အမြင့်ဆုံးအဆင့်သွေးစွမ်းအား
Vol. 31 Ch. 429
အခန်း (၄၂၉) အမြင့်ဆုံးအဆင့်သွေးစွမ်းအား
အပြင်ဘက်မှ ထွက်ပေါ်လာသည့် စွမ်းအားအတက်အကျများကို အာရုံခံရင်း ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်သည်။
ကောင်းဟန်တို့နှစ်ယောက် ရန်ကျောက်ကဲတို့အုပ်စုကိုလှမ်းကြည့်ရင်း ဖုတ်သရဲများနှင့် အရူးများကို တွေ့ရသည့်ပမာ ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက ဖွင့်မပြောသည့်တိုင် ထိုလူငယ်အုပ်စုမှာ သွေးနီတိမ်တိုက်ဂိုဏ်းကို ရန်စခဲ့ပြီးဖြစ်ကြောင်း သူတို့နှစ်ယောက် ခန့်မှန်းမိကြသည်။
သူတို့အတော်လေးပင် နောင်တရသွားကြ၏။
ဤအကြောင်းသာ စောစောကသိခဲ့လျှင် ရန်ကျောက်ကဲတို့အုပ်စုကိုရှင်းပစ်ရန် ဤမျှ ဒုက္ခခံနေမည် မဟုတ်ပေ။ သူတို့တည်းခိုသည့်နေရာကို သွေးနီတိမ်တိုက်ဂိုဏ်းသို့ သတင်းပို့လိုက်ရုံဖြင့် အရာအရာ ကိစ္စပြတ်သွားပေမည်။
ဖုရန်တိုင်းပြည်နှင့် ပတ်ဝန်းကျင်ဒေသတစ်ခုလုံးက သွေးနီတိမ်တိုက်ဂိုဏ်း၏ လက်အောက်ခံများဖြစ်ကြလေသည်။ သို့ဖြစ်ရာ ဤဒေသတွင် သွေးနီတိမ်တိုက်ဂိုဏ်းကို သွားရောက်ရန်စခြင်းက သူတို့အတွက် အဆုံးသတ်လှနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲတို့အုပ်စုထံ ကျရောက်လာမည့်အန္တရယ်နှင့် ပျက်ဆီးခြင်းကို တွေးမိသည့်အခါ ကောင်းဟန်နှင့် စာပေသမားလူရွယ်တို့ အတော်လေး ပျော်ရွှင်သွားကြသည်။
သို့သော် ပျော်ရင်းနှင့်ပင် ခါးသီးမှုကိုလည်း ခံစားကြရသည်။ သူတို့နှစ်ယောက်လုံး ရန်ကျောက်ကဲလက်ထဲ ကျရောက်နေပြီဖြစ်ရာ ၊ သွေးနီတိမ်တိုက်ဂိုဏ်းက ရန်ကျောက်ကဲကို သတ်လိုက်ဦးတော့ သူတို့နှစ်ယောက်သည်လည်း ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်ရှင်စရာ လမ်မမြင်ပေ။
သူတို့ကျမှ အဘယ့်ကြောင့် ဤမျှ အခက်တွေ့ကြရပါသနည်း။
စာပေသမားက ကောင်းဖန်ကို နာကျည်းစွာ စူးစိုက်ကြည့်လိုက်သည်။
“ဒီ ဆိတ်အိုကြီးသာ မလှုပ်ရှားခင် တစ်ဖက်လူအကြောင်း သေသေချာချာ စုံစမ်းခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး ၊ အခုတော့ ငါ့မှာ သူနဲ့အတူ ခံရပြီ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင် ဖန်းယွင်ရှန်း ရင်ခွင်ထဲတွင်ပွေ့ထားသော ပန်ပန်ကို ဆွဲယူလိုက်၏။
သူက ပန်ပန်လေး၏ လည်ပင်းကို အသာပွတ်သပ်ရင်း...
“ဒီသတ္တဝါလေးကိုကြည့်ပါဦး ၊ အဆင့်ဘယ်လောက်ရှိတယ်လို့ သတ်မှတ်နိုင်သလဲ”
ကောင်းဖန်က...
“ဖီရှိုးဆိုတာက မဟာကပ်ဘေးကြီးမတိုင်ခင်က ဒဏ္ဍာရီတွေထဲမှာ ကျန်ခဲ့ပါပြီ ၊ အပြင်မှာ မြင်ဖူးတာ အခုက ပထမဆုံးအကြိမ်ပါပဲ ၊ ဒါကြောင့် ဘာမှတ်ချက်မှ မပေးနိုင်ဘူး ၊ သေသေချာချာ စီစစ်ပြီးမှ ဘယ်အဆင့်ဖြစ်မလဲဆိုတာ သတ်မှတ်နိုင်ပါတယ် ၊ ဒါပေမဲ့ မဟာကပ်ဘေးမတိုင်ခင်က ဒဏ္ဍာရီလာသားရဲတွေကတော့ အနည်းဆုံး အထက်ပိုင်း (၃)ဆင့်မှာရှိမှာ အသေအချာပါပဲ”
ရန်ကျောက်ကဲက ပြုံးရင်း...
“အထက်ပိုင်း (၃)ဆင့်မှာ ဘာသားရဲတွေ ရှိတာလဲ”
စာပေသမားက...
“မဟာကပ်ဘေးမတိုင်မီက ဒဏ္ဍာရီလာသားရဲတွေကို ထည့်မတွက်ဘူးဆိုရင်... လက်ရှိလောကမှာ အမြင့်ဆုံးအဆင့်သားရဲ (၅)ကောင်ရှိတယ် ၊ အဲဒါတွေက သွေးနှောမီးခြူး ၊ နွေဦးချင်းလွမ်ဇာမဏီငှက်နဲ့သွေးနှောထားတဲ့ အပြာရောင်ငှက် ၊ သွေးမနှောတဲ့ ရွှေမျောက်ဝံအစစ် ၊ အစိမ်းရောင်အကြေးခွံနဂါးနဲ့ ၊ မီးကျီးကန်းတွေပါ”
ရန်ကျောက်ကဲက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း...
“နဂါးအစစ်တို့ ၊ ချီလင်တို့ ၊ ရွှေကျီးကန်းတို့ရော မရှိဘူးလား”
စာပေသမားက...
“အဲဒါတွေ မရှိပါဘူး ၊ အဲဒီသားရဲတွေက မဟာကပ်ဘေးကြီးမတိုင်ခင်က ဒဏ္ဍာရီတွေထဲမှာ ကျန်ခဲ့ပါပြီ”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ပန်ပန်ကို ဖန်းယွင်ရှန်းထံ ပြန်ပေးရင်း အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဘာသာစကားဖြင့် ပြောလိုက်သည်။
“အဲဒီ အစုတ်ပလုတ်သတ္တဝါတွေရဲ့ သွေးစွမ်းအားနဲ့ ကျင့်ကြံထားတဲ့သူတွေက မျောလွင့်ဝိညာဉ်ကမ္ဘာမှာ အမြင့်ဆုံးအဆင့်တဲ့...”
သူက ဆက်ပြောသည်။
“ဒါပေမဲ့... ဒီမှာရှိနေတဲ့သားရဲအများစုက သွေးနှောတွေဆိုပေမယ့် အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ပိုပြီးကြောက်စရာကောင်းတဲ့ သားရဲတွေအများကြီး ရှိနေတယ် ၊ ချီစွမ်းအားကလည်း ပါးလွှာတော့ သူတို့အနေနဲ့ ပုံမှန်အတိုင်းမကျင့်ကြံဘဲ မိစ္ဆာသွေးကျင့်စဉ်နောက်ကိုလိုက်တာ အံ့သြစရာမရှိပါဘူး”
ထိုအချိန် တည်းခိုဆောင်အပြင်ဘက်ရှိ ခြံဝင်းပြိုကျသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်မှုန့် သဲမှုန့်များ လွင့်ပျံသွားသည်။
ရန်ကျောက်ကဲတို့ရှိနေသည့် အဆောက်အဦသည်သာ သဏ္ဌန်မဲ့စွမ်းအားတစ်ခုဖြင့် ကာကွယ်ထားသောကြောင့် မလှုပ်မယှက် ရပ်တည်နေခြင်းဖြစ်ပြီး အပြင်ဘက်တွင် မိစ္ဆာသွေးစွမ်းအားများက အရှိန်အဟုန်ဖြင့် မြင့်တက်လျှက်ရှိသည်။
ထိုအချိန်...
အေးစက်မာကျောသော အသံတစ်သံ ထွက်ပေါ်လာသည်။
“မသိနားမလည်တဲ့ကောင်တွေ ၊ အမြန်ထွက်လာပြီး လက်နက်ချစမ်း ၊ မဟုတ်ရင် မင်းတို့အတွက် ကောင်းတာမရှိဘူး”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး ကောင်းဖန်တို့နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
“အဲဒါ သွေးနီလှံရှည်စစ်တပ်ရဲ့ စစ်သေနာပတိအသံလား”
ထိုသူနှစ်ယောက်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ ... သူ့နာမည်က လျန်ဟန်လို့ ခေါ်တယ် ၊ ခန်းဟယ်မြို့တော်မှာ အဆင့် (၅) ၊ သူက သွေးနီမျက်လုံးရွှေသိမ်းငှက်ရဲ့ မိစ္ဆာသွေးနဲ့ ကျင့်ကြံထားတာ ၊ အဲဒီသားရဲက အလယ် (၃)ဆင့် ရဲ့ အဆင့် (၄) သွေးစွမ်းအားရှိတယ် ၊ သူ့လက်အောက်က သွေးနီလှံရှည်စစ်တပ်တစ်ခုလုံးကလည်း သွေးနီမျက်လုံးရွှေသိမ်းငှက်ရဲ့ မိစ္ဆာသွေးနဲ့ပဲ ကျင့်ကြံထားကြတာ ၊ ပြီးတော့ သူတို့အသုံးပြုတဲ့ အုပ်စုလိုက်တိုက်ခိုက်မှုက မဟာသွေးနီလှံရှည်တိုက်ပွဲအစီအရင်ပဲ”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
ပြီးမှ သူက သိမ်မွေ့စွာဖြင့်...
“စစ်သေနာပတိ’လျန်ဟန်’ ၊ ဒီပြဿနာကို မင်းကိုင်တွယ်နိုင်မှာမဟုတ်ဘူး ၊ ဒီတော့... တံခါးပိတ်ကျင့်ကြံနေတဲ့ ဘုရင်ကိုပဲ အပြင်ထွက်လာအောင် ဖိတ်ခေါ်လိုက်တာ အကောင်းဆုံးပဲ”
သူ့အသံက ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်းကြားနိုင်ရန် လုံလောက်သည်။
သူတို့ရှိနေသည့်တည်းခိုဆောင် ပတ်ဝန်းကျင်ရှိ အဆောက်အဦများအားလုံးက ပျက်ဆီးကုန်ပေပြီ။ ပလူပျံလျှက်ရှိသော ဖုန်မှုန့် သဲမှုန့်များကြား အရပ်မြင့်မြင့် လူကောင်ထွားထွား လူရွယ်တစ်ယောက် ရှိနေသည်။ ထိုသူက အနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မျက်နှာထားက လူသတ်ချင်စိတ်များဖြင့် ပြည့်နက်နေ၏။
ရန်ကျောက်ကဲစကားကိုကြားတော့ ထိုသူက အေးစက်စွာဖြင့်...
“မင်းလို အမြင်မရှိတဲ့ကောင်မျိုးကို တစ်စက်မှမညှာတာဘဲ သတ်ပစ်သင့်တယ်”
ပြောပြီးသည်နှင့် သူက ဝင်ရောက်တိုက်ခိုက်ရန် ဓားကို မြှောက်လိုက်၏။
သူ့ပတ်ပတ်လည်တွင်ရှိနေသော အနက်ရောင်ချပ်ဝတ်များ ဝတ်ဆင်းထားပြီး သွေးနီရောင်လှံရှည်များ ကိုင်ဆောင်ထားကြသည့် စစ်သည်တော်များနှင့် စစ်သူကြီးများက တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
သို့သော် လျန်ဟန်၏ ဓားကိုင်ထားသောလက်က လေထဲတွင် ရပ်တန့်သွားသည်။
အနည်းငယ်မျက်မှောင်ကြုံ့လျှက် ဘေးသို့လှမ်းကြည့်လိုက်တော့ ထိုနေရာတွင် လူတစ်စုမတ်တတ်ရပ်နေသည်ကို တွေ့ရသည်။ ထိုလူအုပ်စုက သွေးနီရောင်လှံရှည်တပ်ဖွဲ့၏ စွမ်းအားအရှိန်အဟုန်ကြောင့် နောက်ဆုတ်သွားခြင်းမရှိဘဲ နေရာမှာပင် အေးအေးဆေးဆေးရပ်လျှက် အခြေအနေကို စောင့်ကြည့်နေသည်။
အုပ်စုခေါင်းဆောင်က အရပ်မြင့်မြင့်လူငယ်တစ်ယောက်ဖြစ်ပြီး သူတို့အဝတ်အစားများက ဖုရန်တိုင်းပြည်မှ အဝတ်အစားများနှင့်မတူဘဲ အတော်လေး ချပ်ချပ်ရပ်ရပ်ရှိသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
စစ်သေနာပတိ’လျန်ဟန်’ လှည့်ကြည့်လာသည်ကိုမြင်တော့ လူငယ်က ပြုံးရင်း...
“ဒီလိုကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲကြီးကို ခန်းဟယ်မြို့တော်မှာတွေ့မြင်ရတာ အရမ်းဝမ်းသာစရာပါပဲ ၊ ကျေးဇူးပြုပြီး ဆက်တိုက်ပါ စစ်သေနာပတိ’လျန်’”
စစ်သေနာပတိ’လျန်ဟန်’ က ထိုလူငယ် မည်သူဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။ ထိုသူက အိမ်နီးချင်းနိုင်ငံဖြစ်သော “ကျီယွိတိုင်းပြည်” မှ အိမ်ရှေ့စံမင်းသား ဖြစ်၏။
ဖုရန်တိုင်းပြည်နှင့် ကျီယွိတိုင်းပြည်တို့က ဆက်ဆံရေးကောင်းမွန်ခြင်းမရှိဘဲ မကြာခဏ တိုက်ခိုက်လေ့ရှိကြသည်။
သူ့အရှေ့မှ ကျီယွိအိမ်ရှေ့စံနှင့် ဖုရန်အိမ်ရှေ့စံတို့မှာ ငယ်ရွယ်စဉ်ကပင် ရန်သူများဖြစ်ခဲ့ကြပြီး တိုက်ပွဲများတွင် အစဉ်သဖြင့် ပါဝင်တိုက်ခိုက်လေ့ရှိကြသည်။ ယခု သွေးနီတိမ်တိုက်ဂိုဏ်းက ပြုလုပ်မည့် လူငယ်တွေ့ဆုံပွဲတွင် ဤအိမ်ရှေ့စံနှစ်ပါးက သေချာပေါက် ပြိုင်ဘက်များ ဖြစ်လာမည်ပင်။
စစ်သေနာပတိ’လျန်ဟန်’က ဖုရန်တိုင်းပြည်အိမ်ရှေ့စံနှင် အဆင်မပြေသည့်တိုင် ကျီယွိအိမ်ရှေ့စံကိုတော့ မိတ်ဆွေပမာ သဘောထားမည် မဟုတ်ပေ။
သူက အေးစက်စွာဖြင့်...
“အထဲကကောင်တွေက မင်းတို့ ကျီယွိတိုင်းပြည်ကကောင်တွေလား”
ကျီယွိ အိမ်ရှေ့စံက...
“မဟုတ်ဘူး၊ ဒါပေမယ့် ငါကတော့ သူတို့ကို အရမ်းလေးစားတယ်”
“ဒီကောင်တွေ မကြာခင် သေတော့မှာပါ”
လျန်ဟန်၏ အေးစိမ့်သောအသံက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
ထိုစကားကိုကြားတော့ ကျီယွိအိမ်ရှေ့စံက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
ထိုစဉ်...
ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီး ဘေးတစ်ဖက်တစ်ချက်သို့ နှစ်ခြမ်းကွဲသွားပြီး အေးစက်ခက်ထန်သော မျက်နှာထားပိုင်ရှင်လူငယ်တစ်ယောက်နှင့် အဘိုးအိုတစ်ယောက် ဦးဆာင်သော အုပ်စုတစ်စု ရောက်ရှိလာကြသည်။
ထိုသူများကိုတွေ့သည်နှင့် လျန်ဟန်က ချက်ချင်း ဦးညွှတ်အရိုအသေပေးလိုက်၏။
“အကြီးအကဲ’ရုန်’ ၊ အရှင့်သား...”
အေးစက်ခက်ထန်သောမျက်နှာထားပိုင်ရှင် လူငယ်က ဖုရန်တိုင်းပြည် အိမ်ရှေ့စံမင်းသား ဖြစ်သည်။ သူ့နံဘေးတွင် အသက်အရွယ်ကြီးရင့်ပြီဖြစ်သော အဘိုးအိုတစ်ယောက် ရှိနေသည်။
ဖုရန်အိမ်ရှေ့စံမင်းသားနှင့် စစ်သေနာပတိ’လျန်ဟန်’ တို့နှစ်ယောက်လုံးက ထိုအဘိုးအိုကို အလွန်တရာ လေးစားရိုသေကြဟန်ပင်။
ထိုအဘိုးအိုက အခြားသူမဟုတ် ၊ သွေးနီတိမ်တိုက်ဂိုဏ်းမှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်ပြီး ယခုတစ်ကြိမ်ကျင်းပမည့် လူငယ်တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ပုဂ္ဂိုလ် ဖြစ်သည်။
ကျီယွိအိမ်ရှေ့စံမင်းသားကလည်း ထိုအဘိုးအိုကို ဦးညွှတ်လိုက်သည်။
“အကြီးအကဲ’ရုန်’”
အကြီးအကဲ’ရုန်’ ဆိုသူက ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် ရန်ကျောက်ကဲတို့ရှိရာ တည်းခိုဆောင်သို့ လှမ်းကြည့်သည်။
ထို့နောက် သူက ဖုရန်အိမ်ရှေ့စံမင်းသားဘက်သို့ လှည့်လိုက်ပြီး...
“မင်းရဲ့လက်အောက်ကလူတွေ သတင်းပို့တာ... အထဲကလူတွေက အရိပ်မြွေစွမ်းအားကို အေးခဲအောင်လုပ်ပြီး ရုပ်ခန္ဓာအစစ်စကို ကြိုးနဲ့ဆွဲသလို ဆွဲခေါ်နိုင်တယ်ဆို... ဟုတ်လား”
ဖုရန်အိမ်ရှေ့စံမင်းသားက...
“ဟုတ်ပါတယ်”
ဟု အတည်ပြုပြောဆိုလိုက်၏။
ထိုအခါ အကြီးအကဲ’ရုန်’ က တည်းခိုဆောင်ရှိရာသို့ လှမ်းကြည့်လိုက်ရင်း ကျယ်လောင်စွာဖြင့် မေးလိုက်သည်။
“မင်းတို့က နှင်းကြိုးကြာဂိုဏ်းကလူတွေလား ၊ ဒီအဘိုးကြီးက သွေးနီတိမ်တိုက်ဂိုဏ်းက ‘ရုန်ကျီး’ ဖြစ်ပါတယ်”
“နှင်းကြိုးကြာဂိုဏ်း” ဆိုသည့် စကားကိုကြားသည်နှင့် ရန်ကျောက်ကဲ ရင်ထဲ တဒိတ်ဒိတ်ဖြစ်သွားသည်။
အနားတွင်ရှိနေသည့် ရွှီဖေးကလည်း သူ့ကို ချက်ချင်းလှမ်းကြည့်သည်။
ခဏလောက်စဉ်းစားပြီးမှ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မဟုတ်ဘူး...”
ဟု ပြန်ဖြေလိုက်၏။
အပြင်ဘက်မှအသံများ ခေတ္တတိတ်ဆိတ်သွားသည်နှင့် ရန်ကျောက်ကဲက ကောင်းဖန်တို့နှစ်ယောက်ကို လှမ်းကြည့်သည်။
“နှင်းကြိုးကြာဂိုဏ်းဆိုတာ ဘာလဲ”
ကောင်းဖန်နှင့် စာပေသမား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
စာပေသမားက...
“အဲဒီဂိုဏ်းက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က တည်ထောင်ခဲ့တဲ့ ထူးဆန်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ ၊ အဲဒီဂိုဏ်းက တပည့်တွေက မိစ္ဆာသွေးစွမ်းအားနဲ့ကျင့်ကြံမယ့်အစား ချီစွမ်းအားတွေ အဆက်မပြတ်စုပ်ယူပြီး ကျင့်ကြံကြတယ် ၊ ဒါပေမဲ့ အဲဒီလမ်းစဉ်က မအောင်မြင်ပါဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ နှင်းကြိုးကြာဂိုဏ်းချုပ်ကတော့ ချီစွမ်းအားကျင့်ကြံတာမှာ အတော်လေး ထူးချွန်ပြီး စွမ်းအားလည်း မြင့်မားတယ် ၊ ဒါပေမဲ့ စိတ်မကောင်းစရာက သူ့တပည့်တွေက တစ်ယောက်မှမစွံဘူး ၊ ဒါကြောင့် ဂိုဏ်းက တိုးတက်မလာခဲ့ဘူး ၊ အခုတော့ နှင်းကြိုးကြာဂိုဏ်းချုပ်ရဲ့သမီးက သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းက နဂါးစိမ်းတောင်ဂိုဏ်းချုပ်ရဲ့ သားနဲ့ လက်ဆက်လိုက်တော့... အဲဒီဂိုဏ်းကို ဆန့်ကျင်ရဲတဲ့သူ မရှိတော့ဘူးပေါ့”
နှင်းကြိုးကြာဂိုဏ်းအကြောင်း ကြားသိရသည့်အခါ ရန်ကျောက်ကဲမျက်ဝန်းများ တလက်လက် တောက်ပလာသည်။
“ဟုတ်လား...”