← Chapters

ယန်စွမ်းအားမီးတောက်

Vol. 8 Ch. 769

ယန်စွမ်းအားမီးတောက်

Vol. 8 Ch. 769

ကုချန်စန်းက တည်ကြည်လေးနက်သည့်လေသံဖြင့် ပြောနေသည့်အတွက် လီချင်းချန် အလေးအနက်မထားဘဲ မနေဝံ့ပေ။

သူက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"အစ်ကိုကြီး… အခု အစ်ကိုကြီး ဒီလိုပုံစံဖြစ်နေပေမယ့် ဘာမှတော့ အန္တရယ်မရှိဘူး မဟုတ်လား…"

ကုချန်စန်းက…

"သေတော့မသေနိုင်သေးဘူး ၊ တန်ခိုးစွမ်းအားတွေလည်း ကျန်နေသေးတယ် ၊ မင်း ငါ့အတွက် စိတ်ပူစရာ မလိုဘူး ၊ အမြန်သွား…"

ပြောပြီးသည်နှင့် ကုချန်စန်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ရေနွေးကြမ်းပန်းကန်ထဲတွင် နှစ်ပေါင်း (၆၀၀)လောက်  ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရသည့်အတွက် သူ၏ တန်ခိုးစွမ်းအားများမှာ လျော့နည်းကုန်ပြီ ဖြစ်လေသည်။ ထို့ကြောင့် သူ၏ လက်ကျန်ဘဝကို ဖြုန်းတီးပစ်ရန် မသင့်ပေ။

ဆန်းလျန်သည် သူ့ကို အပြစ်ပေးခဲ့ခြင်းဖြစ်ပြီး ကံကောင်းခြင်းများ ပေးခဲ့သည်မဟုတ်ပေ။

လက်ရှိအချိန်တွင် ကုချန်စန်း၏အခြေအနေမှာ ဆန်းလျန်ကို လက်စားချေရန် လုံး၀ မဖြစ်နိုင်ပေ။ သူတို့ (၂)ယောက် ၏ အဆင့်အတန်းက ကွာခြားလွန်းနေသည် မဟုတ်ပါလား။

သို့သော်… သူ့တွင် နည်းလမ်းရှိလေသည်။ ခရမ်းရောင် အသက်ရှည်ဆေးရရှိပါက နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်နိုင်ရန် မရမနေ ကြိုးစားရမည် ဖြစ်လေသည်။ ထို့နောက်တွင်တော့ ဆန်းလျန်ကို ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်ပေလိမ့်မည်။

သူသည် နတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် လက်တစ်ကမ်းအကွာတွင်ရှိနေပြီ ဖြစ်လေသည်။ သို့သော်… ယခုတော့ သူ၏အသက်ဓာတ်စွမ်းအားများက ကျဆင်းနေပြီး သေဖို့ပင် နီးစပ်နေခဲ့ပြီး ခရမ်းရောင်အသက်ရှည်ဆေး သာမရလျှင် သူ့အနေဖြင့် သေခြင်းတရားကို ရင်ဆိုင်ရဖွယ် ရှိလေ၏။

သူ ချင်းယန်ကျောင်းတော်သို့လည်း ပြန်လိုစိတ်မရှိပေ။ သူ့ဟာသူ ကျိတ်ပြီးလုပ်ဆောင်သည်က အကောင်းဆုံး ဖြစ်လေသည်။ ဤပြဿနာကိုစခဲ့သူမှာ လီချင်းချန်ဖြစ်လေ၏။ ထို့ကြောင့် လီချင်းချန်က အဆုံးသတ်ပေးရမည် ဖြစ်လေသည်။

ရွှီထျန်းတုနတ်ဘုရားသည် လူပြန်ဝင်စားခဲ့ရသော်လည်း မိုးကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်ရန်အတွက် ခြေတစ်လှမ်းသာလိုတော့သူတစ်ယောက် ဖြစ်လေသည်။ ရွှီထျန်းတုနတ်ဘုရားဘဝက ဖော်စပ်ခဲ့သည့် အသက်ရှည် ဆေးကို လီချင်းချန် ရှာတွေ့နိုင်ပါစေဟုသာ ဆုတောင်းရပေမည်။

ခရမ်းရောင်အသက်ရှည်ဆေးကိုရှာဖွေခြင်းက ချင်းယန်ကျောင်းတော်သို့ ပြန်ခြင်းထက် ပိုကောင်းလေသည်။

လောကတွင် နတ်ဘုရားများစွာမရှိပေ။ သူတို့က နတ်ဘုရားဖြစ်သွားကြသည်နှင့် လောကကိုကျော်လွန်ကာ မိုးကောင်းကင်သို့ တက်သွားကြသည်က များလေသည်။

တကယ်တော့ လူ့လောကတွင် နေထိုင်နေကြသည့် မိုးကောင်းကင်နတ်ဘုရားများလည်း ရှိကြလေသည်။ ယခု ကုချန်စန်းတွေ့ဖူးပြီဖြစ်သည့် ဆန်းလျန်ကဲ့သို့သော နတ်ဘုရားများ ဖြစ်လေသည်။

သို့ပေမဲ့… ပိုင်ကျားမြို့ကဲ့သို့ မြို့ငယ်လေးတွင် ဆန်းလျန်ကဲ့သို့ တန်ခိုးရှင်တစ်ပါး ရှိနေသည်မှာ ယုံနိုင်စရာပင် မရှိပေ။

ဆန်းလျန်၏ သက်တမ်းမှာ နှစ်ပေါင်းတစ်ရာခန့် ရှိနိုင်လေသည်။ သို့ရာတွင်…နှစ်ပေါင်း တစ်ထောင်လည်းဖြစ်နိုင် သလို နှစ်ပေါင်းတစ်သောင်းလည်း ဖြစ်နိုင်လေ သည်။ ဆန်းလျန်သည် ရှေးဟောင်း နတ်ဘုရားတစ်ပါးလည်းဖြစ်နိုင် လေသည်။

ကုချန်စန်း၏ ခန့်မှန်းမှု မမှားပေ။ ဆန်းလျန်သည် သေချာပေါက် ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်၏ လျှို့ဝှက်နက်နဲမှုများကို ကုချန်စန်း နားမလည်နိုင်ရခြင်းဖြစ်လေ၏။

…………………….

လီချင်းချန်သည် ကုချန်စန်းကိုထားခဲ့ပြီး အနောက်ဘက်သို့ ပျံသန်းထွက်ခွာသွားလေသည်။ ကုချန်စန်းမှာလိုက်သည့် စကားအတိုင်း နောက်သို့ တစ်ချက်လေးပင် လှည့်မကြည့်ရဲပေ။

နေ့လည်ခင်းအချိန်လောက်ရောက်လာသည့်အခါတွင်တော့ လီချင်းချန်၏ ရှေ့တွင် ထောင်ထွတ် (၃)ခု ပေါ်လာ သည်ကို တွေ့လိုက်ရလေသည်။

ထိုတောင်ကို အနောက်ဘက်မှ ဝူလုန်တောင်ဟု ခေါ်လေသည်။ တောင်ထွတ် (၃)ခုတွင် အလယ်တောင်ထက် အနည်းငယ်နိမ့်သည့် ဘေးဘက်မှတောင်သည် ရွှီထျန်းတုနတ်ဘုရားနေထိုင်ခဲ့သည့် နေရာပင် ဖြစ်လေသည်။ ထိုတောင်ထက်တွင် ကျောက်ဂူတစ်ခုရှိပြီး ထိုကျောက်ဂူထဲတွင် ရွှီထျန်းတုနတ်ဘုရား၏ နတ်ဘုရားကျင့်စဉ်များ သိမ်းဆည်းထားလေသည်။

ကျောက်ဂူက ပေ (၂၀၀၀)ကျော်ရှည်လျားပြီး မှောင်မိုက်လျှက် ရှိလေရာ ထိုဂူကို လေနက်ဂူဟု ခေါ်လေသည်။

လီချင်းချန်သည် လေနက်ဂူကိုတွေ့သည်နှင့် ချက်ချင်းပင် ကျေနပ်ဝမ်းသာ ဖြစ်သွားရလေသည်။

"တယ်တော်တဲ့ ငါပါလား…"

လီချင်းချန်က သူ့ဟာသူ ရေရွတ်လိုက်သည်။

ဝူလုန်တောင်သည် အမှန်ဆိုလျှင် တစ်နေ့နှင့်တစ်ညတိတိ ခရီးနှင်မှ ရောက်ရှိမည့် နေရာဖြစ်လေသည်။ ယခုတော့ လီချင်းချန်သည် လျှင်လျှင်မြန်မြန်ဖြင့်ပင် ရောက်ရှိလာခဲ့လေသည်။

လီချင်းချန်သည် အနည်းငယ် မာန်တက်သွားမိပြီး တိမ်တိုက်ကိုနှိမ့်ကာ တောင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။ ဝူလုန်တောင်သည် နက်ရှိုင်းရှုတ်ထွေးသည့် တောင်တစ်တောင် ဖြစ်လေသည်။

လီချင်းချန်က…

"ကိစ္စတွေပြီးသွားရင် ဒီနေရာမှာ နှစ်ဝက်လောက်လာပြီး ကျင့်ကြံဦးမှပဲ…"

သူသည် ယခင်ဘဝနှင့်ယခုဘ၀ ခြားနားခြင်းခံထားရသည့်အတွက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။ သို့သော်… ရွှီထျန်းတုနတ်ဘုရား၏ ရာဇဝင်က အရှည်ကြီးဖြစ်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် မြူခိုးများ ဖုံးလွှမ်းနေပြီး မှောင်မိုက် အုံ့ဆိုင်းလျှက် ရှိလေသည်။ လီချင်းချန်က တောင်စောင်းအတိုင်းလမ်းလျှောက်လာပြီး အရှေ့ဘက် (၃)မိုင်ခန့်အဝေးတွင် လေနက်ဂူရှိသည်ကို မှတ်မိနေလေ သည်။

လေနက်ဂူကို မြန်မြန်ရောက်ရှိရန်အတွက် သူက လမ်းလျှောက်သည့်အရှိန်ကို တင်လိုက်ချိန်မှာပင် စကားသံ တစ်သံ ထွက်ပေါ်လာလေသည်။

"ချင်းချန်…မင်းဘယ်လေတိုက်လို့ ရောက်လာတာလဲ…"

လီချင်းချန်သည် ထိုအသံကို ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။

သူက ချက်ချင်းပင် ကုချန်စန်း၏ စကားများကို မေ့လျော့သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်မိလေသည်။

သူ့နောက်တွင် ရပ်နေသူမှာ မျက်ခုံး (၂)ခုကြားတွင်ထူဆန်းသည့် ယင်ယန်သင်္ကေတရှိသည့် လူတစ်ယောက် ဖြစ်လေသည်။

ထိုသူက သူ့ကို ပြုံးပြနေလေသည်။

လီချင်းချန်က ထိုသူကိုကြည့်ကာ အံ့သြသွားပြီး…

"မင်းက ဘယ်သူလဲ…"

ထူးဆန်းသည့်လူက ထူးဆန်းသည့်အပြုံးတစ်ချက် ပြုံးလိုက်ရင်း…

"ကျုပ်က ဟေးပိုင်လန်ကျွင်းပဲ…"

သူ့စကားဆုံးသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှ မြူခိုးများ ပျောက်ကွယ်သွားလေသည်။

လီချင်းချန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဝူလုန်တောင်မဟုတ်တော့ဘဲ သာမန်တောင်တစ်တောင်မျှသာ ဖြစ်သည်ကို သိရှိလိုက်ရလေသည်။ တောင်ပေါ်တွင် ပြောင်ချောနေသည့် ကျောက်တုံးများဖြင့် ပြည့်နက်နေ လေသည်။

လှည့်စားခံလိုက်ရပြီကို လီချင်းချန် ချက်ချင်းသိလိုက်လေသည်။

လီချင်းချန်က…

"ဟေးပိုင်လန်ကျွင်း ၊ ကျုပ်က ချင်းယန်ကျောင်းတော်က ယင်ရှန်းကျွင်းရဲ့ တပည့်နော် ၊ ကျုပ်ကို နှောက်ယှက်ဖို့ မစဉ်းစားနဲ့…"

ဟေးပိုင်လန်ကျွင်းက…

"ယင်ရှန်းကျွင်းတဲ့လား… အမလေး ကြောက်လိုက်တာကွာ…"

ယင်ရှန်းကျွင်းဆိုသည့် အမည်ကိုကြားသည့်တိုင် လှောင်ပြောင်နေသည့် ဟေးပိုင်လန်ကျွင်းကို လီချင်းချန်က တအံ့တသြဖြင့် ကြည့်လိုက်လေသည်။ ကြောက်ရွံ့ခြင်း မဖြစ်မိသည့်တိုင် အနည်းငယ်တော့ ရင်ထိတ်သွားလေ၏။

လီချင်းချန်က…

"မင်းက ဘာဖြစ်ချင်တာလဲ…"

ဟေးပိုင်လန်ကျွင်းက…

"ကျုပ်ရဲ့ညီ ကျီစစ်ကျွင်းက ရွှမ်နွီနန်းတော်က ကောင်မတွေကြောင့် ဒဏ်ရာရထားတယ် ၊ အဲဒါ မင်းဆီက ခရမ်းရောင်အသက်ရှည်ဆေးလာတောင်းတာ…"

လီချင်းချန်မှာ အနည်းငယ် စိတ်သက်သာရာရသွားသည့်ဟန်ဖြင့်…

"ဟုတ်ပါပြီ ၊ ခင်ဗျားသာ ကျုပ်ကို ဒုက္ခမပေးဘူးဆိုရင် ခရမ်းရောင်အသက်ရှည်ဆေး ပေးပါ့မယ်…"

ဟေးပိုင်လန်ကျွင်းက…

"ဒါပေမဲ့ မင်းပေးတဲ့ဆေးက အစစ်လားအတုလား ဘယ်လိုလုပ်သိနိုင်မှာလဲ… ဒီတော့…."

လီချင်းချန်က ကြိုးစားပြုံးလိုက်ရင်းမှာ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်လေသည်။

"ဒီတော့ ဘာဖြစ်သလဲ…"

ဟေးပိုင်လန်ကျွင်းက အော်သံတစ်ချက်ပြုလိုက်ပြီး ခေါင်းတစ်ချက်ခါယမ်းလိုက်လေရာ လီချင်းချန်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ လည်ပင်းတစ်လျှောက် အေးစိမ့်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးအေးခဲသွားကာ မျက်လုံးများ ချက်ချင်းလေးလံလာလေတော့သည်။

သူက အားနည်းသည့်လေသံဖြင့်…

"မင်း ကျုပ်ကို ဘာလုပ်လိုက်တာလဲ…"

ဟေးပိုင်လန်ကျွင်းက ပြုံးလိုက်ရင်း…

"မင်းရဲ့ ယန်စွမ်းအားတွေကို ထုတ်ယူပစ်လိုက်တာ ၊ ဒါမှ ဆေးရရင် အစစ်ဟုတ်မဟုတ် မင်းကို အရင်ဆုံး စမ်းကြည့် ရမယ်…"

ထို့နာက် ဟေးပိုင်လန်ကျွင်းသည် လီချင်းချန်ကိုဆွဲခေါ်ကာ လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

လီချင်းချန်သာ ကုချန်စန်း၏စကားကိုနားထောင်ပြီး နောက်သို့ လှည့်မကြည့်ခဲ့မိလျှင် ယခုကဲ့သို့ ဖမ်းဆီးခံရမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော်… လီချင်းချန်၏ ပခုံ (၂)ဖက်တွင် ယန်စွမ်းအား မီးတောက် (၂)ခု ထည့်သွင်းထားလေ သည်။ ထိုယန်စွမ်းအားမီးတောက်များသည် မကောင်းမိစ္ဆာများကို ဖယ်ရှားပစ်နိုင်လေသည်။

ထို့ပြင် ကုချန်စန်းကလည်း စစ်မှန်သည့်သမာဓိမီးတောက်ကို ထိုယင်စွမ်းအားမီးတောက်များအထဲတွင် ထည့်သွင်း ပေးထားလေသည်။

ဟေးပိုင်လန်ကျွင်းသည် တန်ခိုးစွမ်းအား မြင့်မားသည့်တိုင် လီချင်းချန်ကို ကာကွယ်ပေးထားသည့် ယန်စွမ်းအား မီးတောက်ကို ဖျက်စီးပစ်ရန်မှာ မလွယ်ကူလှပေ။ အထူးသဖြင့် စစ်မှန်သည့်သမာဓိ မီးတောက်နှင့်ပေါင်းစပ်ထား သည့် ယန်စွမ်းအားမီးတောက်ကို ဖျက်စီးပစ်ရန်မှာ ပို၍ပင် မလွယ်ကူပေ။

သို့သော်… ကုချန်စန်းက လီချင်းချန်ကို ပွင့်ပွင့်လင်းလင်း ပြောပြထားခြင်း မရှိသည့်အတွက် လီချင်းချန်က သိရှိခဲ့ခြင်း မရှိပေ။

လီချင်းချန် ဝူလုန်တောင်သို့သွားသည့်ခရီးလမ်းသည် ဖြောင့်ဖြူးမည်မဟုတ်သည်ကို ကုချန်စန်းက ရိပ်မိထားလေသည်။ ထို့ကြောင့် နောက်သို့ လှည့်မကြည့်ရန် မှာလိုက်ခြင်း ဖြစ်လေသည်။

ယခု နောက်သို့ လှည့်ကြည့်လိုက်မိသည့်အခါ … ဟေးပိုင်လန်ကျွင်း၏ လက်ချက်ဖြင့် လီချင်းချန်၏ ယန်စွမ်းအား မီးတောက်များမှာ သိမ်းယူခံလိုက်ရပြီး ယန်စွမ်းအားမီးတောက်ထဲမှ သမာဓိမီးတောက်မှာလည်း အချည်းနှီး ပျက်ပြယ်သွားရလေသည်။

လီချင်းချန်၏ အသုံးမကျမှုဟုသာ မှတ်ယူရပေတော့မည်။

……………..

တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေတွင်တော့…

ရှုတ်ယှက်ခတ်နေသည့် အဆောက်အဦးအမြင့်ကြီးများထက်တွင် ပိုစတာဆိုင်းဘုတ်ကြီးများ ချိတ်ဆွဲထားလေသည်။

"ကျောက်ရှောင်ယွီ၏ဂီတခရီး နှစ် (၃၀)ပြည့် ဂီတဖျော်ဖြေပွဲ…"

ရာစုနှစ်တစ်စုအတွင်းတွင် ကျောက်ရှောင်ယွီသည် တရုတ်ပြည်၏ လွှမ်းမိုးမှုအမြင့်မားဆုံး အနုပညာရှင် တစ်ယောက် ဖြစ်လာခဲ့လေသည်။ တိုင်းမ်မဂ္ဂဇင်းတွင်ပင် သူမအကြောင်းကို အကြိမ်ပေါင်းများစွာ ဖော်ပြခံခဲ့ရလေ သည်။

ထူးဆန်းသည်မှာ နှစ်ပေါင်း (၃၀) ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် သူမသည် လုံး၀ အိုမင်းသွားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူမ၏ ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်သည့်အကြောင်းအရာမှာ ယခုနှစ်များအတွင်းတွင် လူပြောများ ရေပန်းစားသည့် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့လေသည်။

ယနေ့ည ဂီတဖျော်ဖြေပွဲအတွက် VIP လက်မှတ်မှာ အမြင့်ဆုံးဈေးနှုန်းဖြစ်သည့် ယွမ်တစ်သန်း ဖြစ်နေသည့်တိုင် ချက်ချင်းပင် ရောင်းကုန်သွားခဲ့လေသည်။

All Chapters