မရှိမှုကျေးရွာတွင်ဖွင့်လှစ်ခဲ့သည့်ကောင်းကင်ဘုံ
Vol. 8 Ch. 767
ကုချန်စန်း၏ ခန့်မှန်းမှုမှာ မှန်ကန်လေသည်။
ဆန်းလျန်သည် သူဖြစ်ချင်သည့်ဆန္ဒအတိုင်း ဖြစ်လာစေရန် ထိန်းချုပ်နိုင်စွမ်းရှိသူတစ်ယောက် ဖြစ်လေသည်။ သို့သော်… အရာအားလုံးကိုတော့ ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။
အားလော်ဟယ်ကဲ့သို့ အတိုင်းအဆမရှိ တန်ခိုးစွမ်းအားမြင့်မားသူများပင်လျှင် ကန့်သတ်ချက်များ ရှိနေသေးလေရာ ဆန်းလျန်တွင်လည်း ကန့်သတ်ချက်များကတော့ ရှိနေဆဲ ဖြစ်လေ၏။
သို့ရာတွင် ကုချန်စန်းကတော့ ဆန်းလျန်ကို လုံး၀ လျှော့မတွက်ရဲတော့ပေ။
ဆန်းလျန်သည် နှစ်ပေါင်းထောင်နှင့်ချီပြီး အသက်ရှင်နေထိုင်နိုင်သည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ဟန် ရှိလေသည်။ ထိုသို့သော နတ်ဘုရားတစ်ပါးကို မည်သည့်နည်းနှင့်မှ လျှော့တွက်၍ မရနိုင်ပေ။
နတ်ဘုရားများသည် မသေနိုင်ဘဲ ထာဝရအသက်ရှင်သန်နိုင်ကြသူများ ဖြစ်လေသည်။ သို့သော်… လျှို့ဝှက် ဆန်းကြယ်မှုများဖြင့်ပြည့်နေသည့် လောကကြီးအလယ်တွင် အစစ်ဆေးခံရမှုပေါင်းများစွာဖြင့်လည်း ရင်ဆိုင် ကြုံတွေ့ကြရစမြဲ ဖြစ်လေသည်။ ထို့ကြောင့် အစစ်ဆေးခံရမှုများကို မကျော်လွှားနိုင်ဘဲ လူပြန်ဝင်စားကြရ သည့်နတ်ဘုရားများသည်လည်း ဒုနှင့်ဒေးပင်ရှိလေ၏။
ထို့ကြောင့် နတ်ဘုရားများအနေဖြင့် လူ့လောကရွှံ့နွံထဲတွင် ကြာရှည်စွာနေထိုင်ရန် မသင့်တော်လှပေ။ ထို့ကြောင့် နတ်ဘုရားများသည် လောကကိုကျော်လွန်ကာ ထွက်ခွာသွားကြရခြင်းပင် ဖြစ်လေသည်။
ကုချန်စန်းမှာ ဆန်းလျန်ကိုတွေ့သည့်အခါတွင်တော့ ညီငယ်ဖြစ်သူ လီချင်းချန် ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရသည်မှာ နည်းပင်နည်းသေးသည်ဟု တွေးလိုက်မိလေသည်။
ကံကောင်းသည်မှာ … သူက လီချင်းချန်၏ တစ်ဖက်သတ်စကားများကို ယုံကြည်ပြီး သူ့ရှေ့မှ တန်ခိုးရှင်ကို သွားရောက် စိန်ခေါ်မိပါက ဒုက္ခလှလှရောက်ရမည် ဖြစ်လေသည်။
ချင်းယန်ကျောင်းတော်မှ တပည့်တစ်ယောက်အနေဖြင့် လူတကာကို ပြဿနာလိုက်ရှာကာ ရမ်းကားနေခြင်း မရှိလင့်ကစား သူ့အနေငြဖ့် လောကတွင် ကြောက်ရမည့်သူ သိပ်မရှိလှပေ။ ယခုတော့ သူသည် ဆန်းလျန်ကို ကြောက်ရွံ့နေမိပြီ ဖြစ်လေသည်။
ကုချန်စန်းက ဆန်းလျန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း…
"စည်းကမ်းရယ်လို့ရှိလာရင် လူတွေက လိုက်နာကြရမှာပေါ့ ၊ စည်းကမ်းဖောက်ဖျက်တယ်ဆိုတာ ကျင့်ကြံခြင်းကို ဆန့်ကျင်တာပါပဲ ၊ အဲဒီလိုသာဆို စည်းကမ်းထားနေလည်း အလကား ဖြစ်သွားမှာပေါ့…"
ဆန်းလျန်က…
"မင်းပြောတာလည်း မှန်ပါတယ် ၊ မင်းမသောက်ချင်ရင်လည်း ကျုပ်က အတင်းမတိုက်ပါဘူးလေ…"
ဆန်းလျန်စကားဆုံးသွားသည်နှင့် ကုချန်စန်းက အရက်ခွက်ထဲသို့ အရည်များလောင်းထည့်လိုက်ကာ တစ်ရှိန်ထိုး မော့ချလိုက်လေသည်။
သူ ယခင်က တစ်ခါမှ အရက်မသောက်ခဲ့ဖူးပေ။ သို့ရာတွင် ယခုအကြိမ်သည် ပထမဆုံးအကြိမ် အရက်သောက် ခြင်းဖြစ်လင့်ကစား သူ့မျက်နှာက သွေးရောင်လွှမ်းလာခြင်းမျိုး မရှိဘဲ ပုံမှန်အတိုင်းပင် ဖြစ်လေသည်။
ဆန်းလျန်က…
"မသောက်လည်း ရတယ်နော်…"
ကုချန်စန်းက…
"ကျုပ်သောက်မယ် ၊ ကျုပ် စည်းကမ်းဖောက်ဖျက်တော့ရော ဘာဖြစ်လဲ ၊ ဒီနေ့သောက်ရတာက လီချင်းချန်အတွက်ပဲ ၊ ဒါနဲ့… ခင်ဗျား လီချင်းချန်နဲ့ဖြစ်တဲ့ကိစ္စ ကျုပ်ကို ပြောပြနိုင်မလား…"
ဆန်းလျန်က…
"တကယ်တော့ မင်းသာအရက်မသောက်ခဲ့ဘူးဆိုရင် ၊ ဒါမှမဟုတ် ကျုပ်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင် မင်းဘဝမှာ ဘယ်တော့မှ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူး ၊ ထားပါတော့… ဒါက မင်းကိစ္စပါလေ ၊ ပြီးတော့ မင်းအနေနဲ့ လီချင်းချန်ကိုယ်စား ဒီကိစ္စကို ဝင်ပြီး ဖြေရှင်းစရာ မလိုပါဘူး ၊ သူဘာအပြစ်ပဲ လုပ်ခဲ့လုပ်ခဲ့ သူ့ဟာသူပဲ ထားလိုက်ပါ…"
ကုချန်စန်းက….
"ကျုပ်ရဲ့ ဂိုဏ်းတူညီလေးကို လျစ်လျူရှုထားမယ်ဆိုရင် ကျုပ်အတွက် အပြစ်ပြုတာနဲ့ မခြားပါဘူး ၊ ပြီးတော့ အခု ခင်ဗျားကို ကျုပ်တွေ့လိုက်ရတော့ ခင်ဗျားအနေနဲ့ လီချင်းချန်ကို အရှက်ကွဲအောင်လုပ်လည်း ဘာမှ မထူးဆန်းဘူး ဆိုတာ သိလိုက်ရပါပြီ ၊ သူက အရင်စပြီး မှားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ၊ ဒါပေမဲ့ သူက အမြင်မရှိဘူး ၊ ခင်ဗျား ဘယ်လောက်တန်ခိုးစွမ်းအားမြင့်မားလဲဆိုတာကို မကြည့်တတ်ဘူး ၊ ပြီးတော့ အခု ခင်ဗျားကို သူ့အတွက် လက်စားချေပေးဖို့ ကျုပ်ကိုလွှတ်လိုက်တာကလည်း သူ့ရဲ့ ဒုတိယအမှားပါပဲ…."
ကုချန်စန်းက ပြောပြီးသည်နှင့် ခဏနားလိုက်လေသည်။ ပြီးမှ ဆက်ပြောလိုက်သည်။
"အခု သူ့ရဲ့အမှားတွေအတွက် ကျုပ် စည်းကမ်းဖောက်ပြီး အရက်သောက်ခဲ့တယ်… ခင်ဗျား ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်…"
ကုချန်စန်းက ဆန်းလျန်ကို ပွင့်ပွင့်လင်းလင်းပင် တောင်းပန်သည့် ဟန်ဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်သည် ဟယ်ရှန်းကဲ့သို့သော် ပါရမီရှင်များကို တန်ဖိုးထားသူ ဖြစ်လေသည်။ သို့သော်… လက်ရှိကျင့်ကြံခြင်း လောကမှလူများကိုတော့ မျက်စိထဲ သိပ်မထားပေ။
ယခု သူ့ရှေ့မှ ကုချန်စန်းကိုတော့ အနည်းငယ် လေးစားသွားမိလေသည်။
ဆန်းလျန်အနေဖြင့် ဟယ်ရှန်း၏ အနာဂတ်တွင် ရရှိမည့် အောင်မြင်မှုများကို ကောင်းကောင်း ခန့်မှန်းနိုင်စွမ်း ရှိလေသည်။ သို့သော်… ကုချန်စန်းကိုတော့ ခန့်မှန်းကြည့်နိုင်စွမ်း မရှိပေ။
ထိုသို့ မခန့်မှန်းနိုင်ရခြင်းမှာ ကုချန်စန်းသည် တော်လွန်းသောကြောင့် မဟုတ်ပေ။ ကုချန်စန်းသည် လမ်းရိုးအတိုင်း လိုက်သူတစ်ယောက်မဟုတ်ဘဲ ကိုယ်ပိုင်အတွေးအခေါ်နှင့် ဝေဖန်သုံးသပ်နိုင်စွမ်းရှိသူတစ်ယောက် ဖြစ်နေသော ကြောင့်ပင်။
ထိုသို့သောလူမျိုးက လောကတွင် ရှားပါးလေသည်။ ဆန်းလျန်ကိုယ်တိုင်သည်လည်း ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်လေ၏။
ဆန်းလျန်က…
"တကယ်ဆို မင်းတောင်းပန်တာကို ကျုပ်လက်မခံလိုပါဘူး ၊ တကယ်တော့ ကျုပ်က လီချင်းချန်ကို အပြစ်ပေးလိုက်တာပါ ၊ နတ်ကြာပွတ်ကတော့ တခြားတစ်ယောက်ကို ပေးပစ်လိုက်ပြီ ၊ အဲဒီတော့ မင်းကို ပြန်ပေးလို့ မရတော့ဘူး…"
ကုချန်စန်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး…
"ဘယ်သူ့ကိုများပေးလိုက်တာလဲ ကျုပ်ကို ပြောပြနိုင်မလား ၊ နတ်ကြာပွတ်က တကယ်တော့ သိပ်ပြီး တန်ဖိုးမရှိလှပါ ဘူး ၊ ဒါပေမဲ့ ကျုပ်ဆရာက လူပြန်ဝင်စားတဲ့ သူ့ရဲ့ နတ်ဘုရားမိတ်ဆွေအတွက် သီးသန့်ပြုလုပ်ပေးထားတဲ့ လက်နက်တစ်ခုဖြစ်နေလို့ အဓိပ္ပါယ်ကတော့ နက်ရှိုင်းပါတယ်…"
ဆန်းလျန်က…
"ကျုပ်ဆိုင်က အလုပ်သမားလေး ပိုင်ရှောက်ယွီကို ပေးလိုက်တာ ၊ သူက ချင်းဟယ်မင်းသားရဲ့သမီးတော်လေး ဆန်းချင်းချင်းကို ပြန်ပြီး လက်ဆောင်ပေးလိုက်တယ်…"
ဆန်းလျန်၏စကားကြောင့် ကုချန်စန်းမှာ အံ့အားသင့်သွားရလေသည်။
ဆန်းလျန်က အပြုံးပါးပါးလေးတစ်ချက်ပြုံးလိုက်ရင်း…
"ဘာလဲ… မင်းက ဆန်းချင်းချင်းကို သိလို့လား…"
ကုချန်စန်းက အနည်းငယ်တုံ့ဆိုင်းသွားပြီး …
"ဆန်းသခင်လေးက တကယ့်ကို ထူးခြားတဲ့တန်ခိုးရှင်တစ်ယောက်ပဲ ၊ ကျုပ် ဖုံးကွယ်မထားတော့ပါဘူး ၊ ကျုပ်ရဲ့ ဆရာက ဆန်းချင်းချင်းရဲ့ ဇာစ်မြစ်ကို ကျုပ်ကိုပြောပြဖူးတယ်…"
ဆန်းလျန် ရုတ်တရက် စိတ်ဝင်စားမိသွားလေသည်။
ဆန်းချင်းချင်းသည် အလွန် ထူးခြားသူဖြစ်လေသည်။ ဆန်းလျန်သည်ပင် သူမ၏ ဇာစ်မြစ်အစစ်အမှန်ကို သိရှိနိုင်ခဲ့ ခြင်းမရှိပေ။
ယခုတော့ ကုချန်စန်းက မထင်မှတ်စွာပင် ဆန်းချင်းချင်း၏ ဇာစ်မြစ်ကို သိရှိနေခဲ့သည်။
ဆန်းလျန်က…
"ကျေးဇူးပြုပြီး ပြောပြပါဦး…"
ကုချန်စန်းက…
"ဆန်းသခင်လေး တာအိုဆရာလီချင်းဆွေကို ကြားဖူးသလားမသိဘူး…"
ထိုအမည်ကို ဆန်းလျန် အင်မတန်မှ ရင်းနှီးနေလေသည်။
သူက ချက်ချင်းပင် တာအိုဆရာလီချင်းဆွေဆိုသူမှာ သူနှင့်တစ်စုံတစ်ခု ပတ်သက်ဖူးသူတစ်ယောက်ဖြစ်သည်ကို ချက်ချင်းသိလိုက်လေသည်။
ဆန်းလျန်က…
"တာအိုဆရာလီချင်းဆွေက ဘာဖြစ်လို့လဲ…"
ဆန်းလျန်က တာအိုဆရာလီချင်းဆွေကို သိသည်လည်းမပြော ၊ မသိဘူးလည်းမပြောဘဲ တန်ပြန်မေးခွန်းထုတ်ကာ ကုချန်စန်း၏ စကားကို တုံ့ပြန်လိုက်လေ၏။
ကုချန်စန်းက…
"ဆန်းသခင်လေးကြည့်ရတာ တာအိုဆရာလီချင်းဆွေအကြောင်းကို သိပ်ပြီးသိပုံမပေါ်ဘူး ၊ ကျုပ်ပြောပြပါ့မယ် ၊ ကျင့်ကြံခြင်းလောကမှာ တာအိုဆရာလီချင်းဆွေဆိုတာ ထိပ်တန်းအဆင့်နတ်ဘုရားတစ်ပါးပါပဲ ၊ သူက မရှိမှု ကျေးရွာမှာတောင် သူ့ရဲ့ကိုယ်ပိုင်လောကသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့တဲ့အထိ တော်လွန်းတယ် ၊ အဲဒီလောကသစ် ကိုချင်းဆွေထျန်းကောင်းကင်ဘုံလို့ အမည်ပေးခဲ့တယ် ၊ အဲဒီ လောကသစ်ဟာ နတ်ကမ္ဘာငယ်တစ်ခုလည်းဖြစ် တယ်…"
"ရှင်သန်စေခြင်းကျောင်းတော်က ကျင့်ကြံသူတွေ မိုးကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်ရင် ချင်းဆွေကောင်းကင်ဘုံ ကိုဝင်ရောက်ခွင့်ရပြီး တာအိုဆရာလီချင်းဆွေရဲ့ လက်အောက်မှာ ခိုလှုံခွင့်ရရှိနိုင်တယ် ၊ အဲဒီနေရာမှာ ဘာဘေးအန္တရယ်မှလည်း မရှိသလို အစစ်ဆေးခံရခြင်းတွေကလည်း ကင်းလွတ်တယ် ၊ ဒါပေမဲ့ ချင်းဆွေထျန်း ကောင်းကင်ဘုံက မရှိမှုကျေးရွာထဲမှာတည်ရှိတာဖြစ်လို့ တာအိုဆရာလီချင်းဆွေနဲ့ ဆက်စပ်ပတ်သက်မှုမရှိတဲ့ ကျင့်ကြံသူတွေကတော့ လိုက်ရှာမယ်ဆိုရင်တောင် ချင်းဆွေထျန်းကောင်းကင်ဘုံကို ရှာတွေ့နိုင်မှာမဟုတ်ဘူး ၊ ကျုပ်တို့ ချင်းယန်ကျောင်းတော်က ကျင့်ကြံသူတွေ မိုးကောင်းကင်နတ်ဘုရား ဖြစ်သွားကြတဲ့အခါ ထိုက်ချင်းထျန်း ကောင်းကင်ဘုံကို ဝင်ခွင့်ရကြသလိုမျိုးပေါ့ဗျာ…"
"တကယ်တော့ … ခေတ်အဆက်ဆက်ကြာခဲ့ပြီးတဲ့နောက် အဲဒီလို အောင်မြင်မှုရခဲ့ကြတဲ့ နတ်ဘုရားတွေလည်း အများအပြားပါပဲ ၊ ဥပမာဆိုရင်… အနောက်ဘက်ကောင်းကင်ဘုံတို့ ၊ ထျန်းထင်နတ်ဘုံတို့လို နေရာမျိုးတွေပေါ့ ၊ ဒါပေမဲ့ တာအိုဆရာလီချင်းဆွေရဲ့ ချင်းဆွေထျန်းကောင်းကင်ဘုံကတော့ မိုးနတ်မင်းတည်ထောင်ခဲ့တဲ့ ကောင်းကင်ဘုံနန်းတော်လောက်နီးနီး နက်ရှိုင်းကျယ်ပြန့်လွန်းတယ်…"
"ဒါပေမဲ့ တာအိုဆရာလီချင်းဆွေလိုအဆင့်ရောက်ဖို့ဆိုတာကတော့ အတိတ်မှာလည်းမဖြစ်ခဲ့သလို အနာဂတ်မှာ လည်းရှိလာနိုင်မှာမဟုတ်ဘူး ၊ နတ်ဘုရားပဲဖြစ်ဖြစ် ၊ နတ်မိစ္ဆာပဲဖြစ်ဖြစ် ၊ ဒီလိုတန်ခိုးစွမ်းအားမျိုး ရတဲ့အထိ ကျင့်ကြံ နိုင်တယ်ဆိုတာတော့ တကယ့်ကို အံ့သြထိတ်လန့်စရာပါပဲ ၊ ဆန်းချင်းချင်းက ဒီလောကမှာ လူပြန်ဝင်စားတဲ့အခါ တာအိုဆရာလီချင်းဆွေရဲ့ စောင့်ရှောက်မှုအောက်မှာ လူပြန်ဝင်စားခဲ့တာပါ ၊ တာအိုဆရာ လီချင်းဆွေကိုယ်တိုင် ဆန်းချင်းချင်းမွေးဖွားတဲ့အချိန်မှာ ကိုယ်ထင်ပြခဲ့တယ် ၊ အဲဒီလို ကိုယ်ထင်ပြရတာက သူနဲ့ ဆန်းချင်းချင်းကြားက နက်ရှိုင်းတဲ့ပတ်သက်မှုကို သွယ်ဝိုက်ပြီး ပြသခဲ့တာပဲ ၊ ဆန်းချင်းချင်းကို တခြားသူတွေ ဒုက္ခမပေးရဲအောင် တမင်သက်သက်လုပ်ဆောင်ပေးခဲ့တာပဲ…"
ရှည်လျားလှသည့် အကြောင်းအရာကြီးကို ရှင်းပြပြီးသည့်နောက်တွင်တော့ ကုချန်စန်းက သက်ပြင်းတစ်ချက်ချလိုက် လေသည်။
"နတ်ကြာပွတ်က ဆန်းချင်းချင်းလက်ထဲသာ ရောက်သွားရင်တော့ ပြန်တောင်းဖို့လည်း ခက်ရပြီပေါ့…"
ဆန်းချင်းချင်းအကြောင်း ဆန်းချန်ကြည့်မြင်ခဲ့စဉ်က ဆန်းချင်းချင်းမွေးဖွားသည့်အချိန်တွင် တွေ့မြင်ရသည့် တာအို ကျင့်ကြံသူမိန်းမပျိုမှာ တာအိုဆရာလီချင်းဆွေဖြစ်သည်ကို ဆန်းလျန် သဘောပေါက်သွားပြီ ဖြစ်လေသည်။
သို့သော်… ဆန်းချင်းချင်းအကြောင်းကို ကြည့်မြင်ခဲ့စဉ်က သူ့တွင် ယခုကဲ့သို့ ရင်းနှီးသည့် ခံစားချက်မျိုး တာအိုဆရာ လီချင်းဆွေအပေါ်တွင် မခံစားခဲ့ရပေ။ ကြည့်ရသည်မှာ သူနှင့် တာအိုဆရာလီချင်းဆွေကြားမှ ကွာဟမှုသည် အတော်လေး ကြီးမားပုံရလေသည်။
သို့သော်… ဆန်းလျန်က စိတ်ဓာတ်ကျသွားခြင်း မရှိပေ။ ကျင့်စဉ်လမ်းဆိုသည်က တောင်တက်သလိုပဲ ဖြစ်လေ သည်။ တောင်ထိပ်တစ်ခုသို့ ရောက်သည်နှင့် နောက်ထပ်မြင့်သည့်တောင်ထိပ်များကို တွေ့မြင်ရမည်ပဲဖြစ်လေ သည်။
ဆန်းလျန်က ….
"ဒါဖြင့် တာအိုဆရာချင်းဆွေကို တွေ့ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ…"
ကုချန်စန်းက ပြုံးလိုက်ရင်း…
"ဆန်းသခင်လေးက ဆန်းချင်းချင်းနဲ့ သိတာပဲ ၊ သူကနေတစ်ဆင့် စုံစမ်းကြည့်ပေါ့…"
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး လေးနက်သည့်လေသံဖြင့်…
"တာအိုမိတ်ဆွေကုချန်စန်းဟာ နောင်အနာဂတ်မှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရမယ့်သူတစ်ယောက်ပါ…"
ဆန်းလျန်စကားကြောင့် ကုချန်စန်းမျက်နှာ အနည်းငယ်သွေးရောင်လွှမ်းသွားပြီး…
"သေးငယ်တဲ့ကိစ္စလေးတွေတောင်မှ ခင်ဗျားရှေ့မှာ ဖုံးကွယ်ထားလို့ မရပါလားဗျာ…"