မျောလွင့်နေတဲ့ဘဝဆိုတာ အိပ်မက်လိုပါပဲ
Vol. 8 Ch. 776
"အစစ်ဆေးခံရမှုများနှင့်ဘေးအန္တရယ်များအားလုံးသည် ဤနေရာတွင် အဆုံးသတ်ခဲ့ကြောင်း ဆန်းလျန်က သက်သေပြခဲ့သည်"
သူမသည် ခွန်လွန်တောင်တွင် ချစ်ခင်မြတ်နိုးရလေသူ ဆန်းလျန်ကို မြင်တွေ့ရလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့မိ ပေ။
ကျောက်ရှောင်ယွီမှာ ဆန်းလျန်ကိုမြင်တွေ့လိုက်ရသည့်အတွက် အံ့သြခြင်းနှင့်အတူ ပျော်ရွှင်ခြင်းကိုလည်း ခံစားလိုက်ရလေသည်။
ဆန်းလျန်… ဤနေရာတွင် ရှိနေခဲ့သည်။
အပြစ်တစ်စက်ကလေးမှ ဆိုစရာမရှိဘဲ တာအိုတရားနှင့်အတူ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
မှေးမှိတ်နေသည့် ဆန်းလျန်၏ မျက်ဝန်းထောင့်စွန်းများတွင် ငွေရောင်နှင်းမှုံလေးများ အနည်းငယ် စွန်းထင်း နေသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်ရှိနေခဲ့သည်မှာ အလွန်အချိန်ကြာမြင့်ပြီဖြစ်ကြောင်း သိရှိနိုင်သည်။
သို့သော်… ဆန်းလျန်၏အသွင်သဏ္ဍန်သည် တစ်စက်ကလေးပင် ယိုယွင်းပျက်စီးနေခြင်း မရှိပေ။
"ကျွမ်းကျီက စည်ကိုတီးခတ်ပြီး လောင်ဇူက အစိမ်းရောင်နွားရိုင်းကြီးကိုစီးနှင်ကာ အနောက်ဘက်သို့သွားသည်။ ဗုဒ္ဓကတော့ ဗောဓိပင်အောက်တွင် တိတ်ဆိတ်စွာ ထိုင်နေဆဲ ဖြစ်လေသည်။"
ဆိုသည့် စကားကို သူမ သတိရလိုက်မိသည်။
ဆန်းလျန်၏ တည်ငြိမ်အေးချမ်းမှုနှင့် ထာဝရတည်ရှိနေမှုကို ဖော်ပြရန် စကားလုံးပင် ရှာမတွေ့နိုင်ပေ။ သူက အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် အချိန်ကာလများ၏ ရွေ့လျားနေခြင်းနှင့်ဟန်ချက်ညီခြင်းများကို ပုံဖော်ပြနေသည့် အလားထင်မှတ်ရသည်။
လီအော့နျိုလည်း မတ်တတ်ထရပ်လာပြီး အံ့သြစရာ မြင်ကွင်းကို ငေးကြည့်နေခဲ့လေသည်။
ဒဏ္ဍာရီများအရဆိုလျှင် အချို့သော ကျင့်ကြံသူများ၏ ရုပ်ခန္ဓာများသည် သေဆုံးပြီးသည့်တိုင် နှစ်ပေါင်းများစွာ မပျက်စီးဘဲ ကျွင်းကျန်ရစ်သည်ဟု အဆိုရှိလေသည်။
သူ့ရှေ့မှ လူငယ်တာအိုဆရာသည် အသက်ဝိညာဉ်ကင်းမဲ့နေပြီ ဖြစ်သည့်တိုင် ကိုးကွယ်ဆည်းကပ်ထိုက်သူ တစ်ယောက် ဖြစ်သည်ဟု လီအော့နျို ခံစားနေရသည်။ ဆန်းလျန်ကို ငေးကြည့်ရင်း သူ့နှလုံးသားမှာ တုန်လှုပ်နေ လေသည်။
ခွန်လွန်တောင်၏ အနက်ရှိုင်းဆုံးနေရာတွင် ဤမျှချောမောလွန်းသည့် တာအိုဆရာလူငယ်လေးတစ်ယောက် အဘယ့်ကြောင့် အထီးကျန်စွာ တည်ရှိနေရပါသနည်း။
"အစစ်ဆေးခံရမှုများနှင့်ဘေးအန္တရယ်များအားလုံးသည် ဤနေရာတွင် အဆုံးသတ်ခဲ့ကြောင်း ဆန်းလျန်က သက်သေပြခဲ့သည်"
ဆိုသည့်စာကြောင်းကို တွေ့လိုက်ရသည့်အခါတွင်တော့ ထိုလူငယ်မှာ အန္တရယ်များအားလုံးကို ဖြတ်ကျော်နိုင်ခဲ့သူ နတ်ဘုရားတစ်ပါးဖြစ်ရမည်ဟု ထင်မှတ်လိုက်မိသည်။
ထိုသူသည် ခေတ်တစ်ခေတ်တွင် တန်ခိုးစွမ်းအားအမြင့်မားဆုံး လူတစ်ယောက် ဖြစ်ခဲ့ဟန်ရှိလေသည်။ ရှေးကျပြီး မြင့်မြတ်မှုများနှင့် ပြည့်ဝနေသည့် လောကတစ်ခု၏ ဘုရင်တစ်ပါးဖြစ်ခဲ့ပေလိမ့်မည်။
ထိုသူသည် မည်သူဖြစ်ပါသနည်း။
နူးညံ့ချောမောသည့်မျက်နှာ၏နောက်ကွယ်တွင် မည်သို့သောဒဏ္ဍာရီများ ရှိခဲ့ပါသနည်း။ လီအော့နျိုသည် စိတ်အား ထက်သန်စွာဖြင့် သိချင်နေမိလေသည်။
ကျောက်ရှောင်ယွီက ဆန်းလျန်အနားသို့ ခြေလှမ်းတစ်လှမ်းချင်းလှမ်းသွားပြီး ဖြည်းဖြည်းချင်းတိုးကပ်သွားလေ သည်။ အမြဲတမ်း ပေါ့ပါးနေခဲ့သည့် သူမ၏ခန္ဓာကိုယ်သည် ယခုတော့ အလွန်အမင်း လေးလံနေသယောင် ထင်မှတ်ရသည်။
သူမက မျက်လုံးများကို တစ်ချက်ပွတ်လိုက်ပြီး ဆန်းလျန်ကို အတန်ကြာငေးစိုက်ကြည့်နေလေသည်။ ဆန်းလျန်ကို တွေ့မြင်ရသည်မှာ လောကကြီးတစ်ခုလုံးကို တွေ့မြင်ရသည့်အလား ခံစားရသည်။ ဆန်းလျန်ကို တွေ့မြင်ရလေတိုင်း ထိုကဲ့သို့ ခံစားခဲ့ရသည်ချည်းပင်။
သူမ ဆန်းလျန်နှင့်စတင် တွေ့ဆုံသည့် အချိန်ကို သတိရလိုက်မိသည်။ ထိုအချိန်က… ဆန်းလျန်၏ အပြုံးတစ်ချက်သည်ပင်လျှင် သူမ၏ရင်ထဲမှ စိုးရိမ်ပူပန်မှုများအားလုံးကို ပြေပျောက်သွားစေခဲ့လေသည်။
ထိုဆန်းလျန်သည် ယခုသူမရှေ့တွင် တွေ့မြင်နေရသည့် ဆန်းလျန်ပင် ဖြစ်လေသည်။ သို့သော်… ယခု သူမရှေ့မှ ဆန်းလျန်သည် ဖန်ဆင်းခံပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်လေသည်။
ထိုအချိန်မှာပင်…
"ဝုန်း ဝုန်း ဝုန်း…"
ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ခန်းမကြီးတစ်ခုလုံး တုန်ခါသွားလေသည်။
ခန်းမဆောင်ဘေးဘက်ရှိ နံရံတစ်ခု ပေါက်ထွက်သွားပြီး တုန်းဟွာတောက်ကျွင်း ဝင်ရောကလာလေသည်။
တုန်းဟွာတောက်ကျွင်းက ဝင်လာသည်နှင့် ခန်မထဲတွင် တင်ပျဉ်ခွေထိုင်နေသည့် ဆန်းလျန်ကို ချက်ချင်းသတိပြု လိုက်မိသည်။
ထို့နောက် သူက အင်္ကျီလက်ပေါ်တွင်ရေးသားထားသည့် စာတမ်းကို ဖတ်ကြည့်လိုက်သည်။
"အစစ်ဆေးခံရမှုများနှင့်ဘေးအန္တရယ်များအားလုံးသည် ဤနေရာတွင် အဆုံးသတ်ခဲ့ကြောင်း ဆန်းလျန်က သက်သေပြခဲ့သည်"
စကားလုံးတိုင်းက ခမ်းနားလှလေ၏။
စကားလုံးတိုင်းက သူ၏တာအိုနှလုံးသားကိုသန့်စင်ပေးလေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် အတွေ့အကြုံ များအရ သူ၏နှလုံးသားသည် စကားလုံးများထဲမှ တာအိုတရားကို ခံစားသိရှိနိုင်လေသည်။
ကျောက်ရှောင်ယွီကတော့ ဆန်းလျန်အနားသို့ တစ်လှမ်းချင်းသွားနေပြီး သူမကိုယ်ပေါ်မှ ထိုက်ချင်အင်းသင်္ကေတက ရုတ်တရက် ပျံသန်းထွက်ခွာသွားလေသည်။
ထို့နောက် ဗုဒ္ဓ၏ကျောင်းတော်ရာမှ နံနက်ခင်းအချိန်တွင် ထွက်ပေါ်လာသည့် ခေါင်းလောင်းထိုးသံအလား မိုးကောင်းကင်တေးသွားတစ်ပုဒ်ထွက်ပေါ်လာပြီး ထူးဆန်းလှစွာပင် ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားတွင် ထိုက်ချိသင်္ကေတစ်ခု ပေါ်လာလေသည်။
ထိုထိုက်ချိသင်္ကေတကို တွေ့မြင်လိုက်ရသည်နှင့် ငြိမ်းချမ်းခြင်းနှင့် လွတ်လပ်ခြင်းကို ပြိုင်တူခံစားလိုက်ကြရသည်။
ထိုထိုက်ချိသင်္ကေတသည် "ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတ" ဖြစ်လေသည်။
တာအိုဆရာသခင်ကြီးတစ်ပါး၏ မူလဝိညာဉ်သင်္ကေတဖြစ်သည့်အတွက် လောကတစ်ခုလုံးတွင် တန်ဖိုးရှိလှပါသည် ဆိုသည့် ရတနာများအားလုံးထက် အဖိုးတန်လေသည်။
ထို့ပြင် ဆန်းလျန်ဆီတွင် ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို တွေ့မြင်ရသည်မှာ ဘုရင်ရှစ်ပါးနန်းတော်မှ ရွှမ်တုတောင်ကျွင်းသည် ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို ဆုံးရှုံးသွားခဲ့ပြီဆိုသည့် အဓိပ္ပါယ်လေများလား။
ယခု ကျောက်ရှောင်ယွီသည် ဆန်းလျန်နှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
တုန်းဟွာတောက်ကျွင်းက ကျောက်ရှောင်ယွီထက်ပိုပြီး အမြင်စူးရှလေသည်။
သူက ဆန်းလျန်၏ ထူခြားချက်ကို ချက်ချင်းသတိပြုလိုက်မိသည်။ ဆန်းလျန်သည် အသက်ရှင်နေသည့် နတ်ဘုရား တစ်ပါးမဟုတ်ဘဲ ဝိညာဉ်မရှိသည် ရုပ်တုတစ်ခုနှင့်ပိုပြီး ဆင်တူနေလေသည်။
ထို့ပြင် ထိုနတ်ဘုရားသည် တာ့လော်ဒုတိယအဆင့်ရောက်သည်အထိ ကျင့်ကြံထားခဲ့ဟန် ရှိလေသည်။ ထို့ကြောင့် ထိုနတ်ဘုရားသည် "အစစ်ဆေးခံရမှုများနှင့်ဘေးအန္တရယ်များအားလုံးသည် ဤနေရာတွင် အဆုံးသတ်ခဲ့ကြောင်း" သက်သေပြခဲ့ပြီးတော့မှ ရုပ်ခန္ဓာကို စွန့်ခွာခဲ့ခြင်း ဖြစ်ဟန်တူလေသည်။
ကျန်ရစ်ခဲ့သည့်ရုပ်ခန္ဓာတွင် တာအိုတရားဓမ္မများကျန်ရစ်ခဲ့ပြီး ထိုနတ်ဘုရား၏ မူလအစစ်အမှန်နတ်ဘုရားကတော့ ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။
တုန်းဟွာတောက်ကျွင်းသည် ထိုနတ်ဘုရားကို အနည်းငယ် မနာလိုဖြစ်သွားမိသလို စိတ်ဓာတ်လည်း ကျသွားမိ သည်။
သူက မိုးနတ်မင်းခေတ်ကတည်းက ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သို့တိုင်အောင် သူသည် တာ့လော် ပထမအဆင့်မှ ရှေ့မဆက်နိုင်ဘဲ တဝဲလည်လည် ဖြစ်နေခဲ့ရသည်။
ထိုဆန်းလျန်ဆိုသည့်နတ်ဘုရားကတော့ တာ့လော်ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သူဖြစ်လေရာ သူ့ထက် ခြေတစ်လှမ်းသာနေသည်ဟု ဆိုနိုင်လေသည်။
တန်ခိုးစွမ်းအားများကင်းလွတ်ရာကမ္ဘာမြေသို့ သူ ရောက်ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည့်အတွက် ထိုနတ်ဘုရား မည်သူမည်ဝါဖြစ်သည်ကို မသိရှိခဲ့ခြင်း ဖြစ်လေသည်။ မဟုတ်ပါက ထိုဆန်းလျန်ဆိုသူကို သေချာပေါက် သိရှိမည် ဖြစ်သည်။
ထို့ပြင် ထိုသူ၏ မျက်ခုံးနှစ်ခုကြားတွင် လင်းလက်နေသည့် ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတ သည်အလွန်မှ ခမ်းနားလေသည်။
သူသည် ချက်ချင်းပင် ထိုမူလဝိညာဉ်သင်္ကေတကို လိုချင်တပ်မက်သည့်စိတ်များ ဖြစ်လာလေသည်။ ထို့ကြောင့် ချက်ချင်းပင် ဆန်းလျန် တင်ပျဉ်ခွေထိုင်နေသည့်နေရာသို့ လမ်းလျှောက်သွားလိုက်သည်။
သို့သော်… ခြေလှမ်း (၅)လှမ်း လှမ်းပြီးသည့်အခါတွင်တော့ ရှေ့ဆက်သွား၍ မရတော့ဘဲ ဆန်းလျန်ဆီသို့ သွားရာလမ်းမှာ ပျောက်ကွယ်သွားလေသည်။ သူသည် ဆန်းလျန်ကိုတွေ့မြင်နေရသည့်တိုင် ဆန်းလျန်ရှိရာသို့ မသွားရောက်နိုင်တော့ပေ။
တုန်းဟွာတောက်ကျွင်းက ဟွန့် ခနဲ နှာခေါင်းတစ်ချက်ရှုံ့လိုက်လေသည်။ သို့သော်… သူ့ကိုတားဆီးထားသည်မှာ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားဖြစ်နေသည့်အတွက် ထိုတန်ခိုးစွမ်းအားကို ချိုးဖျက်ရန်မှာ သိပ်ပြီး မလွယ်ကူလှပေ။
တုန်းဟွာတောက်ကျွင်းက အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ ထို့နောက် … သူ့ရှေ့မှ ပျောက်ကွယ်သွားသည့်လမ်း ပြန်ပေါ်လာလေ၏။
သူက လမ်းအတိုင်းအမြန်လျှောက်သွားလိုက်ရာ ချက်ချင်းပင် ဆန်းလျန်နှင့်ခြေလှမ်းသုံးလှမ်း အကွာအဝေးသို့ ရောက်ရှိလာလေသည်။
သူက ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို မက်မောစွာဖြင့် လက်လှမ်းလိုက်လေသည်။
ထိုအချိန်မှာပင်…. မှေးမှိတ်ထားသည့် ဆန်းလျန်၏ မျက်ဝန်းများ ဖြည်းဖြည်းချင်း ပွင့်လာလေသည်။ ထိုမျက်ဝန်းများထဲတွင် အထီးကျန်ဆန်မှုနှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းများကို အထင်းသားတွေ့မြင်ရလေသည်။
ထို့နောက်… သက်ပြင်းချသံသဲ့သဲ့ ခန်းမထဲတွင် ထွက်ပေါ်လာသည်။
အောက်သို့ ချထားသည့် ဆန်းလျန်၏ လက်ချောင်းများသည် လေထဲသို့ ငြင်ငြင်သာသာပင် မြင့်တက်လာပြီး အနည်းငယ် ဝှေ့ယမ်းလိုက်လေသည်။
ဆန်းလျန်၏ လက်ချောင်းလေးများ၏ လှပမှုကို ဖော်ပြရန်မှာ စကားလုံးပင်ရှာမတွေ့နိုင်ပေ။
ဆန်းလျန်၏ သက်ပြင်းချသံတစ်ချက်သည် ထာဝရတည်ရှိသည့် တာအို တရားဓမ္မသည် အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်ကို ဖြတ်သန်းကျော်လွှားသွားလေသည်။
ဆန်းလျန်၏ သိပ်သည်းသည့် တန်ခိုးစွမ်းအားသည် မိုးမြေကိုထိုးဖောက်ကာ ကြယ်စင်များကိုပင် ပြိုကျပျက်စီး နိုင်စွမ်း ရှိလေသည်။
တုန်းဟွာတောက်ကျွင်းဆိုသည်ကား ပြောစရာပင်မလိုတော့ပေ။
အဆုံးမရှိ….။
အဆုံးမရှိသလို အစလည်းမရှိ…။
မည်သည့်အရာမှမရှိ…။ အတ္တလည်းမရှိ…။
တုန်းဟွာတောက်ကျွင်းသည် အော်သံတစ်ချက်ပင် မပြုနိုင်ဘဲ ဆန်းလျန်ရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။
ကျောက်ရှောင်ယွီသည် ဆန်းလျန်၏ မျက်ဝန်းများကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်နေပြီး တိတ်ဆိတ်ငြိမ်သက်နေလေ သည်။
"ရှောင်ယွီ… ကျုပ်ထွက်သွားတာ ကြာခဲ့ပြီ ၊ မင်းရောက်လာတာ နောက်ကျတယ်…"
ကျောက်ရှောင်ယွီက…
"ဘာတွေများဖြစ်ခဲ့လို့လဲ…"
"ဒီလောကမှာ ကျုပ်ဆိုတာ ရှိနေသေးလို့လား…"
ဆန်းလျန်က မေးလိုက်သည်။
ဆန်းလျန်၏ ပုံရိပ်ယောင်ကိုယ်ခွဲကို ကြည့်လိုက်ပြီး ကျောက်ရှောင်ယွီက တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိဘဲ အဖြေပေးလိုက်သည်။
"ရှိနေသေးတယ်…"
ဆန်းလျန်က အပြုံးပါးပါးလေးတစ်ချက် ပြုံးလိုက်ရင်း…
"ဒါဖြင့် ကျုပ်ကျဆုံးမသွားသေးဘူးပေါ့…"
စကားပြောပြီးသွားသည်နှင့် ဆန်းလျန်၏ မျက်ဝန်းများက ပြန်လည် မှေးမှိတ်သွားလေသည်။
ကျောက်ရှောင်ယွီသည် မခံစားနိုင်စွာဖြင့်ပင် သူမ၏လက်ချောင်းလေးများဖြင့် ဆန်းလျန်၏မျက်နှာကိုထိကိုင်လိုက် လေသည်။
ထိုအခါ ဆန်းလျန်၏ခန္ဓာကိုယ်သည် နှင်းမှုံလေးများအဖြစ် တစ်စစီပြိုကွဲသွားပြီး အိပ်မက်ဆန်စွာ ပျောက်ကွယ်သွား လေတော့သည်။
သို့သော်…ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကတော့ ကျန်ရစ်ခဲ့ကာ ကျောက်ရှောင်ယွီ ယူဆောင်လာသည့် ထိုက်ချင်အင်းသင်္ကေတနှင့် ပေါင်းစပ်သွားပြီး အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာ လေသည်။
ထို့နောက် ကျောက်ရှောင်ယွီ၏ လက်ဖဝါးထက်သို့ ဆင်းသက်လာလေသည်။
ထို့နောက် သူမ၏နားထဲတွင် တီးတိုးရေရွတ်သံတစ်သံကို ကြားလိုက်ရသည်။
"မျောလွင့်နေတဲ့ဘဝဆိုတာ အိပ်မက်လိုပါပဲ…
ဘယ်သူသိနိုင်မှာတဲ့လဲ….
အချိန်ကလူကို ရူးသွပ်သွားစေနိုင်တယ်…"
ကျောက်ရှောင်ယွီ၏ ရင်ထဲတွင် ပဟေဠိပေါင်းများစွာဖြင့် ပြည့်နက်နေတော့သည်။
ဆန်းလျန်ကတော့ အစအနပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီ။ သူမ ချစ်ရသူကို မည်သို့ နားလည်နိုင်ပါမည် နည်း။
သူမသည် လက်ထဲမှ ထိုက်ချင်အင်းသင်္ကေတလေးကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ရင်း….
“တန်ခိုးစွမ်းအားတွေအားလုံး ၊ တာအိုတရားတွေအားလုံး… ဘယ်အရာကမှ ရှင်နဲ့နှိုင်းယှဉ်လို့ မရပါဘူး…. ၊ လောကကြီးမှာ ရှင်သာ မရှိတော့ဘူးဆိုရင် ဒီပစ္စည်းကရော ဘာများအသုံးဝင်ဦးမှာတဲ့လဲ…"
ကြည်လင်တောက်ပနေသည့် ထိုက်ချင်အင်းသင်္ကေတကို ကျောက်ရှောင်ယွီက အင်္ကျီလက်ထဲတွင် သိမ်းဆည်း လိုက်သည်။
ပြီးမှ သူမက လီအော့နျိုဘက်သို့ လှည့်ကြည့်လိုက်ရင်း…
"စကြာဝဠာဆေးအိုးကို သွားရှာကြစို့…"
ခွန်လွန်တောင်တစ်နေရာတွင် ဆန်းလျန်ကို တွေ့မြင်ရပြီးသည့်နောက် သူမအနေဖြင့် စကြာဝဠာဆေးအိုးကို လက်လွှတ်မခံသင့်ပေ။ စကြာဝဠာဆေးအိုးတွင် သဲလွန်စတစ်ခုခု ရှိရမည်ဟု သူမ ခန့်မှန်းထားလေသည်။
အရေးကြီးဆုံးအချက်မှာ…
"ဒါဖြင့် ကျုပ်ကျဆုံးမသွားသေးဘူးပေါ့…"
ဟု ပြောလိုက်သည့် ဆန်းလျန်၏ စကားဖြစ်လေသည်။
ထိုစကားထဲမှ "ကျဆုံးခြင်း" အငွေ့အသက်များကို ခံစားနေရပြီး ဆန်းလျန် ထုတ်မပြောသည့်တိုင် ဆန်းလျန် ဒုက္ခရောက်နေပြီကို သူမ ရိပ်မိလိုက်သည်။
ဆန်းလျန်ဒုက္ခရောက်နေပြီဆိုသည့်အတွေးသည် သူမကို များစွာ စိတ်သောကရောက်စေပြီး ထိတ်လန့်စေလေ သည်။ သူမကိုယ်တိုင် အောင်မြင်မှုရခဲ့လျှင်တောင်မှ ဆန်းလျန်သာ ကျဆုံးသွားမည်ဆိုလျှင် သူမ ပျော်ရွှင်နိုင်တော့ မည်မဟုတ်ပေ။
ဆန်းလျန် မည်သို့သောဒုက္ခများ ရင်ဆိုင်နေရသည်လဲ သူမ မသိနိုင်ပေ။ သို့သော်… သူမ ဆန်းလျန်ကို အတတ်နိုင်ဆုံး ကူညီချင်မိသည်။
"တကယ်ဆိုရင် ရှင်ကချည်းပဲ ကျွန်မကို အမြဲတမ်းကူညီခဲ့တာပါ ၊ ဒီတစ်ခါတော့ ကျွန်မရှင့်ကို ကူညီနိုင်အောင် ကြိုးစားပါ့မယ်…"
ထိုစကားများသည် ကျောက်ရှောင်ယွီ၏ ရင်ထဲမှ ပြောလိုက်သည့် စကားများသာ ဖြစ်လေသည်။
*(ထိုက်ချင်တာအိုဆရာသခင်နဲ့ ထိုက်စန့်လောင်ကျွင်းက တစ်ယောက်တည်းပါပဲ ၊ နာမည်တွေက အရမ်းများနေတော့ ရှုတ်ထွေးကုန်မှာစိုးလို့ပါ - ဘာသာပြန်သူ )
***