← Chapters

အသိအကျွမ်းတစ်ယောက်နှင့်ဆင်တူလှသူ

Vol. 8 Ch. 759

အသိအကျွမ်းတစ်ယောက်နှင့်ဆင်တူလှသူ

Vol. 8 Ch. 759

ဆန်းလျန်ကပြုံးလိုက်ရင်း…

"ဒါဖြင့် ကျွန်တော်လည်း သွားကြည့်ဦးမှပါ…"

ကူးဝေေ၀သည် ထိုမိန်းမပျိုမည်မျှချောမောသည်ကို သတိရလိုက်သည့်အခါ ဆန်းလျန်ကို သွားပြီး မကြည့်စေချင် တော့ပေ။

ဘာမဟုတ်သည့် ကိစ္စလေးမှာ ဆန်းလျန်ကို သူမ သဝန်တိုနေမိပြီလား။ သူမ ဆန်းလျန်ကို ထိုမျှ သဝန်မတိုသင့်ပေ။

ကူးဝေေ၀က…

"ကောင်းပြီလေ ၊ နင်သွားရင် ငါလည်း လိုက်ခဲ့မယ်…"

ဆန်းလျန်က …

"ကောင်းပြီ…"

ကူးဝေေ၀နှင့် ဆန်းလျန်ထွက်ခွာသွားပြီးသည့်နောက် ကျွယ်ရှင်းနှင့် ပိုင်ရှောက်ယွီက ဆိုင်စောင့်အဖြစ် ကျန်ရစ်ခဲ့ကြလေသည်။

ချောမောလှပသည့် မိန်းမပျိုက ပိုင်ကျားမြို့၏ ဈေးအပြင်ဘက်တွင် ရှိနေလေသည်။ ကူးဝေေ၀နှင့်ဆန်းလျန် ထိုနေရာသို့ ရောက်ရှိလာကြလေ၏။

ဈေးအပြင်ဘက်မှာ လူသွားလူလာနည်းပါးသည့် နေရာတစ်ခုဖြစ်သော်လည်း ယနေ့တွင်တော့ လူပေါင်းများစွာဖြင့် စည်ကားလျှက်ရှိလေသည်။ လူများ တိုးကြိတ်နေပြီး အနောက်မှလူများက လည်ပင်းရှည်ကာ အရှေ့သို့ ကြည့်နေကြ သည်။ အရှေ့သို့ မမြင်ရသည့်အခါ ရှေ့မှနေရာယူထားကြသူများကို ဆဲဆိုနေကြတော့သည်။

ထို့ပြင် အနောက်မှလူများက အရှေ့မှာလူများကို တွန်းထိုးအော်ဟစ်ကြလေရာ အရှေ့မှလူများမှာ အလဲလဲအပြိုပြိုဖြစ်ကုန်ကြပြီး အော်ဟစ်သံများဖြင့် ဆူညံလျှက်ရှိတော့သည်။

ကူးဝေေ၀က မျက်မှောင်အနည်းငယ် ကြုံ့လိုက်ရင်း….

"စောစောက လူတွေ ဒီလောက် မများပါဘူး…"

ဆန်းလျန်က…

"ကြည့်ရတာ မိန်းကလေးက တော်တော်လှတယ် ထင်တယ်…"

ကူးဝေေ၀က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး…

"ငါတို့ လူအုပ်ထဲတိုးကြမလား…"

ဆန်းလျန်က…

"လုပ်လေ…"

ကူးဝေေ၀က အရှေ့မှ ဦးဆောင်ကာ လူအုပ်ကြားထဲသို့ တိုးဝင်သွားလေသည်။

ထူးဆန်းသည်မှာ ကြိတ်ကြိတ်တိုးနေသည့်လူအုပ်ကြီးသည် ကူးဝေေ၀နှင့်ဆန်းလျန် တိုးဝင်လာသည်နှင့် အလိုလို ဘေးသို့ ရှဲပေးလိုက်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့ (၂)ယောက်မှာ သိပ်ပြီး အားမစိုက်လိုက်ရဘဲ အတွင်းပိုင်းသို့ ရောက်ရှိသွားကြလေသည်။

အတွင်းပိုင်းတွင်တော့…

(၂)ပေပတ်လည်ကျယ်သည့် မြေကွက်လပ်တစ်ခုအတွင်းတွင် မိန်းမပျိုတစ်ယောက် ရပ်နေလေသည်။ မိန်းမပျိုမှာ မိုးနတ်သူဇာအလား အလွန်တရာ ချောမောလှပလွန်းလှသည်။ နတ်သမီးကို မမြင်ဖူးကြသူများမှာ ထိုမိန်းကလေးကို တွေ့လိုက်သည်နှင့် နတ်သမီးဆိုသည်မှာ ဤမိန်းကလေးကဲ့သို့ လှပသူကို ပြောခြင်းဖြစ်မည်ဟု နားလည်သွားရလောက်အောင် ချောမောလှပသူလေး ဖြစ်လေသည်။

ဆံစမှ ခြေဖျားအဆုံး အပြစ်ဆိုစရာ တစ်စက်မရှိလေအောင် လှရက်လွန်းသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။ သူမ၏အလှတရားကို အသိအမှတ်မပြုဝံ့သူ မည်သူမှ မရှိနိုင်ပေ။ ထို့ပြင် သူမကိုတွေ့မြင်ရသူတိုင်းသည် သူမ၏ အလှတရားတွင် ယာဇ်မူးသွားစေလောက်အောင် စွဲဆောင်ခံရမည် ဖြစ်လေသည်။

သူမ၏ခြေရင်းတွင် ရွှေစများ ၊ ငွေစများနှင့် ကြေးပြားများ စုပုံနေလေသည်။

မိန်းကလေးနှင့် အနီးဆုံးနေရာတွင် ရောက်ရှိနေကြသူများမှာ ပိုင်ကျားမြို့မှ သူဌေးသူကြွယ်များ ဖြစ်ကြလေသည်။ လူကြီး ၊ လူငယ် အရွယ်မရွေး စုံလင်လှသည်။

သူတို့က မိန်းကလေး၏အနီးသို့ကပ်ပြီး ငွေစများနှင့် ပစ်ပေါက်နေကြသည့်တိုင် လှပလွန်းသည့် မိန်းမပျိုကို တစ်ချက်လေးပင် ထိအောင် ပစ်ခတ်နိုင်ခြင်း မရှိကြပေ။

ထိုအချိန်မှာပင်…

မိန်းမပျိုက လှပလွန်းသည့် နှုတ်ခမ်းနှစ်လွှာကို တွန့်ကွေးကာ ပြုံးလိုက်လေသည်။

မပြုံးလျှင်တောင် လှနေသည့် မိန်းမပျိုဖြစ်လေရာ ပြုံးလိုက်သည့်အခါတွင်တော့ လူအားလုံးမှာ သူမ၏အလှတရားတွင် တဖြုတ်ဖြုတ်ကြွေကျကြလေတော့သည်။

သူမထံသို့ ပိုက်ဆံများ ပျံသန်းရောက်ရှိလာကြပြန်လေသည်။ သို့သော်… ပိုက်ဆံများသည် သူမ၏ခြေရင်းသို့သာ ကျသွားပြီး သူမကို ထိမှန်သွားခြင်း မရှိပေ။

အချိန်ကြာလာသည့်အခါတွင်တော့…

မိန်းမပျိုကိုကြည့်နေကြသူများမှာ ပစ်စရာပိုက်ဆံလည်း နည်းပါးလာကြပြီး ပစ်ခတ်လိုက်တိုင်းလည်း မိန်းမပျိုကို မထိဘဲ လွဲချည်းနေလေရာ စိတ်ဓာတ်ကျလာကြလေသည်။ ထို့ကြောင့် အချို့သူများမှာ ပြန်သွားကြလေတော့သည်။

ထို့နောက်တွင်တော့ သူမကို ပိုက်ဆံပစ်ပေးမည့်သူ သိပ်ပြီး မရှိကြတော့ပေ။

ထိုအချိန်မှာပင် မိန်းမပျိုက မျက်မှောင်လေးတစ်ချက်ကြုံ့လိုက်ပြီး ဆန်းလျန်နှင့် ကူးဝေေ၀ရှိရာသို့ လှမ်းကြည့်လိုက်လေသည်။

"ဒီက သခင်လေးက ကျွန်မကို မနာလိုဖြစ်နေတာလား…"

မိန်းကလေးက ဒေါသတကြီးမေးလိုက်ခြင်းမဟုတ်ပေ။

ပြုံးပြုံးလေးနှင့်မေးလိုက်သည့်အတွက် သူမ၏ဟန်ပန်လေးက အလွန်မှ ချစ်စရာ ကောင်းလှလေသည်။

သူမသည် နွေဦးရာသီတွင် စမ်းချောင်းလေးကို ဖြတ်သန်းတိုက်ခတ်သွားသည့် လေပြေလေးအလား ဖြစ်သည်။ သစ်ပင်များပေါင်းများစွာသည် လေပြေလေးကြောင့် ယိမ်းထိုးလှုပ်ရှားသွားသည့်နှယ်… သူမ၏အလှတရားသည် နှလုံးသားတိုင်းကို ယိမ်းယိုင်သွားစေနိုင်လေသည်။

ဆန်းလျန်က သူမကို စိုက်ကြည့်နေလေသည်။

ထိုမိန်းမပျို မည်သူဖြစ်သည်ကို ဆန်းလျန်မသိပါ။ သို့သော်… သူမကို ရင်းနှီးနေသည့်လား ဆန်းလျန် ခံစားနေရလေ သည်။ သို့သော်… သူမကို ရင်းနှီးသလို ခံစားနေရသည့်တိုင် သူမမည်သူမည်ဝါဖြစ်သည် ၊ မည်သည့်အရပ်မှလာသည်ကို ဆန်းလျန် မှတ်မိခြင်းမရှိပေ။

မိန်းမပျိုကလည်း ဆန်းလျန်ကို မှတ်မိဟန် မပေါ်ပေ။

ဆန်းလျန်က အတွေးလွန်နေရာမှ သတိဝင်လာပြီး စကားတစ်ခွန်းပြောလိုက်သည်။

"မဖြစ်ပါဘူး…"

ဆန်းလျန်၏ စကားကိုကြားသည့်အခါ မိန်းမပျိုက သူမ၏ပန်းနုရောင်သွေး နှုတ်ခမ်းလေးကို တစ်ချက်ကိုက်လိုက် လေသည်။ နှုတ်ခမ်းလေးများ၏ အလှတရားသည်ကား ရှေးခေတ်ကဗျာများထဲမှ ချယ်ရီပန်းပွင့်လေးများနှင့်ပင် တင်စားထိုက်ပေ၏။

မိန်းမပျိုက…

"အားလုံးက ပိုက်ဆံတွေနဲ့ပစ်ကျတယ် ၊ ရှင်ကတော့ တစ်ပြားတောင် မပစ်ပါလား…"

မိန်းမပျို၏ စကားကြောင့် လူအုပ်ကြီးဆီမှ မိန်းမပျိုကို ထောက်ခံသည့်အသံများ ဆူဆူညံညံ ထွက်ပေါ်လာတော့ သည်။

လူတစ်ယောက်က…

"ပိုက်ဆံမရှိဘဲနဲ့များ ဒီမှာလာပြီး ပျော်စရာရှာနေသေးတယ်…"

ထိုစကားကို အခြားသူများကလည်း ဝိုင်းဝန်းထောက်ခံလိုက်ကြလေသည်။

အမှန်တော့ … လူအုပ်ကြီးက ဆန်းလျန်ကို မနာလိုဖြစ်နေကြခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော်… မိန်းမပျိုသည် ပိုက်ဆံဖြင့်ပစ်ခတ်ရန် စတင်ကမ်းလှမ်းကတည်းက မည်သူတစ်ဦးတစ်ယောက်ကိုမှ စကားပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။ ယခု ဆန်းလျန်တစ်ယောက်ကိုသာ အရေးအရာလုပ်ကာ စကားပြောနေခြင်း ဖြစ်လေသည်။

လူဆိုသည်က ကိုယ်မရနိုင်သည့်အရာကို အခြားသူများကိုလည်း ရရှိစေလိုခြင်းမရှိကြပေ။ ထို့ကြောင့် သူတို့က ကံထူးသူဆန်းလျန်ကို မနာလိုဖြစ်နေကြခြင်းပင်။

ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…

"ဟုတ်တယ် ၊ ကျုပ်အပြင် ထွက်လာတော့ ပိုက်ဆံယူမလာမိဘူး…"

မိန်းမပျိုက…

"ပိုက်ဆံမပါလဲ တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုခုနဲ့ ကျွန်မကိုပစ်လိုက်ပါ ၊ ထိအောင်ပစ်နိုင်ရင် ကျွန်မက ရှင့်အတွက်ပါပဲ…"

မိန်းမပျိုက ဆန်းလျန်ကို စိတ်ဝင်စားနေသည်ဟု လူအုပ်ကြီးက ယူလိုက်ကြလေသည်။ ထို့ကြောင့်လူအများစုမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားကြတော့သည်။

ဆန်းလျန်က…

"ကျုပ်မှာ တန်ဖိုးရှိတဲ့ပစ္စည်းဆိုလို့ တစ်ခုမှမရှိဘူး…"

မိန်းမပျိုကမျက်မှောင်လေးတစ်ချက်ကြုံ့လိုက်ရင်း ကူးဝေေ၀ကို လက်ညိုးညွှန်ပြလိုက်ပြီး…

"ဒီမမဆီမှာတော့ ပစ္စည်းတစ်ခုခုပါမှာပေါ့ ၊ အဲဒါကို ယူသုံးလိုက်လေ…"

ကူးဝေေ၀က သူမ၏အင်္ကျီလက်ထဲမှ ဓားကျိုးကိုထုတ်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် …

"ငါ့ဆီမှာ ဟင်းချက်ရင်သုံးတဲ့ ဒီဓားကျိုးပဲ ရှိတယ် ၊ နင်ပြောချင်တဲ့ ပစ္စည်းတစ်ခုခုဆိုတာ ဒီဓားကို ပြောတာလား…"

ကူးဝေေ၀၏ လေသံနှင့် မျက်နှာထားမှာ တင်းမာနေပြီး မသိလျှင် မိန်းမပျိုကို ဓားဖြင့်ထခုတ်တော့မည့်အလား ထင်မှတ်ရသည်။

လူများက ကူးဝေေ၀ကို ဝိုင်းဝန်းအပြစ်တင်ရန် ဟန်ပြင်လိုက်ကြသော်လည်း ကူးဝေေ၀မှာ ချောမောလှပသည့် မိန်းကလေးတစ်ယောက်ဖြစ်နေပြန်လေရာ အပြစ်မတင်ရက်တော့ဘဲ စကားလုံးများကို ပြန်မြိုချလိုက်ကြလေသည်။

ထို့နောက်… သူတို့က မိန်းမပျို (၂)ယောက် ပွဲကြီးပွဲကောင်း တိုက်ခိုက်ကြတော့မည်ဟု တွေးလိုက်မိကာ စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။ မိန်းမပျို (၂)ယောက် ရန်ဖြစ်ပြီး အင်္ကျီများကပိုကရိုဖြစ်ကုန်ကြကာ အတွင်းသားများကို တွေ့မြင်လိုက်ရလျှင်လည်း တန်သည်ဟု သူတို့က တွေးနေကြလေ၏။

မိန်းမပျိုက ကူးဝေေ၀လက်ထဲမှ ဓားကျိုးကိုကြည့်လိုက်ပြီး တစ်ချက်ပြုံးလိုက်ရင်း…

"ဒီဓားကျိုးက တကယ့်ကိုတန်ဖိုးရှိတဲ့ ဓားတစ်လက်ပါပဲ ၊ ဒါပေမယ့် ကျွန်မပြောတာက မမလည်ပင်းမှာဆွဲထားတဲ့ ကျောက်စိမ်းပြားလေးကို ပြောတာပါ…"

ကူးဝေေ၀က…

"နင်က တကယ်အမြင်အာရုံစူးရှတာပဲ ၊ ဒီကျောက်စိမ်းပြားက အရမ်းတန်ဖိုးရှိတာ ၊ ဒီကျောက်စိမ်းနဲ့ဆိုရင် နင့်ကိုမပြောနဲ့ တခြားမိန်းကလေးတွေအများကြီးကိုတောင် ဝယ်လို့ရတယ် ၊ ဘာလို့ ဒီကျောက်စိမ်းနဲ့ နင့်ကို ပစ်ရမှာလဲ ၊ ပစ်လို့လွဲသွားရင် ငါတို့ဘက်က နစ်နာမှာပေါ့…"

ကူးဝေေ၀က ပါးစပ်ကသာ ထိုသို့ပြောနေသည့်တိုင် တကယ်တမ်း အားလျန်သာ သူမဆီမှ ကျောက်စိမ်းပြားကို ယူလိုက်ပြီး မိန်းမပျိုကို ပစ်ခတ်လိုက်ပါက တစ်ချက်တည်းနှင့်ထိမှန်သွားမည်ကို သူမက စိတ်ပူနေမိလေသည်။

ကူးဝေေ၀၏ဘဝတွင် လှပသည့်မိန်းမပျိုပေါင်းများစွာကို တွေ့မြင်ဖူးပါ၏။

သူမကိုယ်တိုင်နှင့် ဆန်းချင်းချင်းတို့သည်လည်း အလွန်တရာ ချောမောလှပကြသည့်မိန်မးပျိုများ ဖြစ်ကြလေသည်။

သို့သော်… ယခု သူမရှေ့မှ မိန်းမပျိုနှင့်ယှဉ်လိုက်သည့်အခါ သူမရော ဆန်းချင်းချင်းပါ ပန်းသီးစိမ်းများအလား ဖြစ်သွားရလေသည်။ သူမရှေ့မှ မိန်းမပျိုကတော့ ချိုမြသည့် အနီရောင်ပန်းသီးလေးအလား ဖြစ်လေသည်။ သူတို့အနေဖြင့် မိန်းမပျို၏အလှတရားကို လုံး၀ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

သို့ပေမဲ့… ကူးဝေေ၀အနေဖြင့် မိန်းမပျိုကို မနာလိုဖြစ်မိခြင်း အလျဉ်းမရှိပေ။ သူမက ထိုမိန်းမပျို၏အလှတရားကို အားကျ၍ပင်နေမိသေးသည်။

မိန်းမပျိုက ကူးဝေေ၀ကိုစကားဆက်မပြောတော့ဘဲ ဆန်းလျန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး…

"သခင်လေးကရော… နစ်နာတယ်လို့ ယူဆသလား…"

ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…

"မင်းက ကျင့်ကြံဖို့အတွက် ပိုက်ဆံလိုချင်တာ မဟုတ်လား…"

မိန်းမပျိုက…

"အင်း…"

ဆန်းလျန်က ကူးဝေေ၀ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး…

"ဂိုဏ်းတူအစ်မ ၊ အဲဒီကျောက်စိမ်းပြား သူ့ကိုပေးလိုက်ပါ…"

ဆန်းလျန်ဆိုလိုသည့်အဓိပ္ပါယ်ကို ကူးဝေေ၀က ချက်ချင်း သဘောပေါက်လိုက်လေသည်။

ဆန်းလျန်က ကျောက်စိမ်းပြားဖြင့် မိန်းမပျိုကို ပစ်ခတ်လိုခြင်းမရှိသလို မိန်းမပျိုကိုလည်း လက်ထပ်လိုခြင်း မရှိပေ။ သူက ရိုးရှင်းစွာပင် ကျောက်စိမ်းပြားအား မိန်းမပျိုကို ပေးခိုင်းလိုက်ခြင်း ဖြစ်လေသည်။

ထိုကျောက်စိမ်းပြားကိုအသုံးပြုကာ မိန်းမပျို ဆောက်လုပ်ချင်သည့် တာအိုကျောင်းတော်တစ်ခု ချင်းရှတောင်ပေါ် တွင်ဆောက်လုပ်နိုင်မည် ဖြစ်လေသည်။

ကူးဝေေ၀မှာ ကျောက်စိမ်းပြားကိုပေးရန် အနည်းငယ် တွန့်ဆုတ်နေမိလေသည်။ သို့သော်… သူမက ဆန်းလျန်အကြောင်းကို ကောင်းကောင်းသိလေသည်။ ဆန်းလျန်သည် အကြောင်းမရှိဘဲ အခြားသူများအပေါ်တွင် စိတ်ကောင်းစေတနာ ထားတတ်သူတစ်ယောက် မဟုတ်ပေ။ ဆန်းလျန်တွင် အကြံအစည်တစ်ခုခု ရှိဟန်ပေါ်လေသည်။

ကူးဝေေ၀မှာ အနည်းငယ် စိတ်တိုလွယ်သော်လည်း အခြေအနေကို နားလည်သူဖြစ်လေရာ ဆန်းလျန်၏စကားကို ခေါင်းညိတ်သဘောတူလိုက်သည်။

သို့သော်… မိန်းမပျိုကတော့ သဘောတူခြင်း မရှိပေ။

မိန်းမပျိုက အနည်းငယ် စိတ်ဆိုးဒေါသထွက်သွားဟန်ဖြင့်…

"ကျွန်မက သခင်လေးပေးတာကို လိုချင်တာမဟုတ်ဘူး…"

ကူးဝေေ၀က…

"ဒါဖြင့်လည်း မင်းရဲ့စည်းကမ်းအတိုင်းပဲလုပ်ပေါ့…"

ပြောပြီးသည်နှင့် သူမက လည်ပင်းတွင်ဆွဲထားသည့် ကျောက်စိမ်းပြားကို အသာချွတ်လိုက်ကာ မိန်းမပျိုရှေ့သို့ အသာအယာ ပစ်ချပေးလိုက်လေသည်။

ထိုအချိန်မှာပင်… ထူးဆန်းလွန်းသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားလေတော့သည်။

အခြားသူများပစ်ပေးနေကြသည့် ရွှေစေ ၊ ငွေစများသည် မိန်းမပျို၏ အင်္ကျီစကိုပင် တစ်ချက်ထိခတ်မိခြင်း မရှိပေ။ သို့သော်… ကူးဝေေ၀ပစ်လိုက်သည့် ကျောက်စိမ်းပြားလေးကတော့ မိန်းမပျိုကို မထင်မှတ်စွာပင် သွားရောက်ထိမှန် လေတော့သည်။

မိန်းမပျိုမှာ တစ်ချက်တုန်လှုပ်သွားပြီး ကျောက်စိမ်းပြားလေးကို ကမန်းကတန်းပင် ဖမ်းယူလိုက်လေသည်။

ကူးဝေေ၀က ကျောက်စိမ်းပြားကို မိန်းမပျိုရှေ့သို့ ပစ်ချပြီးသည်နှင့် ဆန်းလျန်နှင့်အတူ ထွက်ခွာသွားရန် ဟန်ပြင် လိုက်လေသည်။ သို့သော်… သူမ ပစ်လိုက်သည့် ကျောက်စိမ်းပြားလေးသည် မိန်းမပျိုကို ထိမှန်သွားလိမ့်မည်ဟု လုံး၀ မျှော်လင့်မထားမိလေရာ ကူးဝေေ၀မှာလည်း အံ့သြမှင်တက်သွားရသည်။

မိန်းမပျိုက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"မိုးကောင်းကင်ရဲ့ ဆန္ဒပဲ ဖြစ်မယ်ထင်ပါရဲ့ ၊ အခုအချိန်ကစပြီး ကျွန်မကို မမက ပိုင်သွားပါပြီ…"

ကူးဝေေ၀က ကမန်းကတန်းပင် လက်ကာပြလိုက်ပြီး…

"မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ငါက တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး…"

မိန်းမပျို၏မျက်နှာထက်တွင် ဝမ်းနည်းသည့်အရိပ်အယောင်များ ချက်ချင်းထင်ဟပ်သွားလေသည်။

သို့သော်… သူမက ချက်ချင်းပင် ပြုံးလိုက်ပြီး…

"မမ တမင်ထိအောင်ပစ်လိုက်တာ သေချာပါတယ် ၊ မမက မိန်းကလေးချင်း သဘောကျတဲ့သူ မဟုတ်လား…"

မိန်းမပျို၏ စကားကြောင့် ကူးဝေေ၀မှာ ရှက်သွားလေသည်။

ကူးဝေေ၀က…

"နင့်ကိုငါက ဘာကိစ္စသဘောကျရမှာလဲ ၊ အဲဒီတော့ နင့်အလုပ်နင်ဆက်လုပ်ပါ ၊ အားလျန်… ငါတို့သွားကြရ အောင်…"

သူမက အဘယ့်ကြောင့် မိန်းကလေးအချင်းချင်း သဘောကျရပါမည်နည်း။ သူမ၏ စိတ်ကို မိုးကောင်းကင်က အသိဆုံးဖြစ်လေသည်။ သူမ တကယ်တမ်းချစ်မိသူမှာ လောကတွင် သူမ၏အားလျန်တစ်ယောက်သာရှိလေသည်။

ထိုမိန်းကလေးကိုသာ လက်ထပ်ရမည်ဆိုပါလျှင် သူမ အချစ်ကြီးချစ်ရပါသော အားလျန်နှင့် အဝေးကြီးဝေးရပေလိမ့် မည်။

ထိုကိစ္စသည် အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။

All Chapters