← Chapters

အတိတ်ကိုသတိမရသေးသောကြောင့်

Vol. 8 Ch. 760

အတိတ်ကိုသတိမရသေးသောကြောင့်

Vol. 8 Ch. 760

ကူးဝေေ၀က မိန်းမပျိုကို အရေးမစိုက်တော့ဘဲ ဆန်းလျန်၏လက်ကိုဆွဲကာ ထွက်သွားရန် ဟန်ပြင်လိုက်လေသည်။

သို့သော်… မိန်းမပျိုကို လည်ပြန်လှည့်ကြည့်မိသည့်အခါတွင်တော့ ကူးဝေေ၀ အနည်းငယ် တုန်လှုပ်သွားမိလေ သည်။ အဘယ်ကြောင့်ဆိုသော် မိန်းမပျို၏မျက်ဝန်းများသည် သာမန်လူသားတစ်ယောက်နှင့် မတူညီစွာ လင်းလက်တောက်ပနေပြီး ထိုသို့သော မျက်ဝန်းမျိုးကို သူမ၏ဘဝတွင် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

မိန်းမပျို၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှု ၊ ဒေါသထွက်မှု ၊ ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နက်နေလေ သည်။

ထို့ပြင်… နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင်ခံစားနေရသည့် စိတ်ရှုတ်ထွေးမှုများကိုလည်း မျက်ဝန်းများထဲတွင် တွေ့မြင်နေရလေသည်။

ပတ်ဝန်းကျင်တွင် လူအများ၏ ဆူညံသံများထွက်ပေါ်နေလေသည်။

သို့သော်… ဆူညံသံများသည် မပြောင်းလဲဘဲ တစ်သမတ်တည်း ထွက်ပေါ်နေခြင်း ဖြစ်လေသည်။

ကူးဝေေ၀မှာလည်း ဆူညံနေသည့် ပတ်ဝန်းကျင်ကို သတိပြုလိုက်မိလေသည်။ သို့သော်… ဆူညံသံများသည် မပြောင်းမလဲ တစ်သမတ်တည်း ရှိနေသည်ကို သူမ ခံစားလိုက်မိလေသည်။ ထိုခံစားချက်က မည်သို့သော ခံစားချက်မျိုးကြီးလဲ။

အချိန်သည် ရုတ်တရက် ရပ်တန့်သွားလေသည်။ ယခု ခဏတာမျှသည့် အချိန်ကလေးသာ မပြောင်းလဲဘဲတည်ရှိ နေလေသည်။

ကူးဝေေ၀မှာ အသိစိတ်ရှိနေသေးသော်လည်း သူမ၏ ခန္ဓာကိုယ်ကတော့ လုံး၀ လှုပ်ရှား၍ မရတော့ပေ။ တစ်ချိန်တည်းမှာပင် သူမသည် လက်ရှိလောကမဟုတ်သည့် အခြားသော လောကတစ်ခုတွင် ရောက်ရှိနေသည့် အလား ခံစားလိုက်ရပြီး ထိုခံစားချက်က အလွန်မှ စိတ်မသက်မသာ ဖြစ်စေလေသည်။

သို့သော်… ဆန်းလျန်နှင့် မိန်းမပျိုကတော့ ထူးဆန်းသည့်အခြေအနေ၏ သက်ရောက်ခြင်းကို ခံရဟန် မရှိပေ။ သူမတို့ (၂)ယောက်ကတော့ လွတ်လပ်စွာ လှုပ်ရှားပြောဆို နိုင်ကြလေသည်။

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား…"

ဆန်းလျန်နှင့် တစ်ချိန်တည်းမှာပင် မိန်းမပျိုကလည်း မေးလိုက်လေသည်။

"ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား…"

ဆန်းလျန်က…

"မင်းရဲ့နာမည်ကဘယ်လိုခေါ်လဲ…"

တစ်ပြိုင်နက်ထဲမှာပင် မိန်းမပျိုကလည်း…

"ရှင့်ရဲ့နာမည်ကဘယ်လိုခေါ်လဲ…"

ပြောပြီးသည်နှင့် သူတို့ (၂)ယောက်လုံး ရယ်မောလိုက်မိကြလေသည်။

သို့သော်… မိန်းမပျိုသည် ရယ်မောနေရင်းဖြင့်ပင် မျက်ရည်များကျလာကာ ငိုကြွေးလျှက်လည်း ရှိလေ၏။ သူမ၏ မျက်ဝန်းဆီမှ မျက်ရည်များသည် မရပ်မနားပင် ကျဆင်းလျှက်ရှိလေသည်။

မိန်းမပျိုက…

"ကျွန်မ ဒီလောကကိုရောက်လာရတဲ့အကြောင်းက ချင်းရှတောင်ပေါ်မှာ တာအိုကျောင်းတော်တစ်ခု ဆောက်လုပ်ဖို့ ရယ် ၊ ပြီးတော့ လူတစ်ယောက်ကိုရှာဖို့ရယ်ပဲ… ၊ ရှင်ကရော…"

ဆန်းလျန်က…

"ကျုပ်ကတော့ ဒီလောကကို ဘာလို့ရောက်လာမှန်းတောင် မသိပါဘူး ၊ ဘာဖြစ်ချင်မှန်းလည်း နားမလည်ဘူး…"

မိန်းမပျိုက…

"ဒါဖြင့် ရှင် ကျွန်မနဲ့ အတူနေပါလားဟင် ၊ ကြည့်ရတာ ကျွန်မ ရှာဖွေနေတဲ့သူက ရှင်ဖြစ်ဖို့များတယ်…"

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် သူမ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေလေသည်။

ထို့ပြင် သူမ၏မျက်နှာထွက်တွင် စိတ်သက်သာရာရခြင်းနှင့် စိတ်ရှုတ်ထွေးခြင်းများလည်း ရောထွေးလျှက်ရှိ လေသည်။

သူမရှာဖွေနေသူကို တွေ့ရှိရပြီဟု  ထင်မှတ်နေသည့်တိုင် အနည်းငယ်နောင်တရနေဟန်ရှိပြီး အနည်းငယ်လည်း ပျောက်ဆုံးနေဟန် ရှိလေသည်။

ဆန်းလျန်ကတစ်ချက်စဉ်းစားလိုက်ပြီး…

"မဖြစ်ဘူး…"

ဆန်းလျန်၏ စကားကြောင့် မိန်းမပျိုက စိတ်ပျက်သွားဟန်ဖြင့်…

"ရှင်လည်းသိပါတယ် ၊ ကျွန်မတို့က သာမန်လူတွေမဟုတ်ဘူး ၊ နတ်ဘုရားတွေလေ ၊ ဘာလို့ ကျွန်မတို့ အတူတူနေလို့ မဖြစ်ရမှာလဲ…"

ဆန်းလျန်က…

"မင်းမှားနေပြီ… ကျုပ်တို့က မတူပါဘူး…"

မိန်းမပျိုက ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး နူးညံ့တိုးတိတ်သည့်လေသံဖြင့်…

"ကျွန်မတို့က ဘာတွေများ မတူလို့လဲ…"

ဆန်းလျန်က မိန်းမပျိုကို တစ်ချက်စိုက်ကြည့်လိုက်လေသည်။

သူ၏မျက်ဝန်းထဲတွင် အဆုံးမရှိသည့်အကြင်နာတရားများနှင့် ဝမ်းနည်းကြေကွဲခြင်းများ ဖြတ်သန်းသွားလေသည်။

ဆန်းလျန်က…

"ဘာလို့ မင်းနဲ့ကျုပ်နဲ့ မတူဘူးလို့ ပြောရသလဲဆိုတော့ မင်း ဒီလောကကိုရောက်လာတာ လုပ်စရာ အလုပ် (၂)ခုပဲ ရှိတယ် ၊ တစ်ခုက ချင်းရှတောင်မှာ တာအိုကျောင်းတော်ဆောက်လုပ်ဖို့ ၊ နောက်တစ်ခုက လူတစ်ယောက်ကို ရှာဖို့ ၊ အဲဒီ ကိစ္စ (၂)ခုသာပြီးသွားရင် မင်း ဒီလောကမှာ ဆက်နေဦးမှာလား…"

မိန်းမပျိုက…

"အဲဒီကိစ္စတွေပြီးသွားရင်တော့ ဆက်နေမလား ၊ မနေဘူးလား မသေချာသေးဘူး…"

ဆန်းလျန်က…

"ဒါဆိုမင်းက တာဝန်တစ်ခုကြောင့် ဒီလောကကို ရောက်လာတာပဲ ၊ အစစ်အမှန်မဟုတ်ဘူး…"

မိန်းမပျိုက…

"ရှင်ပြောနေတာတွေ ကျွန်မနားမလည်ဘူး ၊ ကျွန်မက တာဝန်တစ်ခုကြောင့် ဒီလောကကို ရောက်လာတာ မဟုတ်ပါဘူး ၊ ကျွန်မက လွတ်လပ်တဲ့ နတ်ဘုရားတစ်ပါးပါ ၊ ကျွန်မ မသိတဲ့အရာ လောကမှာ ဘာမှ မရှိဘူး…"

ဆန်းလျန်က…

"ဒါဖြင့် မင်းဗုဒ္ဓကျမ်းစာတွေကိုရော နားလည်သလား…"

မိန်းမပျိုက…

"ကျွန်မ မသိတဲ့ ဗုဒ္ဓစာပေဆိုလို့ တစ်ခုနှစ်ခုလောက်ပဲ ရှိတယ်…"

"မသိတာတစ်ခုနှစ်ခုလောက်ပဲရှိတယ်" ဆိုလေတော့ အတော်များများကို သိရှိနေဟန်ရှိလေ၏။

ဗုဒ္ဓကျမ်းစာများဆိုသည်က နက်ရှိုင်းလေရာ မိန်းမပျိုသည် ဗုဒ္ဓစာပေများကိုပင် ဖတ်ရှုမှတ်သားဖူးသည်ဆိုလျှင်တော့ သူမ၏ အသိပညာ မည်မျှနက်ရှိုင်းသည်ကို ပြသနေလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ်ကတော့ ဗုဒ္ဓကျမ်းစာတွေကို ငယ်ငယ်ကတည်းက ဖတ်ခဲ့တာ…"

မိန်းကလေးက ရယ်မောလိုက်ရင်း…

"တိုက်ဆိုင်လိုက်တာ ၊ ကျွန်မလည်း ဗုဒ္ဓကျမ်းစာတွေကို ငယ်ငယ်ကတည်းက ဖတ်ခဲ့တာပဲ…"

ဆန်းလျန်က မိန်းမပျိုကို ကြည့်ရင်း တစ်ချက်ပြုံးလိုက်လေသည်။

ဆန်းလျန်၏ အပြုံးသည် လောကတစ်ခုလုံးကိုပင် ပြောင်းပြန်လန်သွားစေသည့်အလား မိန်းမပျို၏ နှလုံးသားထဲတွင် လှိုင်းထန်သွားရလေသည်။ သို့သော်… သူမက ချက်ချင်းပင် ပြန်လည်တည်ငြိမ်အောင်ကြိုးစား လိုက်နိုင်သည်။

ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…

"ကျုပ်တို့(၂)ယောက် တူတာတွေများလိုက်တာလို့ မင်းတွေးကောင်းတွေးလိမ့်မယ် ၊ ဒါပေမဲ့ တကယ်တမ်းမှာ မတူပါဘူး ၊ ကျုပ် ထပ်ပြောပြမယ် ၊ မင်းက ဒီလောကကို တာဝန်တစ်ခုကြောင့်ရောက်လာတာသာ မကဘူး ၊ မင်းက ဖန်ဆင်းခံထားရတဲ့ ပုံရိပ်ယောင်တစ်ခုပဲ…"

ဆန်းလျန်စကားကြောင့် မိန်းမပျိုမှာ ကြက်သေသေသွားရလေသည်။

ဖန်ဆင်းခံပုံရိပ်ယောင်ဆိုသည့်အဓိပ္ပါယ်ကို မိန်းမပျို ကောင်းကောင်းသိလေသည်။ ပုံရိပ်ယောင်ကိုယ်ပွားများသည် အလိုအလျှောက်တုံ့ပြန်နိုင်စွမ်း ရှိကြလေသည်။

ဥပမာပြောရမည်ဆိုလျှင် - ကွမ်ရင်မယ်တော် ကိုယ်ခွဲပေါင်း (၃၃)ခု ဖန်ဆင်းခြင်းမျိုးကဲ့သို့ ဖြစ်လေသည်။ ထိုကိုယ်ခွဲများမှာ ဘုရင်များ ၊ စစ်ဗိုလ်ချုပ်များ ၊ မိန်းမပျိုများ၏ အသွင်သဏ္ဍန်များဖြစ်လေသည်။ ဘုရင်နှင့်မှ တရားရမည့်သူကို ဘုရင်ပုံစံဖြင့် ၊ စစ်ဗိုလ်ချုပ်နှင့်မှ တရားရမည့်သူကို စစ်ဗိုလ်ချုပ်ပုံစံဖြင့် ၊ မိန်းမပျိုနှင့်မှ တရားရမည့်သူကို မိန်းမပျို ပုံစံဖြင့်  ပေါ်လာပြီး တရားပြလေ့ရှိလေသည်။

သင်သည် မည်သို့သောလူမျိုးဖြစ်ပါစေ သင်ကဲ့သို့သောပုံစံမျိုးဖြင့် သင့်ရှေ့တွင်ပေါ်လာပြီး သင့်ကို စကားပြောမည် ဖြစ်လေသည်။

ထို့ကြောင့် ဖန်ဆင်းခံထားရသည့်ပုံရိပ်ယောင်များသည် ရုပ်ခန္ဓာပုံပန်းသဏ္ဍန်ကိုကြည့်မည်ဆိုလျှင် သက်ရှိ တစ်ယောက်နှင့် ခွဲခြားမရအောင်တူညီပြီး ပြောဆိုမှုတိုင်းကိုလည်း တုံ့ပြန်နိုင်စွမ်း ရှိလေသည်။ အခြေအနေအလိုက် လည်းအသွင်သဏ္ဍန်ပြောင်းလဲနေနိုင်သလို လောကနှင့်လိုက်လျောညီထွေလည်း နေထိုင်နိုင်လေသည်။

ယခု ဆန်းလျန်ရှေ့မှ မိန်းမပျိုကတော့ ကွမ်ယင်မယ်တော်ကဲ့သို့ များပြားလှစွာသည့် အသွင်သဏ္ဍန်များဖြင့် ကိုယ်ခွဲများ ဖန်ဆင်းထားခြင်းတော့ မဟုတ်ပေ။ သူမသည် နတ်ဘုရားတစ်ပါးမှ ရောင်ပြန်ဟပ်ထားသည့် ပုံရိပ်ယောင်ကိုယ်ပွားတစ်ခု ဖြစ်လေသည်။

သူမက လူတစ်ယောက်ကို ရှာဖွေရန် ဤလောကသို့ ရောက်ရှိလာသည်ဟု ဆိုလေသည်။ ထိုသူမှာလည်း ဆန်းလျန် ဖြစ်နိုင်ချေရှိလေသည်။

ဆန်းလျန်သာ သူမပြောသည့်စကားအတိုင်းလက်ခံပြီး ချင်းရှတောင်တွင် တာအိုကျောင်းတော်ဆောက်လုပ်ကာ သူမနှင့် အတူတကွ နေထိုင်မည်ဆိုပါက သူမ၏ တာဝန်သည် ပြီးဆုံးပြီဖြစ်လေသည်။ သူမ၏တာဝန်ပြီးဆုံးသွားပါက အဖြစ်အပျက်အားလုံးက အဆုံးသတ်သွားမည် ဖြစ်လေသည်။

သို့သော်… မိန်းမပျိုကိုဖန်ဆင်းထားသူ နတ်ဘုရားအစစ်အမှန်ကတော့ ဆန်းလျန်နှင့်ပတ်သက်မည် မဟုတ်ပေ။ သူတို့ (၂)ယောက်ကတော့ ကိုယ့်လမ်းကိုယ် လျှောက်ကြမည်သာ ဖြစ်လေသည်။

ထိုသို့ပြုလုပ်ရာတွင် မည်သို့သော အကျိုးအမြတ်ရှိမည်ကို ဆန်းလျန်က သိရှိထားပြီးသား ဖြစ်လေသည်။

ပုံရိပ်ယောင်ကိုယ်ပွားက ထမ်းဆောင်ရမည့်တာဝန်များပြီးဆုံးသွားသည်နှင့် မိန်းမပျိုကို ဖန်ဆင်းသည့် နတ်ဘုရားအစစ်အမှန် ရင်ဆိုင်နေရသည့် အခက်အခဲများလည်း ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။

ဆန်းလျန်ဘက်မှ ကြည့်မည်ဆိုလျှင်လည်း အရှုံးမရှိနိုင်ပေ။

ပထမဆုံးအနေဖြင့် မိန်းမလှလေးတစ်ယောက်နှင့် အတူနေရမည် ဖြစ်လေသည်။

ဒုတိယအနေဖြင့် တာဝန်ပြီးဆုံးသွားသည့်အခါ မိန်းမပျိုသည် ဤလောကမှ ပျောက်ကွယ်သွားပေလိမ့်မည်။ မည်သည့်နည်းနှင့်မှ ဆက်လက်တည်ရှိနိုင်မည် မဟုတ်တော့ပေ။ ထိုအခါ ဆန်းလျန်သည်လည်း သူ၏ ဂိုဏ်းတူအစ်မနှင့် ပြန်လည်နေထိုင်နိုင်မည်ဖြစ်ပြီး မိန်းမပျိုကို ဖန်ဆင်းသူ နတ်ဘုရားသည်လည်း သူနှင့် အရှုပ်အရှင်း ဖြစ်လာစရာ အကြောင်းမရှိပေ။

မိန်းမပျို၏ သဘောအတိုင်းသာ ဖြည့်ဆည်းပေးလိုက်လျှင် ဆန်းလျန်အနေဖြင့် ကျင့်ကြံခြင်းအဆင့်များပင် အနည်းငယ် မြင့်တက်သွားနိုင်ပြီး အတိတ်မေ့နေသည့် ပြဿနာကိုပင် ဖြေရှင်းကောင်း ဖြေရှင်းနိုင်မည် ဖြစ်လေသည်။

သို့သော်… ဆန်းလျန်က သူမကို ငြင်းခဲ့လေသည်။

သူ့အတွက် ငြင်းရသည့်အကြောင်းရင်း (၂)ခု ရှိလေ၏။

ပထမအချက်မှာ သူက မိန်းမပျို၏ဆန္ဒအတိုင်းသဘောတူလိုက်လျှင် ကူးဝေေ၀ စိတ်ထိခိုက်သွားပေလိမ့်မည်။ နောက်ပိုင်းတွင် အေးအေးဆေးဆေးရှင်းပြလျှင် ကူးဝေေ၀က နားလည်လက်ခံမည်ဖြစ်သော်လည်း အစ်မဖြစ်သူကို စိတ်ထိခိုက်အောင် ဆန်းလျန် မပြုလုပ်ချင်ပေ။

ဒုတိယအချက်မှာ ဆန်းလျန်ကိုယ်တိုင်က အသုံးချခံတစ်ယောက် မဖြစ်ချင်သောကြောင့်ပင်။ အထူးဖြင့် သူ၏ အတိတ်ကို ပြန်လည် သတိမရသေးသည့်အချိန်တွင် ရှုတ်ရှုတ်ယှက်ယှက် ပတ်သက်မှုများကို ပြုလုပ်လိုခြင်း မရှိပေ။

ရလဒ်သည် ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ အတိတ်ကို ရှင်းရှင်းလင်းလင်း ပြန်လည်သိရှိအောင် အရင်ကြိုးစားရဦးမည်။ သို့မှသာ သူ့အနေဖြင့် နောင်တမရှိဘဲ ရှင်သန်နိုင်မည် ဖြစ်လေသည်။

မိန်းမပျိုက အတန်ကြာတိတ်ဆိတ်နေပြီးမှ…

"ရှင်မှန်တယ်ဆိုရင်လည်း ဘာဖြစ်သလဲ ၊ ကျွန်မကတော့ လုပ်သင့်တဲ့အလုပ်ကို ဖြစ်အောင်လုပ်ရမှာပဲ…"

သူမ ဤလောကသို့ ရောက်လာရသည်မှာ အလုပ်(၂)ခုပြုလုပ်ရန်သာ ဖြစ်လေသည်။ ထိုအလုပ် (၂)ခုထက် မည်သည့်အရာမှ အရေးမကြီးပေ။ အခြေားသောကိစ္စများကို သူမ စိတ်ပူမည် မဟုတ်ပေ။

ဆန်းလျန်က…

"မင်းဘက်ကကြည့်ရင်လည်း မှန်သလို ကျုပ်ဘက်က ကြည့်ရင်လည်း မမှားပါဘူး…"

မိန်းမပျိုက…

"ရှင် ကျွန်မရဲ့ ဆန္ဒကို ဘာလို့သဘောမတူရတာလဲဆိုတာ ကျွန်မသိပါတယ် ၊ ဒီမမက ကျွန်မကို ကျောက်စိမ်းပြားနဲ့ပစ်ပြီး ပဋိညာဉ်ချိုးဖျက်ခဲ့တယ် ၊ ပြီးတော့ ကျွန်မကို ခေါ်မသွားချင်ဘူး ၊ ရှင်ကလည်း ကျွန်မ ဆန္ဒကို မလိုက်လျောနိုင်ဘူး ၊ ပဋိညာဉ်ကျိုးပျက်သွားပြီး သဘောတူညီမှုသာ ကျဆုံးခဲ့ရင် ကျွန်မက သဘာဝတရားရဲ့ အပြစ်ပေးတာကို ခံရလိမ့်မယ် ၊ ကျွန်မရဲ့ ဖြစ်တည်မှု ပျက်စီးရလိမ့်မယ် ၊ အားလုံးက ဒီမမကြောင့် ဖြစ်ရတာ ၊ အဲဒီတော့ သူဖြေရှင်းမှပဲ ရလိမ့်မယ်…"

စကားဆုံးသွားသည်နှင့် မိန်းမပျိုက ကူးဝေေ၀ရှိရာသို့ လမ်းလျှောက်လာလေသည်။ ခြေလှမ်းတိုင်းက ကြာပွင့်လေး များအလား လှပလွန်းလှပါပေသည်။

ဖန်ဆင်းခံပုံရိပ်ယောင်တစ်ခုသည်ပင် ထိုမျှလှပနေလျှင် နတ်ဘုရားအစစ်သည် မည်မျှ လှပလိုက်ပါမည်နည်း။

ထို့နောက် သူမ၏ ဦးခေါင်းနောက်မှ ရောင်စဉ် (၉)ခု ဖြာထွက်လာလေသည်။ ထိုအလင်းတန်းများသည် လူသားများအားလုံးကို ကြောက်ရွံ့ထိတ်လန့်သွားစေရန် လုံလောက်လေသည်။

All Chapters