နွီဝါးနတ်သမီးရောင်စဉ်ငါးမျိုးကျောက်တုံးများ ပြုလုပ်ခဲ့ရာနေရာ
Vol. 8 Ch. 774
ကျောက်ရှောင်ယွီနှင့် လီအော့နျို နတ်မင်းတစ်ထောင်နန်းတော်အတွင်းသို့ ဝင်လာခဲ့ကြလေသည်။
နန်းတော်အတွင်းရှိ ကြမ်းပြင်က ပြောင်လက်တောက်ပနေသည်။
လီအော့နျိုမှာ ကြမ်းပြင်ထက်တွင် သူ့အရိပ်ကိုပင် သူပြန်မြင်နေရသည်။ သို့သော်… သိပ်ပြီး ပီပီပြင်ပြင်တော့မဟုတ်ပေ။ သူက ကျောက်ရှောင်ယွီမှာကြားထားသည့်အတိုင်း ခြေလှမ်းမမှားအောင် သတိထားရင်း ကျောက်ရှောင်ယွီနောက်မှလိုက်ပါလာခဲ့သည်။
ကျောက်ရှောင်ယွီက ခြေလှမ်းကို ဟိုမှ သည်မှ မညီမညာလှမ်းနေပြီး ခြေလှမ်းအစိတ်အကျဲက မတူညီသလို ခြေလှမ်းလှမ်းသည့်အရှိန်လည်း တူညီခြင်းမရှိပေ။ ခရမ်းရောင်ကိုးဆင့်ရွှေဆေးလုံးကိုစားထားသည့်အတွက် နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းထက်နေသည့် လီအော့နျိုပင်လျှင် ကျောက်ရှောင်ယွီ၏ ခြေလှမ်းများကို နားလည် နိုင်ခြင်း မရှိပေ။
ခြေလှမ်းပေါင်း ကိုးဆယ့်ကိုးလှမ်းတိတိ လှမ်းပြီသည့်နောက်ကျောက်ရှောင်ယွီက ရပ်တန့်လိုက်လေသည်။ လီအော့နျိုကလည်း သူမနောက်တွင် ချက်ချင်း ရပ်တန့်လိုက်သည်။
ရုတ်တရက်… တန်ခိုးစွမ်းအားဖိအားတစ်ခု ထွက်ပေါ်လာပြီး လီအော့နျိုမှာ ထိုဖိအားကို ခံနိုင်ရည် မရှိဘဲ သွေးများအန်ထုတ်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်သည် တန်ခိုးစွမ်းအား ဖိအားဒဏ်ကို ခံနိုင်ရည် မရှိခဲ့ပေ။
ကျောက်ရှောင်ယွီကတော့ မတ်တတ်ရပ်နေဆဲ ဖြစ်လေသည်။ သူမက မျက်မှောင်များကို အနည်းငယ် ကြုံ့ပြီး တစ်စုံတစ်ခုကို စဉ်းစားနေဟန်ရှိလေသည်။
သူမက တန်ခိုးစွမ်းအားဖိအားကို ခံနိုင်ရည်ရှိသော်လည်း လီအော့နျိုကတော့ သွေးများအဆက်မပြတ်အန်ထုတ်လျှက်ရှိလေသည်။
သူမသည် နတ်မင်းတစ်ထောင်နန်းတော်၏ တန်ခိုးစွမ်းအားဗဟိုချက်နေရာတွင် ရောက်ရှိနေခြင်းဖြစ်သည်ကို ကျောက်ရှောင်ယွီ သိရှိလိုက်လေသည်။ ထို့ပြင်… သူမလှမ်းခဲ့သည့် ခြေလှမ်းများသည်လည်း တစ်လှမ်းမှ မမှားခဲ့ပေ။
အမှန်ဆိုလျှင်… သူမရပ်နေသည့်နေရာတွင် ဝင်ပေါက်တစ်ခု ရှိရမည် ဖြစ်သည်။ သို့သော်… ယခုတိုင်အောင် ဝင်ပေါက်ကို တွေ့ရှိရခြင်း မရှိသေးပေ။
ကျောက်ရှောင်ယွီက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းများက ဗလာဖြစ်နေပြီး နန်းတော်ကြီးတစ်ခုလုံး၏ ဖွဲ့စည်းပုံမှာ ချက်ချင်းပင် လေးထောင့်ကွက်များ အဖြစ်ပြောင်းလဲသွားလေသည်။ နေရာတစ်ခုလုံးမှာ ခင်းထားသည်ကြမ်းပြင်နှင့် မကွဲပြားတော့ဘဲ ပြောင်လက်တောက်ပလာကြလေသည်။
ကျောက်ရှောင်ယွီက တစ်ခဏမျှစဉ်းစားလိုက်ပြီးသည့်နောက် ကြမ်းပြင်ထက်သို့ ငုံ့ကြည့်လိုက်လေသည်။ ထို့အခါ… ကြမ်းပြင်ထက်တွင် ပါးလွှာသည့်လေထုအလွှာပါးလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအလွှာပါးလေး ကိုသာမန်မျက်စိဖြင့်ဆိုလျှင် တွေ့မြင်နိုင်မည် မဟုတ်ပေ။
ကျောက်ရှောင်ယွီက စိတ်အာရုံများကို စုစည်းလိုက်လေသည်။ သူမ၏ စိတ်အာရုံစုစည်းမှုသည် မမြင်ရသည့် စူးသွားချွန်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားကာ လေထုအလွှာပါးလေးကို ထိုးဖောက်လိုက်လေသည်။ ထိုစူးသွားချွန်ထဲတွင် သူမ၏ တန်ခိုးစွမ်းအား တစ်ဝက်ခန့် ထည့်သွင်းထားခဲ့ရသည်။
နောက်ဆုံးတော့ စူးသွားချွန်၏ထိုးဖောက်မှုကြောင့် လေထုအလွှာပါးလေး ပျက်စီးသွားလေသည်။
ရုတ်တရက်ပင်…
သူတို့ရပ်နေသည့်နေရာသည် ကျွံကျသွားပြီး အခြားသောနေရာတစ်ခုသို့ ဆွဲယူစုပ်မြိုခြင်းကို ခံလိုက်ရလေသည်။ ထိုနေရာတွင် လေဖိအားက ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။
ကျောက်ရှောင်ယွီနှင့် လီအော့နျိုသည် ရှည်လျားသည့် ဥမင်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်လေ၏။
ဥမင်ထဲတွင် ရောင်စုံအလင်းတန်းများ လင်းထိန်တောက်ပနေလေ၏။
ကျောက်ရှောင်ယွီ နွေးထွေးမှုကို ခံစားလိုက်ရပြီး သူမ၏တစ်ကိုယ်လုံး အားအင်များပြည့်လာကာ ပြန်လည်လန်းဆန်းသွားသည်ကို ခံစားလိုက်ရသည်။
သူတို့ရောက်ရှိလာသည့်နေရာသည် ထူးဆန်းသည့် နေရာတစ်ခုဖြစ်ပြီး ထူးခြားသည့်မွှေးရနံ့များက သူတို့၏ နှာခေါင်းနှင့်ပါးစပ်များအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာလေသည်။
လီအော့နျိုက အံ့သြထိတ်လန့်သွားပြီး…
"ရောင်စဉ်ငါးမျိုးနတ်ကမ္ဘာ…"
ဟု ရေရွတ်လိုက်သည်။
ရှေးဟောင်းစာပေများထဲတွင် မှတ်တမ်းတစ်ခုရှိခဲ့ဖူးလေသည်။
ကုန်းကုန့်နှင့် ကျွမ်းရွှီးသည် မိုးနတ်မင်းကို ပုန်ကန်မှု မအောင်မြင်ခဲ့သည့်အတွက် ဒေါသထွက်ပြီး တောင်တစ်တောင်ကိုဖျက်စီးပစ်ခဲ့လေသည်။ ထို့ကြောင့်မထင်မှတ်စွာ မိုးကောင်းကင်ပျက်စီးသွားခဲ့လေသည်။
နွီဝါးနတ်သမီးက ရောင်စဉ်ငါးမျိုးကျောက်တုံးကို အသုံးပြုကာ မိုးကောင်းကင်ကို ပြန်လည်ပြုပြင်ပေးခဲ့သည်ဟု အဆိုရှိလေသည်။
ရောင်စဉ်ငါးမျိုးကျောက်တုံး၏အစွမ်းဖြင့် နွီဝါးနတ်သမီးက စကြာဝဠာထောက်တိုင်ကြီးများကိုဖန်ဆင်းခဲ့ကာ မိုးကောင်းကင်ကိုထောက်ကန်ထားပေးခဲ့သည်။
ယနေ့ခေတ်အချိန်အခါတွင်တော့ ထိုအကြောင်းအရာများကို သိပ္ပံပညာက အသိအမှတ်မပြုပေ။
သို့သော်… လီအော့နျိုသည် ယခုအချိန်တွင် အမြင်ကျယ်လာပြီ ဖြစ်လေသည်။ ဒဏ္ဍာရီများနှင့် ကောလဟလများက အခြေအမြစ်မရှိသော်ငြား လောကတွင် သိပ္ပံပညာဖြင့် လိုက်မမီနိုင်သည့် ကိစ္စရပ်များလည်း များစွာရှိနိုင်လေ၏။
လောကကြီးသည် လူသားများ၏ဉာဏ်ဖြင့်တွေးတောနိုင်သည်ထက်ပိုပြီး ရှုတ်ထွေးနက်နဲလေသည်။ ထို့ကြောင့် နွီဝါးနတ်သမီးက ရောင်စဉ်ငါးမျိုးကျောက်တုံးကို အသုံးပြုကာ စကြာဝဠာထောက်တိုင်ကို ပြုလုပ်ခဲ့သည်ဆိုသည့် အချက်မှာ အမှန်မဟုတ်ဟု တစ်ထစ်ချယူဆ၍ မရနိုင်ပေ။
ရောင်စဉ်ငါးမျိုးနတ်ကမ္ဘာသည် နွီဝါးနတ်သမီး ရောင်စဉ်ငါးမျိုးကျောက်တုံးကို ပြုလုပ်ခဲ့ရာ နေရာဖြစ်လေသည်။
လီအော့နျိုမှာ အလွန်စိတ်လှုပ်ရှားနေခဲ့လေသည်။
ရှေးခေတ်အချိန်အခါတုန်းက နွီဝါးနတ်သမီးသည် စကြာဝဠာထောက်တိုင်ကို ပြုလုပ်ရန်အတွက် ရောင်စဉ်ငါးမျိုးကျောက်တုံးကို မည်သို့ ပြုလုပ်ခဲ့သည်ကို သိရှိခြင်းမရှိနိုင်သည့်တိုင် နွီဝါးနတ်သမီး နှင့်ဆက်စပ်နေသည့်နေရာတစ်ခုသို့ ရောက်ရှိလာရခြင်းက စိတ်လှုပ်ရှားစရာကောင်းသည်တော့ အမှန်ပင်။
လီအော့နျို၏ နှာခေါင်းနှင့်ပါးစပ်များထဲတွင် မွှေးရနံ့များဖြင့် ပြည့်နေလေသည်။ ထိုမွှေးရနံ့များက သူ၏ သရွက်ရက်နှင့်အစာအိမ်ထဲအထိ ဝင်ရောက်သွားပြီး စောစောက သူရရှိခဲ့သည့် ဒဏ်ရာများ ချက်ချင်းသက်သာပျောက်ကင်း သွားလေသည်။မွှေးရနံ့များတွင် တန်ခိုးစွမ်းအားတစ်စုံတစ်ရာ ပါရှိဟန်တူလေ၏။
ကျောက်ရှောင်ယွီ၏ မျက်ခုံးနှစ်ခုကြားမှ ကြာပန်းပုံသဏ္ဍန်သင်္ကေတကတော့ တွင်းနက်ကြီးတစ်ခုအလား မွှေးရနံ့များကို အဆက်မပြတ်စုပ်ယူနေလေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တဖြည်းဖြည်း မြင့်မားလာလေသည်။
ရောင်စဉ်ငါးမျိုးနတ်ကမ္ဘာငယ်ထဲတွင် ချက်ချင်း ဝိညာဉ်စွမ်းအားများမြင့်တက်လာပြီး လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာလေသည်။ ကျောက်ရှောင်ယွီထံမှ အလင်းတန်းများထွက်ပေါ်လာပြီး များပြားလှသည့်ကြာပန်းများ လေထုထဲတွင် ထွက်ပေါ်လာလေသည်။ ကြာပန်းများသည် စမ်းချောင်းလေးထဲတွင် မျောပါနေသည့်အလား စီးမျောလှုပ်ရှားနေကြလေသည်။
ဤခရီးကိုထွက်လာမိသည်မှာ အရှုံးမရှိဟု ကျောက်ရှောင်ယွီ တွေးလိုက်မိသည်။
ထိုသို့ ကျောက်ရှောင်ယွီ တန်ခိုးစွမ်းအားများ မြင့်တက်လာချိန်တွင် လီအော့နျိုကတော့ သူ့ခြေထောက်အောက်တွင် တစ်စုံတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည့်အတွက် မြေကြီးကို ခြေထောက်ဖြင့်အသာဖယ်ရှားကြည့်လိုက်လေ သည်။
ထိုအခါ သူ့ခြေထောက်နားတွင် ရောင်စဉ်ငါးမျိုး ကျောက်တုံးအပိုင်းအစလေးတစ်ခုကို တွေ့လိုက်ရလေသည်။
သူက ကျောက်တုံးလေးကို ကောက်ယူလိုက်ပြီး ဖုံမှုံ့များကို လက်ဖြင့်ပွတ်သပ်ဖယ်ရှားလိုက်သည်။
ရုတ်တရက်ပင်….
အဆုံးမရှိသည့် ကောင်းကင်နှင့် နဂါးငွေ့တန်းကို လီအော့နျို တွေ့မြင်လိုက်ရလေသည်။ မြင်လိုက်ရသည့်မြင်ကွင်းက ပြောမပြနိုင်လောက်အောင် လှပလွန်း၏။
အဆုံးမရှိသည့် ကြယ်စင်များအလယ်တွင် သူသည် အလွန်သေးငယ်သွားသလို ခံစားလိုက်ရသည်။ သူသည် နဂါးငွေ့တန်းနှင့်ပေါင်းစပ်သွားသည့်အလား ခံစားရလေသည်။
သူကြည့်နေစဉ်မှာပင် မျိုးစေ့တစ်စေ့မှ ကြီးမားသောသစ်ပင်ကြီးတစ်ပင် မွေးဖွားလာပြီး ကောင်းကင်ထိအောင် ထိုးဖောက်သွားလေသည်။ သစ်ပင်ကြီး၏ အကိုင်းအခက်နှင့်အရွက်များသည် ကြယ်စင်များကို သယ်ဆောင်ထား လေသည်။
ထိုသစ်ပင်ကြီးထက်တွင် ကြယ်စင်များထက်ပင်ခမ်းနားသည့် ဇာမဏီနတ်ငှက်တစ်ကောင်ကိုလည်း တွေ့ရလေသည်။ ထိုဇာမဏီနတ်ငှက်၏ တွန်ကျူးသံသည် မည်သည့်ဂီတသံနှင့်မှ မနှိုင်းယှဉ်နိုင်အောင် သာယာလှသည်။
ထို့နောက်… မြင်ကွင်းများက ပြောင်းလဲသွားပြန်သည်။
မြင်ကွင်းထဲတွင်ထောင်ထောင်မောင်းမောင်းနှင့် ခွန်အားဗလပြည့်စုံသည့် လူတစ်ယောက် ပေါ်လာလေသည်။
ထိုသူ၏မျက်နှာက ခန့်ညားပြီး နဖူးပြင်က ကျယ်ပြန့်သည်။ မျက်ဝန်းများကတော့ နဂါးမျက်ဝန်းများလားတောက်ပ နေပြီး ထိုမျက်ဝန်းများကို တွေ့မြင်ရသူတိုင်း တုန်လှုပ်သွားမည် ဖြစ်လေသည်။
ထိုသူ၏ခါးတွင် ပုဆိန်ကြီးတစ်လက်ကို ချိတ်ဆွဲထားပြီး နောက်ကျောတွင်တော့ လေးနှင့်မြားကို လွယ်ထားလေ သည်။ ထိုသူ၏မျက်ခုံးနှစ်ခုကြားတွင် တောက်ပနေသည့် မီးတောက်သင်္ကေတကို တွေ့မြင်ရလေသည်။
ထိုသူသည် မိုးထိအောင်မြင့်မားသည့် ဧရာမ သစ်ပင်ကြီးအောက်သို့ ရောက်ရှိလာလေသည်။
သစ်ပင်ကြီးနှင့်ယှဉ်လျှင် ထိုသူသည် အလွန်သေးငယ်သွားလေသည်။ သို့သော် ထိုသူ၏ ဆုံးဖြတ်ချက်ခိုင်မာသည့် စိတ်ထားကိုတော့ တော့သစ်ပင်ကြီးက ဖုံးလွှမ်းနိုင်ခြင်း မရှိခဲ့ပေ။
ထိုလူက ဧရာမသစ်ပင်ကြီးကို တစ်ချက်မော့ကြည့်လိုက်သည်။ ထို့နောက်ပုဆိန်ကိုကိုင်ကာ ဧရာမ သစ်ပင်ကြီးကို စတင်ခုတ်ဖြတ်လေတော့သည်။
သစ်ပင်ကြီးထက်တွင်နေထိုင်သည့် ဇာမနီနတ်ငှက်က သူ၏အတောင်ကိုဖြန့်ကားလိုက်လေရာ နေ ၊ လ နှင့် ကြယ်တာရာများအားလုံးကို ဖုံးအုပ်သွားတော့သည်။
ဇာမဏီငှက်က သစ်ပင်ကို ခုတ်နေသူအား တားဆီးရန်ကြိုးစားလိုက်လေသည်။
သစ်ပင်ခုတ်နေသည့်လူသည် ချက်ချင်းပင် သစ်ပင်ကြီး၏ထက်ဝက်ခန့်အထိ ကြီးမားသည့် လူကြီးတစ်ယောက် အဖြစ်အသွင်ပြောင်းသွားပြီး သူ့ကိုတိုက်ခိုက်ရန် ဝင်ရောက်လာသည့် ဇာမဏီငှက်ကို လက်သီးဖြင့်ထိုးချလိုက်လေသည်။
ထိုအခါ ဇာမဏီနတ်ငှက်မှာ အမွှေးများကျွတ်ထွက်ကုန်ပြီး အပြင်းအထန်ဒဏ်ရာရကာ ထွက်ပြေးသွားလေတော့သည်။
ထို့နောက် ထိုသူသည် သစ်ပင်ကြီးကို အားအပြည့်ဖြင့် ခုတ်ပိုင်းလိုက်လေရာ နောက်ဆုံး သစ်ပင်ကြီး လဲကျသွားလေတော့သည်။
ထိုမြင်ကွင်းများအားလုံးကို တွေ့မြင်ပြီးသည်နှင့် လီအော့နျို၏လက်ထဲမှ ရောင်စဉ်ငါးမျိုး ကျောက်တုံး အပိုင်းအစလေးသည် အမှုံ့ဖြစ်သွားလေသည်။
အဘယ့်ကြောင့် ထိုသို့သောအမြင်အာရုံများ တွေ့မြင်ရသည်ကို လီအော့နျို နားမလည်ပေ။ သို့သော်… သူတွေ့မြင်ခဲ့ရသည့် လူကြီး၏ တန်ခိုးစွမ်းအားများကိုတော့ အလွန်အားကျအံ့သြလျှက် ရှိလေသည်။
ထိုအချိန်မှာပင် ကျောက်ရှောင်ယွီ၏ စကားသံထွက်ပေါ်လာသည့်အတွက်လီအော့နျို အတွေးလွန်နေရာမှ သတိပြန်ဝင်လာလေသည်။
"နွီဝါးနတ်သမီးက တကယ်အံ့သြစရာ ကောင်းတယ် ၊ သူက ငါတို့ရောက်လာမယ်ဆိုတာ ကြိုသိနေပုံပဲ ၊ ဒါပေမဲ့ ဒီနေရာမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ…"
ကျောက်ရှောင်ယွီက သူ့ဟာသူ မေးခွန်းထုတ်နေခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပင်…
ရယ်မောသံတစ်ချက်ထွက်ပေါ်လာပြီး လူတစ်ယောက် ပေါ်လာလေသည်။
ထိုသူ၏ဦးခေါင်းထက်တွင် သုံးမြှောင့်ပုံသဏ္ဍန်သရဖူတစ်ခုကိုဆောင်းထားပြီး အရောင် (၉)မျိုး တိမ်တိုက်ပုံသဏ္ဍန် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
ထိုသူက…
"အမှန်ပဲ ၊ ကျုပ်တို့ရောက်လာမယ်ဆိုတာကို နွီဝါးနတ်သမီးက သိပုံရတယ် ၊ ကျောက်ရှောင်ယွီကရော ကျုပ်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိသလား…"
ကျောက်ရှောင်ယွီက အပြုံးပါးပါးလေးတစ်ချက် ပြုံးလိုက်ပြီး…
"ဆရာမုကုန်းက ဘာများဖြစ်စေချင်လို့လဲ…"
ဆရာမုကုန်းဆိုသည်မှာ အရှေ့နန်းတော်မှ တုန်းဟွာတောက်ကျွင်း၏ အမည်ပင် ဖြစ်လေသည်။
တုန်းဟွာတောက်ကျွင်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်ပြီး မယ်တော်ဝမ်မူနှင့် အလွန်တရာ ရင်းနှီးခင်မင်သူ ဖြစ်သည်။ တုန်းဟွာတောက်ကျွင်းနှင့် မယ်တော်ဝမ်မူစုံတွဲကို "မုကုန်းကျင်းမူ" ဟု ခေါ်ဆိုကြလေ၏။
အချို့သူများက သူတို့ (၂)ယောက်ကို တာအိုလက်တွဲဖော်များဖြစ်သည်ဟု ကောလဟလများပြောဆိုခဲ့ကြသော် လည်း တကယ်တမ်းတွင် သက်သေမပြနိုင်ခဲ့ကြပေ။
တုန်းဟွာတောက်ကျွင်းသည် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်သည့်တိုင် ကျောက်ရှောင်ယွီကတော့ လုံး၀ ကြောက်ရွံ့ခြင်း မရှိပေ။ ထို့ပြင် သူမရှေ့မှ တုန်းဟွာတောက်ကျွင်းသည် အစစ်အမှန်တုန်းဟွာတောက်ကျွင်းမဟုတ်ပေ။ ကိုယ်ပွားတစ်ခုသာ ဖြစ်လေသည်။ ထို့ကြောင့် တန်ခိုးစွမ်းအားကန့်သတ်ချက်ရှိလေရာ မူလ တုန်းဟွာ တောက်ကျွင်းလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိနိုင်ပေ။
တုန်းဟွာတောက်ကျွင်းက လီအော့နျိုကို တစ်ချက်ကြည့်လိုက်ပြီး…
"အစကတည်းက မင်းကျုပ်စကားကိုသာ နားထောင်ခဲ့မယ်ဆိုရင်ခုလိုဒုက္ခရောက်မှာမဟုတ်ဘူး ၊ အခုတော့ ဟန်အယ်အတွက်လည်း စိတ်မကောင်းပါဘူး…"
ပြောပြီးသည်နှင့် တုန်းဟွာတောက်ကျွင်းက သက်ပြင်းတစ်ချက်ချလိုက်လေသည်။
လီအော့နျိုက တည်ကြည်သည့်မျက်နှာထားဖြင့်…
"ဘယ်သူ့စကားမှ နားထောင်စရာမလိုဘူး ၊ ကျွန်တော်က ကိုယ့်ကိုကိုယ်ပဲ ယုံကြည်တယ်…"
တုန်ဟွာတောက်ကျွင်းက တစ်ချက်ပြုံးလိုက်ရင်း ကျောက်ရှောင်ယွီဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒီက မိတ်ဆွေလေးကရော … ဒီနေရာရဲ့အကြောင်းကို သိသလား…"
ကျောက်ရှောင်ယွီက ရိုးရှင်းစွာပင် ပြန်ဖြေလိုက်သည်။
"မသိဘူး…"
တုန်းဟွာတောက်ကျွင်းက…
"စကြာဝဠာကြီး စတင်ဖြစ်တည်လာတော့ မိုးကောင်းကင်နိယာမက မပြည့်စုံဘူး ၊ ဒါကြောင့် ကမ္ဘာဦးသတ္တဝါကြီး တွေဟာ သိပ်ကို တန်ခိုးစွမ်းအားမြင့်မားကြတယ် ၊ ဒါပေမဲ့ သူတို့တွေဟာ ကြောက်စရာကောင်းတဲ့ ဘေးအန္တရယ်ဆိုးကြီးကိုရင်ဆိုင်ခဲ့ကြရတယ် ၊ ဒါကြောင့် နွီဝါးနတ်သမီးဟာ သတ္တဝါတွေကို သနားကရုဏာဖြစ်လို့ မိုးကောင်းကင်နိယာမကို ပြည့်စုံအောင် ဖွင့်လှစ်ခဲ့တယ် ၊ အဲဒီလိုမိုးကောင်းကင်နိယာမကို ဖွင့်လှစ်နိုင်ဖို့အတွက် ရောင်စဉ်ငါးမျိုး ကျောက်တုံးတွေကို နွီဝါးနတ်သမီး ပြုလုပ်ခဲ့တယ် ၊ ဒီနေရာက မိုးကောင်းကင်နိယာမကိုဖွင့်လှစ်ဖို့ ရောင်စဉ်ငါးမျိုးကျောက်တုံးတွေကို နွီဝါးနတ်သမီး ပြုလုပ်ခဲ့တဲ့ နေရာပဲ…"
***