ခရမ်းရောင်ကိုးဆင့်ရွှေဆေးလုံး
Vol. 8 Ch. 771
ထိုအချိန်မှာပင် ကျောက်ရှောင်ယွီက သီချင်းတစ်ပုဒ်အဆုံးသတ်သွားပြီး ပရိတ်သတ်များကို တစ်ချက်ဝေ့ကြည့်ကာ ပြုံးလိုက်လေသည်။
"နောက်တစ်ပုဒ် သီဆိုဖျော်ဖြေမှာကတော့ ကျွန်မရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ 'အတိတ်ဆီသို့' ဆိုတဲ့ သီချင်းဖြစ်ပါတယ် ၊ အားလုံးအတွက် သီဆိုပေးပါ့မယ်…"
သူမ မည်သည့်သီချင်းကိုပင်သီဆိုပါစေ ပရိတ်သတ်က သဘောကျနှစ်သက်ကြသည်ပဲ ဖြစ်လေသည်။ အဘယ့်ကြောင့် "အတိတ်ဆီသို့" ဆိုသည့် သီချင်းကိုမှ သီဆိုချင်ပါသည်ဟု ပရိတ်သတ်ကို အသိပေးရပါသနည်း။
လီအော့နျို အနည်းငယ် ပဟေဠိဖြစ်သွားလေသည်။ ထိုသီချင်းသည် ထင်သလောက်ရိုးရှင်းခြင်း မရှိကြောင်း သူ ချက်ချင်းရိပ်မိလိုက်လေသည်။
ထိုအချိန်မှာပင်… သူ၏တစ်ကိုယ်လုံးမှ စွမ်းအားများအားလုံးကို လေးနှင့်မြားတံမှ စုပ်ယူသွားသည်ကို ခံစားလိုက် ရပြီး ကြည်လင်သည့် မြားတံသည် ကျောက်ရှောင်ယွီရှိရာသို့ ပစ်လွှတ်ပြီးသား ဖြစ်သွားလေတော့သည်။
ကျောက်ရှောင်ယွီသည် "အတိတ်ဆီသို့" သီချင်းကို သီဆိုဖျော်ဖြေနေလေသည်။
ထိုသီချင်းကို ဆန်းလျန်သာ ကြားရမည်ဆိုလျှင် သူနှင့် ချင်းရှတောင်မှမိန်းမပျို (၂)ယောက်သာ ကြားနိုုင်သည့် သီချင်းသံဖြစ်သည်ကို ချက်ချင်းသိရှိမည် ဖြစ်လေသည်။
ရုတ်တရက်… ကျောက်ရှောင်ယွီကို ပစ်ခတ်လိုက်သည့် မြားတံသည် သီချင်းတေးသံကို ထိုးဖောက်နိုင်ခြင်း မရှိဘဲ လေထဲတွင် ရပ်တန့်နေလေသည်။
ကျောက်ရှောင်ယွီကတော့ ဘာကိုမှ မသိသည့်အလား သီချင်းကို ဆက်လက်သီဆိုနေလေသည်။
လူတိုင်းတွင် သူတို့ ပြန်သွားချင်သည့်အတိတ်ဆိုသည့်အချိန်တစ်ချိန် အမြဲတမ်း ရှိလေသည်။ထိုအတိတ်တွင် သူတို့အတွက် လုပ်စရာများလည်းရှိမည်ဖြစ်သလို နောင်တရခဲ့သည့်ကိစ္စများလည်း ရှိနိုင်လေသည်။
"အတိတ်ဆီသို့" ဆိုသည့်သီချင်းသည် ရိုးရှင်းသည့် သီချင်းတစ်ပုဒ်တော့ မဟုတ်ပေ။ ဖော်ပြနိုင်ခြင်းငှာ မစွမ်းနိုင်သည့် လမ်းတစ်လမ်းလည်း ဖြစ်လေသည်။
VIP လက်မှတ်လေးသည် လေထဲတွင် လောင်ကျွမ်းပျက်စီးသွားလေသည်။ ထို့နောက် လေထဲတွင် စာကြောင်း တစ်ကြောင်းပေါ်လာလေသည်။
"အစီအစဉ်မအောင်မြင်ဘူး ၊ ပြန်ဆုတ်ပါ…"
လီအော့နျိုသည် ထိုစာကြောင်းကို တွေ့မြင်လိုက်သည့် အချိန်မှာပင် ကပွဲရုံတံခါးပွင့်သွားပြီး ဝန်ထမ်းမိန်းကလေးက ပရိတ်သတ်များ၏ အခြေအနေကို တစ်ချက်လာကြည့်သည့်အချိန်နှင့် တိုက်ဆိုင်သွားလေသည်။
ထိုအချိန်မှာပင် လီအော့နျိုမှာ ဟန်ချက်ညီမှုများ ပျက်စီးသွားပြီး ချက်ချင်းပင် ပင်ပန်းနွမ်းနယ်လာသလို ခံစားလိုက်ရ ကာသတိလစ်မေ့မျောသွားလေတော့သည်။
သူ၏ မျက်လုံး ၊ နားနှင့် နှာခေါင်းများမှ သွေးများထွက်နေလေသည်။
အခြေအနေကို လာကြည့်သည့်ဝန်ထမ်းမိန်းမပျိုလေးမှာ လီအော့နျိုကိုတွေ့လိုက်ရသည်နှင့် ထိတ်လန့်စွာ အော်ဟစ် လိုက်မိလေတော့သည်။
ထိုအချိန်မှာပင်… ကျောက်ရှောင်ယွီကို ပစ်ခတ်လိုက်သည့် လေထဲမှ လေးနှင့်မြားသည့် တွင်းနက်ကြီးတစ်ခုအတွင်း သို့ ဝင်ရောက်သွားကာ အစအနပင်မကျန် ပျောက်ကွယ်သွားလေတော့သည်။
ထိုလေးနှင့်မြားကိုမည်သူမှ သတိမထားလိုက်မိကြပေ။
………………..
နည်းပညာထွန်းကားသည့်ခေတ်ဖြစ်လေရာ ဂီတဘုရင်မ၏ ဂီတဖျော်ဖြေပွဲတွင် လူငယ်တစ်ယောက် သွေးထွက်သံယို ဖြစ်ပွားမှုသည် ချက်ချင်းပင် အင်တာနက်ပေါ်သို့ ရောက်ရှိသွားလေသည်။
ယခုတော့ လီအော့နျိုသည် အထူးကုဆေးရုံကြီးတစ်ခု၏ အထူးခန်းတွင် ရောက်ရှိနေလေသည်။ ကြယ်ငါးပွင့် ဟိုတယ်ကြီးများထက်ပင် ဝန်ဆောင်မှုကောင်းသည့် အထူးကုဆေးရုံကြီး ဖြစ်လေ၏။
လီအော့နျိုက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်လေရာ သူ့ကိုကြည့်နေသည့် ဂီတဘုရင်မ ကျောက်ရှောင်ယွီကို တွေ့လိုက်ရလေသည်။ နာမည်ကျော်ဂီတဘုရင်မသည် သူနှင့် တစ်မီတာပင် မဝေးသည့် နေရာတွင် ရှိနေလေသည်။
လီအော့နျိုမှာ အံ့သြမှင်တက်ပြီး ကျောက်ရှောင်ယွီကို မျက်လုံးအပြူးသားဖြင့် ကြည့်နေလေတော့သည်။
"ကျွန်မလှတယ်ဆိုတာ ကျွန်မသိပါတယ် ၊ ဒါပေမဲ့ ရှင်တစ်ချိန်လုံး ကျွန်မကိုပဲ ကြည့်နေလို့ မဖြစ်ဘူးလေ…"
ကျောက်ရှောင်ယွီ၏ သာယာသည့်အသံလေးက လီအော့နျို၏ နားထဲသို့ ဝင်ရောက်လာလေသည်။
ထိုအသံကို ကြားလိုက်ရသည်နှင့် သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် သက်သောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရ လေသည်။
လီအော့နျိုသည် ပုံမှန်လူသားတစ်ယောက်အနေအထား ပြန်ရောက်နေပြီ ဖြစ်လေသည်။ သို့သော်… သိပ်တော့ တည်တည်ငြိမ်ငြိမ်မရှိသေးပေ။
သူက အနည်းငယ်ရှက်သွားဟန်ဖြင့်…
"ခင်ဗျားက တကယ်နုပျိုလွန်းတာပဲ ၊ လုံး၀ အသက်ကြီးတယ်လို့ မထင်ရဘူး…"
ပုံမှန်ဆိုလျှင် ထိုသို့သော စကားမျိုးကို လီအော့နျို ပြောထွက်ရဲမည် မဟုတ်ပေ။
သို့သော်… မနေ့ညက ထူးဆန်းသည့်အဖြစ်အပျက်များနှင့် ရင်ဆိုင်ရပြီးသည့်နောက် သူပြောင်းလဲ သွားပြီဖြစ်လေ သည်။
ကျောက်ရှောင်ယွီက တစ်ချက်ပြုံးလိုက်ရင်း…
"ကောင်းလေး ၊ မင်းက စိတ်ဝင်စားစရာပဲ…"
လီအော့နျိုမှာ ကျောက်ရှောင်ယွီကိုတွေ့ရသည့်အတွက် ရှက်နေမိပြီး တစ်ချိန်တည်းမှာပင် ဂီတဘုရင်မသည် သူ့ကို အဘယ့်ကြောင့် လာရောက်တွေ့ဆုံရသည်ကို စဉ်းစားနေမိလေသည်။
မနေ့ညက သူ သတိလစ်မေ့မျောသွားပြီးသည့်နောက် မည်သည့်အရာများဖြစ်ပျက်ခဲ့ပါသနည်း။
ဆေးရုံခန်းသည် အတန်ကြာတိတ်ဆိတ်သွားလေသည်။
အတန်ကြာတော့မှ ကျောက်ရှောင်ယွီက စကားပြောလိုက်သည်။
"ဒီပစ္စည်းက မင်းရဲ့ပစ္စည်းလား…."
လီအော့နျိုမှာ ထိတ်လန့်တုန်လှုပ်သွားလေသည်။
ကျောက်ရှောင်ယွီ၏ လက်ထဲတွင်ကိုင်ထားသည်မှာ ဆေးလုံးထုပ်လေးဖြစ်လေသည်။
သူကခေါင်းခါယမ်းလိုက်ရင်း…
"မဟုတ်ဘူး…"
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"မင်းရဲ့ပစ္စည်းဆိုတာ ငါသိပါတယ် ၊ ကြည့်ရတာ မင်းလည်း ဒီပစ္စည်း ဘာလဲဆိုတာ သိပုံမပေါ်ဘူး…"
လီအော့နျိုသည် ကျောက်ရှောင်ယွီ၏ ကြည်လင်သည့်မျက်ဝန်းများကို ငေးကြည့်နေမိလေသည်။ သူမကို မည်သည့်အရာမှ ဖုံးကွယ်မထားနိုင်သည်ကို သိလိုက်သည့်အတွက် ဝန်ခံရန် ဆုံးဖြတ်လိုက်တော့သည်။
လီအော့နျိုက…
"အဲဒီပစ္စည်း ဘယ်ကနေဘယ်လို ကျွန်တော့်ဆီ ရောက်လာမှန်းတောင် မသိပါဘူးဗျာ…"
ကျောက်ရှောင်ယွီက တည်ငြိမ်သည့်မျက်နှာထားဖြင့်….
"ဒီဆေးက ထိုက်ချင်တာအိုဆရာသခင်ဆီက ဆင်းသက်လာတဲ့ ခရမ်းရောင်ကိုးဆင့်ရွှေဆေးလုံးပဲ ၊ ဒါပေမဲ့ မင်းသောက်လိုက်တဲ့ဆေးက မပြည့်စုံဘူး ချို့ယွင်းနေတယ် ၊ ဒါကြောင့် မူလဆေးလိုမျိုး အစွမ်းထက်မှာတော့ မဟုတ်ဘူး ၊ ပြီးတော့ ဒီဆေးကိုဖော်စပ်နိုင်သူ လောကမှာ ထိုက်ချင်တာအိုဆရာသခင် တစ်ယောက်ပဲ ရှိတယ်…"
ကျောက်ရှောင်ယွီပြောသည့်စကားများမှာ ရှန်းရှဝတ္ထုများထဲမှ စကားများနှင့် ဆင်တူနေသည့်အတွက် လီအော့နျို စိတ်ရှုတ်ထွေးသွားရလေသည်။
"အဲဒီဆေးက တန်ဖိုးကြီးတာလား…"
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း….
"တန်ဖိုးတော့ရှိတယ် ၊ ဒါပေမဲ့ အကြောင်းသိတဲ့သူတွေက ဒီဆေးကို မသောက်ရဲကြဘူး ၊ ဘာဖြစ်လို့လဲ သိလား…"
လီအော့နျို၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ဖုံးလွှမ်းသွားပြီး…
"ခင်ဗျားပြောတာ ဒီဆေးက မပြည့်စုံဘူ ချို့ယွင်းနေတယ်ဆိုတော့ သောက်လိုက်မိရင် ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုး တွေများရှိနိုင်လို့လား…."
ကျောက်ရှောင်ယွီက လီအော့နျိုကို တစ်ချက်ကြည့်လိုက်ပြီး နူးညံ့သည့်လေသံဖြင့်…
"မင်းပြောတာ မမှားဘူး ၊ မင်းအဲဒီဆေးကိုသောက်လိုက်တာနဲ့ လူသားတစ်ယောက်ရဲ့ဖြစ်တည်ခြင်းတွေ အားလုံး ဖြတ်တောက်ခံလိုက်ရလိမ့်မယ် ၊ တန်ခိုးစွမ်းအားမရှိတဲ့ ဒီလောကကနေ လွတ်မြောက်သွားလိမ့်မယ် ၊ ဒါပေမဲ့ အဲဒါ အချိန်ခဏလေးပဲ ၊ ဆေးစွမ်းကုန်သွားတာနဲ့ မင်း လောကထဲကနေ ပျောက်ဆုံးသွားရလိမ့်မယ်…"
ကျောက်ရှောင်ယွီက ဆေးလုံးများထည့်ထားသည့် အိတ်အကြည်လေးကို မြှောက်ပြလိုက်ရင်း…
"မင်း ဒီဆေးလုံးကို သောက်ပြီးပြီဆိုရင်တော့ မကြာခင် ဒီလောထဲက ပျောက်ကွယ်သွားရတော့မယ် ၊ တာအိုဆရာသခင်ကြီးကိုယ်တိုင်လာကယ်မယ်ဆိုရင်တောင် မလွတ်မြောက်နိုင်တော့ဘူး…."
ကျောက်ရှောင်ယွီ၏စကားများမှာ ထူးဆန်းနေလေသည်။
လီအော့နျိုက သူမ၏စကားများကို အနည်းငယ်သံသယဝင်မိသော်လည်း ယုံကြည်နေမိလေသည်။ အဘယ်ကြောင့် ဆိုသော် သူ့ရှေ့မှ ဂီတဘုရင်မသည် လျှို့ဝှက်ဆန်းကျယ်လွန်းသူဖြစ်ပြီး ယုံကြည်ထိုက်သူတစ်ယောက်ဟု စိတ်ထဲမှ ခံစားနေရသောကြောင့် ဖြစ်လေသည်။
လီအော့နျိုက…
"ကျွန်တော် ခင်ဗျားတွက် ဘာလုပ်ပေးရမလဲ…"
ကျောက်ရှောင်ယွီက…
"မင်းက သိပ်တော့မတုံးဘူးပဲ ၊ မင်းက အသုံးဝင်နေသေးတော့ ငါမင်းကို ခေါ်ထားချင်တယ် ၊ ဒါပေမဲ့ ပြင်ဆင်မှုလေး နည်းနည်းလောက်တော့ လုပ်ရဦးမယ်…"
လီအော့နျိုက…
"ကျွန်တော်က ခင်ဗျားအတွက် ဘာတွေလုပ်ပေးရမှာလဲ…"
ကျောက်ရှောင်ယွီက…
"မင်းကို ခွန်လွန်တောင်ကိုခေါ်သွားမယ် ၊ မင်းလုပ်ရမယ့် အလုပ်တွေကတော့ မင်းနဲ့ သိပ်ပြီးရင်းနှီးမယ့် အလုပ်မျိုး တွေမဟုတ်ဘူး ၊ ဒါနဲ့ မနေ့က ငါ့ကိုမြားနဲ့ပစ်တာ မင်းပဲ မဟုတ်လား…"
လီအော့နျိုက…
"ခင်ဗျားက အကုန်လုံးသိနေတာပဲ…"
ကျောက်ရှောင်ယွီက အထင်အမြင်သေးဟန်ဖြင့် မဲ့ပြုံးတစ်ချက်ကို ပြုံးလိုက်ရင်း…
"ခိုးကြောင်ခိုးဝှက်လုပ်ကြံတဲ့ကောင်တွေက ငါ့ကို လျှော့တွက်လွန်းတယ် ၊ ငါကလည်း သူတို့လျှော့တွက်နိုင်အောင် တမင်နေခဲ့တာလေ ၊ အဲဒီကောင်တွေ သူတို့လုပ်ရပ်အတွက် နောင်တရစေရမယ်…"
ကျောက်ရှောင်ယွီ၏ စကားများကို ကြားသည့်အခါတွင်တော့ လီအော့နျိုမှာ ကြီးမားသည့် ပြဿနာတစ်ခုထဲတွင် ပါဝင်ပတ်သက်မိပြီဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ သို့သော်… အဘယ့်ကြောင့် "သူ" ဖြစ်နေရပါ သနည်း။
သူက မနေ့ညက အဖြစ်အပျက်များကို ပြန်စဉ်းစားလိုက်ရင်း…
"ကျွန်တော်တစ်ယေက်ပဲ လေးကိုပစ်နိုင်တဲ့သူ ရှိတာလား…"
ကျောက်ရှောင်ယွီက…
"သေချာပေါက်ပဲပေါ့ ၊ ဒါကြောင့်ငါလည်း မင်းကို ခေါ်ထားဖို့ ဆုံးဖြတ်လိုက်တာ…"
လီအော့နျို စိတ်လျှော့လိုက်ပြီ ဖြစ်လေသည်။
လောလောဆယ်တော့ သူအန္တရယ်ကင်းနေဆဲ ဖြစ်လေသည်။ ဂီတဘုရင်မသည် မည်သို့သောလူမျိုးဖြစ်သည်ကို လည်း သူမမေးချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် မလိုအပ်သောကြောင့် ဖြစ်လေသည်။
အချို့အရာများက များများသိလေ သေဖို့နီးစပ်လေ မဟုတ်ပါလား။ ထိုအချက်မှာ သူဖတ်ခဲ့သည့် ဝတ္ထုများနှင့် ကြည့်ခဲ့ဖူးသည့် ရုပ်ရှင်များထဲမှ အတွေ့အကြုံများအရ သိရှိထားခြင်းဖြစ်လေသည်။
ထို့နောက်တွင်တော့…. ကျောက်ရှောင်ယွီက သူနှင့်စကားစမြည်အနည်းငယ်ပြောဆိုပြီး ပြန်သွားလေသည်။
ဂီတဘုရင်မသည် စိတ်စေတနာကောင်းသူတစ်ယောက်ဖြစ်ပြီး မတော်တဆဖြစ်ခဲ့သည့် ဂီတဖျော်ဖြေပွဲမှ ပရိတ်သတ်ကို ကိုယ်တိုင်သွားရောက်တွေ့ဆုံသည်ဆိုသည့် သတင်းများ အင်တာနက်ပေါ်တွင် ပလူပျံလျှက်ရှိနေ လေတော့သည်။
……………..
ကျောက်ရှောင်ယွီ သူနေထိုင်ရာ နေအိမ်သို့ ပြန်လာခဲ့လေသည်။
သူမသာ ဆန္ဒရှိလျှင် တစ်လောကလုံးကိုပင် ဝယ်ယူနိုင်သည့် နာမည်ကျော်အဆိုတော်တစ်ယောက် ဖြစ်လေသည်။
သို့သော်… သူမက မူလနေထိုင်ခဲ့ရာ ဒေါက်တာလီဖုန်း၏ နေအိမ်လေးတွင်ပင် ဆက်လက်နေထိုင်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော်… ထိုနေအိမ်လေးတွင် ဆန်းလျန်၏အငွေ့အသက်များကို ခံစားရသောကြောင့် ဖြစ်လေသည်။ ဆန်းလျန်သိသည်ဖြစ်စေ ၊ မသိသည်ဖြစ်စေ ဤအိမ်လေးတွင်နေထိုင်ရခြင်းက သူမအတွက် အလွမ်းပြေစေလေသည်။
သူမအခန်းထဲရှိ အဝတ်ဗီဒိုနောက်တွင် အံဝှက်လေးတစ်ခု ရှိလေသည်။ ထိုအံဝက်လေးထဲမှ ကျောက်ပြားလေး တစ်ချပ်ကို ကျောက်ရှောင်ယွီ ထုတ်ယူလိုက်လေသည်။ ကျောက်ပြားလေးထက်တွင် ရှေးဟောင်းသင်္ကေတများ ရေးထွင်းထားလေသည်။
ရှေးဟောင်းသုတေသနပညာရှင်များသာ ထိုကျောက်ပြားလေးထက်မှ စာတမ်းကို နားလည်ကြမည် ဖြစ်လေသည်။
ရေးသားထားသည့်စာတမ်းမှာ….
"အလင်းပျောက်ဆုံးပြီ… အမှောင်စတင်ပြီ…"
ဟူ၍ ဖြစ်လေ၏။
ထိုကျောက်ပြားလေးသည် ခွန်လွန်တောင်မှ ကျောက်ပြားလေး ဖြစ်လေသည်။
ခွန်လွန်တောင်သည် ဒဏ္ဍာရီပေါင်းများစွာ မြစ်ဖျားခံရာ တောင်တစ်တောင် ဖြစ်လေသည်။
ယွမ်စီထျန်းကျွင်းနှင့် မယ်တော်ဝမ်မူတို့၏ ထူးဆန်းသည့် ဇာတ်လမ်းများ ရှိခဲ့ရုံသာမက ခွန်လွန်တောင်တွင် ထူးဆန်းသည့် သတ္တဝါများ ၊ ထူးဆန်းသည့်လူသားများရှိခဲ့သည်ဟု မှတ်တမ်းမှတ်ရာများတွင် ဖော်ပြထားလေသည်။
ကျောက်ရှောင်ယွီသည် ခွန်လွန်တောင်ကို တစ်ကြိမ်ထက်မနည်း ရောက်ဖူးလေသည်။ ထိုနေရာသည် အလွန် ထူးခြားဆန်းပြားသည့် နေရာတစ်ခု ဖြစ်လေသည်။
နှစ်ပေါင်း (၃၀)အတွင်း… သူမသည် လျှို့ဝှက်ချက်များကို ထိန်းထားခဲ့ပြီး ယခုတော့ နက်နဲသောအရာတစ်ခုကို ဖော်ထုတ်ရန် အချိန်ကျရောက်လာပြီ ဖြစ်လေသည်။