← Chapters

တန်ခိုးစွမ်းအားစောင့်ကြည့်ခြင်းကျင့်စဉ်ကိုခိုးနားထောင်သည့်မျောက်

Vol. 8 Ch. 756

တန်ခိုးစွမ်းအားစောင့်ကြည့်ခြင်းကျင့်စဉ်ကိုခိုးနားထောင်သည့်မျောက်

Vol. 8 Ch. 756

ဟယ်ရှန်းသူ့အနားသို့ ချဉ်းကပ်လာသည်ကို တွေ့သည့်အခါ ကျွယ်ရှန်းက တစ်ချက်ရယ်မောလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်လေသည်။

ကျွယ်ရှင်း၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလေသည်။ နတ်ဘုရားတစ်ပါးမဟုတ်ဘဲ သူ့ကို နောက်ဆုတ်သွားနိုင် အောင်လုပ်နိုင်သူမှာ လောကတွင် ခပ်ရှားရှားပင် ဖြစ်လေသည်။

ယခုတော့ ဟယ်ရှန်းက ကျင့်စဉ်လမ်းကိုလျှောက်လှမ်းသည်မှာ (၁)လပင် မပြည့်သေးဘဲ သူ့ကို ခြေတစ်လှမ်း နောက်ဆုတ်အောင် ပြုလုပ်ခဲ့ပေပြီ။

ထို့နောက်… သူမသည် မြေပြင်ထက်တွင် ခြေတစ်ချက်စောင့်လိုက်ပြီး ကောင်းကင်ထက်သို့ ခုန်တက်သွားလေ သည်။

ကျွယ်ရှင်းကလည်း လေထဲသို့ လိုက်ပြီး ခုန်တက်လိုက်လေသည်။ သူတို့ (၂)ယောက် လေထဲတွင် ဆက်လက် တိုက်ခိုက်ကြလေသည်။

ကောင်းကင်ထက်တွင် လရောင်က တောက်ပနေပြီး လေပြေကလည်း တိုက်ခတ်လျှက် ရှိလေသည်။ အလွန်မှ ကဗျာဆန်လှသည့် ရှုမျှော်ခင်းပင်။

သို့သော်… ဟယ်ရှန်းမှ လှပသည့်ရှုမျှော်ခင်းကို ခံစားနေရန် အချိန်မရပေ။ လေထဲတွင် ကြာပွတ်သည် ဘက်ပေါင်း စုံမှ ဝင်ရောက်လာလေသည်။ ထို့ကြောင့် ရှောင်တိမ်းရန်မှာ ခက်ခဲလွန်းလေသည်။

သူမသည် ကြာပွတ်ကို အာရုံမခံနိုင်တော့သည်သာမက ကောင်းကင်ထက်တွင် လှုပ်ရှားမှုပြုလုပ်ရသည်ကလည်း ခက်ခဲလေသည်။

လူးလွန့်နေသည့် ကြာပွတ်က လာလိုက်သွားလိုက်ဖြင့် ဟယ်ရှန်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြာပွတ်ဖြင့် (၆)ချက် အရိုက်ခံလိုက်ရလေသည်။ နာကျင်လွန်းသည့်အတွက် သူမ မျက်ရည်များပင် ကျလာမိသည်။

ဤစမ်းသပ်မှုက သူမခံနိုင်ရည်ရှိသည်ထက် ကျော်လွန်နေလေသည်။ သူမသည် ကျွယ်ရှင်းထံမှ မိစ္ဆာစွမ်းအားများကို ခံစားလိုက်မိလေသည်။ ကျွယ်ရှင်း၏ ရိုက်ချက်များက ညှာတာမှုမရှိဘဲ ပြင်းထန်လွန်းလှလေသည်။ ထို့ကြောင့် သူမ ခံနိုင်ရည် မရှိတော့ပေ။

အမှန်တော့ ကျွယ်ရှင်းက ထိုသို့ မညှာတာတတ်သည့်အတွက် ဆန်းလျန်က ဟယ်ရှန်းကို သင်ပြပေးရန် ပုဂ္ဂိုလ်ရေးအရ အကူအညီတောင်းခဲ့ခြင်း ဖြစ်လေသည်။ အနည်းဆုံးတော့ ကျင့်ကြံသူများ တိုက်ခိုက်ကြသည့်အခါ ရန်သူဘက်ကတော့ သက်ညှာမည် မဟုတ်ပေ။

ရန်သူက တိုက်ခိုက်သည့်အခါတွင် ကိုယ်က ခံနိုင်သည်ဖြစ်စေ မခံနိုင်သည်ဖြစ်စေ သက်ညှာမည် မဟုတ်ပေ။

ယခုတော့ ဟယ်ရှန်းသည် မည်သို့ ရှောင်တိမ်းရမည်ကို လုံးဝမသိတော့ပေ။

ဆန်းလျန်က ဒီအတိုင်းထိုင်ကြည့်မနေပါ။ သူက ထိုင်နေရင်း ကျမ်းစာတစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။ ထိုကျမ်းစာရွတ်သံသည် တိမ်နှင့်လေမှတစ်ဆင့် ဟယ်ရှန်း၏ နားထဲသို့ ဝင်ရောက်လာလေသည်။

ထိုကျမ်းစာမှာ ဆန်းလျန် ဟယ်ရှန်းကို ပထမဆုံးသင်ကြားပေးသည့် တန်ခိုးစွမ်းအား ကျင့်စဉ် ဖြစ်လေသည်။

အမှန်တော့ ဆန်းလျန်အနေဖြင့် ဟယ်ရှန်းကို သင်ပြပေးရန် လောလောဆယ်ရည်ရွယ်ချက် မရှိသေးပေ။ သို့သော် ယခု သင်ပြပေးလိုက်သည်က ဆန်းလျန် စိတ်ပြောင်းသွားသောကြောင့် မဟုတ်ပါ။ သူက ဟယ်ရှန်းလက်တွေ့အသုံး ချနိုင်ရန် ရည်ရွယ်ပြီး သင်ပြပေးလိုက်ခြင်း ဖြစ်လေသည်။

တန်ခိုးစွမ်းအားများအကြောင်းပြောမည်ဆိုလျှင် ဆန်လျန်းကဲ့သို့ လေ့လာအားကောင်းသူ ခပ်များများ မရှိပေ။ အခြားသူများ ချန်ထားခဲ့သည့် ကျင့်စဉ်များကို ကျင့်ကြံကြသည့်သူများက အများစု ဖြစ်လေသည်။

ဆန်းလျန်သည် တန်ခိုးစွမ်းအားကို လေ့လာသည့်နေရာတွင် နတ်မျက်စိအရှင် ချင်းယွမ်မြောင်တောက်နှင့်ပင် ကောင်းကောင်း ယှဉ်နိုင်လေသည်။

ဆန်းလျန်က ဟယ်ရှန်းကို တန်ခိုးစွမ်းအားစောင့်ကြည့်ခြင်း ကျင့်စဉ်ကို သင်ပြပေးနေခြင်း ဖြစ်ပြီး ထိုကျင့်စဉ်က လောကမှ တန်ခိုးစွမ်းအားများကို (၈)ပိုင်း ခွဲခြားသိမြင်နိုင်လေသည်။

ထို (၈)ပိုင်းမှာ ဒြပ်စင်စွမ်းအား (၈)မျိုးဖြစ်သည့် ကောင်းကင် ၊ မြေကြီး ၊ တောင် ၊ ရေ ၊ မီး ၊ လေ ၊ မိုးကြိုး နှင့် ရွှံ့နွံတို့ ဖြစ်လေသည်။ ထိုဒြပ်စင်စွမ်းအားများက လောကရှိ ဖြစ်တည်မှုတိုင်း၏ အခြေခံဖြစ်သလို ကျင့်ကြံခြင်း၏ အခြေခံလည်း ဖြစ်လေသည်။

ဒြပ်စင်စွမ်းအား (၈)မျိုး ပြောင်းလဲဖြစ်တည်မှုကြောင့် လောကရှိအရာအားလုံး ဖြစ်တည်လာရခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဟယ်ရှန်းကို ဆန်းလျန် သင်ပြပေးနေသည့် တန်ခိုးစွမ်းအားကျင့်စဉ်သည် သာမန်ကျင့်စဉ်တစ်ခု မဟုတ်ဘဲ တစ်ဘဝလုံး အသုံးပြုသွားနိုင်သည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

သို့သော်… ဆန်းလျန်ကတော့ တပည့်မလေးကို ထိုမျှ ရှည်ရှည်ဝေးဝေး ရှင်းမပြခဲ့ပေ။

ဆန်းလျန်သည် ကျမ်းစာကို ရွတ်ဖတ်ပြီးသွားသည်နှင့် ဟယ်ရှန်းက ချက်ချင်း သဘောပေါက်နားလည်ခြင်း မရှိသေးပေ။ သို့သော်… သူမ၏ပတ်ဝန်းကျင်မှ အရာဝတ္ထုများကို ရှုမြင်သည့်အမြင်တော့ ပြောင်းလဲသွားလေသည်။ သူမ၏စိတ်ထဲတွင် ကျမ်းစာကို အသေးစိတ်သိမြင်နားလည်ခြင်း မရှိသေးသော်လည်း အသစ်သော နားလည်မှု တစ်ခုကို သိရှိလိုက်ရလေသည်။

ဆန်းလျန် ကျမ်းစာရွတ်ပြီးသွားသည်နှင့် ကျွယ်ရှင်းနှင့်ဟယ်ရှန်းကို အရေးမစိုက်တော့ပေ။

သူသည် နေရာမှ ပျောက်ကွယ်သွားပြီး မိုင်ပေါင်းထောင်နှင့်ချီသည့် နေရာတစ်ခုတွင် ရုတ်တရက်ပြန်ပေါ်လာလေ သည်။

ဆန်းလျန်သည် တောင်တစ်တောင်ထက်မှ တောအုပ် (၁)ခုရှေ့တွင် ရောက်နေလေသည်။ တောအုပ်လေးက စိမ်းလန်းစိုပြေလှလေသည်။

ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…

"ဒီလောက်မိုင်ထောင်ချီဝေးတဲ့နေရာကနေ ကျုပ်ရဲ့သင်ပြပေးနေမှုကို ခိုးပြီးနားထောင်နေမယ်လို့ ထင်မထားမိဘူး ၊ ထွက်လာစမ်း… မင်းဘယ်သူလဲဆိုတာနဲ့ ဘယ်လောက်တန်ခိုးစွမ်းအားမြင့်မားသလဲဆိုတာ ကြည့်ရအောင်…"

ဆန်းလျန်စကားဆုံးသွားသော်လည်း တောအုပ်အတွင်းမှ မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။

ဆန်းလျန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး တောအုပ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

တောအုပ်အတွင်းသို့ ဝင်သွားသည်နှင့် မြင့်မားသောသစ်ပင်ကြီးများ ၊ အဆိပ်ပြင်းသည့်မြွေများ ၊ သားရဲများနှင့် သစ်ကိုင်းသစ်ခက်များသည် ဆန်းလျန်ကို ထိခိုက်နိုင်ခြင်း မရှိပေ။ တောအုပ်ထဲတွင် မည်သည့်အရိပ်အယောင်မှ မတွေ့ရပေ။

သစ်ပင်အိုကြီးတစ်ပင်အောက်သို့ ဆန်းလျန် ရောက်ရှိလာလေသည်။ သူက ရေကဲ့သို့ ကြည်လင်သည့် လက်သီးချက်တစ်ချက်ဖြင့် သစ်ပင်အိုကြီးကို ထိုးချလိုက်လေသည်။

ထိုအခါ သစ်ပင်ထက်မှ မျောက်အော်သံတစ်ချက် ထွက်ပေါ်လာပြီး မျောက်တစ်ကောင် ခုန်ထွက်လာလေသည်။ မျောက်က ဆန်းလျန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ အခြားသစ်ပင်တစ်ပင်သို့ ခုန်ကူးသွားလေသည်။

ဆန်းလျန်မှာ အနည်းငယ် အံ့အားသင့်သွားလေသည်။ သူ၏ တိုက်ခိုက်မှုကို ထိုမျောက်က ရှောင်တိမ်းနိုင်လိမ့်မည် ဟု ထင်မထားခဲ့မိပေ။

ဆန်းလျန်က…

"ကြည့်ရတာ မင်းက မိုးနဲ့မြေမှာ တခြားသတ္တဝါတွေနဲ့ မတူတဲ့သတ္တဝါတစ်ကောင် ဖြစ်ပုံရတယ် ၊ ကျုပ် မျှော်လင့် မထားမိဘူး ၊ ဒါပေမယ့် မင်းဘာလို့ ထွက်ပြေးနေရတာလဲ ၊ ကျုပ်ရောက်လာပြီဆိုမှတော့ မင်း ဘယ်လိုလုပ် ပြေးလို့ လွတ်မှာတဲ့လဲ…"

ဆန်းလျန်က အင်္ကျီလက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်လေရာ ရေကဲ့သို့ ကြည်လင်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းက သစ်ပင်နောက်မှ မျောက်ကို ထိမှန်သွားလေရာ မျောက်အော်သံ တစ်ချက် ထွက်ပေါ်လာပြန်လေသည်။

ချက်ချင်းပင်…

မျောက်တစ်ကိုယ်လုံး ရေများစိုစွတ်သွားပြီး အမွှေးများမှာလည်း မီးလောင်ကျွမ်းသွားရလေသည်။ အသားများမှာ လည်း မီးလောင်သည့်အနံ့များ ထွက်ပေါ်လာလေသည်။

ဆန်းလျန်တိုက်ခိုက်လိုက်သည့်တန်ခိုးစွမ်းအားမှာ အပြင်ပန်းကြည့်လျှင် ရေဟုထင်ရသော်လည်း အတွင်းထဲတွင် မီးတန်ခိုးစွမ်းအား ပါရှိလေသည်။

ရေသည် ဟန်ပြသာဖြစ်ပြီး မီးကတော့ သစ်ပင်နောက်မှ မျောက်ကို တိုက်ခိုက်ရန် အဓိက ရည်ရွယ်ရင်းဖြစ်လေ သည်။

နောက်ဆုံးတော့ မျောက်သည် သစ်ပင်နောက်မှ ထွက်လာလေသည်။ မျောက်သည် မွေးရာပါ သစ်သား တန်ခိုးစွမ်းအားရှိဟန် တူလေသည်။ ထို့ကြောင့် ဆန်းလျန်၏ မီးတန်ခိုးစွမ်းအားနှင့် ထိတွေ့သည့်အခါ လျှင်မြန်စွာ လောင်ကျွမ်းသွားရခြင်း ဖြစ်လေ၏။

ထို့ပြင်… ဆန်းလျန်၏ ရေမီးပေါင်းစပ်ထားသည့် တန်ခိုးစွမ်းအားက အလွန်မှ ပြင်းထန်လေရာ မျောက်မှာ ဆန်းလျန်ကို ဆက်ပြီးမဆန့်ကျင်ဝံ့တော့ပေ။

မျောက်သည် မြေပြင်ထက်သို့ ခုန်ချလာပြီး သစ်ရွက်ကြွေများ ၊ သစ်ကိုင်းခြောက်များဖြင့် ဖုံးလွှမ်းနေသည့် မြေပြင်ထက်တွင် လူးလှိမ့်အော်ဟစ်နေလေသည်။ အတန်ကြာမှ အော်ဟစ်ခြင်း ရပ်တန့်သွားလေသည်။

"အစကတည်းက ကျုပ်စကားနားထောင်ရင် ခုလိုဖြစ်မှာမဟုတ်ဘူး…"

မျောက်က တစ်ချက်ညည်းညူလိုက်ပြီး မျက်ရည်များဝိုင်းနေသည့် မျက်ဝန်းဖြင့် ဆန်းလျန်ကို မော့ကြည့်လိုက်သည်။  သူ့ကို ထပ်ပြီးအပြစ်မပေးပါရန် ဆန်းလျန်ကို တောင်းပန်နေသည့်အလားပင်။

ဆန်းလျန်က မျောက်ကို ထပ်ပြီး စကားမပြောတော့ပါ။ သူက မျောက်ကို သေသေချာချာ ဂရုစိုက်ပြီး လေ့လာလိုက် လေသည်။

မျောက်မှာ တစ်ကိုယ်လုံး မီးခိုးရောင်အမွှေးများနှင့်ဖြစ်ပြီး တောအုပ်ထဲတွင် မြင်သာထင်သာ သိပ်မရှိနိုင်ပေ။ ထင်ရှားသည့်အရာမှာ မျောက်၏မျက်လုံးများ ဖြစ်လေသည်။ မျက်လုံးတစ်ဝိုက်တွင် ရွှေရောင်အမွှေးများဖြင့် ဝန်းရံထားလေသည်။ မျက်လုံးများက ပြူးကျယ်ခြင်းမရှိသော်လည်း နက်ရှိုင်းမှုများဖြင့် ပြည့်နေလေ၏။

သူ၏ပုံစံမှာ အပြစ်လုပ်ထားပြီး လူမိသွားသည့် ကလေးငယ်တစ်ယောက်နှင့်ပင် ဆင်တူလေသည်။

သို့သော် ထိုမျောက်၏ ဇာစ်မြစ်ကို ဆန်းလျန် သိမြင်ရခြင်း မရှိပေ။ ထိုမျောက်သည် သူ၏သင်ပြပေးမှုကို မိုင်ထောင်ပေါင်းများစွာအဝေးမှ လှမ်းနားထောင်နေသည်ကို ဆန်းလျန်သည်ပင် ချက်ချင်း မရိပ်မိခဲ့ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုမျောက်သည် အလွန်မှ ထူးခြားဆန်းကျယ်သည်ကို ပြသနေလေသည်။

မိုးမြေမှ ကောင်းချီးပေးခံရသည့် ဤသို့သော သတ္တဝါလေးများသည် မွေးရာပါတန်ခိုးစွမ်းအားများ ပါရှိသည့်တိုင် ကျင့်စဉ်လမ်းတွင်တော့ အောင်မြင်မှုရနိုင်ရန် ခဲယဉ်းလေသည်။ စစ်မှန်သည့် ကျင့်စဉ်ကိုသာမကျင့်ကြံနိုင်ပါက သူတို့တွင်ပါရှိသည့် မွေးရာပါတန်ခိုးစွမ်းအားများပင် အလကားဖြစ်သွားရပေလိမ့်မည်။

ထို့ကြောင့် ကျင့်ကြံရသည်မှာ ခက်ခဲသည့်အတွက် အရဲစွန့်ကာ ဆန်းလျန်၏ သင်ပြပေးမှုကို ခိုးပြီးနားထောင်မိခြင်း ဖြစ်လေသည်။

မျောက်၏အတွေးများကို သိလိုက်ရသည့်အခါတွင်တော့ ဆန်းလျန် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

"မင်းတို့လို သတ္တဝါမျိုးတွေက တာအိုကျင့်ကြံသူဖြစ်လာဖို့ လွယ်ကူမှာ မဟုတ်ဘူး ၊ ပြီးတော့ ကျုပ်သင်ပေးနေတာကို မင်းခိုးပြီးနားထောင်နေတယ်ဆိုတာ သိလိုက်ရချင်းချင်းမှာပဲ ကျုပ်က သင်ပေးတာကို ရပ်လိုက်ပေမယ့် မင်းက နားထောင်ပြီးသွားပြီ ၊ ဒီတော့ မင်းနဲ့ကျုပ်ဟာ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်မိသွားကြပြီ ၊ ဒီတော့ နောက်ဆိုရင် ကျုပ်သင်ပြပေးတဲ့အချိန်တွေမှာ မင်းနားထောင်ချင်တယ်ဆိုရင် နားထောင်ခွင့်ပြုတယ်…"

သို့သော်… ထိုမျောက်သည် အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်သည်ဟုလည်း ဆန်းလျန်က ခန့်မှန်းလိုက်မိလေသည်။ သူက ပြဿနာကို ကြောက်သူမဟုတ်သော်လည်း ပြဿနာဖြစ်ချင်သူတစ်ယောက် မဟုတ်ပေ။

ထို့ကြောင့် ဆန်းလျန်က ဆက်ပြောလိုက်သည်။

"အဲဒီလိုဆိုရင် နောင်တစ်ချိန်မှာ မင်းအနေနဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခုအထိတော့ အောင်မြင်မှုရလာမှာပဲ ၊ အဲဒီလို အောင်မြင်လာတဲ့အခါကျရင်  မင်းဘာပဲလုပ်လုပ် မင်းက ကျုပ်တပည့်ဆိုတဲ့အကြောင်းကို ထုတ်မပြောပါနဲ့ ၊ ပြောခဲ့လို့ရှိရင် ကျုပ်လည်း သိသွားမှာပဲ ၊ အဲဒီအချိန်ကျ မင်းဘယ်နေရာမှပဲရှိနေပါစေ မင်းရဲ့ကျင့်ကြံခြင်းတွေ အားလုံးကို ဖျက်စီးပစ်မယ် ၊ မင်းရဲ့ဝိညာဉ်ကိုလည်း နှုတ်ယူပြီး အသူရာချောက်ကိုးထပ်ကို ပို့ပစ်မယ်…"

ထိုသို့ပြောပြီးသည်နှင့် ဆန်းလျန်က ရယ်မောလိုက်မိလေသည်။

အဘယ်ကြောင့်ဆိုသော် ဤသို့သောအဖြစ်အပျက်တစ်ခုကို ရင်းနှီးနေသောကြောင့် ဖြစ်လေသည်။ သို့သော်… သေသေချာချာ စဉ်းစားကြည့်လိုက်သည့်အခါတွင်လည်း မည်သည့်အရာကိုမှ မမှတ်မိပြန်ပေ။ ကြည့်ရသည်မှာ အတိတ်က အဖြစ်အပျက်တစ်ခုုခုနှင့် ပတ်သက်နေဟန် ရှိလေသည်။

ယခုအချိန်တွင်တော့ သူမှတ်မိဦးမည်မဟုတ်ပေ။

သူ ယခုပြောနေသည့် စကားများသည် တာအိုဆရာတစ်ယောက်က မျောက်တစ်ကောင်ကို ပြောနေသည့် စကားများနှင့် ခပ်ဆင်ဆင်ဖြစ်နေလေသည်။ ကြည့်ရသည်မှာ ထိုတာအိုဆရာကလည်း ဖြစ်လာမည့် အကျိုးဆက်ကို ခန့်မှန်းနိုင်သည့်အတွက် တားဆီးခဲ့ခြင်း ဖြစ်ဟန်တူလေသည်။

All Chapters