ကြေးနီတိုင်လုံးကြီးများနောက်ကွယ်ကသိုးလွိနန်းတော်
Vol. 8 Ch. 777
ယခုတော့ ထိုက်ချင်အင်းသင်္ကေတနှင့် ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတမှာ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
ထို ရတနာပစ္စည်း မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည်ကို ကျောက်ရှောင်ယွီပင် မခန့်မှန်းနိုင်ပေ။ ထိုရတနာပစ္စည်းကို သာ ကောင်းကောင်း အသုံးမချနိုင်ဘူးဆိုလျှင် ကျောက်ရှောင်ယွီအနေဖြင့် အခွင့်ကောင်းကို ဆုံးရှုံးရသလိုခံစားရ ပေမည်။
ခွန်လွန်တောင်ပေါ်တွင် နတ်ဘုရားများစွာ၏ သဲလွန်စများ ရှိနေသလို လျို့ဝှက်ဆန်းကျယ်သည့် ဖြစ်ရပ်ပေါင်း များစွာလည်း ရှိလေသည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီးသည့်နောက် တိုးတက်လာသည့် သိပ္ပံခေတ်သို့ ရောက်ရှိလာခဲ့ သည့်တိုင် ခွန်လွန်တောင်ကတော့ လျှို့ဝှက်ဆန်းပြားမှုများဖြင့် ရှိနေဆဲ ဖြစ်လေသည်။
ကျောက်ရှောင်ယွီက လီအော့နျိုကို ခေါ်ဆောင်ကာ တောတောင်ရေမြေများကို ဖြတ်ကျော်ပျံသန်းလာခဲ့လေသည်။
ဆန်းလျန်သည် ခွန်လွန်တောင်ပေါ်သို့ ရောက်ရှိလာပြီး အစစ်ဆေးခံရမှုများနှင့် ဘေးအန္တရယ်များ ကင်းလွတ်သည်ကို သက်သေပြနိုင်ခဲ့သည်မှာ အဘယ်မျှ ဂုဏ်ယူစရာ ကောင်းလိုက်ပါသနည်း။
ဆန်းလျန်သည် မိုးနှင့်မြေကြားတွင် တည်ရှိနေသလို အတိတ်နှင့်အနာဂတ်ကြားတွင်လည်း တည်ရှိနေသည်။ ယနေ့ သူမ ဆန်းလျန်နှင့် စကားပြောခွင့်ရလိုက်သည်မှာ မည်မျှ ကံကောင်းလိုက်ပါသနည်း။
တုန်းဟွာတောက်ကျွင်း၏ ကိုယ်ခွဲခန္ဓာကို ဆန်းလျန် ဖျက်စီးပစ်လိုက်သည်ကို တွေ့မြင်ရပြီးသည့်နောက် လီအော့နျို သည် ကျောက်ရှောင်ယွီ၏ဘက်တော်သား လုံးလုံး ဖြစ်သွားခဲ့လေသည်။ သူက ကျောက်ရှောင်ယွီ၏ စကားကိုသာ အမြဲတမ်းနားထောင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ပြီးသည်နှင့် လီအော့နျိုမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ သူ့အနေဖြင့် တုန်းဟွာ တောက်ကျွင်းကို နာခံရမလိုလို ၊ ကျောက်ရှောင်ယွီဘက်ပဲ ရပ်တည်ရမလိုလို ၊ ဟိုလိုလို သည်လိုလို အခြေအနေ ကြီးမှ ကင်းလွတ်သွားပြီ ဖြစ်လေသည်။
ယခုတော့ သူတို့သည် ခွန်လွန်တောင်တန်းကြီးမှ အမည်မသိတောင်ထွတ်တစ်ခုထက်သို့ ရောက်ရှိနေလေသည်။
ထိုနေရာတွင် နှစ်ပေါင်းများစွာကြာအောင် အေးခဲနေသည့် သက်တမ်းရင့် နှင်းထုကြီးက ဖုံးလွှမ်းနေလေသည်။ သူတို့သည် တောင်ထွတ်ပေါ်တွင် လမ်းလျှောက်လာကြရင်း ရှေးနှစ်ပေါင်းများစွာက အေးခဲကာ သေဆုံးနေကြသည့် ရှေးလူများ၏ အလောင်းများကို တွေ့မြင်ကြရလေသည်။
သေဆုံးနေသူတစ်ယောက်မှာ ချင်မင်းဆက်ခေတ် ၊ ဟန့်လူမျိုးတစ်ယောက် ဖြစ်လေသည်။ နောက်တစ်ယောက်မှာ တော့ချင်မင်းဆက်မတိုင်မီခေတ်က ဖိုထိုးသည့်အဂ္ဂိရတ်သမားတစ်ဦး ဖြစ်ဟန်တူသည်။ နောက်ဆုံးတစ်ယောက်မှာ တော့ ကျင့်မင်းဆက်ခေတ်က ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်လေသည်။
အေးခဲလွန်းသည့် ရာသီဥတုကြောင့် သူတို့ (၃)ယောက်၏ ခန္ဓာကိုယ်များမှာ ပုပ်သိုးဆွေးမြေ့သွားခြင်း မရှိသေးဘဲ ရုပ်တုကြီးများအလား မာကျောတောင့်တင်းလျှက် ရှိလေသည်။
သူတို့ရောက်ရှိနေသည့်တောင်တွင် ထူးဆန်းသည့် ရေခဲတန်ခိုးစွမ်းအားရှိလေသည်။ ထို့ကြောင့် တောင်ပေါ်သို့ ရောက်လာသည်နှင့် ချက်ချင်းပင် အေးခဲသေဆုံးသွားရမည် ဖြစ်လေသည်။ ထို့ကြောင့် ထိုသူများသည်လည်း သေဆုံးခဲ့ကြဟန်တူလေ၏။
သူ့ကိုလည်း ကျောက်ရှောင်ယွီသာ ကူညီပေးထားခြင်းမရှိလျှင် ထို ရှေးလူများကဲ့သို့ပင် ချက်ချင်း အေးခဲသွားရမည် ဖြစ်လေသည်။
သူတို့ ခြေထောက်အောက်မှ နှင်းထုသည် (၁၀)ပေခန့် ထူထပ်လေသည်။
ထို့ပြင် တောင်သည် မြင့်မားလွန်းသည့်အတွက် ပျံသန်းနိုင်ခြင်းမရှိပါက ဤတောင်ပေါ်သို့ တက်ရန်မှာ မည်သည့် နည်းနှင့်မှ မဖြစ်နိုင်ပေ။
တောင်တစ်ခွင်လုံးမှာလည်း သံလိုက်စက်ကွင်းများ အားကောင်းလွန်းလေရာ လေယဉ် ၊ ရဟန်ယဉ်များဖြင့် ပျံသန်း လာမည်ဆိုလျှင်လည်း သေချာပေါက် ပျက်ကျမည် ဖြစ်လေသည်။
လီအော့နျိုမှာ သူ၏ခန္ဓာကိုယ်ပေါက်ကွဲထွက်သွားမည်ကို စိတ်ပူသည့်အတွက် တန်ခိုးစွမ်းအားများကိုပင် ထုတ်ဖော် အသုံးပြုရဲခြင်း မရှိပေ။
သို့သော်… ကျောက်ရှောင်ယွီ၏ ထိုက်ချင်အင်းသင်္ကေတကတော့ ခွန်လွန်တောင်တန်းတစ်လျှောက် မည်သည့် နေရာကိုမဆို အတားအဆီးမရှိ ဖြတ်သန်းသွာလာနိုင်ပြီး သဘာဝဘေးအန္တရယ်များအားလုံးကိုလည်း ကာကွယ်ပေး ထားနိုင်လေသည်။
မည်သည့်အရာကမှ ထိုက်ချင်အင်းသင်္ကေတကို တားဆီးနိုင်ခြင်း မရှိပေ။
ရေခဲများဖြင့် ချောမွေ့နေသည့် တောင်နံရံများကို ဖြတ်ကျော်ကာ သူတို့ (၂)ယောက် တောင်အလယ်ပိုင်းသို့ လျှင်မြန်စွာပင် ရောက်ရှိလာလေသည်။
ကျောက်ရှောင်ယွီက တောင်အလယ် တစ်နေရာတွင် စည်းတစ်ခုချလိုက်ပြီး လီအော့နျိုကို စည်းအတွင်းသို့ ဝင်စေလိုက်သည်။
"ဒီစည်းထဲမှာနေခဲ့ ၊ လျှောက်မသွားနဲ့…"
ပြောပြီးသည်နှင့် ကျောက်ရှောင်ယွီသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ လီအော့နျိုရှေ့မှ ပျောက်ကွယ် သွားလေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ရှောင်ယွီသည် တောင်တစ်ဖက်ခြမ်းဆီသို့ ရောက်ရှိသွားလေသည်။
တောင်တစ်ဖက်ခြမ်းတွင် အလွန်ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရလေသည်။ ဘူမိဗေဒပညာရှင်များ သာဤမြင်ကွင်းကို မြင်တွေ့လိုက်ရပါက အလွန်ပင် တုန်လှုပ်ခြောက်ခြားသွားနိုင်ပေ၏။
အဘယ်ကြောင့်ဆိုသော်… တောင်တစ်ဖက်ခြမ်းတွင် အနည်းငယ်ကွေ့ကောက်နေသည့် ကျောက်သား စြင်္ကန်လမ်းတစ်ခုရှိနေပြီး စြင်္ကန်လမ်းအဆုံးတွင်တော့ မိုးကောင်းကင်ကိုထောက်ထားသည့် ကြေးနီတိုင်လုံးကြီးများ ကိုတွေ့မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။
ထိုတိုင်လုံးကြီးများသည် နွီဝါးနတ်သမီးပြုလုပ်ခဲ့သည့် စကြာဝဠာထောက်တိုင်များဖြစ်ပြီး သဘာဝအလျှောက် ဖြစ်တည်နေသည့် ကြေးနီတိုင်လုံးကြီးများ လုံးဝမဟုတ်ပေ။
ကျောက်ရှောင်ယွီက တည်ငြိမ်သည့် မျက်နှာထားဖြင့် ကြေးနီတိုင်လုံးကြီး တစ်ခုဆီသို့ ပျံသန်းထွက်ခွာသွားလေ သည်။ ကြေးနီတိုင်လုံးကြီးကို ပြုလုပ်ထားသည့် သတ္တုမှာ သူမအထင် မမှားဘူးဆိုလျှင် တွင်းထွက်ကြေးနီတစ်မျိုး ဖြစ်သည့် စန်းထုန်ကြေးနီဖြစ်နိုင်လေသည်။
ကောလဟလများအရဆိုလျှင် စန်းထုန်ကြေးနီသည် အလွန်ပင် စွမ်းအားကြီးမားလေ၏။
ဒဏ္ဍာရီများအရဆိုလျှင်တော့ တရုတ်ပြည်ကိုတည်ထောင်သူဘိုးဘေးတစ်ယောက်ဖြစ်သည့် "ဟွမ်တိ" တွင် စန်းထုန့်ကြေးနီနှင့် ပြုလုပ်ထားသည့် ဓားတစ်လက်ရှိသည်ဟု ဆိုကြလေသည်။ ထိုဓားကို "ဧကရာဇ်ဓား" ဟု ခေါ်သည်ဟု ဆိုကြသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျောက်ရှောင်ယွီ၏မျက်စိရှေ့မှ ကြေးနီတိုင်လုံးကြီးများသည် မည်မျှတန်ဖိုးကြီး သည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။
တာအိုကျင့်ကြံသူကျောင်းတော်တစ်ခုခုမှသာ ဤကြေးနီတိုင်လုံးကြီးများကိုတွေ့ရှိရပါက ချက်ချင်းပင် သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ်အဖြစ်သတ်မှတ်ကာ တပည့်များကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးသွား မည်ဖြစ်လေသည်။
တစ်ချိန်တုန်းက ချင်းရွှမ်နတ်တံခါးကဲ့သို့သော နတ်ဘုရားဂိုဏ်းကြီးမျိုးကသာ ဤကြေးနီတိုင်ကြီးများကို တွေ့ရှိသွားပါက အဖိုးဖြတ်နိုင်မည် မဟုတ်တော့ပေ။
တိုင်လုံးကြီးများမှာ စုစုပေါင်း (၉၉)တိုင်ဖြစ်ပြီး တိုင်လုံးတစ်ခုစီတိုင်းတွင် နဂါးကြီးတစ်ကောင်စီ ရစ်ပတ်ထားလေသည်။ နဂါးရုပ်ကြီးများမှာ အလွန်ပင် အသက်ဝင်လွန်းလှသည်။
နဂါးကြီးများသည် ခေါင်းကိုအောက်သို့ ငုံ့ကာ သူတို့၏အမြီးကို သူတို့ ပြန်ကြည့်နေကြလေသည်။ သို့သော်… ထူးဆန်းသည်မှာ နဂါးရုပ်တုကြီးများတွင် မျက်လုံးများ ပျောက်ကွယ်နေကြလေသည်။
နဂါးကြီးများတွင် မျက်လုံးများ အဘယ့်ကြောင့် ပျောက်ကွယ်နေရပါသနည်းဟု ကျောက်ရှောင်ယွီ စဉ်းစားနေမိလေ သည်။ အကယ်၍ ထိုနဂါးကြီးများကို မျက်လုံးတပ်ပေးလိုက်ပါက အသက်ဝင်လာလေမည်လား။
ထိုသို့တွေးလိုက်မိသည်နှင့် ကျောက်ရှောင်ယွီက သူမရှေ့မှ နဂါးရုပ်တုကြီးတွင် မျက်လုံးပုံစံ ရေးဆွဲပေးလိုက်လေ သည်။
သူမမျှော်လင့်ထားသည့်အတိုင်းပင်…
လျှပ်စီးများလက်ကာ မိုးများခြိမ်းလာပြီး နဂါးကြီးမှာ ချက်ချင်းပင် နိုးထအသက်ဝင်လာလေသည်။
နဂါးကြီးထံမှ ကြီးမားသည့်တန်ခိုးစွမ်းအားလှိုင်းလုံးများထွက်ပေါ်လာပြီး ကျောက်ရှောင်ယွီကို လှည့်ပတ်ဝန်းရံ ထားလေသည်။ နဂါးတန်ခိုးစွမ်းအားများမှာ ထိုက်ယီထျန်းရှန်းအဆင့်နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မားလှသည်ဟု ကျောက်ရှောင်ယွီ ခန့်မှန်းလိုက်မိသည်။
သူမက ချက်ချင်းပင် အပ်တစ်ချောင်းဖန်ဆင်းကာ နတ်နဂါးကြီး၏ မျက်လုံးများကို ထိုးဖောက်ပစ်လိုက်လေသည်။ ထိုအခါ နဂါးကြီးထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး နဂါးကြီးမှာ ရုပ်တုကြီးအဖြစ် ပြန်လည်ငြိမ်သက်သွားလေသည်။
သူမ လျှင်မြန်၍သာ တော်တော့သည်။ မဟုတ်ပါက ထိုက်ယီထျန်းရှန်းအဆင့် နဂါးတစ်ကောင်ဖြင့် တစ်ပွဲတစ်လမ်း တိုက်ခိုက်ရပေဦးမည်။
တစ်ချိန်တည်းမှာပင် သူမတွေးလိုက်မိသည်မှာ တစ်ချိန်တုန်းက နဂါးကြီးများအားလုံးတွင် မျက်လုံးများ ရှိနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် … နဂါးမျက်လုံးများသည် နဂါးများ၏ တန်ခိုးစွမ်းအားတည်ရှိရာ နေရာဖြစ်သည်မှာ ထင်ရှားနေသောကြောင့်ပင်။
လွန်ခဲ့သည့် တစ်ချိန်တုန်းက တစ်စုံတစ်ယောက်သည် ဤနေရာသို့ ရောက်ရှိလာပြီး နဂါးများနှင့် ရင်ဆိုင်ခဲ့ဟန် ရှိလေသည်။ ထို့နောက် နဂါးများအားလုံးကို အနိုင်ယူကာ မျက်လုံးများကို ဖျေက်ဖျက်ပစ်ခဲ့ခြင်း ဖြစ်နိုင်လေသည်။
ထိုက်ယီထျန်းရှန်းအဆင့် နဂါးကြီး (၉၉)ကောင်ကို အနိုင်ယူခဲ့သူမှာ မည်သူဖြစ်ပါသနည်း။ ထိုသူသည် ကြောက်မက်ဖွယ်ရာ ကောင်းပေစွ။
သို့သော်… ခဏကြာသည့်အခါတွင်တော့ ထိုသူမည်သူဖြစ်သည်ကို ကျောက်ရှောင်ယွီသိလိုက်ရပြီး သူမ၏ စိတ်ထဲတွင် မအံ့သြမိတော့ပေ။
စကြာဝဠာထောက်တိုင်များ၏ အလယ်ဗဟိုတွင် မြေကွက်လပ်တစ်ခု ရှိလေသည်။ ထိုမြေကွက်လပ်မှမြေကြီးသည် ရွှေသားထက်ပင်မာကျောလေ၏။ ထိုမြေကွက်လပ်ပေါ်တွင် နာမည်တစ်ခု ရေးသားထားလေသည်။
"မိုးနှင်မြေကို ဘယ်လောက်များများ အကျိုးပြုနိုင်ခဲ့လို့လဲ…
ဘဝဆိုသည်က နှိမ့်ချနေထိုင်ရန်သာလိုအပ်လေသည်…။ ထိုစကားသည်အမှန်ပါပဲ…။
ပုံ /
ဆန်းလျန်"
ထိုစာကိုတွေ့လိုက်သည်နှင့် ကျောက်ရှောင်ယွီ မပြုံးဘဲ မနေနိုင်မိပေ။
ဒီလူကတော့လေ… တကယ်ပဲ ဒီနေရာအထိအောင် ရောက်အောင်လာနိုင်ခဲ့သည်ပဲ။
ထိုနှစ်များအတွင်း ဆန်းလျန်တစ်ယောက် ခွန်လွန်တောင်တွင် မည်သည့်အလုပ်များလုပ်ခဲ့သည် ၊ မည်သည့်ကျင့်စဉ်များ ကျင့်ကြံခဲ့သည်ကို သူမ သိချင်နေမိလေသည်။
ဆန်းလျန်ဆိုလျှင်တော့ ထိုက်ယီထျန်းရှန်းအဆင့် နတ်နဂါးကြီး (၉၉)ကောင်ကို လက်ဖျောက်တစ်ချက်တီးလိုက် ရုံမျှဖြင့် အနိုင်ယူနိုင်မည်မှာ တွေးကြည့်စရာပင်မလိုဘဲ သိနိုင်လေသည်။
ထို့ပြင်… (၉၉)ခုသော စကြာဝဠာထောက်တိုင် ကြေးနီတိုင်လုံးကြီးများသည် တစ်စုံတစ်ခုကို ကာကွယ်ပေးထား သည်မှာသေချာလှသည်။
ဆန်းလျန် လက်မှတ်ရေးထိုးထားခဲ့သည့်နေရာသို့ ကျောက်ရှောင်ယွီ လမ်းလျှောက်သွားလိုက်လေသည်။ ထိုအခါ… ရေးသားထားသည့် စာလုံးတစ်လုံးသည် အနည်းငယ် ပျက်နေသည်ကို သူမတွေ့လိုက်ရလေသည်။
ထိုပျက်နေသည့်စာလုံးကိုတွေ့လိုက်သည်နှင့် ကျောက်ရှောင်ယွီ၏နားထဲတွင် အသံတစ်သံကြားလိုက်ရသလို ခံစားလိုက်ရသည်။
သူမက ပျက်နေသည့်စာလုံးအပေါ်တွင် စာလုံးပေါ်လာစေရန်အတွက် ထပ်မံရေးသားလိုက်လေသည်။ သို့သော်… မည်သည့်ထူးခြားချက်မှ ဖြစ်ပေါ်မလာပေ။ သို့သော်… သူမက ဇွဲမလျှော့ဘဲ အကြိမ်ပေါင်းတစ်သောင်းတိတိ ရေးသားခဲ့လေသည်။
အကြိမ်ပေါင်းတစ်သောင်းပြည့်သည့်အခါတွင်တော့ ရုတ်တရက် နတ်ဘုရားစွမ်းအားများ ထွက်ပေါ်လာပြီး သူမ၏ လက်ချောင်းထိပ်တွင် လာရောက်စုစည်းလေသည်။
သူမ၏ လက်ချောင်းလေးသည် စက္ကူလွှာကို ထိုးဖောက်လိုက်မိသည့်အလား ပျက်နေသည့် စာလုံးနေရာကို ထိုးဖောက် မိသွားလေသည်။
ရုတ်တရက်…
ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပြီး ကျောက်ရှောင်ယွီ အခြားသောလောကတစ်ခုသို့ ရောက်ရှိသွားလေသည်။
သူမရှေ့တွင် တာအိုနန်းတော်ကြီးတစ်ခုကို တွေ့ရလေသည်။ တာအိုနန်းတော်၏ တံခါးတစ်ဖက်တစ်ချက်တွင် ကဗျာ (၂)ကြောင်းရေးသားထားသည်ကို တွေ့ရသည်။
"ခေါင်းဆောင်တစ်ယောက်လို မိုးနဲ့မြေကိုဖွင့်လှစ်
သန့်စင်သည့်စကြာဝဠာအသစ်ကို ဖြစ်တည်စေ…"
ထို့နောက် တာအိုနန်းတော်၏ သစ်သားဆိုင်းဘုတ်ထက်တွင်…
"သိုးလွိနန်းတော်…"
ဟု ရေးသားထားလေသည်။
နန်းတော်တံခါးသည် အခြားနန်းတော်များကဲ့သို့ လေးထောင့်ပုံသဏ္ဍန်မဟုတ်ပေ။
အဖြူရောင်နှင့်အနက်ရောင် ထိုက်ချိယင်ယန်သင်္ကေတရေးထိုးထားပြီး စက်ဝိုင်းပုံသဏ္ဍန်ဖြစ်လေသည်။ နန်းတော်တံခါးကို တင်းတင်းပိတ်ထားပြီး နှစ်ပေါင်းသန်းနှင့်ချီသည့်တိုင် မည်သူတစ်ဦးတစ်ယောက်မှ ဤနေရာသို့ လာရောက်ခဲ့ဟန် မတူပေ။
ဒဏ္ဍာရီများအရဆိုလျှင်တော့…
မိုးကောင်းကင် (၃၃)ထပ်ရှိလေသည်။ အပေါ်ဆုံး (၃၃)ထပ်မြောက်မိုးကောင်းကင်ကို လီဟန့်ထျန်း (အမုန်းတရားကောင်းကင်ဘုံ)ဟု ခေါ်လေ၏။ အဘယ်ကြောင့် လီဟန့်ထျန်းဟု ခေါ်ရသည်ဆိုသော် ခံစားချက်ပေါင်း (၄၄၀)တွင် ချစ်ခြင်းမေတ္တာသည် အခါးသီးဆုံးဖြစ်သည့်အတွက် ထိုကောင်းကင်ဘုံတွင် အချစ်မရှိ အမုန်းတရားဖြင့်သာ ပြည့်နက်လေသည်။
"သိုးလွိနန်းတော်" သည် လီဟန့်ထျန်းဟုခေါ်သည့် အမုန်းတရားကောင်းကင်ဘုံတွင် တည်ရှိသည့် "ထိုက်စန့်လောင်ကျွင်း" ၏ နန်းတော် ဖြစ်လေသည်။
သို့သော်… ဤနေရာတွင် ထိုက်စန့်လောင်ကျွင်း ရှိနေသည်လား ၊ ရှိမနေဘူးလားဆိုသည်ကတော့ မသေချာလှပေ။
သိုးလွိနန်းတော်နှင့် မျက်နှာချင်းဆိုင်နေရာတွင် တောင် (၇)လုံးရှိနေပြီး ထို တောင် (၇)လုံး၏ တည်ရှိဟန်သည် ခုနစ်စဉ်ကြယ်၏ တည်ရှိမှုနှင့် ဆင်တူလေသည်။
တိမ်တိုက်များက လွင့်မျောနေပြီး လေပြေလေးက သာယာစွာ တိုက်ခတ်နေသည်။ တကယ့်ပင် နတ်ဘုံနတ်နန်းတစ်ခုအလား သာယာလွန်းလှသည်။
သို့သော်… မိုးမြေစွမ်းအားများကတော့ အံ့သြစရာကောင်းလောက်အောင် နည်းပါးလွန်းလှသည့်အတွက် ကျင့်ကြံခြင်း ပြုလုပ်ရန် သိပ်ပြီး မသင့်တော်လှပေ။
ကျောက်ရှောင်ယွီသည် ထိုက်ချိယင်ယန်သင်္ကေတဖြင့်ပုံဖော်ထားသည့် စက်ဝိုင်းပုံသဏ္ဍန် နန်းတော်တံခါးရှေ့သို့ ရောက်ရှိလာလေသည်။ ထိုတံခါးကို မည်သို့ ဖွင့်ရပါမည်နည်း။
သူမ၏ တန်ခိုးစွမ်းအားဖြင့်ဆိုလျှင် နန်းတော်တံခါးကို မည်သည့်နည်းနှင့်မှ ဖွင့်နိုင်စွမ်းရှိမည်မဟုတ်ပေ။
ထို့ကြောင့် သူမသည် နန်းတော်တံခါးကို ဖွင့်လှစ်ရန်အတွက် ထိုက်ချင်အင်းသင်္ကေတကို အသုံးပြုရန် ဆုံးဖြတ်လိုက် လေတော့သည်။
***