နတ်မင်းတစ်ထောင်နန်းတော်
Vol. 8 Ch. 773
ခွန်လွန်တောင်ဆိုသည်က တရုတ်ပြည်တစ်ပြည်လုံး၏ နဂါးသွေးကြောပင် ဖြစ်လေသည်။
ခွန်လွန်တောင်သည် တရုတ်ပြည်တစ်ပြည်လုံးရှိ တောတောင်ရေမြေအားလုံး၏ မြစ်ဖျားခံရအရပ်ဖြစ်သည်ဟုလည်း အဆိုရှိကြလေသည်။
ဓားနတ်သမီးချင်းလျန်က ကဗျာတစ်ပုဒ် ရေးခဲ့ဖူးလေသည်။
"ကျောက်စိမ်းရောင်တောင်တန်းတွေထက်မှာဆိုပေမယ့်…
နတ်ဘုံနတ်နန်းမှာ လရောင်နဲ့ထိတွေ့နေရသလိုပါပဲ…"
ထိုကဗျာသည် ခွန်လွန်တောင်ကို ချီးကျူးဖွဲ့ဆိုထားသည့် ကဗျာတစ်ပုဒ် ဖြစ်လေ၏။
ခွန်လွန်တောင်ဆိုသည်က ကမ္ဘာကျော် နတ်ဘုရားဒဏ္ဍာရီများ ၊ ဂမ္ဘီရကျောက်တုံး ကျောက်ခဲများဖြင့် ပြည့်နက်နေရာ နေရာတစ်ခု ဖြစ်လေသည်။
ဇာမဏီငှက်တို့ စံပျော်ရာ… ၊ ယွင်စီထျန်းကျွင်း တရားဟောပြောခဲ့ရာ… ၊ မယ်တော်ဝမ်မူ၏ ကျောက်စိမ်းရေကန် ဥယျာဉ်တည်ရှိရာ… ၊ လနတ်သမီးဟန်အယ် လမင်းဆီသို့ ပျံသန်းထွက်ခွာသွားလေရာ… ။
အထက်ပါ အဖြစ်အပျက်များအားလုံးသည် ခွန်လွန်တောင်နှင့် ဆက်စပ်နေသည့် အဖြစ်အပျက်များပင် ဖြစ်လေသည်။ ခွန်လွန်တောင်သည် နတ်ဘုရားတို့၏ ဒဏ္ဍာရီများစွာဖြင့် ဆက်နွယ်လျှက်ရှိသည့် မြင့်မြတ်သည့် တောင်တစ်တောင်ပင် ဖြစ်လေသည်။
ကျောက်ရှောင်ယွီ ခွန်လွန်တောင်သို့ သွားရောက်လည်ပတ်သည့်အခါတိုင်း မရှိမှုကျေးရွာကိုလည်း တွေ့ရှိရခြင်း မရှိသလို ကျောက်စိမ်းဝိညာဉ်နန်းတော်ကိုလည်း တွေ့ရှိရခြင်း မရှိပေ။
သူမရောက်ရှိခဲ့သည့် ခွန်လွန်တောင်သည်ကား မည်သည့်နတ်ဘုရားနယ်မြေမှမရှိသည့် တောင်တန်းကြီးတစ်ခုမျှ သာဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ခန့်က ရွှမ်ယန်တာအိုဂိုဏ်းမှ ဟူကျန်းရန်နှင့် ကျန်းကျန်းရန်ဆိုသည့် ကျင့်ကြံသူ (၂)ယောက်သည် ခွန်လွန်တောင်မှ နတ်ဘုရားနယ်မြေကို ရှာဖွေတွေ့ရှိခဲ့ကြသည်ဟု မှတ်တမ်းများတွင်ပါရှိလေ သည်။
ထိုနေရာသည် တောင်များဖြင့်ကာရံထားပြီး ကြာပန်းတစ်ပွင့်အလား ထင်မှတ်ရသည့် ထူးဆန်းသည့် နေရာတစ်ခု ဖြစ်လေသည်။
နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ရှာဖွေခဲ့ကြပြီးသည့်နောက် ထိုကျင့်ကြံသူ (၂)ယောက်သည် ခွန်လွန်တောင်၏ နတ်ဘုရားနယ်မြေသို့သွားသည့် လျှို့ဝှက်လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြလေသည်။
သို့သော်… သူတို့ (၂)ယောက်သည် နေမီးတောက်ထိမှန်ခံရကာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြပြီး ကျောက်ပြားလေး တစ်ပြားကိုသာ ရယူလာနိုင်ခဲ့ကြလေသည်။
နောက်ပိုုင်းတွင် ထိုကျောက်ပြားလေးသည် ဒေါက်တာလီဖုန်း၏ ဖခင်ဖြစ်သူ ၊ ပေကျင်းတက္ကသိုလ်မှ ပါမောက္ခလီ လက်ထဲသို့ ရောက်ရှိလာခဲ့လေသည်။
ဇနီးဖြစ်သူနှင့် သားဖြစ်သူ ဆုံးပါးသွားပြီးသည့်နောက်ပိုင်း ပါမောက္ခလီသည် ခွန်လွန်တောင်အကြောင်း သုတေသန ပြုလုပ်ခြင်းတွင် စိတ်အာရုံနှစ်ထားခဲ့လေသည်။
အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ပြီးမှာ ပါမောက္ခလီသည် ထိုကျောက်ပြားလေးကို ရရှိခဲ့ခြင်း ဖြစ်လေသည်။ ကျောက်ပြား လေးမှာ ထူးဆန်းသည်ကတော့ အမှန်ပင်း။
ပါမောက္ခလီဆုံးပါးသွားသည့်နောက်ပိုင်း ကျောက်ပြားလေးသည် ကျောက်ရှောင်ယွီ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ လေသည်။
အဘယ်ကြောင့်ဆိုသော်… ကျောက်ရှောင်ယွီသည် ပါမောက္ခလီနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ပြီး ပါမောက္ခလီ၏ ဘဝနောက်ဆုံးအချိန် (၃)နှစ်တွင် ကျောက်ရှောင်ယွီက သူ့ကို အဖော်ပြုပေးခဲ့လေသည်။
ယခုတော့ …
နတ်ဘုရားနယ်မြေသို့သွားရာ လျှို့ဝှက်လမ်းဆီသို့ ကျောက်ရှောင်ယွီ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။ သူနှင့်အတူ လူငယ်လေးတစ်ယောက်လည်း ပါလာလေသည်။ ထိုလူငယ်လေးမှာ လီအော့နျိုပင် ဖြစ်လေ၏။
ကျောက်ရှောင်ယွီ၏ အကူအညီဖြင့် လီအော့နျိုသည် ခရမ်းရောင်ကိုးဆင့်ရွှေဆေးကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်လေသည်။
သူသည် ယခုအခါ လောကအလယ်တွင် လမ်းလျှောက်နေသည့် နတ်ဘုရားတစ်ပါးအလား ဖြစ်နေလေသည်။ ထို့ပြင် သူက အတိတ်မှပါလာခဲ့သည့် ကြီးမားသောစွမ်းအားများကို ပြန်လည်ရယူပြီး အတိတ်ကို အဆက်မပြတ် ဆက်သွယ်နေလေသည်။
လောလောဆယ်အချိန်တွင် လီအော့နျိုသည် တန်ခိုးစွမ်းအားများ မြင့်တက်နေသော်လည်း ကျောက်ရှောင်ယွီနှင့် ယှဉ်လျှင်တော့ ဖုံမှုံ့တစ်မှုံမျှလောက်သာ ဖြစ်လေ၏။
ထို့ပြင်… ကျောက်ရှောင်ယွီလက်ထဲတွင်ရှိနေသည့် ထိုက်ချင်အင်းသင်္ကေတသည် ကန္တရာမြေကိုပင် သမိုင်းမတိုုင်မီ ကမ္ဘာဦးမြေအလား မြေဆီသြစာများ ကြွယ်ဝလာအောင် ပြုလုပ်နိုင်သည့် တန်ခိုးစွမ်းအားရှိလေသည်။ နေဝင်ချိန် လေးညှို့၏ အစွမ်းထက်မှုများမှာတော့ ပြောနေစရာပင် မလိုတော့ပေ။
ယခု သူတို့ရောက်ရှိနေသည့် နေရာသည် ခွန်လွန်တောင်၏ အအေးဆုံး နေရာတစ်ခု ဖြစ်လေသည်။
သို့သော်… ကျီးကန်းအော်သံကဲ့သို့ ငှက်အော်သံတစ်ချက် ထွက်ပေါ်လာပြီး အပူချိန်များ ရုတ်တရက် မြင့်တက်လာ သည်ကို ခံစာလိုက်ရလေသည်။
ကျောက်ရှောင်ယွီက တည်ငြိမ်သည့်လေသံဖြင့်…
"မှတ်တမ်းတွေအရဆိုရင်တော့ ဒီနေရာက နတ်မင်းတစ်ထောင်နန်းတော်ပဲ ၊ ဒီနေရာကို နေစကြာနတ်ငှက် တစ်ကောင်က စောင့်ရှောက်နေတယ် ၊ အဲဒီနတ်ငှက်ကို မှော်ပညာနဲ့ အသွင်ပြောင်းထားပေးတယ်လို့ ပြောကြတယ် ၊ ဟူကျန်းရန်နဲ့ ကျန်းကျန်းရန်က အဲဒီနေစကြာနတ်ငှက် မီးနဲ့မှုတ်တာခံရလို့ ဒဏ်ရာအပြင်းအထန်ရသွားကြတာ ၊ သူတို့ မူလဝိညာဉ်တွေတောင် လောင်ကျွမ်းသွားတာဖြစ်လို့ လူပြန်ဝင်စားဖို့ တောင်မဖြစ်နိုင်တော့ဘူး ၊ အဲဒီနတ်ငှက်ကို နေဝင်ချိန်လေးညှို့နဲ့ မင်းက ပစ်ခတ်ပေးဖို့ ကူညီပေးရမယ်…"
လီအော့နျိုက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ဒါနဲ့ အဖြစ်အပျက်တွေက တိုက်ဆိုင်နေတယ်လို့ မထင်ဘူးလား ၊ ကျွန်တော်က ဘာလို့ ခင်ဗျားရှေ့မှာ ရုတ်တရက် ပေါ်လာရတာလဲ… တစ်ခုခုမှားနေတယ်လို့ ခင်ဗျား မခံစားရဘူးလား…"
ကျောက်ရှောင်ယွီက…
"မင်းတွေးတာကို ငါမတွေးခဲ့မိတာ အမှန်ပဲ ၊ ဒါပေမဲ့ ဒီနေရာက တန်ခိုးစွမ်းအားတွေလုံးဝသုံးလို့မရတဲ့ ကမ္ဘမြေပဲ ၊ ငါတို့ကိုတားဆီးမယ့် အဓိကရန်သူက ဘယ်သူလဲဆိုတာ ငါသိထားပြီးပြီ ၊ မင်းကတော့ ငါပြောတဲ့အတိုင်းလိုက်လုပ် ပေးရင်ရပြီ…"
အမှန်တော့ ထိုက်ချင်တာအိုဆရာသခင်၏ ခရမ်းရောင်ကိုးဆင့်ရွှေဆေးလုံး ဖော်စပ်နည်းကို မည်သူမှ တိတိကျကျ မသိကြပေ။
သို့သော်… သူက လော်ဝါဒ၏တည်ထောင်သူဆရာသခင်က အကြောင်းအရာတော်တော်များများ သူမကို ပြောပြထားခဲ့သည့်အတွက် ကျောက်ရှောင်ယွီကတော့ လျှို့ဝှက်ချက် အတော်များများကို သိရှိထားလေသည်။
အမှန်တော့ ခရမ်းရောင်ကိုးဆင့်ရွှေဆေးလုံး ဖော်စပ်နည်းကို သိရှိထားသူ လောကတွင် (၂)ယောက်ရှိလေသည်။ တစ်ယောက်မှာ ထိုက်ချင်တာအိုဆရာသခင်၏ မျိုးနွယ်များဖြစ်သည့် ဘုရင်ရှစ်ပါးနန်းတော်၏ အရှင်သခင် ရွှမ်တုတောက်ကျွင်းဖြစ်ပြီး နောက်တစ်ယောက်မှာတော့ အရှေ့နန်းတော်မှ တန်ခိုးစွမ်းအားအမြင့်မားဆုံး နတ်ဘုရားတစ်ပါး ဖြစ်သည့် တုန်းဟွာတောက်ကျွင်း ဖြစ်လေ၏။
သူမကို လုပ်ကြံရန်အတွက် လီအော့နျိုကို ထိန်းချုပ်စေခိုင်းကြသူများမှာ အရှေ့နန်းတော်မှ လူများဖြစ်လေသည်။ ရန်သူသည် တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေတွင်ပင် မရရအောင် တန်ခိုးစွမ်းအား ထုတ်ဖော်အသုံးပြုနိုင် သည်ကို ကြည့်ခြင်းအားဖြင့် မည်မျှ အံ့သြဖွယ်ရာဖြစ်ကြောင်း သိရှိနိုင်လေသည်။
သူတို့ (၂)ယောက် နတ်ဘုရားနယ်မြေသို့သွားရာ လျှို့ဝှက်လမ်းအတိုင်း ဝင်လာကြလေသည်။
သိပ်မကြာမီပင်… အရှေ့ဆီမှ ကျောက်နံရံထက်တွင် ပျံသန်းနေသည့် နေစကြာနတ်ငှက်တစ်ကောင်ကို တွေ့လိုက်ရ လေသည်။
နေစကြာနတ်ငှက်၏မျက်လုံးများက တည်ငြိမ်နေပြီး ခံစားချက်ကင်းမဲ့နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို မှော်ပညာနဲ့ အသွင်ပြောင်းထားပေးသောကြောင့် ဖြစ်လေသည်။ နေစကြာနတ်ငှက်တစ်ကောင်ကိုပင် အသွင်ပြောင်း ပေးထားနိုင်သည့် မှော်ပညာမှာ မည်မျှမြင့်မားကြောင်း သိသာနိုင်လေသည်။
ထို့ပြင် နေစကြာနတ်ငှက် ဤနေရာတွင်ရောကနေသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သည့်အတွက် ကမ္ဘာမြေကြီး၏ စွမ်းအားများကို စုပ်ယူထားကာ ကြီးမားသည့် ငှက်ကြီးတစ်ကောင် ဖြစ်နေပြီ ဖြစ်လေသည်။
နတ်ဘုရားနယ်မြေသို့သွားရာ လျှို့ဝှက်လမ်းထဲသို့ ဝင်ရောက်လာသည့် ကျောက်ရှောင်ယွီနှင့် လီအော့နျိုကို တွေ့မြင်လိုက်ရသည်နှင့် နေစကြာနတ်ငှက်က သူတို့ထံသို့ ချက်ချင်းပင်ပျံသန်းရောက်ရှိလာလေသည်။
သို့သော်… ကျောက်ရှောင်ယွီက အလွန်လျှင်မြန်လေသည်။
လေထဲတွင် အခိုးအငွေ့များအလား ပိုက်ကွန်တစ်ခု လက်ခနဲထွက်ပေါ်လာပြီး နေစကြာနတ်ငှက်ကို အုပ်ဖမ်းထား လိုက်လေတော့သည်။
ထိုပိုက်ကွန်မှာ ကျောက်ရှောင်ယွီ ဆယ်စုနှစ်ပေါင်းများစွာ သန့်စင်ထားသည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လေသည်။ ထိုပိုက်ကွန်သည် ရှေးဟောင်း နတ်ပိုက်ကွန်များဖြင့် ကောင်းကောင်း ယှဉ်နိုင်ပြီး တောင်များကိုပင်အမှုံ့ဖြစ်စေနိုင် လောက်အောင် စွမ်းအား မြင့်မားလွန်းလှသည်။
ထို့ကြောင့် နေစကြာနတ်ငှက်ကို ယာယီခဏတော့ ထိန်းချုပ်ထားနိုင်လေသည်။ ပိုက်ကွန်ထဲမှ နေစကြာနတ်ငှက်မှာ အတောင်များကို တဖျတ်ဖျတ်ခတ်နေလေရာ မီးတောက်များမှာ မြေပြင်ထက်သို့ တဖွားဖွားပြုတ်ကျနေလေတော့ သည်။ ထိုမီးဖွားမီးတောက်များအရှိန်ကြောင့် မြေပြင်ထက်မှ ကျောက်တုံးများသည်ပင် ချော်ရည်အဖြစ်သို့ ပြောင်းလဲ ကုန်ကြရလေသည်။
ကျောက်ရှောင်ယွီက အေးစက်သည့် လေသံဖြင့်…
"လီအော့နျို ၊ နင် ဘာလို့ ခုထိ မပစ်သေးတာလဲ…"
လီအော့နျိုမှာ ကျောက်ရှောင်ယွီ ဟောက်သည်ကို ခံလိုက်ရတော့မှ နေဝင်ချိန်လေးမြားကို ထုတ်လိုက်ပြီး လေးညှို့တွင် မြားကိုတင်လိုက်လေသည်။
ထိုအချိန်မှာပင်…
လီအော့နျိုနားထဲတွင် ထူးဆန်းသည့် အသံတစ်ခုကို ကြားလိုက်ရပြီး ထိုအသံက မြားဖြင့် ကျောက်ရှောင်ယွီကို ပစ်ခတ်ရန် အမိန့်ပေးနေသကဲ့သို့ ရှိလေသည်။
သို့သော်… သူ၏ကိုယ်တွင်းမှ ပင်ကိုယ်သိစိတ်ကတော့ ကျောက်ရှောင်ယွီပြောသည့်အတိုင်း နာခံရန် ပြောနေခဲ့လေ သည်။
သူ့စိတ်ထဲတွင် မည်သို့ပြုလုပ်ရမည် ချီတုံချတုံဖြင့် အတွေးများ လွတ်ဆွဲနေခဲ့လေသည်။
နောက်ဆုံးတွင်တော့ လီအော့နျိုက ကျောက်ရှောင်ယွီ၏ အမိန့်ကိုနာခံရ ဆုံးဖြတ်လိုက်နိုင်လေသည်။
သူက နေဝင်ချိန်လေးညှို့ကိုတင်ကာ မြားကို ပိုက်ကွန်ထဲမှ နေစကြာနတ်ငှက်ဆီသို့ ချိန်ရွယ်လိုက်လေသည်။
ထို့နောက်… နတ်မြားက လေးညှို့မှထွက်ခွာသွားပြီး နေစကြာနတ်ငှက်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက် သွားလေ၏။
နေစကြာနတ်ငှက်ထံမှ စူးရှသည့်အော်မြည်သံတစ်ချက် ထွက်ပေါ်လာပြီး မီးတောက်လောင်နေသည့် ငှက်မွှေးများ ကျွတ်ထွက်ကုန်ကာ မြေပြင်ထက်သို့ ပြုတ်ကျလာကြလေသည်။
ထို့နောက် နေစကြာနတ်ငှက်သည်လည်း မြေပြင်ထက်သို့ ပြုတ်ကျလာလေရာ မီတာ (၁၀၀) ပတ်လည်တွင် ချော်ရည်များအဖြစ် ပြောင်းလဲသွားလေသည်။
ကျောက်ရှောင်ယွီက အဖြူရောင်ပုဝါစတစ်စဖြင့် လီအော့နျိုကို ရစ်ပတ်လိုက်ကာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး ချော်ရည်ပူများကို ရှောင်တိမ်းပြီး နတ်မင်းတစ်ထောင်နန်းတော်ရှိရာသို့ ထွက်ခွာသွားလေ သည်။
နတ်မင်းတစ်ထောင်နန်းတော်…
ထိုနန်းတော်မှာ မယ်တော်ဝမ်မူပျောက်ကွယ်သွားပြီးသည့်နောက်ပိုင်း ဆောက်လုပ်ထားခဲ့သည့် နန်းတော်တစ်ခု ဖြစ်လေသည်။
လီအော့နျိုမှာ ထိတ်လန့်နေဆဲ ဖြစ်လေသည်။
ကျောက်ရှောင်ယွီက လီအော့နျိုကို တစ်ချက်ကြည့်လိုက်ပြီး…
"မင်း ဒီနေ့ပစ်လိုက်တဲ့မြားချက်က အရမ်းကောင်းတယ် ၊ မင်းကို ကျေးဇူးတင်ပါတယ်…"
သူမ၏ စကားကိုကြားရတော့မှ လီအော့နျို စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ဤရက်ပိုင်းတွင် ကျောက်ရှောင်ယွီက သူ့အပေါ်ကောင်းကောင်းဆက်ဆံလေသည်။
နတ်မင်းတစ်ထောင်နန်းတော်သည် ရှေးကျပြီး ထူးခြားဆန်းကျယ်သည့် နန်းတော်တစ်ခုဖြစ်လေသည်။
နန်းတောင်အတွင်းမှ ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်နေပြီး အခိုးအငွေ့များက နဂါးပုံစံ ၊ ဇာမဏီငှက်ပုံစံများ ပြောင်းလဲသွားကြသည်သာမက လီအော့နျိုဘဝတွင် တစ်ခါမှ မမြင်တွေ့ဖူးသည့် နတ်သားရဲပုံစံများအဖြစ်လည်း ပြောင်းလဲနေကြလေသည်။ ထိုသားရဲပုံစံများမှာ အစစ်အမှန်အလား အသက်ဝင်လှပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ကျောင်ရှောင်ယွီက နတ်မင်းတစ်ထောင်နန်းတော်အတွင်းသို့ အလျင်စလို ဝင်ရောက်သွားခြင်း မရှိပေ။ သူမက နတ်မင်းတစ်ထောင်နန်းတော်ကို စိုက်ကြည့်နေလေသည်။
ထို့နောက် သူမ၏ မျက်ခုံးနှစ်ခုကြားမှ ကြာပန်းပုံဏ္ဍန်တစ်ခု ထွက်ပေါ်လာလေသည်။
ထိုကြာပန်းပုံသဏ္ဍန်သည် ကြာပန်းကိုးပွင့်တန်ခိုးစွမ်းအား၏ အမြင့်ဆုံးအဆင့်ကို ဖော်ထုတ်ပြသခြင်း ဖြစ်လေသည်။ သူမ၏ မျက်ဝန်းများက တာအိုဆရာသခင်ကြီးတစ်ပါး၏ မျက်ဝန်းများအလား အသိဉာဏ်ပညာတို့ဖြင့် ပြည့်ဝလျှက် ရှိလေ၏။
ကျောက်ရှောင်ယွီက နန်းတော်အပြင်ဘက်တွင် ထွက်ပေါ်နေသည့် ထူးခြားဆန်းကျယ်မှုများကို လေ့လာရင်း နန်းတော်အတွင်းမှ ရှုတ်ထွေးလှသည့် တန်ခိုးစွမ်းအားများကို စီစစ်နေလေသည်။
တစ်ချိန်တုန်းက ဆန်းလျန်နှင့်အတူ တာအိုစုံတွဲကျင့်ကြံမှုပြုလုပ်ခဲ့ကြခြင်းက ယခုအချိန်တွင် အလွန်အသုံးဝင်သွား ခဲ့လေသည်။
ကျောက်ရှောင်ယွီက နှုတ်ခမ်းလေးများတွန့်ကွေးကာ တစ်ချက်ပြုံးလိုက်လေသည်။
နတ်မင်းတစ်ထောင်နန်းတော်တွင် မည်သည့်ပြောင်းလဲမှုမှ ဖြစ်ပေါ်မလာသည့်တိုင် နန်းတော်အတွင်းမှ စစ်မှန်သည့် လမ်းကြောင်းကို သူမရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်လေသည်။
တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေမှ သူမ ထွက်ခွာသွားရတော့မည် ဖြစ်လေသည်။
သူမက တည်ကြည်သည့်မျက်နှာထားဖြင့်…
"လီအော့နျို ၊ မင်း ငါ ခြေလှမ်းလှမ်းတဲ့အတိုင်း သေချာသတိထားပြီးလိုက်ခဲ့ ၊ မဟုတ်လို့ကတော့ မင်း တစ်ခါတည်း သေသွားလိမ့်မယ်…"
***