← Chapters

ငါ့ကို နမ်းပါလား

Vol. 001 Ch. 66

ငါ့ကို နမ်းပါလား

Vol. 001 Ch. 66

ရီဖူရှင်း စိတ်ညစ်သွားသည်။ နောက်ဆုံးအကြိမ်က သူက မိန်းကလေး တစ်ယောက်အား အနိုင်ယူမိရာ သူမက သူ့အား ယောက်ျားမဟုတ်ဟု စော်ကားသွားခဲ့သည်။ ယခု သူကား အရှက်မရှိသော အရူးဖြစ်နေပြန်သည်။ သူတို့က အဘယ်ကြောင့် ပုံမှန်အတိုင်း စိန်ခေါ်ခြင်း မရှိသည်ကို သူ နားမလည်နိုင်တော့။

ယူချင်း၏ဘေးမှ ယိချိန်ချန်က နောက်ဆုံးအကြိမ်က ဖြစ်ပျက်ခဲ့သည်ကို တွေးမိလိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။ မိန်းကလေး၏ ဘက်လက်တင်ထားသော နေရာအား ကြည့်ကာ ရီဖူရှင်းအား ပြောလိုက်သည်... “နင်က ဘောင်ကျော်သွားပြီ...”

"ငါပြောပြီးပြီ... တိုက်ပွဲမှာ ဘယ်နည်းလမ်းမဆို မျှတတယ်... ငါက တိုက်ခိုက်ချင်တာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက လက်လျှော့လို့လား...” ရီဖူရှင်းက တရားနည်းလမ်းကျကျ ရှင်းပြလိုက်သည်။

မိန်းကလေးက သူ့အား မီးဝင်းဝင်းတောက်အောင် ကြည့်လိုက်၏။ မိန်းကလေးများနှင့် တရားနည်းလမ်း ကျခြင်းကို ပြောခြင်းမှာ မသုံးမဝင်ကြောင်း ရီဖူရှင်း နားလည်လိုက်သည်။

"ဆရာ... ကျွန်မ သူ့ကို လိုချင်တယ်...” မိန်းကလေးက စာပေသမားဟန် လူကြီးအား ပြောလိုက်သည်။

"ဟင်...” ရီဖူရှင်း ဇဝေဇဝါ ဖြစ်သွားသည်။ သူက မိန်းကလေးအား ထူးဆန်းသလို ကြည့်ကာ ပြောလိုက်သည်... “ငါ့မှာ ချစ်သူရှိပြီးသား...”

မိန်းကလေးက ရီဖူရှင်း ပြောသည်ကို ရုတ်တရက် နားမလည်ပေ။ အတန်ကြာလျှင် သူမ၏လှပသော မျက်လုံးအစုံ ဝိုင်းသွားသည်။ ထို့နောက် ဒေါသချောင်းချောင်း ထွက်ကာ အော်လိုက်ပြန်သည်... “နင်က အရမ်း အရှက်မရှိတာပဲ...”

မိန်းကလေးက ဆရာဟု ရည်ညွှန်းသော ဝန်ကြီးချုပ်ကျိုက လည်ချောင်းတစ်ချက် ရှင်းကာ ပြောလိုက်သည်... “အဟမ်း... နင်က စကားလုံးသုံးတာ လွဲနေတယ်...”

မိန်းကလေး အနည်းငယ် ရှက်ရွံ့သွားသည်။ “ငါနင့်ကို လိုချင်တယ်...” ဟူသော သူမပြောသော စကားအား ပြန်တွေးလိုက်လျှင် အမှန်တကယ်ပင် နားလည်မှုလွဲရန် လွယ်ကူကြောင်း သိလိုက်သည်။ သို့သော် သူမ ဂရုမစိုက်ပေ... “ဆရာ... ကျွန်မ ဘာကို ဆိုလိုတယ်ဆိုတာ သိတယ်မလား...”

"ခေါင်းမာတယ်...” ဝန်ကြီးချုပ်ကျိုက သူမအား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူ ရီဖူရှင်းဘက်သို့ လှည့်လိုက်သည်... “မင်းနာမည် ဘယ်လိုခေါ်လဲ...”

"ဝန်ကြီးချုပ် ခင်ဗျား... ကျွန်တော့်နာမည်... ရီဖူရှင်းပါ...” သူက ဦးညွှတ်လျက် ပြောလိုက်သည်... “ခင်ဗျားရဲ့တပည့်က ကျွန်တော့်ကို စိန်ခေါ်ခဲ့တာပါ...”

"ငါသိတယ်...” ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်လိုက်သည်... “အရမ်းကောင်းတယ်... မင်းရဲ့ မှော်သိုင်းရော... ကြံ့ခိုင်မှုရော အရမ်း အားကောင်းတယ်... မင်းက တိုက်ပွဲ နည်းစနစ်ကိုတောင် သုံးစရာမလိုဘူး... သူမက မင်းရဲ့အဆင့် မဟုတ်ဘူး...”

"ဆရာက ဘယ်လိုလုပ် ဒီလို ပြောရတာလဲ...” မိန်းကလေးက သူမ၏ဆရာစကားကို ကြားကာ မတရား စွပ်စွဲခံရသလို ခံစားလိုက်ရသည်။

"ဒါက အမှန်တရားပဲ...” ဝန်ကြီးချုပ်ကျိုက ပြောလိုက်သည်... “သူက နင့်ထက် တန်ခိုးအဆင့်နိမ့်တယ်... အခု တခြားနေရာတွေမှာ နင့်ထက် ပါရမီပါတဲ့လူတွေ ရှိတယ်ဆိုတာ သိပြီမလား... နောက်ဆို အရမ်း မောက်မာ ဝင့်ကြွားမနေနဲ့တော့...”

ထိုစဉ် လူအုပ်ထဲမှ ရှာဖန်က ဝန်ကြီးချုပ်ကျို၏ ဘေးနားကို လျှောက်သွားလိုက်သည်။ သူက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ ဝန်ကြီးချုပ်၏နားထဲသို့ တစ်စုံတစ်ခု ရေရွတ်လိုက်သည်။

ဝန်ကြီးချုပ်ကျိုက အနည်းငယ် အံ့အားသင့်ကာ ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်လိုက်သည်။

ရီဖူရှင်း သင်္ကာမကင်း ဖြစ်သွားသည်။ ရှာဖန်၏ မျက်လုံးများမှာ အေးစက်နေပြီး သူတစ်ခုခု ကြံစည်နေသည်မှာ ထင်ရှားသည်။

"ရီဖူရှင်း... ဒီကိုလာ...” ဝန်ကြီးချုပ်ကျိုက ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လျက် လျှောက်သွားလိုက်သည်။

"ငါ ဒီတစ်ခေါက်လာတာ... ချင်းကျူမြို့က ရတနာသိုက်ကိစ္စပဲ...” ဝန်ကြီးချုပ်ကျိုက သူ့အား ပြောလိုက်သည်...” ငါ ရှာဖန်ဆီက ကြားခဲ့တာကတော့ အဲဒီနေရာက အသက်ရှင်ပြီး ပြန်ထွက်လာနိုင်တဲ့ တစ်ယောက်က ဒွန်ဟိုင်ကျောင်းတော်မှာ ရှိတယ်လို့ပြောတယ်... ဒါကြောင့် ငါက ဒီကို လာကြည့်တာပဲ... မင်းနဲ့ တည့်တည့် တိုးလိမ့်မယ်လို့ မထင်မိဘူး... မင်းငါနဲ့ လိုက်ခဲ့နိုင်မလား... စိတ်မပူနဲ့...မင်းအန္တရာယ်မရှိအောင် ငါ အတတ်နိုင်ဆုံး ကာကွယ်မယ်...”

ရီဖူရှင်း၏မျက်လုံးများ တောက်ပသွားသည်။ သည်တစ်ကြိမ်လည်း ဧကရာဇ်ရီချင်၏ ရတနာကိစ္စဖြစ်သည်။ ချင်းကျူမြို့သည် အရှေ့ပင်လယ်ဒေသ၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ရီချင်၏ ရတနာသိုက် ထွက်ပေါ်လာခြင်းက ကြီးမားသော သတင်းတစ်ပုဒ်ဖြစ်ရာ အရှေ့စီရင်စုက နန်ဒူနိုင်ငံအား အစီရင်ခံရမည်မှာ သေချာလှသည်။ ထို့ကြောင့် သူတို့က တစ်စုံတစ်ယောက်ကို လွှတ်၍ သတင်းပေးခဲ့သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် ရှာဖန်ကိုယ်တိုင်က လိုလိုလားလား လုပ်ဆောင်ခဲ့လျှင် သူက ရီဖူရှင်းအား သတ်ရန် ကြံစည်နေသည်မှာ ထင်ရှားလှသည်။ သူက တီအန်ယွာတောင်တွင် မည်သည့်အရာများ ရှိနေသည်ကို သိသည်။ သို့သော် ရှာဖန်၏ အကြံအစည်မှာ အထမြောက်မည် မဟုတ်မှန်း ရီဖူရှင်း သိသည်။ လူဝံကြီးက ရီဖူရှင်းအား အဘယ်ကြောင့် ထိခိုက်အောင် လုပ်မည်နည်း။

"ဝန်ကြီးချုပ်... သားရဲဘုရင်က ဧကရာဇ်ရီချင်ရဲ့ ရုပ်တုကို ကာကွယ်ထားတယ်... သူက အရမ်း စွမ်းအားကြီးတယ်... ခင်ဗျားက ပညာထူးချွန်တယ် ဆိုရင်တောင် သူက အရမ်းကို အန္တရာယ် များနေသေးတယ်... ကျွန်တော် အသက်ရှင်ခဲ့တာက ကံကောင်းတာ သတ်သတ်ပဲ...” ရီဖူရှင်းက သတိပေးလိုက်သည်။

"ငါနားလည်တယ်... ဒါပေမဲ့ ဒါက ဘုရင်ရဲ့ အမိန့်တော် ဖြစ်နေတယ်... ငါသွားကြည့်မှ ရမယ်...” ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်လိုက်သည်... “ငါက လမ်းကြောင်းကို လေ့လာဖို့ တစ်ယောက်ကို လွှတ်ထားပြီးပြီ... သူပြန်လာတဲ့အခါ ငါတို့ ဒီက စထွက်မယ်... မင်းက ငါ့အနားမှာပဲနေ...”

ရီဖူရှင်းက သက်သောင့်သက်သာ မရှိသလို ဟန်ဆောင်ထားလိုက်သည်။ သူက စိတ်မပါသလို ခေါင်းညိတ်လိုက်သည်... “အကယ်၍ အန္တရာယ်နဲ့တွေ့ရင် နောက်ဆုတ်ဖို့ သတိရပေးပါ... ဝန်ကြီး...”

"စိတ်မပူနဲ့...” ဝန်ကြီးချုပ်ကျိုက သူ၏ပခုံးအား ပုတ်လိုက်ကာ ပြောလိုက်သည်။ ရီဖူရှင်း သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။ သူက ချင်းကျူမြို့ကို သည်မျှ မြန်မြန် ပြန်သွားရမည်ဟု မထင်မိချေ။ လူဝံကြီးအား ထိုနေရာမှ ထွက်ရန် ဆန္ဒရှိသလား သူ မေးရပေဦးမည်။

"ဆရာ... ဘာတွေပြောနေကြတာလဲ...” မိန်းကလေးက သူတို့အနားကို ရောက်လာကာ မေးလိုက်သည်။

"ငါက သူ့ကို မင်းရဲ့ဆန္ဒကို လက်ခံအောင် ပြောနေတာ...” ဝန်ကြီးချုပ်ကျိုက ပြောလိုက်သည်။

မိန်းကလေးက ရီဖူရှင်းအား ပြုံးလျက် ကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်... “ကောင်းတယ်... နင်က ကိုယ့်နေရာကိုယ် သိသားပဲ... အခုနင့်ကို ငါပိုင်သွားပြီ...”

ရီဖူရှင်း စိတ်ညစ်သွားသည်။ သူမအား ကြည့်ကာ ရီဖူရှင်းက ပြောလိုက်သည်... “နင်က တော်တော်လှတယ်... ဒါပေမဲ့ ငါ့မှာ တကယ် ချစ်သူရှိတယ်... ပြီးတော့ သူမက နင့်ထက်လှတယ်...”

"အရူး...” မိန်းကလေး အနည်းငယ် ဒေါသထွက်သွားသည်။

ဝန်ကြီးချုပ်က ဝင်ပြောလိုက်သည်... “ကောင်းပြီ... မင်းသမီလေး... ကျုပ်တို့ သွားရတော့မယ်...” ထို့နောက် သူက ဒွန်ဟိုင်ကျောင်းတော်မှ လူများဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်သည်... “အခုလို အချိန်ပေးလို့ ကျေးဇူးတင်ပါတယ်...”

"ရပါတယ်... ဝန်ကြီးချုပ်... ရက်နည်းနည်း ထပ်မနေတော့ဘူးလား...” ကျောင်းအုပ်ကြီးက သူ့အား မေးလိုက်သည်။

"တော်ပြီ... ကျုပ်အခု ရှာအိမ်တော်မှာ နေတယ်...” ဝန်ကြီးချုပ်ကျိုက ခေါင်းယမ်းလိုက်သည်။ သူကား နန်ဒူနိုင်ငံ၏ဝန်ကြီးချုပ် ဖြစ်သည်။ အရှေ့ပင်လယ် ဒေသကား သူ၏လက်အောက်မှ ဖြစ်သည်။ သူက သည်နေရာကို လာလျှင် ရှာအိမ်တော်တွင် တည်းရန် လိုပေသည်။

"ငါတို့ သွားတော့မယ့်အချိန် မင်းကို လာခေါ်လိုက်မယ်...” သူက ရီဖူရှင်းအား ထိုသို့ပြောပြီး သူ၏လူများအား ဦးဆောင်ကာ ထိုနေရာမှ ထွက်သွားတော့သည်။ မိန်းကလေးက ထွက်သွားခါနီး ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ ရီဖူရှင်း ပခုံးတွန့်လိုက်သည်။ သူမက သူ့အား ခြောက်လှန့်ရန် ကြိုးစားနေသည်လား။ ကောင်းပြီ။ တီအန်ယွာတောင်ကို ရောက်လျှင် သူ့အလှည့် ရောက်လာလိမ့်မည်။

ဝန်ကြီးချုပ်ကျို ထွက်သွားသည်နှင့် ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသား အများအပြားက ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်ကြသည်။ သည်ကောင်ကား သည်မျှ ညစ်ပတ်လှသည်။ ကျောင်းသား အများအပြားက သူမအား ရှုံးနိမ့်ခဲ့ကြသော်လည်း သူကား မိန်းကလေးကို သည်မျှ လျင်မြန်စွာ စနောက်နိုင်စွမ်း ရှိသည်။ ထို့အပြင် သူ့အား ဝန်ကြီးချုပ်ကျိုမှ ချီးကျူးသွားသေးသည်။ ကျောင်းအုပ်များက ရီဖူရှင်းအား သေသေချာချာ ကြည့်လိုက်ကြသည်။ သည်ကောင်လေးအား ဝန်ကြီးချုပ်က သဘောကျသွားသည်လည်း ဖြစ်နိုင်သည်။

လူအုပ်က တဖြည်းဖြည်း ပြန့်ကျဲသွားလေပြီ။ ယိချိန်ချန်က သူ့ထံလျှောက်လာပြီး ပြောလိုက်သည်... “နင်တော့သွားပြီ... လူတွေအကုန်လုံးက နင့်ကို မှတ်ထားလိမ့်မယ်လို့ ငါယုံတယ်...”

"ဒီလို ချောမောတဲ့ ရုပ်ရည်ပိုင်ဆိုင်ဖို့ဆိုတာ အရမ်းခက်ခဲတယ်...” ရီဖူရှင်းက သက်ပြင်းချလိုက်သည်။

ယိချိန်ချန်က သူ့အား ဒေါသတကြီး ပြောလိုက်သည်... “နင်က မရိုက်သင့်တဲ့နေရာကို သွားရိုက်တာပဲ... ဒါက လုံးဝမလုပ်သင့်တာ...”

"ဒါက တိုက်ပွဲပဲ... ငါ ဘယ်လိုလုပ် သိမလဲ...” ရီဖူရှင်းက အပြစ်ကင်းသည့် ပုံစံဖြင့် ပြောလိုက်သည်။

"နင်က တမင်လုပ်တာလား... တမင် မဟုတ်ဘူးလား ဘယ်သူသိမှာလဲ...” ယိချိန်ချန်က ပြုံးလျက် ကျီစယ်လိုက်သည်။

"နင်က အရမ်းသိတာပဲ...” ယူချင်းက ဘေးမှ ဝင်ပြောလိုက်သည်။

ရီဖူရှင်းက ယူချင်းအား စိုက်ကြည့်လျက် ပြောလိုက်သည်... “ယူချင်း... မင်း အတော် ပြောင်းလဲသွားပြီ...”

"မင်းဆီက သင်ရတာပေါ့...” ယူချင်းက ထိုသို့ပြောလိုက်လျှင် ရီဖူရှင်းက သက်ပြင်းချရုံမှအပ မတတ်နိုင်တော့။

"သွားမယ်...” ယိချန်က ခေါ်လိုက်သည်။

ရီဖူရှင်းက သူ့ထံ လှမ်းသွားလိုက်ပြီး မေးလိုက်သည်... “ဆရာကြီး... အရင်က ဆရာကြီး ပြောဖူးတာ... ဝန်ကြီးချုပ်ဟွာနဲ့ ဝန်ကြီးချုပ်ကျိုက ပြိုင်ဘက်တွေဆို... အဲဒါ အခုလာသွားတဲ့ ဝန်ကြီးချုပ်ကျိုလား...”

"ဟုတ်တယ်...” ယိချိန် ခေါင်းညိတ်လိုက်သည်... “ငါဘာလို့ ငြင်းလို့မရလဲ မင်းအခု သိသွားပြီလား...”

"ကျွန်တော့်ကို အခုလို ရောင်းစားတာ ကောင်းလား...” ရီဖူရှင်းက စိတ်ပျက်စွာ ပြောလိုက်သည်... “ကျွန်တော့်ကို တစ်ခုခု ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ...”

"မင်းက ငါ့တပည့်မှ မဟုတ်တာ... ငါနဲ့ဘာမှ မဆိုင်ဘူး...” ယိချင်က ရီဖူရှင်းအား ပြုံးလျက် ပြောလိုက်သည်။

ရီဖူရှင်း မျက်လုံးပြူးသွားသည်။

"မင်းက မင်းမှာ ချစ်သူရှိတယ် ပြောတယ်... ဟွာဂျီယူလား...”

"ဘယ်လိုသိတာလဲ...” ရီဖူရှင်းက သူ့အား ကြည့်လိုက်သည်။

"ဟင်း... မင်းပဲ ညဏ်ကောင်းတယ် ထင်နေတာလား... ကြယ်စင်ဧကရာဇ် ကျောင်းတော်လည်း ရူးနေတာ မဟုတ်ဘူး... မူယွန်ချန်နဲ့ဟွာဂျီယူရဲ့ ကောလာဟလတွေက မင်းတို့နှစ်ယောက်ကို စမ်းသပ်မလို့...” ယိချန်က ပြောလိုက်သည်။

"ဒါဆို ဘာဖြစ်လဲ...” ရီဖူရှင်းက အရေးမကြီးဟန်ဖြင့် ပြောလိုက်သည်။ သူကား သည်ရက်ပိုင်းအတွင်း စိတ်အနှောင့်အယှက် ဖြစ်နေသည်မှာ ကြာလှပြီ။ သူက မည်သည့်အချိန်တွင် အမှန်တရားအား ထုတ်ပြောရမည်ကို တွေးနေပြီဖြစ်သည်။ ကောလာဟလများအား စိတ်ကုန်လှပြီ။

"မင်းကို ကြည့်ရတာ လွယ်ကူလိုက်တာ... ဘယ်က ယုံကြည်မှုတွေ ရနေတာလဲ...” ယိချန်က မေးလိုက်သည်။

"ကျွန်တော့်မှာ ဆရာကြီးရှိတယ်...” ရီဖူရှင်းက ယိချန်အား ကြည့်လျက် ပြောလိုက်သည်။

ယိချင်က မငြင်းပေ... “ဝန်ကြီးချုပ်ကျိုမှာ အင်အားရှိတယ်... ဘုရင်ကြီးက သူ့ကို အရမ်းယုံတယ်... သူက မင်းကို ထောက်ခံမယ်ဆိုရင် နန်ဒူမိသားစုက မင်းကို စဉ်းစားပေးလိမ်မယ်...”

ရီဖူရှင်း စိတ်ဓာတ်ကျသွားသည်။ ဧကရာဇ်ရီချင်နှင့် သူ၏မွေးစားအဖေက သူတစ်နေ့ ဧကရာဇ် ဖြစ်လာမည်ဟု ပြောခဲ့ကြသည်။ ယခုကား နန်ဒူမိသားစုက သူ့အား စဉ်းစားရန် လိုအပ်နေသည်။ မည်ကဲ့သို့ ကံဆိုးမိုးမှောင် ကျမှုပေနည်း။

"ငါက မင်းကို လျော်ကြေးပေးတဲ့အနေနဲ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို ခေါ်သွားပေးမယ်...” ယိချန်က ရုတ်တရက် ပြောလိုက်သည်။

ရီဖူရှင်း ထိတ်လန့်သွားသည်။ သူက လျင်မြန်စွာ ပြုံးလိုက်သည်... “ဆရာကြီးက အကောင်းဆုံးပဲ...”

"သွားစမ်း...” ယိချန်က သူ၏မျက်ခုံး ပင့်လိုက်သည်... “ငါက မင်းရဲ့ဆရာ ဘိုးဘိုးဆီ ခေါ်သွားမလို့ မင်းရဲ့ရည်းစားဆီ မဟုတ်ဘူး...”

"ကျွန်တော် နားလည်ပါတယ်...” ရီဖူရှင်းကလည်း သဘောပေါက်သည်။ ယိချင်က သည်ထပ်ပြောလိုသော ဆန္ဒရှိတော့ဟန်မတူ။

နောက်တစ်ရက်တွင် ယိချင် ရီဖူရှင်းအား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်အား ခေါ်ယူသွားသည်။ ယိချင်ကား လာဘ်လာဘ ကျောင်းဆောင်၏ ကျောင်းအုပ်ဖြစ်သည်။ ထို့ကြောင့် သူကား ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ်နှင့် အဆင့်တူညီသည်။ သူ့အား မည်သူမှ တားဆီးခြင်း မရှိပေ။ ယိချင်နှင့် ရီဖူရှင်းတို့က ကျောင်းဆောင်၏ အတွင်းပိုင်းမှ အဆောင် တစ်နေရာသို့ ဆက်လက် လျှောက်လာကြသည်။

ကျောင်းဆောင်ထဲတွင် ယမန်နေ့က အဖြစ်အပျက်များကို ရှာယူယန် ပြန်ပြောသည်များအား နားထောင်နေသည်။ သူမက ဒေါသတကြီး ပြောလိုက်သည်... “သူတကယ် သဘောတူလိုက်တယ်... ဟုတ်လား... အရူး... လူမိုက်...”

“သူမ တော်တော်လှလား...” ဟွာဂျီယူက မေးလိုက်သည်။

“အင်း...” ရှာယူယန်က ခေါင်းညိတ်လိုက်သည်။“ဒါပေမဲ့... နင့်လောက် မလှဘူး...”

“ဒီကောင်က လှတဲ့ မိန်းကလေးတွေကို သဘောကျတယ်... သူ တမင်လုပ်တာ ဖြစ်ရမယ်...” ထိုမိန်းကလေးက လှပသည်ကို ကြားလျှင် ဟွာဂျီယူ ပိုမို၍ စိတ်ညစ်သွားသည်။ သူမက တိတ်ဆိတ်စွာ ပြောလိုက်သည်... “ငါနဲ့ပတ်သက်တဲ့ ကောလာဟလတွေ အများကြီးပဲ... ငါသူ့ကို သွားပြီးမရှင်းပြလို့ သူက စိတ်ဆိုးပြီး တခြား မိန်းကလေးတွေကို ချစ်သွားတာလား...”

“အဓိပ္ပာယ်မရှိတာကို တွေးမနေနဲ့...” ရှာယူယန်က ဟွာဂျီယူအား ကြည့်ကာ သက်ပြင်း ချလိုက်သည်။ သူမကဲ့သို့ အလှနတ်သမီးပင်လျှင် ရီဖူရှင်းကြောင့် စိုးရိမ်တကြီး ဖြစ်နေရသည်။

“နင်က သူ့ကို နားမလည်ဘူး... သူက မိန်းကလေးနဲ့ လိုက်သွားမယ် ကတိပေးပုံထောက်ရင် မိန်းကလေးက သူ့ကို သဘောကျနေလို့ပဲ... သူက အရမ်းတဏှာကြီးပြီးတော့ မိန်းကလေးရဲ့ ဆွဲဆောင်မှုကို မငြင်းနိုင်တာ... ဟင်း...”

“သူက ဒီလောက်တောင် ဆွဲဆောင်မှု ရှိတာလား...” ဟွာဂျီယူက အမှန်တကယ် ခေါင်းညိတ်သည်ကို ကြည့်ပြီး ရှာယူရန် မည်သို့ပြောရမည် မသိတော့ပေ။

“အကြီးအကဲချင် ရှိလား...” အသံတစ်သံ ထွက်ပေါ်လာသည်။ ဟွာဂျီယူနှင့် ရှာယူယန်က မော်ကြည့်လိုက်လျှင် ဝင်းပြင်ဘက်တွင် လူနှစ်ယောက် ရပ်နေသည်ကို တွေ့ရ၏။

အသံပြုလိုက်သူကား ယိချန် ဖြစ်သည်။ ဟွာဂျီယူ၏မျက်လုံးက ယိချင်၏နောက်နားမှ ချောမောသော ကောင်လေးထံကို ရောက်သွားသည်။ သူမနှင့်သူ မျက်လုံးချင်းဆုံမိလျှင် ရီဖူရှင်းက မျက်လုံး မှိတ်ပြလိုက်သည်။

“ကျောင်းအုပ်ယိကို နှုတ်ဆက်ပါတယ်... ဆရာဘိုးဘိုး ရှိပါတယ်...” ဟွာဂျီယူက ပြောလိုက်သည်။

ရှာယူယန်ကလည်း ဦးညွှတ်လိုက်သည်။ သူမက ဟွာဂျီယူအား ပြုံးလျက် ကြည့်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

“ငါက အကြီးအကဲချင်ကို လာတွေ့တာ...” ယိချင်က ပြောလိုက်သည်။ ဟွာဂျီယူက ခေါင်းညိတ်လိုက်ပြီး ရှေ့မှ လမ်းပြလိုက်သည်။

“ဟန်ဆောင်မနေနဲ့တော့... မင်းပြောစရာ ရှိတာတွေ သွားပြော... ပြီးမှ ငါ့ကို လာရှာ...” ယိချန်က ပြောလိုက်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။ ရီဖူရှင်းက ယိချန်၏ နောက်ကျောအား ကြည့်လိုက်ပြီး သည်လူကြီးမှာလည်း ချစ်စရာ ကောင်းကွက်များ ရှိသေးကြောင်း သိလိုက်သည်။

“နင် ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ...” ရီဖူရှင်းက ဟွာဂျီယူအား ပြုံးလျက် ကြည့်လိုက်သည်။ သူမ၏ မျက်လုံးဝိုင်းလေးများမှာ အနည်းငယ် နီရဲနေသည်ကို သတိထားမိလိုက်၏။ ဟွာဂျီယူက ရီဖူရှင်းအား အခန်းတစ်ခုထဲသို့ ဆွဲခေါ်သွားသည်။

တံခါးအား ပိတ်လိုက်ပြီး ဟွာဂျီယူက စေ့စေ့စပ်စပ် ကြည့်လိုက်သည်... “နင် လျိုနန်းတော်ကို သွားခဲ့တယ်...”

“အင်း...” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။

“ကောလာဟလတွေကို မယုံနဲ့... မူယွန်ချန်နဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး...” ဟွာဂျီယူက ဝမ်းနည်းစွာ ပြောလိုက်သည်။

“ငါသိတယ်...” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

ဟွာဂျီယူက ရှေ့ကို အနည်းငယ် တိုးကပ်လိုက်သည်။ သူမ၏ လက်တံသွယ်များအား ဆန့်လိုက်ကာ ရီဖူရှင်းအား အသာအယာ ဖက်လိုက်သည်။ ထို့နောက် ရီဖူရှင်းအား မော့ကြည့်လိုက်သည်။ ရီဖူရှင်းက သူ၏မျက်လုံးအောက်မှ အသက်ရှူမှားလောက်သော နတ်မိမယ်လေးအား ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် စိတ်ခံစားမှုများ ပြည့်နှက်နေသည်။ ထိုစိန်ပွင့်ကဲ့သို့ လင်းလက်သော မျက်လုံးများမှ မျက်ရည်စများအား သတိထားမိသည်။ သူ၏ရင် တဒိတ်ဒိတ် တုန်ခါလာကာ ထိန်းချုပ်၍ ရဟန် မတူတော့။

“ငါ့ကို နမ်းပါလား...” သူမ၏ အသက်ရှူသံလေးကပင် အသည်းနှလုံးအား ဆုပ်ကိုင်လိုက်သကဲ့သို့ နှလုံးသွေးများ ပွက်ပွက်ဆူစေလောက်သလို သူမ၏အသံလေးကား ရီဖူရှင်းကို မူးယစ်ရီဝေစေသည်။ သူ၏အသည်းနှလုံးများ အရည်ပျော်ခဲ့ရပြီ။

***

All Chapters