ပြင်ပလောကနှင့်ဆက်ဖြတ်ထားသည့်စူစန်းတောင်ဂိုဏ်း
Vol. 8 Ch. 772
ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် တောင်နှင့်မြစ်များ မရေမတွက်နိုင်အောင် ရှိလေသည်။
သို့သော်… ကျောက်ရှောင်ယွီ ယခင်က နေထိုင်ခဲ့သည့် ချင်းရွှမ်နတ်တံခါးတည်ရှိရာလောကနှင့်နှိုင်းယှဉ်ပါက လက်ရှိလောကသည် အံ့သြလောက်စရာ သိပ်မရှိပေ။
သို့သော်… မြင့်မြတ်သည့် တောင်များဖြစ်သည့် ခွန်လွန်တောင် ၊ ဝူယွဲ့တောင် ၊ ဟွမ်စန်းတောင်နှင့် ထိုက်ဟန်တောင်များကတော့ ကျောက်ရှောင်ယွီကို များစွာ အံ့အားသင့်စေခဲ့သည့် နေရာများ ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် သူမရောက်ရှိနေသည့်ကမ္ဘာသည် တန်ခိုးစွမ်းအားကင်းလွတ်ရာ နယ်မြေတစ်ခု ဖြစ်လေသည်။ သို့တိုင်အောင်… မြင့်မြတ်သည့်တောင်များတွင် နတ်ဘုရားများ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အကြွင်းအကျန်တန်ခိုးစွမ်းအားများ ကျန်ရှိနေသေးပြီး မည်မျှကြောက်မက်ဖွယ်ရာကောင်းသည်ကို သိနိုင်လေသည်။
ထို့ကြောင့် ကျောက်ရှောင်ယွီသည် တန်ခိုးစွမ်းအားကင်းလွတ်ရာ မြေကမ္ဘာ၏ လျှို့ဝှက်နက်နဲမှုများကို စိတ်ဝင်စားနေ ခဲ့လေသည်။
လော်ဝါဒ၏တည်ထောင်သူဆရာသခင်က သူမကို ဤနေရာသို့လာရောက်ရန် ညွှန်ကြားချက်များထားခဲ့သည်မှာ အလကားမဟုတ်ပေ။
လော်ဝါဒကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်သည့် နတ်ဘုရား၏ဘေးရန်မှာ လွတ်မြောက်စေရုံသာမက ထိုရန်သူကို သတ်ဖြတ်ပစ်ရန် အခွင့်အရေးတစ်ခုကိုလည်း ကမ္ဘာမြေတွင် ရှာဖွေတွေ့ရှိနိုင်လေသည်။
သို့သော်… ကျောက်ရှောင်ယွီသည် မြင့်မြတ်သည့်တောင်များရှိရာသို့ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့ သည့်တိုင် သူမလိုချင်သည့်အချက်အလက်များကို တွေ့ရှိရခြင်း မရှိသေးပေ။
အရင်က သူမ စူစန်းတောင်သို့လည်း သွားခဲ့ဖူးလေသည်။ စူစန်းတောင်သည် စူတိဒေသတွင်တည်ရှိလေသည်။ စူတိဒေသသည် သမိုင်းထဲမှ ဓားသမားများစွာနှင့် နတ်ဘုရားများစွာ မွေးဖွားပေးခဲ့သည့် အော်မေ့တောင်တည်ရှိရာ ချင်းချန်ဒေသကဲ့သို့ပင် ဖြစ်လေသည်။
ယခုခေတ်တွင်တော့ စာရေးဆရာများက စူစန်းတောင်၏ ခမ်းနားမှုကို အခြေတည်ကာ ရှန်းရှဝတ္ထုများကို ဖန်တီး ရေးသားလေ့ရှိကြလေသည်။
ကျောက်ရှောင်ယွီသည် ရှန်းရှဝတ္ထုများကို ဖတ်လေ့ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ရှန်းရှဝတ္ထုများထဲမှ သူမ မသိနိုင်သည့် အချက်အလက်များကို သိရှိရမည်လား ဆိုသည့် မျှော်လင့်ချက်ဖြင့် ဖတ်ကြည့်ခြင်း ဖြစ်လေ၏။
သို့သော်… သူမအတွက် သိပ်ပြီး အသုံးဝင်သည့် အကြောင်းအရာများကို မတွေ့ရှိခဲ့ရပေ။ ရှန်းရှဝတ္ထုရေးသူများသည် သာမန်လူများသာ ဖြစ်ကြဟန်တူလေ၏။
ဆန်းလျန်ဖြစ်ခဲ့သူဟု ယူဆရသည့် ဒေါက်တာလီဖုန်း ကျန်ရစ်ခဲ့သည့် ပစ္စည်းများကိုလည်း သူမ လေ့လာကြည့်ခဲ့သလို မကြာသေးမီက ဆုံးပါးသွားပြီဖြစ်သည့် ဒေါက်တာလီဖုန်း၏ဖခင် ကျန်ရစ်ခဲ့သည့် ပစ္စည်းများ ကိုလည်း သူမ လေ့လာခဲ့လေသည်။
နောက်ဆုံးတော့ ဒေါက်တာလီဖုန်း၏ ဖခင်ဖြစ်သူချန်ရစ်ခဲ့သည့် ရှေးဟောင်းပစ္စည်းများထဲမှ ထူးဆန်းသည့် ကျောက်ပြားလေးကို တွေ့ရှိခဲ့ရခြင်း ဖြစ်လေသည်။
ထိုကျောက်ပြားလေးသည် ရှေးဟောင်းမျိုးနွယ်များထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး နှစ်ပေါင်းမည်မျှ ကြာရှည်ခဲ့ပြီ လဲမသိနိုင်ပေ။
ကမ္ဘာဦးကာလ နတ်ဘုရားများကို ကိုးကွယ်ခြင်းအစကို ဖော်ပြနေသည့် ကျောက်ပြားလေးတစ်ခုဖြစ်ပြီး မိုးဒဏ် လေဒဏ်များကြောင့် ပျက်စီးခဲ့ခြင်းလည်းမရှိပေ။ ထိုကျောက်ပြားလေသည် ခွန်လွန်တောင်၏ အနက်ရှိုင်းဆုံး နေရာမှ ရရှိခဲ့သည့် ပစ္စည်းလေးတစ်ခုလည်း ဖြစ်လေသည်။
ထို့ကြောင့် ဒဏ္ဍာရီများထဲမှ နတ်ဘုရားနေထိုင်ရာ နေရာများအကြောင်းကိုလည်း မီးမောင်းထိုးပြလျှက်ရှိလေသည်။ ဥပမာဆိုရသော်… မယ်တော်ဝမ်မူ၏ ကျောက်စိမ်းရေကန်ဥယျာဉ်ကဲ့သို့သော နေရာမျိုး ဖြစ်လေသည်။
ထိုလျှို့ဝှက်နေရာကို ဝင်ရောက်ရန်အတွက် နေဝင်ချိန်လေးမြားနှင့် ထိုက်ချင်အင်းသင်္ကေတတို့ လိုအပ်လေသည်။ ထိုက်ချင်အင်းသင်္ကေတမှာ စူစန်းတောင်ဓားဂိုဏ်းမှ ရတနာပစ္စည်းဖြစ်လေသည်။
ထိုက်ချင်အင်းသင်္ကေတသည် အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သည့် တာအိုဆရာထိုက်ချင်၏ ပစ္စည်းတစ်ခု ဖြစ်လေသည်။
ခေတ်အဆက်ဆက်ပြောင်းခဲ့သည့်တိုင် ထိုအင်သင်္ကေတကတော့ မပြောင်းမလဲ ရှိနေဆဲဖြစ်လေသည်။ သို့သော်… လျှို့ဝှက်နေထိုင်သည့် စူစန်းတောင်ဂိုဏ်းမှလူများက ပိုင်ဆိုင်ထားသည့်အတွက် ထိုပစ္စည်းကို အပြင်လူများ သိရှိ နိုင်ရန် ခက်ခဲလှလေသည်။
ယခုတော့ ကျောက်ရှောင်ယွီသည် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀)ခန့်ကပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည့် စူစန်းတောင်ဓားဂိုဏ်းကိုရှာဖွေရန် စူစန်းတောင်သို့ ရောက်ရှိလာခဲ့လေသည်။
စူစန်းတောင်တွင် အဆုံးမရှိသည့် တောင်ထွတ်များကို မြင်တွေ့ရမည် ဖြစ်လေသည်။ တောင်ထွတ်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး လှပစွာ ဖွဲ့စည်းထားလေသည်။
တန်ခိုးစွမ်းအားကင်းလွတ်ရာနယ်မြေဖြစ်သည့် ကမ္ဘာမြေတွင်ပင်လျှင် စူစန်းတောင်သည် မြေကြီးနှင့်နေမှ စွမ်းအား များကိုစုပ်ယူကာ မယိုယွင်းဘဲ လှပနေဆဲ ဖြစ်လေ၏။
သို့သော်… လွန်ခဲ့သည့် နှစ်အနည်းငယ်က ငလျင်လှုပ်ခတ်ခဲ့သည့်အတွ် ကျောက်သားမြေမျက်နှာပြင်ထက်တွင် အက်ကွဲကြောင်းများ ဖြစ်နေသည်ကိုတော့ မြင်တွေ့ရမည် ဖြစ်လေသည်။
ထိုငလျှင်ကြောင့်ပင် စူစန်းတောင်ဓားဂိုဏ်း၏ အက်ကွဲကြောင်းမှာလည်း ကြီးမားလာရလေသည်။ သို့သော် စူစန်းတောင်ဓားဂိုဏ်းမှ လက်ကျန်ဂိုဏ်းသားများက ညီညွတ်ကြလေသည်။ သူတို့က ဓားအရံအတားတစ်ခု ပြုလုပ်ကာ ဂိုဏ်းကို အက်ကွဲကြောင်းကို ပိတ်ဆို့ထားကြလေသည်။
ထို့ကြောင့် ဤနှစ်များအတွင်းတွင် စူစန်းဓားဂိုဏ်းအတွင်းသို့ လေ့လာရန် ဝင်ရောက်သွားကြသူများသည် ထူးဆန်းစွာ ပျောက်ဆုံးသွားလေ့ ရှိကြလေသည်။
နှစ်ပေါင်း (၃၀) ကြာခဲ့ပြီးသည့်နောက်….
ကျောက်ရှောင်ယွီသည် တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေမှ သူမကို အားပေးကြသည့် ယုံကြည်မှုတန်ခိုး စွမ်းအားများကို စုပ်ယူကာ ကျင့်ကြံနိုင်ခဲ့လေသည်။
ထို့ကြောင့် သူမသည် စိတ်စွမ်းအား အလွန်ကောင်းလေသည်။ သူမ၏ဦးနှောက်သည် ကွန်ပျူတာ အေအိုင်ထက်ပင် သာလွန်လေသည်။
သူမသည် ဘဝကိုအထီးကျန်ဆန်စွာ ဖြတ်သန်းခဲ့ပြီး မည်သူမှ သူမကို အနိုင်ယူနိုင်ခြင်း မရှိသည့်တိုင် သူမ၏ နှလုံးသားထဲတွင်တော့ မည်သည့်အခါမှ ပျောက်ကွယ်သွားမည်မဟုတ်လေသော ဆန်းလျန်၏ပုံရိပ်ကို သတိရ လျှက်ရှိလေသည်။
ယနေ့တွင်တော့ ကျောက်ရှောင်ယွီသည် စူစန်းတောင်သို့ ရောက်ရှိလာခဲ့ပြီ။
စူစန်းတောင်ဓားဂိုဏ်း၏ ပြိုင်ဘက်ကင်း ဓားအရံအတားကို ကျောက်ရှောင်ယွီကတော့ အခက်အခဲမရှိကျော်ဖြတ် ခဲ့လေသည်။
လေထုက အနည်းငယ်တုန်ခါသွားပြီး အစီအရင်ပြုလုပ်ထားသည့် နတ်ဓားများအာလးုံးသည် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုအချိန်မှာပင် ဓားရောင် (၁၂)ချက် လင်းလက်လာလေသည်။ ထိုဓားသမားများမှာ စူစန်းတောင်ဓားဂိုဏ်းတွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် ဓားသိုင်းကျင့်ကြံသူများ ဖြစ်ကြလေသည်။
သူတို့က စူစန်းတောင်ဓားဂိုဏ်းတွင်သာနေထိုင်ကြပြီး ပြင်ပလောကသို့ ထွက်ခွာခြင်း မရှိကြပေ။ သူတို့၏ ကျင့်ကြံခြင်းများ ဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။
ကျောက်ရှောင်ယွီက တစ်ချက်ပြုံးလိုက်ပြီး စိတ်အာရုံများကို ဖြန့်ကျက်လိုက်လေသည်။ ထိုအခါ ဓားဝိညာဉ်များ အားလုံးပျောက်ကွယ်သွားလေသည်။
ထိုအခါ… ဓားသိုင်းကျင့်ကြံသူ ယောကျ်ားလေး ၊ မိန်းကလေး အုပ်စုတစ်စုကို တွေ့မြင်လိုက်ရလေသည်။ သူတို့ဝတ်ဆင်ထားသည့် အဝတ်အစားများက မယုံနိုင်စရာပင်။
သူတို့သည် တန်ခိုးစွမ်းအားများကင်းစင်ရာ ကမ္ဘမြေတွင်တော့ တန်ခိုးအကြီးဆုံး လူများ ဖြစ်ကြလေသည်။ သို့သော်… သူတို့သည် နတ်ဘုရားအဖြစ် အဆင့်တက်ရောက်နိုင်မည့်သူများတော့ မဟုတ်ကြပေ။
သူတို့အုပ်စုတွင် အသက်ကြီးဆုံး ဖြစ်ဟန်တူသူက…
"မိန်းကလေး… ဘာလို့ အကြောင်းမရှိဘဲ ကျုပ်တို့ စူစန်းတောင်ဓားဂိုဏ်းကို တိုက်ခိုက်ရတာလဲ…"
ကျောက်ရှောင်ယွီက ထိုသူကို တစ်ချက်ကြည့်လိုက်လေသည်။
ထိုသူသည် တာအိုဆရာများလို ဆံပင်အရှည်နှင့်မဟုတ်ပေ။ သို့သော် တစ်ခေါင်းလုံးအပြောင်ရှင်းထားပြီး ကြွက်မြီးကဲ့သို့ ကျစ်ဆံမြီးတစ်ချောင်းကျစ်ထားလေသည်။
"ရှင်တို့က ဘာဖြစ်လို့ ကြွက်မြီးလို ကျစ်ဆံမြီးတွေ ကျစ်ထားရတာလဲ…"
တာအိုဆရာက ကျောက်ရှောင်ယွီ၏ ဝတ်စားဆင်ယင်ထားမှုကို တစ်ချက်အကဲခတ်လိုက်လေသည်။
လက်မောင်းသားများဖော်ထားသည့်အင်္ကျီကိုဝတ်ဆင်ထားပြီး စကတ်အတိုကိုလည်းဝတ်ထားလေရာ ကျောက်စိမ်း ရတနာပမာ ဖြူစင်လွန်းသည့် ခြေထောက်များကိုလည်း မြင်တွေ့နေရလေသည်။
"သူကျတော့ဖြင့် အဝတ်အစားကလည်း ကလက်တက်တက်နဲ့ ၊ အပြင်လောကက ကဝေမများလားမသိဘူး…"
ဟု တာအိုဆရာက တွေးလိုက်လေသည်။
သို့သော်… စိတ်ထဲမှသာ တွေးလိုက်ခြင်းဖြစ်ပြီး တကယ်တမ်းတွင် ထုတ်ဖော်ပြောဆိုရဲခြင်း မရှိပါချေ။
"ဒါက ကျုပ်တို့ တာ့ချင်ရိုးရာအတိုင်းပြုလုပ်ထားတာပါ…"
ဟုသာ ပြောလိုက်လေသည်။
အဖြေကိုကြားရတော့မှာ ကျောက်ရှောင်ယွီက နားလည်သွားသည့်ဟန်ရှိလေသည်။
ကြည့်ရသည်မှာ စူစန်းတောင်ဓားဂိုဏ်းမှလူများသည် အပြင်လောကသို့ မသွားကြသည်မှာ နှစ်ပေါင်း ရာနှစ်ချီပြီး ကြာလောက်ပေပြီ။
သူမက တစ်ချက်ပြုံးလိုက်ရင်း…
"တာ့ချင်မင်းဆက်က မရှိတော့ဘူး…"
တာအိုဆရာက တအံ့တသြဖြစ်သွားဟန်ဖြင့်…
"တာ့ချင်မင်းဆက် မရှိတော့ဘူး… ဟုတ်လား…"
ကျောက်ရှောင်ယွီက…
"ကျွန်မက ဘာကိစ္စလိမ်ပြောရမှာလဲ ၊ ရှင်တို့ မယုံဘူးဆိုရင် အပြင်လောကကို သွားကြည့်ပေါ့…."
တာအိုဆရာက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"ကျုပ်တို့က အပြင်ကိုမထွက်ဘူး…"
ပြီးမှ သူက ဆက်ပြီး မေးခွန်းထုတ်လိုက်သည်။
"ဒါဖြင့် မိန်းကလေးကို မေးပါရစေ ၊ အခု ဘယ်သူအုပ်ချုပ်နေတဲ့ခေတ်ရောကနေပြီလဲ…"
သမိုင်းကြောင်းတစ်ခုလုံး ပြန်ပြီးရှင်းပြနေရန်အတွက် ကျောက်ရှောင်ယွီ သိပ်ပြီး စိတ်မရှည်လှပေ။
သို့သော် သူမက အခွင့်အရေးကို အသုံးချရန် ကြိုးစားလိုက်သည်။
"ကျွန်မက ပြောပြရင် ထိုက်ချင်အင်းသင်္ကေတ ကျွန်မကို ပေးမှာလား…"
တာအိုဆရာမှာ တွန့်ခနဲ ဖြစ်သွားလေသည်။
မိန်းမပျိုသည် ထိုက်ချင်အင်းသင်္ကေတကို တောင်းယူလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ထိုအင်းသင်္ကေတသည် စူစန်းတောင်ဓားဂိုဏ်းတည်ရှိမှုအတွက် အဓိက ထောက်ပံ့ပေးထားသည့် အရာဖြစ်လေသည်။
သူတစ်ပါးကို ပေးပစ်ရန်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
တာအိုဆရာက…
"အဲဒီပစ္စည်းက ကျုပ်တို့စူစန်းတောင်ဓားဂိုဏ်းရဲ့ အသက်သွေးကြောပါ ၊ မိန်းကလေးကို ပေးလို့ မဖြစ်နိုင်ပါဘူး…"
ကျောက်ရှောင်ယွီက ဆုံးဖြတ်ချက်ခိုင်မာသည့် လေသံဖြင့်…
"ဒါဖြင့်လည်း ကိုယ့်ဟာကိုယ်ပဲ ရအောင်ယူရမှာပေါ့…"
သူမက မည်သည့်တိုက်ခိုက်မှုမှ မပြုလုပ်ဘဲ တာအိုဆရာ၏ မျက်ဝန်းများကို စေ့စေ့ကြည့်လိုက်လေသည်။
သူမက တာအိုဆရာ၏ ဝိညာဉ်ထဲအထိ ထွင်းဖောက်ကြည့်နေသည့်အလား ဖြစ်လေသည်။
"အဲဒီပစ္စည်းက အဲဒီနေရာမှာကိုး…"
စူစန်းတောင်ဓားဂိုဏ်းမှ လူများက ဓားဝိညာဉ်များကို ထုတ်လွှတ်လိုက်ပြီး ကျောက်ရှောင်ယွီကို တိုခိုက်လိုက်ကြလေ သည်။
ပတ်ဝန်းကျင်တွင် ဓားရောင်များဖြာလင်းသွားလေသည်။ သို့သော်… ချက်ချင်းပင် အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားလေသည်။
စူစန်းတောင်မှ မှော်ဓားများအားလုံးသည် ပျက်စီးသွားပြီး သူတို့အားလုံး၏ ကျင့်ကြံခြင်းများသည်လည်း ပျက်စီးကုန်ကြရပြီ ဖြစ်လေသည်။ ယခုတော့ တစ်ဘဝလုံး ကျင့်ကြံခဲ့သမျှ အလကား ဖြစ်ခဲ့ကြရပြီ။
ကျောက်ရှောင်ယွီက သူတို့အားလုံးကို အရေးမစိုက်ဘဲ စူစန်းတောင်ဓားဂိုဏ်း၏ ဘိုးဘေးများခန်းမဆောင်အတွင်းသို့ ဝင်သွားလေသည်။
ခန်းမထဲတွင် ရှည်လျားသည့် မုတ်ဆိတ်မွှေးများကိုပိုင်ဆိုင်သည့် တာအိုဆရာတစ်ပါး၏ ရုပ်တု ရှိနေလေသည်။ ထိုတာအိုဆရာ၏ နောက်တွင် ခရမ်းရောင်နှင့် အစိမ်းရောင် ဓား (၂)လက်ကို ချိတ်ဆွဲထားလေ၏။
ကျောက်ရှောင်ယွီသည် ဆန်းလျန်ကို သတိရမိပြန်လေသည်။ ဆန်းလျန်သာရှိနေလျှင် သူမနှင့်အတူ ဆိုးတူကောင်းဖက် တိုက်ခိုက်ပေးမည် ဖြစ်လေသည်။
ကျောက်ရှောင်ယွီက အနားမှ အမွှေးတိုင်တစ်ချောင်းကို ယူလိုက်ပြီး မီးထွန်းညှိလိုက်ကာ တာအိုဆရာရုပ်တုကို ပူဇော်လိုက်လေသည်။
"ဒီနေ့ ရှင်က အင်းသင်္ကေတငှားမယ်ဆိုရင် နောင်တစ်ချိန်မှာ အကျိုးပြန်ပြီး ခံစားရစေပါ့မယ် ၊ ကျွန်မကို မတားပါနဲ့…"
ရုပ်တုဆီမှ သက်ပြင်းချသံသဲ့သဲ့ ကြားလိုက်ရသလို ရှိလေသည်။
ထို့နောက်… ကျောက်ရှောင်ယွီက ရုပ်တုအနားသို့ ချဉ်းကပ်သွားပြီး ထိုက်ချိယင်ယန်သင်္ကေတကို ထုတ်ယူလိုက် လေသည်။ ထိုထိုက်ချိယင်ယန်သင်္ကေတမှာ တာအိုဆရာခသင်ထိုက်ယီ၏ အင်းသင်္ကေတပင် ဖြစ်လေသည်။
ထိုအင်းသင်္ကေတကိုသာရလျှင် သူမ ခွန်လွန်တောင်ကို နောက်တစ်ကြိမ်သွားရောက်ရန် အဆင်သင့်ဖြစ်ပြီ ဖြစ်လေသည်။