← Chapters

ဆန်းလျန်ကသက်သေပြခဲ့သည်

Vol. 8 Ch. 775

ဆန်းလျန်ကသက်သေပြခဲ့သည်

Vol. 8 Ch. 775

တုန်းဟွာတောက်ကျွင်းက ခဏနားလိုက်ပြီးမှ စကားဆက်ပြောလိုက်သည်။

"နွီဝါးနတ်သမီးက စကြာဝဠာထောက်တိုင်တွေကို ပြုလုပ်တဲ့အချိန်မှာလည်း အဲဒီတိုင်တွေထဲမှာ ရောင်စဉ်ငါးမျိုး ကျောက်တုံးကို ထည့်သွင်းထားခဲ့တယ် ၊ တကယ်တော့ ရောင်စဉ်ငါးမျိုးကျောက်တုံးက မိုးမြေနိယာမတွေကို ပြည့်စုံစေတဲ့ တန်ခိုးစွမ်းအားမြင့်မားတဲ့ ပစ္စည်းတစ်ခုပဲ ၊ စကြာဝဠာထောက်တိုင်တွေ ပြုလုပ်ပြီးတဲ့ နောက်ပိုင်းတော့ နွီဝါးနတ်သမီး ဒီနေရာက ထွက်ခွာသွားခဲ့တယ် ၊ နောက်ပိုင်း ဒီနေရာကို ထိုက်စန့်လောင်ကျွင်း ရောက်လာခဲ့တယ် ၊ ထိုက်စန့်လောင်ကျွင်းဟာ စကြာဝဠာထောက်တိုင်တွေရဲ့ တန်ခိုးစွမ်းအားနဲ့ စကြာဝဠာသုံးမြှောင့်ဆေးအိုးကို ဖန်တီးပြီး ဒီနေရာမှာ ဖိုထိုးခဲ့တယ် ၊ အဲဒီ စကြာဝဠာဆေးအိုးဟာ ထိုက်စန့်လောင်ကျွင်းနဲ့ နွီဝါးနတ်သမီးကြားက အကြောင်းအကျိုး ပတ်သက်မှုတစ်ခုဖြစ်လာခဲ့တယ်…"

ထိုစကားများကိုကြားလိုက်ရသည့်အခါ ကျောက်ရှောင်ယွီမှာ ကျိတ်ပြီး အံ့သြထိတ်လန့်သွားရလေသည်။

ကျောက်ရှောင်ယွီက…

"ဒီအကြောင်းတွေ ပြောပြနေတာ… ဆရာမုကုန်းက ဘာဖြစ်ချင်တာလဲ…"

တုန်းဟွာတောက်ကျွင်းက တစ်ချက်ပြုံးလိုက်ရင်း….

"ထိုက်စန့်လောင်ကျွင်းက စကြာ၀၀ဠာဆေးအိုးကို စည်းချပြီးချိတ်ပိတ်ထားခဲ့တဲ့အတွက် အဲဒါကိုဖွင့်နိုင်တာဆိုလို့ ထိုက်ချင်အင်းသင်္ကေတပဲရှိတယ် ၊ ဒါကြောင့် မိတ်ဆွေလေးရှောင်ယွီကများ ကူညီပေးနိုင်မလားလို့ပါ…"

ကျောက်ရှောင်ယွီက…

"ထိုက်ချင်အင်းသင်္ကေတက စကြာဝဠာဆေးအိုးကို ပိတ်ထားတဲ့စည်းကို ဖွင့်နိုင်တယ်ဆိုတာ ဆရာမုကုန်းသိနေတယ်ဆိုရင် ဘာလို့ကိုယ့်ဟာကို အဲဒါကို သွားမယူဘဲ ကျွန်မကို အကူအညီတောင်းနေရတာ လဲ…"

တုန်းဟွာတောက်ကျွင်းက…

"အဲဒီပစ္စည်းကို ကျုပ်ကိုယ်တိုင်သွားမယူချင်လို့ပေါ့…"

ကျောက်ရှောင်ယွီကလေးနက်သည့်အကြည့်တစ်ချက်ဖြင့် တုန်းဟွာတောက်ကျွင်းကို ကြည့်လိုက်ရင်း…

"ဆရာမုကုန်းကို ဒီတစ်ခါတော့ ကူညီပေးမယ် ၊ ဒါပေမဲ့ စကြာဝဠာဆေးအိုကိုမဖွင့်ခင် ကျွန်မ တစ်နေရာကို သွားစရာ ရှိတယ် ၊ ဆရာမုကုန်း ကျွန်မကို ဒီမှာပဲ စောင့်နေမလား ၊ ဒါမှမဟုတ် အတူတူလိုက်ခဲ့မလား…"

တုန်းဟွာတောက်ကျွင်းက…

“လိုက်ခဲ့ရမှာပေါ့ ၊ ဒီနေရာက အရမ်းထူးဆန်းတဲ့ နေရာတစ်ခုပဲ ၊ မိတ်ဆွေလေးကို ဒုက္ခမရောက်စေချင်ဘူး…”

ကျောက်ရှောင်ယွီက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး လီအော့နျိုကို တစ်ချက်ကြည့်လိုက်သည်။

"မင်းကရော…"

လီအော့နျိုက…

"ကျွန်တော်လည်း အစ်မရှောင်ယွီနဲ့ လိုက်ခဲ့မယ်…"

ကျောက်ရှောင်ယွီက…

"ဒါဖြင့် ငါတို့သွားကြစို့…"

တုန်းဟွာတောက်ကျွင်းမှာ သိပ်ပြီး ရိုးသားခြင်းမရှိသည်ကို ကျောက်ရှောင်ယွီ ရိပ်မိလေသည်။

သို့သော်… ကျောက်ရှောင်ယွီကလည်း သူ့အကြံအစည်နှင့်သူ ဖြစ်သည်။ သူမအတွက် လိုအပ်သော အဓိကပစ္စည်းများမှာလည်း ခွန်လွန်တောင်မှ ကျောက်ပြားလေးနှင့် ထိုက်ချင်အင်းသင်္ကေတပင်ဖြစ်လေသည်။ ထို့ကြောင့် သူမက တုန်းဟွာတောက်ကျွင်းကို မကူညီခင် သူမကိစ္စကို အရင်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူတို့ (၃)ယောက် မိုင်ပေါင်းများစွာ ခရီးဆက်ခဲ့ကြလေသည်။

ရုတ်တရက်…

သူတို့ရှေ့မှ လေအေးများတိုက်ခတ်လာလေသည်။ သူတို့အားလုံးသာ သာမန်လူသားများဖြစ်ပါက တစ်ခါတည်း အေးခဲကာ အသက်ပျောက်သွားနိုင်သည်။

လီအော့နျို၏နှာခေါင်းထဲတွင် အနံ့တစ်ခုရလိုက်ပြီး ချက်ချင်းပင်အသက်ဓာတ်စွမ်းအားများဖြင့် ပြည့်ဝလာသလို ခံစားလိုက်ရလေသည်။

ကျောက်ရှောင်ယွီက….

"ရှေ့မှာ ဥယျာဉ်တစ်ခုရှိမယ်ထင်တယ်…"

တုန်းဟွာတောက်ကျွင်းက ပြုံးလိုက်ရင်း…

"ဒါ မယ်တော်ဝမ်မူရဲ့ နတ်မက်မွန်သီးဥယျာဉ်ပဲ ၊ အရင်တုန်းက ကျုပ် ဒီကို ခဏခဏ ရောက်ဖူးတယ်…."

ကျောက်ရှောင်ယွီက…

"ဒါဖြင့်လည်း ဆရာမုကုန်းက လမ်းပြပေးပါ…"

တုန်းဟွာတောက်ကျွင်းက အပြုံးပါးပါးလေးတစ်ချက်ပြုံးလိုက်ရင်း သူတို့ရှေ့မှ ထွက်ခွာသွားလေသည်။

ထို့နောက် လေထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။ ကျောက်ရှောင်ယွီနှင့် လီအော့နျိုကလည်း သူ့နောက်မှ လိုက်ပါသွားကြလေသည်။

ရုတ်တရက်… သူတို့အားလုံး အခြားလောကတစ်ခုသို့ ရောက်ရှိသွားသည့်အလား ခံဏားလိုက်ကြရလေသည်။ ကောင်းကင်တစ်ခုလုံးက ဝိညာဉ်စွမ်းအားများနှင့်ပြည့်နေပြီး သူတို့ကို အစွဲဆောင်နိုင်ဆုံးအရာမှာ မက်မွန်သီးပင် (၃၀၀)ကျော်ပင် ဖြစ်လေသည်။

တုန်းဟွာတောက်ကျွင်းက မက်မွန်ပင်အိုကြီးတစ်ပင်၏ အမြစ်ထက်တွင် မတ်တတ်ရပ်ရင်း ကဗျာတစ်ပုဒ်ကို ရွတ်လိုက်လေသည်။

“လောကကြီးကအဆုံးမဲ့လည်း….

အထီးကျန်လှစွာ… လမ်းလျှောက်ရင်လည်းတစ်ယောက်တည်း ၊ ထိုင်နေရင်လည်းတစ်ယောက်တည်း…”

နတ်မက်မွန်သီးဥယျာဉ်ရှိ သစ်ပင်အိုကြီးများ၏ အမြစ်များက တုန်းဟွာတောက်ကျွင်းကို ကောင်းကောင်း သိရှိကြ လေသည်။

တုန်းဟွာတောက်ကျွင်းကို တုံ့ပြန်သည့်အနေဖြင့် မက်မွန်သီးပင်ကြီး၏အမြစ်က အနည်းငယ် တုန်လှုပ်သွားလေ သည်။

တုန်းဟွာတောက်ကျွင်းက သစ်ပင်အမြစ်ကို လက်ဖြင့်တစ်ချက်ပုတ်လိုက်ရင်းတီးတိုးပြောလိုက်သည်။

"နှစ်တွေအများကြီး ကြာခဲ့ပြီနော်…"

မက်မွန်ပင်ကြီး၏အမြစ်နှင့် တုန်းဟွာတောက်ကျွင်းမှာ ရင်းနှီးမှုရှိသည်ကို ကျောက်ရှောင်ယွီ သတိပြုလိုက်မိလေ သည်။

ထိုအချိန်မှာပင်….

ကျောက်ရှောင်ယွီက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ပြီး တစ်ချက်ပြုံးလိုက်လေသည်။

ထိုနေရာတွင် မိုးထိုအောင်မြင့်မားသည့် ကျောက်နံရံကြီးတစ်ခု ရှိလေသည်။ ထိုကျောက်နံရံကြီးအလယ်တွင် အပေါက်တစ်ခုရှိနေပြီး ထိုအပေါက်မှာ ကျောက်ရှောင်ယွီလက်ထဲမှ ကျောက်ပြားလေးနှင့် တစ်ထပ်တည်း ကွက်တိ တူညီနေလေသည်။

ကျောက်ရှောင်ယွီက ချက်ချင်းပင်  ကျောက်နံရံကြီး၏အလယ်မှ အပေါက်လေးရှိရာသို့ ပျံသန်းထွက်ခွာသွားပြီး သူမက လက်ထဲမှကျောက်ပြားလေးကို ကျောက်နံရံအပေါက်ထဲသို့ ထည့်လိုက်သည်။

ထိုအခါ…. ကလစ်ဆိုသည့် မည်သံတစ်ခုထွက်ပေါ်လာပြီး ကျောက်နံရံမျက်နှာပြင်မှ ကျောက်သားများေ ရွ့လျားသွားပြီး ဂူပေါက်တစ်ခု ပေါ်လာလေသည်။

တုန်းဟွာတောက်ကျွင်းက…

"မိတ်ဆွေလေးက ဂူထဲကို သွားချင်လို့လား…"

ကျောက်ရှောင်ယွီက…

"ဟုတ်တယ်…"

ပြောပြီးသည်နှင့် ကျောက်ရှောင်ယွီက ကျောက်ဂူအတွင်းသို့ လှမ်းဝင်လိုက်လေသည်။

ကျောက်ဂူထဲတွင် အလင်းရောင်မရှိပေ။ မည်သည့်အရာများရှိမည်ကိုလည်း ခန့်မှန်း၍ မရနိုင်ပေ။ လောကတစ်ခုလုံး တွင်အလင်းရောင်တစ်စက်မှမရှိဘဲ အမှောင်မိုက်ဆုံးနေရာကိုပြောပြဆိုလျှင် ဤကျောက်ဂူကိုသာ ပြောရပေလိမ့် မည်။

တုန်းဟွာတောက်ကျွင်းက တန်ခိုးစွမ်းအားကိုအသုံးပြုကာ မီးတောက်တစ်ခု ဖန်ဆင်းလိုက်လေသည်။ သို့သော်… ချက်ချင်းပင်မီးတောက်က ငြိမ်းသွားလေသည်။

ကျောက်ရှောင်ယွီယူဆောင်လာသော ကျောက်ပြားလေးထက်တွင်ရေးသားထားသည့်….

"အလင်းပျောက်ဆုံးပြီ… အမှောင်စတင်ပြီ…"

ဆိုသည့် ရှေးဟောင်းစာကြောင်းလေးအတိုင်းပင် ဖြစ်လေသည်။

ကျောက်ရှောင်ယွီက တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိဘဲ ကျောက်ဂူအတွင်းသို့ ဝင်သွားလေသည်။ တုန်းဟွာတောက်ကျွင်းက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ နောက်မှ လိုက်ဝင်သွားသည်။

ကျောက်ဂူထဲတွင် အသံမရှိ ၊ အလင်းမရှိ။ ရှည်လျားသည့် ဥမင်ကြီးတစ်ခု ဖြစ်လေသည်။

ရုတ်တရက်ပင်…

တုန်းဟွာတောက်ကျွင်းက သူ့ကို လာရောက်ဖိနှိပ်လိုက်သည့် ရှေးဟောင်းတန်ခိုးစွမ်းအားတစ်ခုကို ခံစားလိုက်ရ သည်။ ထိုရှေးဟောင်းတန်ခိုးစွမ်းအားကို အနည်းငယ်ရင်းနှီးနေသယောင် သူခံစားလိုက်ရလေသည်။

"လျန်ယိမြူခိုးဥမင်…"

တုန်းဟွာတောက်ကျွင်းက ရေရွတ်လိုက်သည်။

သူက ထိုက်စန့်လောင်ကျွင်း၏ တာအိုတရားများကို ကြားနာဖူးသူဖြစ်လေရာ လျန်ယိမြူခိုးဥမင်အကြောင်းကို ကောင်းကောင်းသိလေသည်။

ထို့ကြောင့် သူက ရှေးဟောင်းတန်ခိုးစွမ်းအားကို ခုခံကာကွယ်ထားလိုက်ပြီး တန်ခိုးစွမ်းအားထွက်ပေါ်လာရာ မူလနေရာကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူက ကျောက်ရှောင်ယွီတို့နောက်သို့ လိုက်ပါခြင်းမရှိတော့ဘဲ ရှေးဟောင်းတန်ခိုးစွမ်းအားများထွက်ပေါ် လာရာ မူလနေရာကို ရှာဖွေရန် ထွက်ခွာသွားလေသည်။

လီအော့နျိုကတော့ ကံမကောင်းခဲ့ပေ။ ရှေးဟောင်းတန်ခိုးစွမ်းအားကြောင့် သူ့မှာ ကိုယ်နှစ်ခြမ်းကွဲတော့မတတ် နာကျင်ခံစားလိုက်ရသည်။ သို့သော်…. ပါးလွှာသည့် အလင်းရောင်တံတိုင်းတစ်ခုပေါ်လာပြီး သူ့ကို ကာကွယ်ပေး ထားလိုက်လေသည်။

ထိုအလင်းတန်းမှာ ကျောက်ရှောင်ယွီထုတ်လွှတ်လိုက်သည့်အလင်းတန်းဖြစ်ပြီး ထိုက်ချင်အင်းသင်္ကေတမှ ထွက်ပေါ်လာခြင်း ဖြစ်လေ၏။

ထိုက်ချင်အင်းသင်္ကေတ၏အကူအညီဖြင့် ကျောက်ရှောင်ယွီက လီအော့နျိုကို ကာကွယ်ပေးထားလိုက်လေသည်။ သို့သော်… ရှေးဟောင်းတန်ခိုးစွမ်းအားများက အဆမတန်ပြင်းထန်လွန်းလေရာ သတ်ဖြတ်လိုသည့် အငွေ့အသက် များဖြင့်ပြည့်နေလေ၏။ ထို့ကြောင့် ထိုက်ချင်အင်းသင်္ကေတက ကာကွယ်ပေးထားသည့်တိုင် လီအော့နျို၏ နှလုံးသားထဲတွင် အေးစိမ့်မှုဒဏ်ကို ခံစားနေရလေသည်။

ဒီနေရာက ဘယ်လိုနေရာကြီးလဲ…။ ဘာလို့ ကျောက်ရှောင်ယွီက ဒီနေရာကို လာချင်ရတာလဲ။

ထိုအကြောင်းအရာများကို လီအော့နျို နားမလည်နိုင်ပါချေ။

သို့သော်… သိပ်မကြာမီပင် ကျောက်ရှောင်ယွီက ရှင်းပြလေသည်။

“ငါ အမှောင်ထဲကနေ ရင်းနှီးတဲ့ခေါ်သံတစ်ခုကြားနေသလို ခံစားရတယ် ၊ ဒါကြောင့် ဒီနေရာကိုလာဖို့ ဆုံးဖြတ်လိုက်တာပဲ….”

ထိုစကားကိုပြောနေသည့်အချိန်တွင် ကျောက်ရှောင်ယွီမှာ အလွန်စိတ်လှုပ်ရှားနေပုံ ရလေသည်။

သူမ၏စိတ်ကိုဆွဲဆောင်နေသည့်ခေါ်သံသည် သူမနှင့်ရင်းနှီးလွန်းနေပြီး စွမ်းအားလည်း အလွန်မြင့်မားလှလေသည်။ ခေါ်သံသည် ပြီးပြည့်စုံသည့် ယင်နှင့်ယန် ပြောင်းလဲမှုတစ်ခုအလား ထင်မှတ်ရလေသည်။ ထိုက်စန့်လောင်ကျွင်း ကိုယ်တိုင်၏ တန်ခိုးစွမ်းအားများအလား ထင်မှတ်ရလေသည်။

လျန်ယိမြူခိုးဥမင်မှ ရှေးဟောင်းတန်ခိုးစွမ်းအားသည် သူမကို ခေါ်ဆောင်နေသည့်နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

အချိန်မည်မျှကြာသည်မသိပေ။ ကျောက်ရှောင်ယွီနှင့် လီအော့နျိုတို့သည် သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နေသည့်နေရာကို ဥမင်လမ်းကို ဖြတ်ကျော်နိုင်ခဲ့ကြလေသည်။

ထိုက်ချင်အင်းသင်္ကေတကြောင့်သာမဟုတ်လျှင် ကျောက်ရှောင်ယွီကိုယ်တိုင်ပင် ဤခရီးတွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ ထိုက်ချင်အင်းသင်္ကေတက အလွန်ပင် အသုံးဝင်ခဲ့လေ၏။

သူတို့ရောက်ရှိနေသည့်နေရာသည် ခွန်လွန်တောင်ခြေအတွင်းပိုင်းတစ်နေရာ ဖြစ်နိုင်လေသည်။

သူတို့ရှေ့တွင် ချော်ရည်ပူများစုနေသည့် ချော်ရည်အိုင်တစ်ခုကို တွေ့မြင်လိုက်ကြရသည်။ ကမ္ဘာမြေကြီးတစ်ခုလုံး၏ မီးစွမ်းအားများစုစည်းနေသည့်အလား ချော်ရည်အိုင်မှ ပူလောင်သည့်အငွေ့အသက်များကို ကျောက်ရှောင်ယွီ ခံစားလိုက်ရလေသည်။

ပူလောင်သည့်အငွေ့အသက်များနှင့် ထိတွေ့လိုက်မိသည်နှင့် နှစ်ပေါင်းများစွာ မသန့်စင်နိုင်ဖြစ်နေသည့် သူမ၏ တန်ခိုးစွမ်းအားများထဲမှ မသန့်စင်မှုများသည် ချက်ချင်းပင် သန့်စင်သွားလေသည်။

သူမ၏စိတ်ထဲတွင် မသက်မသာခံစားလိုက်ရသည့်တိုင် အသစ်ပြန်လည်မွေးဖွားလာသည့်အလား ခံစားလိုက်ရ သည်။

သို့သော်… လီအော့နျိုကတော့ ကျောက်ရှောင်ယွီကဲ့သို့ မဟုတ်ပေ။ သူကတော့ သေလုမျောပါး ခံစားနေရလေ သည်။

သို့ရာတွင် ကျောက်ရှောင်ယွီက သူ့ကို ဤနေရာတွင် မသေစေချင်ပေ။ ထို့ကြောင့် သူမက လီအော့နျိုကို ထိုက်ချင် အင်းသင်္ကေတဖြင့် ကာကွယ်ပေးထားသည့် အလင်းတန်းများကြားမှ ဆွဲထုတ်လိုက်ကာ ချော်ရည်ပူအိုင်ထဲသို့ တွန်းချလိုက်သည်။

အချိန်အတန်ကြာသည့်အခါတွင်တော့ လီအော့နျို၏ ခန္ဓာကိုယ်မှ အခိုးအငွေ့များထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခု လုံး အားအင်အသစ်များဖြင့် ပြည့်ဝလာသလို ခံစားလိုက်ရသည်။

ထို့နောက် ကျောက်ရှောင်ယွီနှင့် လီအော့နျိုတို့ ချော်ရည်ကန်ထဲမှ ပြန်တက်ခဲ့ကြပြီး ရှေ့သို့ ခရီးဆက်ခဲ့ကြသည်။

ရှေ့သို့ အနည်းငယ် ဆက်သွားပြီးသည့်အခါတွင်တော့ အလွန်အေးစက်နေပြီး မည်သည့်အရာမှမရှိသည့် ခန်းမကြီးတစ်ခုကို တွေ့လိုက်ကြရ သည်။

အခန်းထဲမှ အလင်းတန်းတစ်ခုထွက်ပေါ်လာလေသည်။ ထိုအလင်းတန်း၏ တန်ခိုးစွမ်အားအရှိန်အဟုန်ကို မခံနိုင်ဘဲ လီအော့နျိုမှာ မြေပြင်ထက်သို့ လဲကျသွားရသည်။ သူ့မှာ အသက်ကိုပင် မနည်းရှူနေရလေသည်။ သူ့စိတ်များလည်း ေ၀ဝါးနေပြီး မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် မှတ်မိနိုင်ခြင်း မရှိတော့ပေ။

ကျောက်ရှောင်ယွီက လီအော့နျိုကို ထူရန်ပြင်လိုက်ပြီးမှ မထူဖြစ်တော့ပေ။

အဘယ်ကြောင့်ဆိုသော်… ခန်းမအလယ်တွင် တင်ပျဉ်ခွေထိုင်နေသည့် တာအိုဆရာတစ်ယောက်ကို တွေ့လိုက်ရ သောကြောင့် ဖြစ်လေသည်။

ထိုတာအိုဆရာမှာ အသက် (၂၀)ပင်မပြည့်တတ်သေးသည့် လူငယ်တစ်ယောက်အလား နုပျိုချောမောလွန်းလှ သည်။ သူ၏နှုတ်ခမ်းများက ပြုံးနေပြီး သူ၏မျက်နှာက တည်ငြိမ်အေးဆေးလွန်းသည်။ ပခုံးများကို အေးအေး သက်သာပင်လျှော့ချထားပြီး အသားအရေက ပြစ်ချက်အနာအစာ တစ်စက်ကလေးမှမရှိ ကြည်လင်ဖြူစင်လှလေ၏။

သူ၏ဘယ်ဘက်လက်အောက်ရှိ အင်္ကျီလက်ပေါ်တွင် စာတစ်ကြောင်းရေးသားထားလေသည်။

"အစစ်ဆေးခံရမှုများနှင့်ဘေးအန္တရယ်များအားလုံးသည် ဤနေရာတွင် အဆုံးသတ်ခဲ့ကြောင်း ဆန်းလျန်က သက်သေပြခဲ့သည်"

***

All Chapters