ကျီမော့တောင်ကဖန်ဆင်းရှင်
Vol. 8 Ch. 757
ဆန်းလျန်၏ စကားများကို ကြားသည့်အခါတွင်တော့ မျောက်က ဝမ်းသာအားရဖြင့် မြေကြီးနှင့်ခေါင်းနှင့် အကြိမ်ကြိမ် ထိကာ ဆန်းလျန်ကို ဦးချကန်တော့လေတော့သည်။
ဆန်းလျန်က ထိုမျောက်ကို သူ၏တပည့်ရင်းအဖြစ် မသတ်မှတ်သော်လည်း သူသင်ပေးသည့် ကျင့်စဉ်ကို ခိုးပြီးနား ထောင်သည့်အတွက် အပြစ်မပေးသည့်အပြင် နောင်အချိန်များတွင်လည်း နားထောင်ခွင့်ပြုခဲ့လေသည်။ ဤအချက်မှာ သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့လေပြီ။
မျောက်သည် မွေးကတည်းက အခြားသော တောတောင်ရေမြေများဆီသို့ လျှောက်သွားဖူးခြင်း မရှိပေ။ လောကနတ်ဘုရားများပြောကြားသည့် စကားများကိုသာ ဟိုနည်းနည်း ဒီနည်းနည်း ခိုးပြီးနားထောင်ခဲ့ဖူးလေသည်။
သို့သော်… သူ့လိုသတ္တဝါကို မည်သူမှ တပည့်အဖြစ် လက်မခံလိုကြပေ။ သူ့တွင် မွေးရာပါ တန်ခိုးစွမ်းအား ပါရှိသော်လည်း မည်သူမှ အသိအမှတ်မပြုကြပေ။ သို့ရာတွင် မွေးရာပါတန်ခိုးစွမ်းအား ပါရှိမှုကြောင့်ပင် အမှန်တရား အတော်များများကို နားလည်နိုင်သည့်အတွက် ဘေးအန္တရယ်များစွာကို ရှောင်တိမ်းနိုင်ပြီး ယနေ့အထိ အသက်ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သူသည် အတွေ့အကြုံအရ ဆန်းလျန်သည် မည်မျှ တန်ခိုးစွမ်းအား မြင့်မားသည်ကို ခံစားမိလေသည်။ သူက ဆန်းလျန် သူ့ကို လျစ်လျူရှုထားမည်ကို စိတ်ပူသည့်အတွက် ဆန်းလျန်ကို လေးလေးစားစား ဦးချကန်တော့နေရခြင်း ဖြစ်လေသည်။
မျောက်၏အမူအရာကြောင့် ဆန်းလျန် မပြုံးဘဲ မနေနိုင်တော့ပေ။
"မျောက်စုတ်… အဲဒီလောက်ပျော်နေဖို့ လိုလို့လား…"
ဆန်းလျန်၏ စကားကိုကြားသည့်အခါ မျောက်က ဆန်းလျန်အနားသို့ တိုးကပ်လာပြီး ဆန်းလျန်၏ အင်္ကျီစကိုဆွဲကာ တခိခိဖြင့် ရယ်မောလိုက်လေသည်။
မျောက်ကို ကြည့်ရသည်မှာ အလွန်အမင်း ပျော်ရွှင်နေဟန် ရှိလေသည်။ သို့သော် ဆန်းလျန်ကတော့ အရေးမစိုက် ခပ်တည်တည်အမူအရာဖြင့် မသိချင်ယောင် ဆောင်နေလိုက်လေသည်။
သို့သော်… ထူးဆန်းသည့်မျောက်တစ်ကောင်၏ စိတ်ထားရိုးရှင်းပြီး ဖြူစင်မှုက ဆန်းလျန်ကို အနည်းငယ် စိတ်လှုပ်ရှား သွားစေလေသည်။
ထို့ကြောင့် ဆန်းလျန်က သူ၏ဆံပင် (၃)ချောင်းကို နှုတ်ယူလိုက်ပြီး မျောက်၏ခေါင်းအနောက်ဘက်တွင် စိုက်ပေးလိုက်ကာ မျောက်မွှေးအဖြစ်သို့ ပြောင်းလဲပေးလိုက်လေသည်။
ဆန်းလျန်က နူးညံ့သည့်လေသံဖြင့်…
"ဒီ အမွှေး (၃)ချောင်းက မင်းအသက်ကို (၃)ကြိမ်တိတိ ကယ်ပေးလိမ့်မယ်…"
မျောက်ကတော့ အပျော်လွန်လျှက်ရှိလေသည်။
မည်သည့်နေရာမှ သင်ခဲ့မှန်းမသိသည့်လူတို့၏ အမူအကျင့်အတိုင်း ဆန်းလျန်ကို (၉)ကြိမ် (၉)ခါ (၃)ကြိမ်တိတိ ဦးချကန်တော့လိုက်လေသည်။ သူ၏နဖူးထက်တွင် ဖုံမှုန့်နှင့် သစ်ရွက်ခြောက်များ ကပ်နေလေတော့သည်။
ဆန်းလျန်က မျောက်၏ဂါရဝပြုမှုကို ခေါင်းတစ်ချက်ညိတ် အသိအမှတ်ပြုလိုက်ပြီး ပျောက်ကွယ်သွားလေတော့ သည်။
ထိုအချိန်မှာပင်….
ဟယ်ရှန်းနှင့် ကျွယ်ရှင်း၏ တိုက်ပွဲကတော့ ပြီးဆုံးသွားပြီ ဖြစ်လေသည်။
သူတို့က ဆန်းလျန်ပျောက်သွားသည့်အတွက် ရှာဖွေနေကြလေရာ ဆန်းလျန်ပြန်လာသည်ကို တွေ့လိုက်သည်နှင့် ပျော်ရွှင်သွားကြလေသည်။
ဆန်းလျန်က မျောက်အကြောင်းကို သူတို့ကို ပြောမပြခဲ့ပေ။
သူက ကျောက်ဆောင်တစ်ခုထက်တွင်ထိုင်လိုက်ကာ မဟာတာအိုလမ်းစဉ်အထိ ဦးတည်နိုင်သည့် ကျမ်းစာကို ဆက်ပြီး ရွတ်ဆိုပြနေလေသည်။
လောကတွင် "တာအိုတေချင်" ကျမ်းထက်ကောင်းမွန်သည့် တာအိုကျမ်းစာမရှိပေ။ တာအိုတေချင်သည် ဖြစ်တည်မှုများကို မရှောင်လွှဲဘဲ ဖော်ပြထားသည့် ကျမ်းစာတစ်ခု ဖြစ်လေသည်။
မိုးနှင့်မြေ ၊ တောင်နှင့်မြစ်ရေ ၊ ကျေးငှက်များနှင့်သားရဲ ၊ အင်းဆက်ပိုးမွှားများနှင့် ငါးများ အရာအားလုံးတွင် ထူးဆန်းမှုများကိုယ်စီ ရှိကြလေသည်။ ထိုအရာများထံမှ စစ်မှန်သည့်ကျင့်စဉ်များကို သိမြင်နိုင်လေသည်။
ဆန်းလျန် ကျမ်းစာရွတ်ဖတ်နေစဉ်တွင် ….
မိုင်ပေါင်းများစွာအဝေးရှိ ကျီမော့တောင်ထိပ်တွင်တော့ အခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပျက်နေခဲ့လေသည်။
မယ်တော်ဝမ်မူ ကျီမော့တောင်ဆီသို့ ထွက်ခွာသွားသည်မှာ (၁၈)ရက်တိတိပင် ကြာခဲ့ပြီ ဖြစ်လေသည်။
လွိလော်သည် မယ်တော်ဝမ်မူကို (၁၈)ရက်တိတိ တိမ်တိုက်ပင်လယ်ထက် ၊ လေဒဏ်မိုးဒဏ်များအောက်တွင် စောင့်နေခဲ့လေသည်။
မည်မျှစောင့်ရပါစေ သူမ ပင်ပန်းသည်ဟု မခံစားရပေ။ သို့သော်… သူမက မယ်တော်ဝမ်မူကို စိတ်ပူနေခဲ့လေသည်။ သို့သော်… မယ်တော်ဝမ်မူ၏ ခွင့်ပြုချက်မရဘဲ ကျီမော့တောင်သို့ လိုက်သွားရဲခြင်းလည်း မရှိပါပေ။
ကျီမော့တောင်ထိပ်တွင် မယ်တော်ဝမ်မူ မည်သူနှင့် သွားရောက်တွေ့ဆုံသည်ကို လွိလော် သိရှိခြင်း မရှိပေ။ သူမသိရှိသည်မှာ ကျီမော့တောင်သည် လော်ဝါဒတည်ထောင်သူဆရာသခင်၏ ဇာတိမြေဖြစ်ပြီး လော်ဝါဒဂိုဏ်းကြီး တည်ထောင်ခဲ့ရာ နေရာတစ်ခု ဖြစ်လေသည်။
ထို့ကြောင့် ရိုးရှင်းသည့်တောင်တစ်တောင်တော့မဖြစ်နိုင်ပေ။ တောင်ပေါ်တွင် အန္တရယ်တစ်စုံတစ်ခုရှိနေမည်ကတော့ သေချာလေသည်။
မယ်တော်ဝမ်မူသည် ကျီမော့တောင်မှ ယွီဟွာခန်းမဆောင်သို့ ရောက်ရှိနေလေသည်။ သူမက ယွီဟွာခန်းမထဲရှိ နေရာတစ်နေရာတွင် တင်ပျဉ်ခွေကာ ထိုင်လိုက်လေသည်။ ထိုအချိန်မှာပင် သူမ၏စိတ်သည် ဝိရောဓိ အခြေအနေသို့ ရောက်ရှိသွားလေတော့သည်။
သူသည် ယခင်ဘဝမှအရာအားလုံးနှင့် ယခုဘဝအရာအားလုံးကို တွေ့မြင်နေရလေသည်။ အချစ် ၊ အမုန်း ၊ ဝမ်းနည်းကြေကွဲမှု ၊ ခံစားချက်များအားလုံး (၁၈)ရက်အတွင်း အကုန်လုံးခံစားလိုက်ရလေသည်။
ချစ်ရသူများ၏သစ္စာဖောက်ခံရခြင်း ၊ ဝမ်းနည်းကြေကွဲရခြင်း ၊ အထီးကျန်ရခြင်း ၊ မထင်မှတ်စွာ နာကျင်ခံစားရခြင်း အရာအားလုံး သူ့သွေးကြောအတွင်းသို့ ဝင်ရောက်လာလေသည်။ ကြောက်မက်ဖွယ်ရာအကောင်းဆုံးမှာ ထိုအဖြစ်အပျက်များအားလုံးသည် သူမရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ ဖြစ်လေသည်။
"အချိန်က ဒဏ်ရာကို ကုစားပေးသည်"
ဆိုသည့် စကားပုံ ရှိလေသည်။ ထိုစကားပုံသည် မမှားသောစကားပုံတစ်ခုဖြစ်လေ၏။
သို့သော်… အချိန်တိုလေးအတွင်းမှာပင် နာကျင်ခံစားရမှုအား လုံးကို စုပြုံခံစားလိုက်ရမည် ဆိုလျှင်တော့ လူတစ်ယောက်သည် ရူးသွပ်သွားနိုင်လေသည်။
မယ်တော်ဝမ်မူသည်လည်း ထိုသို့သောအတွေ့အကြုံများ ကြုံတွေ့ခဲ့ဖူးလေသည်။
သူမ၏ ကျင့်ကြံခြင်းအစပိုင်းကာလများတွင် သူမသည် လောက၏ ဒုက္ခပင်လယ်ထဲတွင် ကောင်းကောင်း ကူးခတ်ခဲ့ရဖူးလေသည်။ သို့သော်… သူမ၏ အားသာချက်က တစ်စိတ်တည်းထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် မည်သည့်အရာကမှ သူမကို တုန်လှုပ်အောင် မလုပ်ဆောင်နိုင်ပေ။
ထို့ကြောင့်လည်း သူမသည် မယ်တော်ဝမ်မူဆိုပြီး အောင်မြင်မှုများ ရနိုင်ခဲ့သည်ပေါ့။
သူမသည် လောကတွင် ထောင်နှင့်ချီသည့် အစစ်ဆေးခံရမှုများနှင့် ရင်ဆိုင်ခဲ့ရဖူးလေသည်။ ကျောက်စိမ်းရေကန်ဥယျာဉ်ကို အစဉ်အဆက်ဆက်ခံခဲ့ကြသူများထဲတွင် သူမသည် ခံနိုင်ရည်အရှိဆုံးဖြစ်လေသည်။
ထို့ကြောင့်ပင် မယ်တော်ဝမ်မူသည် မာနကြီးသူတစ်ယောက်မဟုတ်ခဲ့ပေ။
မယ်တော်ဝမ်မူသည် ကျီမော့တောင်ထိပ်တွင် လမ်းကြောင်း (၂)ခုကို တွေ့မြင်နေရလေသည်။
တစ်ခုမှာ လော်ဝါဒတည်ထောင်သူဆရာသခင် နတ်ဘုရားအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့သည့် လမ်းကြောင်း ဖြစ်လေသည်။ နောက်ထပ်လမ်းကြောင်းတစ်ခုမှာတော့ အခြားသောနတ်ဘုရားတစ်ပါး၏ နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့သည့် လမ်းကြောင်းတစ်ခု ဖြစ်လေသည်။
လော်ဝါဒတည်ထောင်သူ နတ်ဘုရားအဖြင့် အဆင့်တက်ရောက်နိုင်ခဲ့ခြင်းက ပုံမှန်ပင် ဖြစ်လေသည်။ သို့သော်… အခြားနတ်ဘုရားတစ်ပါး နတ်ဘုရားအဖြစ် အဆင့်တက်ရောက်နိုင်ခြင်းကတော့ သူမကို အလွန်မှ အံ့သြစေလေ သည်။
ထိုလမ်းကြောင်းမှတစ်ဆင့် သူမသည် ထိပ်တန်းဓမ္မရည်ညွှန်းချက်ကို သိမြင်ခဲ့ရလေသည်။ သူမကဲ့သို့ ထိပ်တန်းအဆင့် နတ်ဘုရားတစ်ပါးအနေဖြင့် အခြားသူများ၏ အဆင့်တက်ရောက်နိုင်ခြင်းများတွင် ဓမ္မကို သိမြင်ခြင်းမှာ မဖြစ်သင့်ပေ။ သို့သော်… ယခုတော့ ဖြစ်ပျက်ခဲ့ပေပြီ။
ထို့ပြင် ထိပ်တန်းဓမ္မရည်ညွှန်းချက်အဆင့်သည် သူမကို ကျင့်စဉ်လမ်းအဆင့်တက်ရောက်နိုင်ရန်အတွက် လမ်းပြနေ သည့်အလား ခံစားရလေသည်။
ကျင့်စဉ်လမ်းသည် အဆုံးမရှိဟု အချို့လူများကပြောကြလေသည်။
သို့သော်… ထိပ်တန်းအဆင့်သို့ရောက်ရှိပြီး ဗုဒ္ဓ (သို့မဟုတ်) တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သွားလျှင်တော့ ကျင့်စဉ်လမ်းအဆုံး သတ်သွားပြီဟု ဆိုနိုင်လေသည်။
တာ့လော်အဆင့်သို့ရောက်ရှိနိုင်မည်ဆိုလျှင်တောင်မှ အောင်မြင်မှုအဆုံးစွန်အထိရောက်ပြီဟု ဆိုနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် ပြန်လည်ကျင့်ကြံရန် မလိုအပ်တော့သောကြောင့် ဖြစ်လေသည်။
တာ့လော်အဆင့်အောက် နတ်ဘုရားများထဲတွင် မယ်တော်ဝမ်မူသည် တန်ခိုးစွမ်းအားအမြင့်မားဆုံးထဲတွင် တစ်ယောက်အပါအဝင်ဖြစ်လေသည်။ သူမသည် တာ့လော်အဆင့်သို့ရောက်ရန်အတွက် အနည်းငယ်သာ ထပ်မံကျင့်ကြံရန်လိုအပ်တော့သည်။ တာ့လော်အဆင့်သို့တက်ရောက်နိုင်လျှင်တော့ သူမဘ၀ မည်သို့ ရင်ဆိုင်ရဦး မည်ကို မသိနိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော်… အဆင့်မြင့်သွားလေ ကိုယ့်ပုံစံ ဘယ်လိုပုံစံဖြစ်သွားမည်ကို မသိနိုင်လေ ဖြစ်သော ကြောင့်ပင်။
ထို့ပြင် အောင်မြင်မှုသည် ကြယ်စင်အလား ဖြစ်လေသည်။ အလင်းလက်ဆုံးတောက်ပသွားပြီးလျှင် တဖြည်းဖြည်း ပြန်လည်မှေးမှိန်လာရမည် ဖြစ်လေသည်။ အချိန်ကာလကြာမြင့်သည့်အခါ ပျက်စီးသွားရမည်ပဲ ဖြစ်လေသည်။
(၁၈)ရက်တိတိ အစစ်ဆေးခံရမှု ပြီးဆုံးသွားသည့်အခါတွင်တော့ မယ်တာ်ဝမ်မူသည် သူမ၏ရှေ့တွင် ရှေးဟောင်း ဖြစ်တည်မှုတစ်ခုကို တွေ့မြင်လိုက်ရလေသည်။
သူမ၏ရှေ့တွင်ထိုင်နေသူမှာ အဖြူရောင်မုတ်ဆိတ်များရှိနေပြီး အဖြူရောင်ဆံပင်များကိုပိုင်ဆိုင်သည့် အဘိုးအိုတစ်ယောက် ဖြစ်လေသည်။ ပညာဖြင့်ကြွယ်ဝသည့်မျက်ဝန်းများက အရာရာကို ထိုးထွင်းသိမြင်နေသည့် အလားပင်။ မရေမတွက်နိုင်အောင်များပြားသည့် သက်ရှိသတ္တဝါများအကြောင်းကို နားလည်သဘောပေါက်နေဟန် ရှိလေသည်။ ထို့ပြင် ထိုသူ၏အပြစ်ပြောစရာမရှိအောင် လှပသည့်လက်များက လောကမှ သတ္တဝါများအားလုံးကို ကယ်တင်မည့်အလား ခံစားရလေသည်။
မယ်တော်ဝမ်မူက…
"ဖန်ဆင်းရှင်… ဖန်ဆင်းရှင်က မိုးမြေလောကအသစ်တစ်ခုကို ခုနစ်ရက်အတွင်း ဖန်းဆင်းနိုင်တယ်လို့ အဆိုရှိတယ် ၊ အခုတော့ ကျွန်မကို ဘာလို့ (၁၈)ရက်တောင် စောင့်ခိုင်းရတာလဲ…"
အဘိုးအို၏အမည်မှာ "အားလော်ဟယ်" ဖြစ်လေသည်။
သူ့ကို ယုံကြည်ကိုးကွယ်ကြသူများက သူ့ကို ဖန်ဆင်းရှင်ဟု အသိအမှတ်ပြုကြလေသည်။ ထို့အတူ သူ့ကိုယုံကြည်သူများအားလုံးကိုလည်း သူက ဆုတောင်းပြည့်စေလေသည်။
တာအိုဆရာသခင်ကြီးပြီးလျှင် အားလော်ဟယ်သည် တန်ခိုးစွမ်းအား အကြီးမားဆုံးသူဟု ဆိုနိုင်လေသည်။ ထို့ကြောင့် သူ၏အဆင့်အတန်းကို လျှော့တွက်၍ မရသလို သူ၏ကျော်ကြားခြင်းမှာလည်း အလကားကျော်ကြားခြင်း ဟုမဆိုနိုင်ပေ။
ကိုယ်ပိုင်တရားအလင်းသိမြင်ခြင်းတွင် အားလော်ဟန်နှင့် လော်ဝါဒတည်ထောင်သူ ဆရာသခင်သည် အတူတူပင် ဖြစ်လေသည်။
နတ်သမီးတစ်ပါးဖြစ်သည့် မယ်တော်ဝမ်မူသည်ပင်လျှင် (၁၈)ရက်တိတိ အစစ်ဆေးခံပြီးမှသာ အားလော်ဟယ်ကို တွေ့ခွင့်ရခဲ့ လေသည်။
အားလော်ဟယ်က သူ၏ညာဘက်လက်မှ လက်ညိုးကို တစ်ချက လှုပ်ရှားလိုက်လေသည်။
ကျီးမော့တောင်ထိပ်မှ နတ်ဘုရားလမ်းကြောင်း (၂)ခုသည် သူ၏လက်ချောင်းထက်တွင် တိမ်တိုက်အလား လှည့်ပတ်နေလေသည်။
သူက နူးညံ့သည့်လေသံဖြင့်…
"မင်း ကျုပ်ကို ကိစ္စတစ်ခုကူညီမယ်ဆိုရင် မင်းရဲ့ဆန္ဒကို ဖြည့်ပေးမယ်…"
မိုးနှင်မြေတွင် မယ်တော်ဝမ်မူကို "မင်းရဲ့ဆန္ဒကိုဖြည့်ပေးမယ်" ဟုပြောနိုင်သည့်သူ သိပ်ပြီး မရှိလှပေ။