကောင်းချင်လည်းကောင်းမည် ၊ ဆိုးချင်လည်းဆိုးမည် ။ သို့သော်… သူ့ကိုယ်သူ ဘာမှန်းညာမှန်းမသိ အရာရာကို မေ့ပျောက်နေကာ မရေမရာ အသက်ရှင်သန်နေရန်မှာတော့ လုံးဝလက်မခံနိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်လေ၏။

မိစ္ဆာသည် စောစောကကဲ့သို့ အူကြောင်ကြောင် ပုံစံဖြစ်မနေတော့ဘဲ ဆန်းလျန်ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေလေ သည်။

မိစ္ဆာသည်လည်း တစ်စုံတစ်ခုကို တန်ပြန်ခံစားနေရသည်ကို ဆန်းလျန်ရိပ်မိလေသည်။ သို့သော်… သူ၏မှတ်ဉာဏ် ထဲမှ ဆန်းလျန်၏အကြောင်းများကတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် သူတို့ (၂)ယောက် ဆက်ပြောစရာ စကားမရှိတော့ပေ။

ဆန်းလျန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်လေရာ မိစ္ဆာသည် သွေးဓားအတွင်းသို့ ပြန်ရောက်သွားလေသည်။

ရွှီချင်းဟွမ်မှာ မိစ္ဆာထံမှ စကားပြောလာမည်လား စောင့်နေသည့်အချိန်မှာပင် မိစ္ဆာထံ မှ စကားသံ ထွက်ပေါ်လာလေ သည်။

"ကျုပ်ကို အခုပဲ အဲဒီလူ ခေါ်ထုတ်သွားတာ…"

မိစ္ဆာ၏စကားကြောင့် ရွှီချင်းဟွမ် ရင်ထဲတွင် မုန်တိုင်းများ တစ်ပတ်မွှေသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"မင်း ဘာတွေဖြစ်လာသေးလဲ…"

"ကျုပ် သူ့ကို ကောင်းကောင်းသိတယ် ၊ သူဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်းကိုပြောပြလို့တောင် မရနိုင်ဘူး ၊ စားပြီးရင် အမြန်သာပြန်တော့ ၊ နောက်ဘယ်တော့မှ ဒီဆိုင်ကို မလာနဲ့…"

ရွှီချင်းဟွမ်က…

"သူက ဘယ်သူလဲ…"

"ခုနတုန်းကအထိသိသေးတယ် ၊ အခု ဘာမှ မသိတော့ဘူး ၊ မင်းမေးတော့ ဘာဖြေရမှန်းတောင် မသိတော့ဘူး"

စားသောက်ဆိုင်မှ ပြင်ဆင်ပေးသည့် သေရည်ဖြင့်ပေါင်းထားသည့် ကြက်ပေါင်းသည် အလွန်မှ အရသာရှိလေသည်။ သို့သော်… ရွှီချင်းဟွမ်မှာတော့ ဘယ်သို့ ဘယ်ပုံ စားလိုက်မိမှန်းပင် မသိခဲ့ပေ။

စားသောက်ဆိုင်အတွင်းမှ ထွက်ခွာသည့်အခါတွင်တော့ ရွှီချင်းဟွမ်က ဆန်းလျန်ကို မျှော်လင့်ချက်များနှင့် ကြောက်ရွံ့မှုများ ရောပြွန်းနေသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်မိလေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုပုဂ္ဂိုလ်ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားလွန်းသူတစ်ယောက် ဖြစ်လာရန် ကြိုးစားမည်ဟုလည်း စိတ်ထဲတွင် သန္နိဌာန်ချလိုက်သည်။

ဆန်းလျန်ကတော့ ရွှီချင်းဟွမ်၏ အတွေးများကို အရေးမစိုက်ပေ။ မှတ်ဉာဏ်များပျောက်ကွယ်သွားသည့်ကိစ္စကို မည်သို့ပြုလုပ်ရမည်ကို အသည်းအသန် စဉ်းစားနေလေသည်။

နောက်ထပ်ဖြစ်နိုင်ချေတစ်ခုလည်း ရှိလေသည်။

ထိုအချက်မှာ သူ၏အတိတ်များမေ့ပျောက်သွားအောင် အခြားသူတစ်ယောက်ယောက်က ပြုလုပ်ခြင်း မဟုတ်ဘဲ သူကိုယ်တိုင်ပြုလုပ်လိုက်ခြင်းလည်း ဖြစ်နိုင်လေသည်။

သို့သော်… ထိုအချက်ကတော့ ဖြစ်နိုင်ချေ နည်းလေသည်။ သို့သော်… မဖြစ်နိုင်ဘူးလို့လည်း ပြော၍မရပြန်ပေ။

ထိုအချိန်မျာပင်… ကူးဝေေ၀က ဆန်းလျန်ထံသို့ လျှောက်လာလေသည်။

သူမထံမှ မွှေးပျံ့သည့် ကိုယ်သင်းရနံ့လေးက ပျံ့လွင့်နေပြီး သူမက ဆန်းလျန်၏ နားနားသို့ကပ်ကာ တိုးတိုးလေး မေးမြန်းလိုက်လေသည်။

"ဟို ဧည့်သည် (၂)ယောက် ပြန်သွားပြီးတဲ့နောက် နင့်ကြည့်ရတာ စိတ်မသက်မသာဖြစ်နေပုံရတယ် ၊ ဘာများဖြစ်လို့လဲ…"

ဆန်းလျန်က…

"ကျွန်တော့်အတိတ်နဲ့ပတ်သက်ပြီး သဲလွန်စနည်းနည်းသိလိုက်ရပြီ…"

ကူးဝေေ၀က ပထမတော့ အံ့သြသွားပြီး နောက်တော့ သူမ၏မျက်နှာလေးတွင် ဝမ်းနည်းရိပ်များယှက်သန်းသွားလေ သည်။

"တကယ်လား ၊ ဘာတွေများသိခဲ့ရလို့လဲ…"

ဆန်းလျန်က မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…

"အတိတ်နဲ့ပတ်သက်လို့တော့ ဘာမှ မသိလိုက်ရပါဘူး…"

ကူးဝေေ၀က…

"နင်ပြောတော့ သဲလွန်စရပြီဆို…"

ဆန်းလျန်က…

"အင်းလေ… ကျွန်တော် အစ်မကို လိမ်မပြောပါဘူး ၊ ဒါပေမဲ့ အဲဒီသဲလွန်စက သိမ်မွေ့သလို အန္တရယ်လည်းများ တယ်…"

ဆန်းလျန်၏စကားကြောင့် ကူးဝေေ၀က စိတ်ပူသွားပြီး…

"ငါ ဘာများကူညီပေးနိုင်မလဲဟင်…"

ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…

"ကျွန်တော်လည်း မသိသေးဘူး အစ်မရယ် ၊ အကူအညီလိုရင် အစ်မကို ပြောပါ့မယ်…"

ကူးဝေေ၀က လှပချိုမြစွာ ပြုံးလိုက်ရင်း…

"အားလျန် ၊ နင့်စိတ်ထဲမှာ ငါက နင့်ကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ် ၊ ဒါပေမယ့် တကယ်တမ်းမှာ ငါ ကူညီနိုင်မှာပါဟာ…"

ဆန်းလျန်က ခပ်တည်တည်ဖြင့်…

"အစ်မ ကျွန်တော့်ကို မကူညီနိုင်ဘူးလို့ မထင်ပါဘူးဗျာ ၊ လောကမှာ အိမ်သာသုံးစက္ကူတောင် သူ့နေရာနဲ့သူ အသုံးဝင်တာပဲဟာ…"

ဆန်းလျန်၏ စကားကြောင့် ကူးဝေေ၀ စိတ်ဆိုးမာန်ဆိုး နှုတ်ခမ်းစူလိုက်ပြီး…

"ရွံလိုက်တာဟယ်… ပေါက်ကရတွေ…"

ပြောပြီးသည်နှင့် သူမသည် ဆန်းလျန်ကို လက်သီးဖြင့် ထိုးလိုက်လေသည်။

သို့သော်… ဆန်းလျန်က သူမ၏ လက်သီးချက်ကို အခိုးအငွေ့ပမာ ပေါ့ပါးစွာ ရှောင်တိမ်းလိုက်ပါလေ၏။

ယနေ့တွင်တော့ … စားသောက်ဆိုင်သို့ ဟူတောက်တယ်နှင့် ရွှီချင်းဟွမ်တို့  (၂)ယောက်သာ လာခဲ့လေသည်။

ညအချိန် စားသောက်ဆိုင်မှ လူအားလုံး အိပ်စက်အနားယူကြသည့် အချိန်ရောက်တော့မှ ဆန်းလျန်နှင့် ကျွယ်ရှင်းတို့က ယွင်မုမြစ်ကမ်းသို့ ထွက်ခွာလာကြလေသည်။

သူတို့ (၂)ယောက် ယွင်မုမြစ်ကမ်းနံဘေးသို့ ရောက်သည့်အခါတွင်တော့ မြစ်ကမ်းဘေးမှ မက်မွန်သီးပင်သည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။

ကျွယ်ရှင်းက…

"ဟို သူတောင်းစားအဘိုးကြီး ထွက်ပြေးသွားပြီထင်တယ်…."

ဆန်းလျန်ကတော့ ယခင်က မက်မွန်သီးပင် တည်ရှိခဲ့ရာ နေရာကို စိုက်ကြည့်နေလေသည်။

ထိုနေရာတွင် တွင်းကြီးတစ်တွင်းဖြစ်နေပြီး တိုက်ခိုက်ထားသည့်လက္ခဏာလည်းမတွေ့ရပေ။

ဆန်းလျန်က…

"ဟယ်ရှန်းလည်း ဘာမှမဖြစ်ဘူး ၊ သစ်ခွပင်လည်း ဒီအတိုင်းရှိနေသေးတယ်…"

ဟယ်ရှန်းလည်းဘာမှမဖြစ်ဘဲ သစ်ခွပင်လည်း ထိုအတိုင်းရှိနေသေးသည်ကို ကျွယ်ရှင်းလည်း သတိပြုမိလေသည်။

ထိုသို့ဆိုလျှင် မက်မွန်သီးပင်က သူ့ဟာသူ လွတ်မြောက်သွားအောင် ကြံတောင် ထွက်ပြေးသွားလေသလား။ မက်မွန်သီးပင် လွတ်မြောက်သွားသည်ဆိုလျှင်တောင်မှ သူ့တစ်ယောက်တည်း စွမ်းအားနှင့်တော့ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ကျွယ်ရှင်းက…

"ဘာတွေဖြစ်သွားတာလဲ မသိဘူး…"

ဆန်းလျန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး…

"ကျိုးယီတောင်က ဖြစ်တည်လာတဲ့ ရာဇဝင်က ထူးဆန်းတယ် ၊ ဒီနေရာမှာ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိရမယ်…"

ဆန်းလျန်က ခဏရပ်လိုက်ပြီးမှ စကားဆက်ပြောလိုက်လေသည်။

"ဟယ်ရှန်းရောက်လာပြီ ၊ ဒီကိစ္စနောက်မှ ဆက်ပြောကြမယ်…."

All Chapters