← Chapters

ကောင်းကင်တိုင်းပြည်အထိရောက်လာတဲ့မြားချက်

Vol. 8 Ch. 758

ကောင်းကင်တိုင်းပြည်အထိရောက်လာတဲ့မြားချက်

Vol. 8 Ch. 758

မယ်တော်ဝမ်မူသည် အားလော်ဟယ်၏ စကားများကို သံသယမရှိယုံကြည်လေသည်။

အကယ်၍ လောကတွင် သူမဖြစ်ချင်သည့်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သူ ရှိမည်ဆိုလျှင် ထိုသူများထဲတွင် အားလော်ဟယ်လည်း တစ်ယောက် အပါအဝင်ဖြစ်လေသည်။

ထို့ကြောင့် သူမက ပြုံးလိုက်ရင်း…

"ကျွန်မ ဒီကိုရောက်လာရတာက ကျွန်မဖြစ်ချင်တဲ့ဆန္ဒတွေကို တောင်းဆိုဖို့ မဟုတ်ပါဘူး…"

အားလော်ဟယ်က အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်…

"ဒါဖြင့် မင်းဘာလို့ ကျုပ်ကိုလာတွေ့တာလဲ…"

မယ်တော်ဝမ်မူက တစ်ချက်ပြုံးလိုက်ရင်း…

"လောကမှာ ဖန်ဆင်းရှင်မသိတဲ့အရာများ ရှိသေးလို့လား…"

အားလော်ဟယ်ကို ယုံကြည်ကိုးကွယ်ကြသူများက အားလော်ဟယ်သည် အရာအားလုံးကို ဖန်ဆင်းသူဖြစ်ပြီး အရာအားလုံးကိုလည်းသိရှိသည်ဟု လက်ခံယုံကြည်ကြလေသည်။ ထိုသို့ဖြစ်လျှင် အားလော်ဟယ်သည် မယ်တော်ဝမ်မူလာရသည့်အကြောင်းရင်းကို အဘယ့်ကြောင့် မသိရှိရပါသနည်း။

အားလော်ဟယ်က 'ဘာလို့လာတွေ့တာလဲ' ဟု မေးသည်ကို ကြည့်ခြင်းအားဖြင့် မသိသည်မှာ ထင်ရှားနေလေသည်။

မယ်တော်ဝမ်မူ၏အမေးစကားသည် အားလော်ဟယ်ကို လှောင်ပြောင်လိုက်သည်နှင့်တူနေလေသည်။

သို့သော်… အားလော်ဟယ်က ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမှ ပြန်မပြောပေ။

ထိုသို့ဖြစ်ရသည်မှာ အားလော်ဟယ်သည် မယ်တော်ဝမ်မူ၏ အမေးကို မဖြေနိုင်သောကြောင့်များလား။ အခြားသူများကတော့ ထိုသို့ ထင်ကြဖွယ်ရှိလေသည်။ သို့သော်… ထိုသို့မဟုတ်သည်ကို မယ်တော်ဝမ်မူကိုယ်တိုင် သာသိလေသည်။

တကယ်တမ်းတွင် အားလော်ဟယ်သည် အရာအားလုံးကို အတိုင်းအဆမရှိ သိမြင်သူတစ်ယောက် မဟုတ်သည့်တိုင် မယ်တော်ဝမ်မူရောက်လာရသည့်ရည်ရွယ်ချက်ကို မသိဘူးဆိုသည်မှာတော့ လုံး၀ မဖြစ်နိုင်ပေ။ သို့သော်… သူက ထုတ်ဖော်ပြောခြင်း မပြုသည်မှာ မယ်တော်ဝမ်မူကို လေးစားသမှုရှိသောကြောင့် ဖြစ်လေ၏။

သူက စကားတစ်ခွန်းမှ မပြောဘဲ ပြုံးနေခဲ့လေသည်။ ဤသည်မှာ မယ်တော်ဝမ်မူကို တုံ့ပြန်ရန်အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်လေသည်။

မယ်တော်ဝမ်မူကလည်း ပြုံးလိုက်ရင်း..

"ကျွန်မကြားဖူးတာတော့ အရင်တုန်းက ရှင်က အယူမှားတဲ့သူတွေကို ခွင့်လွှတ်လေ့မရှိဘူးတဲ့ ၊ ဒါပေမယ့် ရှင် ကိစ္စတစ်ခုပြုလုပ်ပြီးတဲ့နောက် အားလုံးက ခွင့်လွှတ်ခြင်းကို ခံစားခဲ့ကြရတယ်တဲ့ ၊ အခုတော့ ရှင့်ကိုကြည့်ရတာ အရင်ကနဲ့ မတူတော့ဘူးပဲ…"

အားလော်ဟယ်က…

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက လော်ဝါဒတည်ထောင်သူဆရာသခင်ဟာ ဒီနေရာမှာ တရားအလင်း ရခဲ့တယ် ၊ ကျုပ်ရဲ့အခွင့်အာဏာကို ခြိမ်းခြောက်တယ်လို့ ခံစားခဲ့ရတယ် ၊ သူ့ရဲ့ တာအိုတရားက ပြည့်စုံလွန်းလို့ ကျုပ်ရဲ့ တာအိုတရားကိုတောင် ဖုံးကွယ်သွားခဲ့တယ် ၊ ဒါကြောင့် ကျုပ်သည်းမခံနိုင်ဘဲ သူ့ကို ရှင်းပစ်လိုက်တယ် ၊ သူနဲ့ သူ့လူတွေ အကုန်လုံးကို ကျုပ်ရှင်းပစ်လိုက်နိုင်ပေမယ့် သူ့ရဲ့တာအိုတရားကတော့ မပျောက်မပျက် ကျန်ရှိနေဆဲပဲ ၊ အဲဒီမှာ ကျုပ်သိလိုက်တာက သူ့ရဲ့တာအိုတရား တည်ရှိနေသရွေ့ ဒီအတိုင်းပဲ ဖြစ်နေဦးမှာပဲလို့ပေါ့ ၊ ဒါပေမယ့် ဘယ်အရာက ကျုပ်စိတ်ကို ပြောင်းလဲသွားစေတာလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းနဲ့ချီတဲ့အချိန်တုန်းက လောကကြီး ပထမဆုံးအကြိမ် ပြန်လည်ဖြစ်တည်လာခဲ့တယ် ၊ အဲဒီအချိန်မှာ ဖန်ဆင်းရှင်ကို ကိုးကွယ်ယုံကြည်ဖို့ လူသားတွေအတွက် အကောင်းဆုံးအချိန်ဆိုတာ ကျုပ်သိလိုက်တယ် ၊ ဒါကြောင့် ကျုပ် ကောင်းကင်တိုင်းပြည်ကနေ လူ့ပြည်ကို ဆင်းလာဖို့ ဆုံးဖြတ်လိုက်တယ် ၊ လောကတစ်ခုလုံးကို သိမ်းပိုက်မယ်ပေါ့ ၊ ဒါပေမယ့် အဲဒီအချိန်မှာပဲ ကျုပ်ရဲ့ ကောင်းကင်တိုင်းပြည်ကို မြားတစ်စင်းရောက်လာပြီး ပလ္လင်ထက်မှာထိုင်နေတဲ့ကျုပ်ဆီကို တည့်တည့် ဝင်ရောက်လာခဲ့တယ် ၊ ကျုပ်ပလ္လင်ပေါ်က ပြုတ်ကျသွားခဲ့တယ် ၊ အဲဒီမှာ ကျုပ်နားလည်သွားတာက လောကမှာ ကျုပ်အဆုံးသတ်စေချင်တဲ့ ကိစ္စတွေဟာလည်း အဆုံးမသတ်နိုင်သေးဘူးဆိုတာပဲ…"

ထိုအကြောင်းများကို မယ်တော်ဝမ်မူသည်ယခုမှ ကြားဖူးခြင်း ဖြစ်လေသည်။

"ဒီကိစ္စတွေကို ဖန်ဆင်းရှင်သာ ပြောမပြရင် ကျွန်မ သိမှာတောင် မဟုတ်ပါဘူး…"

အားလော်ဟယ်က…

"ကျုပ်ပြောချင်တဲ့စကားကို မင်း နားမလည်သေးဘူး ၊ တကယ်တော့ကျုပ်လည်း ကောင်းကင်တိုင်းပြည်က ဆင်းလာတုန်းက နားမလည်ခဲ့ပါဘူး ၊ အဲဒီမြားကို တခြားသူတွေ မမြင်နိုင်ဘူး ၊ ဘယ်သူမှလည်း မမြင်နိုင်ဘူး ၊ ပြီးတော့ ကျုပ်နေတဲ့ ကောင်းကင်တိုင်းပြည်ကလည်း မြားပစ်လိုက်တဲ့လူထက် တန်ခိုးစွမ်းအား လျော့နည်းနေတဲ့ နေရာမဟုတ်ပါဘူး ၊ ဒါပေမယ့် အဲဒီလူက အရမ်း တန်ခိုးစွမ်းအား မြင့်မားလွန်းတယ် ၊ အခု ကျုပ် အဲဒီလူကိုရှာနေ တာနှစ်ပေါင်းတစ်သောင်းကျော်နေပြီ ၊ ဒါပေမယ့် သူ အဲဒီမြားကို ပစ်လိုက်ပြီးနောက်ပိုင်း သဲလွန်စတစ်ခုတောင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်…"

ထိုသူကို အားလော်ဟယ်အဘယ့်ကြောင့် ရှာဖွေနေသည်ကို မယ်တော်ဝမ်မူ ကောင်းကောင်း သိလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုမြားချက်သည် ကောင်းကင်တိုင်းပြည်ကို ထိုးဖောက်ဝင်ရောက်လာရုံသာမက သူ့ကိုလည်း ပလ္လင်ထက်မှ ပြုတ်ကျစေခဲ့လေသည်။ ထို့ပြင် ပိုပြီး အရေးကြီးသည့်အချက်မှာ အားလော်ဟယ်သည် ထိုမြားချက်ထိမှန်ပြီးသည့်နောက် အရင်က အားလော်ဟယ် မဟုတ်တော့ပေ။

သူက ထိုပုဂ္ဂိုလ်ကိုရှာဖွေပြီး သူ့အတွက် နောက်ထပ်မြားတစ်စင်း ပစ်လွှတ်ပေးစေလိုခြင်း ဖြစ်လေသည်။ ယခုအချိန်တွင်တော့ သူသည် ထိုမြားကို သေချာပေါက် ခံနိုင်ရည်ရှိမည် ဖြစ်လေသည်။

မယ်တော်ဝမ်မူက…

"ရှင် အဲဒီလူကိုရှာနေတာ နှစ်ပေါင်းတစ်သောင်းကျော်တော်ကြာနေပြီ ၊ အခုရော ရှာလို့ တွေ့ပြီလား…"

အားလော်ဟယ်က…

"သူ ပြန်ပေါ်လာပါပြီ…"

မယ်တော်ဝမ်မူက…

"ဘယ်နေရာမှာလဲ…"

အားလော်ဟန်က…

"မသိဘူး…"

မယ်တော်ဝမ်မူက…

"ဒါဖြင့် သူပြန်ပေါ်လာပြီဆိုတာ ဖန်ဆင်းရှင်က ဘယ်လိုလုပ်သိတာလဲ…"

အားလော်ဟယ်က…

"ခံစားမိတာ…"

မယ်တော်ဝမ်မူက ခေါင်းတစ်ချက်ညိတ်လိုက်သည်။ သူတို့ကဲ့သို့သော အဆင့်မြင့်ကျင့်ကြံသူများအတွက် ခံစားချက်ကို ယုံကြည်စိတ်ချနိုင်လေသည်။

မယ်တော်ဝမ်မူက…

"ဒီတော့ ကျွန်မ အဲဒီလူကို ရှာတွေ့နိုင်မယ်လို့ ရှင်က ထင်နေတယ်ပေါ့ ၊ ဒါပေမယ့် ဘာလို့ ကျွန်မက ရှာတွေ့နိုင်မယ် လို့ထင်နေရတာလဲ…"

အားလော်ဟယ်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"အဲဒါလည်း ခံစားမိတာပါပဲ…"

မယ်တော်ဝမ်မူက ပြုံးလိုက်ရင်း…

"ကျွန်မ ရှင့်ကို ကတိပေးပါတယ် ၊ ဒါပေမယ့် ကျွန်မဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့တော့ ရှင့်ကို အကူအညီ မတောင်းပါဘူး ၊ ပြီးတော့ အဲဒါက ဆန္ဒတစ်ခုလည်း မဟုတ်တော့ပါဘူးလေ ၊ ဒါပေမယ့် ကျွန်မ ရှင့်ဆီကိုလာတာ ကိစ္စတစ်ခု ရှိလို့ပါ…"

ဖန်ဆင်းရှင်က…

"ကျေးဇူးပြုပြီး ပြောပါ…"

မယ်တော်ဝမ်မူက…

"ကျွန်မရဲ အစေခံမိန်းကလေးက တကယ်တော့ နတ်ဘုရားတစ်ပါးပါပဲ ၊ ကျွန်မက သူ့ကို ကျင့်စဉ်လမ်းမှာ လျှောက်လှမ်းစေခဲ့တယ် ၊ ဒါပေမယ့် သူက သံယောဇဉ်မပြတ်နိုင်ဘူး ၊ အဲဒီတော့ အောင်မြင်မှုလည်း သိပ်မရဘူး ၊ အဲဒါက သူ့ကိုနာကျင်စေတယ် ၊ ပြီးတော့ ရှင်က ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ကျွန်မသိတယ် ၊ အဲဒါ သူ့ကို နတ်ဘုရားကျင့်စဉ်လမ်းမှာ အောင်မြင်ဖို့ ဘာလုပ်ပေးရမလဲ ၊ ရှင့်မှာ နည်းလမ်းတစ်ခုခုများရှိမလားလို့ ကျွန်မ မျှော်လင့်မိတယ်…"

အားလော်ဟယ်က…

"မင်းက ကျုပ်ကိုကူညီမယ်ဆိုတော့လည်း ကျုပ်ကလည်း မင်းကိုပြန်ပြီး ကူညီရတာပေါ့ ၊ ဒါပေမယ့် မင်းရဲ့အစေခံမလေးအတွက် ကျုပ်က ကူညီပေးစေချင်တာ သေချာရဲ့လား…"

မယ်တော်ဝမ်မူက…

"ကျွန်မ ဆုံးဖြတ်ချက် ချပြီးပါပြီ ၊ သူ့ကိစ္စက ကျွန်မကိစ္စပါပဲ ၊ သူက ရှင့်အတွက် တန်ဖိုးမရှိရင်တောင် ကျွန်မအတွက်တော့ တန်ဖိုးရှိပါတယ်…"

အားလော်ဟယ်က…

"ဒါကြောင့်လည်း မင်းတို့ ကျင့်ကြံသူတွေကို ကျုပ်နားမလည်နိုင်တာ ၊ ဘာလို့ မင်းတို့တွေက စိတ်ခံစားချက်တွေရှိ နေရသေးတာလဲ ၊ ဒီလိုသာဆိုရင် လောကရဲ့ ဝမ်းနည်းစရာတွေထဲကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး…"

မယ်တော်ဝမ်မူက တည်ငြိမ်သည့်လေသံဖြင့်…

"ဘဝဆိုတာရှိနေသရွေ့ ဒုက္ခရှိနေဦးမှာပါပဲရှင်…"

ထိုစကားကို ပြောပြီးသွားသည်နှင့် ယွီဟွာခန်းမဆောင်မှ မယ်တော်ဝမ်မူပျောက်ကွယ်သွားလေတော့သည်။

သူမကို ရက်ပေါင်းများစွာ ကြာအောင်စောင့်မျှော်နေခဲ့သူ လွိလော်ကတော့ မယ်တော်ဝမ်မူ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည့်အခါ အလွန်ပျော်ရွှင်ဝမ်းမြောက်သွားလေသည်။

ထိုအချိန်မှာပင်….

ကောင်းကင်ထက်တွင် အနက်ရောင်တိမ်တိုက်များ စုစည်းလာပြီး လေများလည်း ထန်လာလေသည်။ မိုးရွာတော့မည့်အလားပင်ဖြစ်လေသည်။

သို့သော်… ကျီမော့တောင်မှ အားလော်ဟယ်ကတော့ ရုပ်တုကြီးတစ်ခုအလား မလှုပ်မယှက်ထိုင်နေခဲ့လေသည်။

……….

ပိုင်ကျားမြို့ ၊ သောက်ပြီးရင်ပြန်မလာနဲ့တော့ စားသောက်ဆိုင်…

ပိုင်ရှောက်ယွီက အပြင်မှပြန်လာပြီး ဆန်းလျန်ရှိရာသို့ တန်းရောက်လာလေသည်။

"အစ်ကိုဆန်း ၊ မြို့ထဲမှာ ထူးဆန်းတာတွေ ဖြစ်နေတယ်…"

ကောင်တာတွင်ထိုင်နေသည့် ဆန်းလျန်က သူ့ကို တစ်ချက်ပင် မော့မကြည့်ဘဲ…

"ဘာတွေဖြစ်နေလို့လဲ…"

ဟု ပြန်မေးလိုက်လေသည်။

ထိုအချိန်မှာပဲ ကျွယ်ရှင်းကလည်း ထင်းတစ်စည်းကိုထမ်းကာ စားသောက်ဆိုင်အတွင်းသို့ ဝင်လာလေသည်။

ကျွယ်ရှင်းကပြုံးလိုက်ရင်း…

"ညီလေးပိုင်ပြောမယ့်အကြောင်းက မြို့ထဲကို အခုမှအသစ်ရောက်လာတဲ့ မိန်းကလေးရဲ့အကြောင်းမဟုတ်လား ၊ အဲဒီမိန်းကလေးက ချင်းရှတောင်မှာ တာအိုကျောင်းတော်တစ်ခု ဆောက်လုပ်မလို့တဲ့ ၊ တာအို ကျောင်းတော် ဆောက်လုပ်ဖို့ဆိုတာက ပိုက်ဆံတွေ အများကြီးကုန်မှာလေ ၊ အဲဒါကြောင့် အဲဒီမိန်းကလေးက သူ့ကို ပိုက်ဆံနဲ့ ထိအောင်ပစ်နိုင်တဲ့သူရှိရင် လက်ထပ်မယ်တဲ့ ၊ ပိုက်ဆံနဲ့ ထိအောင်မပြစ်နိုင်ဘူးဆိုရင်တော့ သူဆီကို ပစ်တဲ့ ပိုက်ဆံတွေကို ကျင့်ကြံတဲ့နေရာမှာ အသုံးပြုမယ်တဲ့ လေ…"

ပိုင်ရှောက်ယွီက…

"တော်လိုက်တဲ့ဘုန်းကြီး ၊ ဘုန်းကြီးဖြစ်ပြီး စိတ်တွေက မသန့်စင်လိုက်တာ ၊ အဲဒီမိန်းကလေးကို ဘုန်းတော်ကြီး သွားကြည့်ပြီးသွားပြီ မဟုတ်လား…"

ထိုစကားကိုပြောလိုက်သည့်အချိန်တွင် ပိုင်ရှောက်ယွီက မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ပြုံးနေလေသည်။

ကျွယ်ရှင်းက…

"မိန်းကလေးကို သွားကြည့်တာမဟုတ်ပါဘူး ၊ တာအိုကျင့်ကြံသူမိန်းမပျိုတစ်ယောက်ကို သွားလေ့လာတာပါ…"

ပိုင်ရှောက်ယွီက မျက်လုံးကို အပေါ်သို့ လှန်လိုက်ပြီး…

"ဘာထူးလို့လဲ… အတူတူပဲလေ…"

ကျွယ်ရှင်းက…

"ကျုပ်ရဲ့ ဖြူစင်မှုကို ညီလေးပိုင်က အရောင်တွေဆိုးတယ် ၊ ကျုပ်ဘုန်းကြီးဖြူစင်တာ ကျုပ်ဘုန်းကြီးပဲ သိတယ်…"

ပိုင်ရှောက်ယွီက…

"အရောင်တွေမြင်နေလည်း ဘုန်းကြီးကတော့ ဖြူစင်တယ်ပဲ ပြောနေမှာပေါ့…"

ကျွယ်ရှင်းက တည်ကြည်သည့်မျက်နှာထားဖြင့်…

"ဘယ်ကဟုတ်ရမှာလဲကွာ…"

ပိုင်ရှောက်ယွီမှာ ဆက်ငြင်းစရာ စကားမရှိတော့ပေ။ ဘုန်းကြီးဖြစ်ပြီး အရှက်မရှိဟု စိတ်ထဲမှ တွေးလိုက်မိလေသည်။

သူက ကျွယ်ရှင်းနှင့် ဆက်ငြင်းမနေတော့ဘဲ ဆန်းလျန်ဘက်သို့လှည့်ကာ စကားပြောလိုက်လေသည်။

"အစ်ကိုဆန်း ၊ အဲဒီမိန်းကလေးကို သွားကြည့်မလား ၊ ကျုပ် လိုက်ပို့ပေးမယ်လေ…"

ထိုအချိန်မှာပင် ကူးဝေေ၀ထွက်လာပြီး…

"ပိုင်ရှောက်ယွီ ၊ နင်က ဆန်းလျန်ကို အဲဒီမိန်းကလေးဆီ ခေါ်သွားမလို့ပေါ့လေ… ဟုတ်လား…"

ပိုင်ရှောက်ယွီမှာ ကမန်းကတန်းပင် ငြင်းလိုက်လေသည်။

"မဟုတ်ပါဘူး ၊ မဟုတ်ပါဘူး ၊ မဟုတ်ပါဘူး ၊ ကျွန်တော်က စ နောက် နေတာပါ…"

ကူးဝေေ၀က ပိုင်ရှောက်ယီကို တစ်ချက်ကြည့်လိုက်ပြီး…

"ဒီလောက် ရွ နေတာ  ၊ နင့်ကို လစာ တစ်ရက်စာဖြတ်မယ်…"

ပိုင်ရှောက်ယွီမှာ အလွန်မှ မခံမရပ်နိုင်ဖြစ်သွားသည့် မျက်နှာထားဖြင့်…

"တစ်လမှ ကြေးပြားလေး (၃၀)ရတာ ၊ ဖြတ်ချင်လည်း ဖြတ်ပေါ့ဗျာ…"

သို့သော်… သူက ထိုစကားကိုစိတ်ထဲမှသာ ပြောလိုက်ခြင်းဖြစ်ပြီး တကယ်တမ်း ထုတ်ပြောရဲခြင်း မရှိပါပေ။

အနည်းဆုံးတော့ ကြေးပြား (၃၀)ဆိုသည်မှာလည်း ပိုက်ဆံပင်ဖြစ်လေသည်။ ထို့ပြင် သူ၏ အတွေ့အကြုံများအရ သူရဲကောင်းဆိုသည်မှာ ပိုက်ဆံတစ်ပြားရရန်ပင် ခက်ခဲသည်ဆိုသည့်အချက်ကို လက်ခံထားပြီး ဖြစ်လေသည်။

ပိုင်ရှောက်ယွီမျက်နှာထက်မှာ ကြောက်ရွံ့ထိတ်လန့်သွားမှုကို တွေ့လိုက်ရသည့်အခါ ကူးဝေေ၀က အောင်ပွဲခံသည့် အပြုံးမျိုးပြုံးလိုက်လေသည်။

ပြီးမှ သူမက ဆန်းလျန်ကိုကြည့်လိုက်ပြီး…

"အားလျန် ၊ အဲဒီမန်းကလေးက အရမ်းလှတယ်ဆိုပဲ ၊ နင် တကယ်ပဲ သွားမကြည့်ဘူးလား…"

ဆန်းလျန်က..

"အစ်မက မြင်ဖူးလို့လား…"

ကူးဝေေ၀က…

"မြင်ဖူးတာပေါ့ဟ… ၊ အဲဒီမိန်းကလေးက အရမ်းချောတာ ၊ ငါသာ ယောကျ်ားလေးဆိုရင် သူ့ကို လက်ထပ်မှာ…"

All Chapters