← Chapters

ထိုက်ချင်တာအိုကျမ်း

Vol. 8 Ch. 778

ထိုက်ချင်တာအိုကျမ်း

Vol. 8 Ch. 778

ကျောက်ရှောင်ယွီက ထိုက်ချင်အင်းသင်္ကေတကကို ထုတ်ယူလိုက်လေသည်။

သို့သော်… သူမ မည်မျှပင် ကြိုးစားပါစေ ထိုက်ချင်အင်းသင်္ကေတသည် သိုးလွိနန်းတော်တံခါးကို ဖွင့်ရန် မတတ်နိုင်ခဲ့ပေ။

ကျောက်ရှောင်ယွီမှာ စိတ်များ ရှုတ်ထွေးသွားပြီး သူမ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ သိုးလွိနန်းတော်တန်ခါးကို ဖွင့်ရန် ကြိုးစားလိုက်လေသည်။

သို့သော်… သူမထုတ်လွှတ်လိုက်သည့် တန်ခိုးစွမ်အားများသည် နန်းတော်တံခါးကို ထိမိသည်နှင့် သူမရှိရာသို့ တန်ပြန်ရိုက်ခတ်လာပြီး ကျောက်ရှောင်ယွီမှာ ဒဏ်ရာပင် ရသွားလေသည်။ သူမက တံခါးကိုဖွင့်ရန်ကြိုးစားလေ တံခါးကလည်း လုံးဝမပွင့်ဘဲ တင်းခံနေလေ ဖြစ်လေသည်။

ထို့ကြောင့်သူမသည် အရမ်းကာရောမလုပ်တော့ဘဲ တံခါးကိုဖွင့်နိုင်မည့် အဓိက သော့ချက်ကိုသာ စိတ်အေးအေး ထားကာ သေသေချာချာ စဉ်းစားလေတော့သည်။

ကျောက်ရှောင်ယွီက သဲလွန်စများကိုပြန်စဉ်းစားနေလေသည်။

ပထမတစ်ချက်…

"အစစ်ဆေးခံရမှုများနှင့်ဘေးအန္တရယ်များအားလုံးသည် ဤနေရာတွင် အဆုံးသတ်ခဲ့ကြောင်း ဆန်းလျန်က သက်သေပြခဲ့သည်"

ဒုတိယတစ်ချက်…

"မိုးနှင်မြေကို ဘယ်လောက်များများ အကျိုးပြုနိုင်ခဲ့လို့လဲ…

ဘဝဆိုသည်က နှိမ့်ချနေထိုင်ရန်သာလိုအပ်လေသည်…။ ထိုစကားသည်အမှန်ပါပဲ…။"

ဆိုသည့်စာကြောင်းများ ဖြစ်လေသည်။

ပထမအချက်က နားလည်ရန်လွယ်လေသည်။

ဆန်းလျန်က ဤနေရာတွင် မည်သည့်ဘေးဒုက္ခမှ ခံစားရမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်လေသည်။ သို့သော်… ဘေးဒုက္ခများမှ ကင်းလွတ်မည်ဆိုသည်က အလိုလိုနေရင်းတော့ မကင်းလွတ်နိုင်ပေ။ လျှို့ဝှက်ချက် တစ်စုံတစ်ခု ရှိရမည်ဖြစ်လေသည်။

အနောက်သို့ ခရီးသွားမှတ်တမ်းစာအုပ်ထဲတွင် -

စကြာဝဠာအရှင်ကြီးစွန်းဝူခုံုးသည် ရွှေမျက်စံမီးမျက်စိ ၊ ကြေးခေါင်းနှင့် သံမဏိခန္ဓာကိုယ် ရရှိခဲ့ရာနေရာသည် ထိုက်စန့်လောင်ကျွင်းဘိုးဘိုး၏ သိုးလွိနန်းတော်ထဲတွင် ဖြစ်လေသည်။

သို့သော်… သိုးလွိနန်းတော်သို့ မရောက်ခင်က စကြာဝဠာအရှင်ကြီးစန်းဝူခုံးသည် နတ်အရက်ကိုလည်း သောက်ခဲ့သလို နတ်မက်မွန်သီးများကိုလည်း မရေမတွက်နိုင်အောင် စားပစ်ခဲ့လေသည်။ ထို့ပြင် ထိုက်စန့်လောင်ကျွင်းဘိုးဘိုး၏ ဓာတ်လုံးများကိုလည်း ဝါးစားပစ်ခဲ့သေးသည်။

ထိုအပြစ်ကြောင့်သူသည် ထိုက်စန့်လောင်ကျွင်းဘိုးဘိုး၏ ဖိုထဲတွင် ထည့်အထိုးခံရရန် အပြစ်ပေးခံခဲ့ရလေသည်။ သို့ရာတွင်… ထိုသို့ ဖိုထဲသို့ ထည့်ထိုးခံလိုက်ရသည့်အတွက် ထိပ်တန်းအဆင့် အောင်မြင်မှုများဖြစ်သည့် ရွှေမျက်စံမီးမျက်စိ ၊ ကြေးခေါင်းနှင့် သံမဏိခန္ဓာများကို ရရှိခဲ့ခြင်း ဖြစ်လေသည်။

ထို့ကြောင့် လောကတွင် အန္တရယ်များအားလုံးကို စွန်းဝူခုံးသည် ကျော်ဖြတ်နိုင်ခဲ့လေသည်။

ဤသို့ဆိုလျှင် ဆန်းလျန်သည်လည်း မည်သို့သော ကျင့်ကြံမှုများကို ပြုလုပ်ခဲ့သည့်အတွက် အန္တရယ်များကင်းလွတ် သည်ကို သက်သေပြနိုင်ခဲ့ပါသနည်း။

ထိုလျှို့ဝှက်ချက်သည် သိုးလွိနန်းတော်ထဲတွင် ရှိရမည်ဟု ကျောက်ရှောင်ယွီ ခန့်မှန်းကြည့်လိုက်မိသည်။ သို့သော်… နန်းတော်ထဲမှ ပြန်ထွက်လာသည့်အခါ ဆန်းလျန်သည် မည်သည့်နေရာသို့ ရောက်ရှိသွားခဲ့ပါသနည်း။ ထိုအချက် ကတော့ ပဟေဠိတစ်ခုဖြစ်လေ၏။

နောက်တစ်ခု သူမသုံးသပ်ရန်မှာ…

"မိုးနှင်မြေကို ဘယ်လောက်များများ အကျိုးပြုနိုင်ခဲ့လို့လဲ…

ဘဝဆိုသည်က နှိမ့်ချနေထိုင်ရန်သာလိုအပ်လေသည်…။ ထိုစကားသည်အမှန်ပါပဲ…။"

ဟူသည့် စာကြောင်းဖြစ်လေသည်။

အစပိုင်းတွင်တော့ ကျောက်ရှောင်ယွီက ထိုစာလုံးများမှာ စိတ်အာရုံစူးစိုက်မှုတစ်ခုထည့်သွင်းထားသည့် သာမန် စာကြောင်းများဟု ထင်ခဲ့မိလေသည်။

ပျက်နေသည့် နောက်ဆုံးစာလုံးလေးသည် သိုးလွိနန်းတော်သို့ လာရာလမ်းဖြစ်လေသည်။

သို့သော်… သေသေချာချာ ပြန်စဉ်းစားကြည့်မည်ဆိုလျှင် စာကြောင်းတစ်ကြောင်းအတွင်းမှ ပျက်နေသည့် စာလုံးတစ်လုံးကို ပြန်လည်ရေးသားခြင်းသည် ပျောက်ဆုံးနေသည့်အဓိပ္ပါယ်ကို ပြည့်ဝစေလေသည်။

ထိုသို့ဆိုလျှင်… ထိုစာကြောင်းတစ်ကြောင်းလုံး၏ အနက်အဓိပ္ပါယ်သည် မည်သို့ ရှိမည်နည်း။ အထပ်ထပ်အခါခါ စဉ်းစားကြည့်ပြီးသည့်နောက် သူမ တဖြည်းဖြည်း သဘောပေါက်လာလေသည်။

သူမသည် စာကြောင်း၏ အစမှ စတင်ရန် မသင့်ပေ။

စာကြောင်း၏အစပိုင်းတွင်ရေးသားထားသည့် "မိုးနှင့်မြေကို ဘယ်လောက်များ အကျိုးပြုနိုင်ခဲ့လို့လဲ" ဆိုသည့် စာကြောင်းနှင့် "နှိမ့်ချနေထိုင်ရန်လိုအပ်လေသည်" ဆိုသည့် စာကြောင်းကို (၂)ပိုင်းပိုင်းလိုက်သည့်အခါ "နတ်ဘုရားများကတော့ မိုးနှင့်မြေကို မည်သည့်အကျိုးမှ မပြုနိုင် ၊ လူသားများကတော့ လောကရွှံ့နွံတောထဲတွင် နစ်မျောနေဆဲ" ဟု  အဓိပ္ပါယ် ထွက်လာလေသည်။

ထိုသို့ စာကြောင်းကို အလယ်ခေါင်မှဖောက်ပြီး စာလုံးများကို ပြန်စီကြည့်လိုက်သည့်အခါ ထိုစာကြောင်းသည် ထိုက်စန့်လောင်ကျွင်းရေးသားခဲ့သည့် တာအိုတေချင်ကျမ်းမှ စာကြောင်းတစ်ကြောင်း ဖြစ်နေလေသည်။

*(တရုတ်စာလုံးတွေကို ဟိုရွှေ့ဒီရွှေ့ပြုလုပ်ခြင်းဖြစ်သည့်အတွက် ဘာသာပြန်သူလည်း နားလည်သလောက် ပြန်ရေးပေးလိုက်ရပါသည် ၊ အဓိပ္ပါယ်အတိအကျတော့ မထွက်နိုင်ပါ - ဘာသာပြန်သူ)

ချင်းရွှမ်နတ်တံခါးတည်ရှိရာလောကတွင်တော့ ထိုစာကြောင်း၏အဓိပ္ပါယ်ကို အတိအကျ ဘာသာပြန်ထားသည်မှာ…

"မိုးနှင့်မြေသည် ဘက်လိုက်မှုမရှိ ၊ မိုးနှင့်မြေသည် အတ္တမရှိ ၊ သတ္တဝါအားလုံးကို တန်းတူညီမျှဆက်ဆံသည်။ ပညာရှိသည်လည်း ဘက်လိုက်မှုမရှိ ၊ အတ္တမရှိ ၊ အရာအားလုံးကို သူ့သဘောသူဆောင်စေသည်။ မိုးနှင့်မြေတွင် လွင့်မျောနေသမျှသည် နောက်ဆုံးတော့ ဘာမှမဟုတ် ၊ အရာအားလုံးက အနတ္တပါ။ မိုးကသည်းပြီး ၊ လေကထန် ၊ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ၏အမိန့်များက ရှုတ်ထွေးလှပြီး လက်တွေ့မကျ ၊ တိတ်ဆိတ်နေသည်ကသာ ပညာရှိရာကျသည်။"

ဟူ၍ ဖြစ်လေသည်။

ထိုအကြောင်းများကို တွေးလိုက်မိသည်နှင့် ကျောက်ရှောင်ယွီမှာ မပြုံးဘဲ မနေနိုင်တော့ပေ။ ယခုတော့ သူမသည် အဓိပ္ပါယ်ကို နားလည်သွားပြီ ဖြစ်လေသည်။ ဘာလုပ်ရမည်ကိုလည်း သိရှိသွားခဲ့ပြီ။

ဤနေရာသည် ထိုက်စန့်လောင်ကျွင်း၏ သိုးလွိနန်းတော်ဖြစ်လေသည်။ ထို့ကြောင့် ထိုက်စန့်လောင်ကျွင်း၏ စကားအတိုင်းလိုက်နာမှသာလျှင် နန်းတော်တံခါးကို ဖွင့်နိုင်ပေလိမ့်မည်။

ယခင်က သူမ၏အတွေးများက ရှုတ်ထွေးနေသည့်အတွက် အမှန်ကို မမြင်နိုင်ဘဲ လွဲမှားခဲ့ရခြင်း ဖြစ်လေသည်။

သူမသည် သိုးလွိနန်းတော်တံခါးအရှေ့တွင် ငြိမ်သက်စွာဖြင့် တင်ပျဉ်ခွေ ထိုင်ချလိုက်လေသည်။

တိမ်များက မျောလွင့်နေဆဲ ၊ လေပြေသည်လည်း တိုက်ခတ်နေဆဲ။ သို့သော်… သူမကတော့ အတွေးတစ်ချက်ပင် မရှိဘဲ ငြိမ်သက်နေခဲ့လေသည်။

အတွေးမရှိ။ အချိန်၏စီးဆင်းမှု မရှိ။

လောကကြီး၏ပြောင်းလဲမှုများအားလုံး သူမ မသိတော့။

ထိုအချိန်…

အလင်းရောင်သဲ့သဲ့လေးတစ်ခုထွက်ပေါ်လာပြီး သိုးလွိနန်းတော်တံခါးရှိရာသို့ စီးဆင်းဝင်ရောက်သွားလေသည်။

ထိုက်ချင်အင်းသင်္ကေတမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းရောင် သဲ့သဲ့လေးဖြင့် ပေါင်းစပ်သွားလေ သည်။

ထိုအခါ … သူမ၏ စိတ်အာရုံထဲတါင် အလင်းရောင်များ လင်းလက်တောက်ပလာလေသည်။

သူမမျက်လုံးဖွင့်ကြည့်လိုက်သည့်အခါတွင်တော့ ဖိုထိုးသည့်အခန်းတစ်ခုအတွင်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရတော့သည်။

သူမသည် သိုးလွိနန်းတော်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

အခန်းထဲတွင် ခရမ်းရောင်နှင့် အပြာရောင် ဘူးသီးခြောက်ဘူးများ စီစီရီရီ ရှိနေလေသည်။ အခန်းအလယ် တည့်တည့်တွင်တော့ ထိုက်ချိသင်္ကေတများ ရေးထိုးထားသည့် ဖိုတစ်လုံးရှိနေလေသည်။ ထိုဖိုသည် သာမန် ပါးကွဖိုတစ်ခုလား ၊ စကြာဝဠာဆေးအိုးလာ ဆိုသည်ကိုတော့ သူမ သိရှိနိုင်ခြင်း မရှိပေ။

ဖိုခန်းသည် အလွန်မှ သန့်ရှင်းနေလေသည်။ ဖုံနှင့်အညစ်အကြေးတစ်စွန်းတစ်စပင် ညစ်ပေနေခြင်း မရှိပေ။ ကျောက်ရှောင်ယွီက ဘူးသီးခြောက်တစ်ခုကို ဖွင့်ကြည့်လိုက်လေသည်။ သို့သော်… မည်သည့်ဓာတ်လုံးမှ မရှိပေ။

ထို့ကြောင့် ဤနေရာတွင် ထိုက်စန့်လောင်ကျွင်း မရှိတော့သည်ကို သူမနားလည်လိုက်သည်။

ထို့နောက် သူမက အခန်းအလယ်မှ ဖိုကို ဖွင့်ကြည့်လိုက်လေသည်။ ဖိုထဲတွင် လေးထောင့်ပုံသဏ္ဍန် အနက်ရောင် ဆေးကျောက်တုံးတစ်တုံးကို တွေ့ရလေ၏။

သူမသည် သူမ၏မျက်လုံးနှင့်နားများကိုပင် မယုံနိုင်ဖြစ်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ဆေးကျောက် တုံးဆီမှ နှလုံးခုံသံကြားနေရသောကြောင့် ဖြစ်လေသည်။

ထိုကြောင့် သူမက ဆေးကျောက်တုံးကို သေသေချာချာ သတိထားပြီး ကြည့်လိုက်သည်။ ထိုအခါ… ဆေးကျောက်တုံးထက်တွင် မမြင်နိုင်သည့် အပေါက် (၉)ပေါက် ရှိနေပြီး ထိုအပေါက်များမှ အသက်ရှူနေခြင်း ဖြစ်သည်ကို သိရှိလိုက်ရလေသည်။

ကျောက်ရှောင်ယွီ ရင်ထဲတွင် တစ်ချက် လှုပ်ရှားသွားလေသည်။ အဘယ်ကြောင့်ဆိုသော်… ဆေးကျောက်တုံးမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများက ကြည်လင်လွန်းပြီး တာအိုတရားများဖြင့် ပြည့်နက်နေသောကြောင့် ဖြစ်လေသည်။

ကျောက်ဆေးတုံး၏ အပေါက် (၉)ခုမှ စီးဆင်းထွက်ပေါ်နေသည့် တာအိုတရားများသည် အလွန်မှ ထူးဆန်းနက်နဲ လွန်း၏။

ကျောက်ရှောင်ယွီက ဆေးကျောက်တုံးကို အတန်ကြာ စိုက်ကြည့်နေလေသည်။ ထိုအခါ ဆေးကျောက်တုံးအတွင်းမှ တာအိုတရားများသည် သူမ၏ စိတ်ထဲသို့ စီးဆင်းဝင်ရောက်လာလေသည်။

ထိုသို့ဖြင့်….

(၉)ရက်နှင့် (၉)ညတိတိကြာမြင့်သွားခဲ့သည်။

ကျောက်ရှောင်ယွီ၏စိတ်ထဲသို့ စီးဆင်းဝင်ရောက်သွားသည့် တာအိုတရားများသည် ကျမ်းစာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုကျမ်းစာ၏အမည်မှာ "ထိုက်ချင်တာအိုကျမ်း" ဟူ၍ ဖြစ်လေ၏။

သူမက ကျမ်းစာ၏ သဘောတရားကို ပိုင်းခြားနားလည်သွားသည့်အခါတွင်တော့ ထိုကျမ်းစာသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တန်ခိုးစွမ်းအားမြင့်မားကြောင်း နားလည်သွားလေသည်။

မိုးနှင့်မြေတွင် ကျင့်စဉ်လမ်းကို အဆင့် (၄)ဆင့် ခွဲခြားသတ်မှတ်ထားလေသည်။

တန်ခိုးစွမ်းအားသန့်စင်သည့်အဆင့် (ဟိုင်သန်းအဆင့်) ၊ နတ်ဘုရားဖြစ်သည့်အဆင့် ၊ မရှိမှုအဆင့် (ထိုက်ယီထျန်းရှန်း) ၊ တာအိုနှင့်တစ်သားတည်းကျခြင်းအဆင့် ဟူ၍ ဖြစ်လေသည်။

ထိုအဆင့်များသည် တစ်ဆင့်ခြင်းသွားရမည့် အဆင့်များ ဖြစ်လေသည်။

သို့သော် "ထိုက်ချင်တာအိုကျမ်း" ကတာ့ ပထမအဆင့် (၃)ဆင့်ကို ကျော်လိုက်ပြီး တာအိုနှင့်တစ်သားတည်းကျခြင်း အဆင့်ကို ရေးသားထားခြင်း ဖြစ်လေသည်။

မိုးကောင်းကင်ကသန့်စင်သလို မြေပြင်ကလည်း သန့်စင်သည်။

ထိုက်ချင်တာအိုကျမ်းစာ၏အစပိုင်းတွင် စကြာဝဠာအတွင်းမှ ကြည်လင်သည့်တန်ခိုးစွမ်းအား (၂)ခုဖြစ်သည့် မိုးမြေ တန်ခိုးစွမ်းအားကို မည်သို့ ရရှိအောင် ကြိုးစားရမည်ကို သင်ပြပေးထားလေသည်။

မိုးမြေတန်ခိုးစွမ်းအား (၂)ခုသည် သန့်စင်သည့် သဘာဝတရားနှင့် ပေါင်းစပ်သွားသည့်အခါ လောကရှိ "လူပြန်ဝင်စားခြင်းလမ်းစဉ်" ဖြစ်တည်လာလေသည်။

ထိုကျင့်စဉ်ကို ကျင့်ကြံလိုက်သည်နှင့် မိုးကောင်းကင်နိယာမမှ လူပြန်ဝင်စားခြင်း တန်ခိုးစွမ်းအားကို ရယူသုံးစွဲနိုင် မည်ဖြစ်လေသည်။

ထိုက်ချင်တာအိုကျမ်းသည် နက်နဲလွန်းသည့်အပြင် မိုးကောင်းကင်နိယာမ၏ ကြီးမြတ်သည့် လူပြန်ဝင်စားခြင်း တန်ခိုးစွမ်းအားကို အလေးအနက် ဖော်ပြထားလေသည်။

လူပြန်ဝင်စားခြင်းတန်ခိုးစွမ်းအားကိုသာ ရရှိလျှင် ဝိညာဉ်သည် စကြာဝဠာဗလာနယ်ထဲသို့ ရောက်ရှိသွားပြီး မည်သည့် ဘေးဒုက္ခအန္တရယ်ကိုမဆို ခံစားရတော့မည် မဟုတ်ပေ။ ထိုတန်ခိုးစွမ်းအားသည် ဟွင့်ယွမ်ဝူကျိကဲ့သို့ လောကကို ထိန်းချုပ်နိုင်ပြီး နိယာမများအားလုံးမှ လွတ်မြောက်စေလေသည်။

ကျောက်ရှောင်ယွီက တစ်ချက်စဉ်းစားလိုက်သည်။

သူမသာ ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံမည်ဆိုပါက တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေမှ ထွက်ခွာသွား နိုင်မည် ဖြစ်လေသည်။

ထို့ပြင်… ထိုက်ချင်တာအိုကျမ်းမှ ကျင့်စဉ်အတိုင်း စကြာဝဠာဗလာနယ်ထဲသို့ဝင်ရောက်ကာ တာအိုနှင့် ကာရံညီသွားအောင် ပြုလုပ်နိုင်ပါက လော်ဝါဒတည်ထောင်သူဆရာသခင်၏ ရန်သူ၏ရန်မှလည်း ကင်းလွတ်နိုင်မည် ဖြစ်လေသည်။

ထိုအချက်များက အငြင်းပွားနိုင်ဖွယ်ရာမရှိပေ။

သို့သော်… ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံရန်အတွက် ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတ လိုအပ်လေသည်။ ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတရှိပါက မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံနိုင်မည် မဟုတ်ပေ။

ယခု သူမဆီတွင် ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတရှိပြီးသားဖြစ်လေသည်။ ထို့ကြောင့် သူမအနေဖြင့် ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံမည်ဆိုပါက ရေကန်အသင့်ကြာအသင့်ပင် ဖြစ်တော့၏။

အခြားသောအချိန်သာဆိုလျှင် ကျောက်ရှောင်ယွီသည် ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံရန် အနည်းငယ် တွန့်ဆုတ်နေမိမည် ဖြစ်လေသည်။ သို့သော်… ယခုတော့ သူမသည် ထိုက်ချင်တာအိုကျမ်းကို  ကျင့်ကြံရန် ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်ကို ကူညီချင်သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်ကို ကူညီရန်အတွက် သူမသည် တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေမှ ထွက်ခွာရမည် ဖြစ်သလို ပြိုင်ဘက်ကင်း တန်ခိုးစွမ်းအားများလည်း ပိုင်ဆိုင်ထားရန် လိုအပ်လေသည်။

ထို့ပြင် သူမစဉ်းစားမိသည့် နောက်ထပ်ကိစ္စတစ်ခုလည်း ရှိသေးသည်။ ထိုအချက်မှာ ဆန်းလျန်သည်လည်း ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံခဲ့သည်လား ၊ မကျင့်ကြံခဲ့ဘူးလားဆိုသည့် အချက်ပင် ဖြစ်လေ၏။

ကြည့်ရသည်မှာ ဆန်းလျန်လည်း ကျင့်ကြံခဲ့ဟန် ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ဤနေရာသို့ ရောက်ရှိ လာခဲ့သည်ပဲ မဟုတ်ပါလား။

သို့မဟုတ်… သူမ မသိရှိသည့် အခြားသောအကြောင်းအရာများ ရှိနေနိုင်သေးသည်။

ထို့နောက်တွင်တော့ ကျောက်ရှောင်ယွီက တောင်ပေါ်တွင်စောင့်ခိုင်းထားသည့် လီအော့နျိုကို သိုးယွိနန်းတော်သို့ ခေါ်ဆောင်လာပြီး နန်းတော်အပြင်ဘက်တွင် သူမကို ကာကွယ်ပေးရန် စောင့်ခိုင်ထားလိုက်လေသည်။ သူမက လီအော့နျိုကို ကျင့်စဉ်နည်းနည်းပါးပါးလည်း သင်ပြပေးလိုက်သည်။

လီအော့နျိုသည် ထူးခြားသူဖြစ်ပြီး သူ၏ဇာစ်မြစ်မှာ ပေါ့သေးသေးမဟုတ်သည်ကို ကျောက်ရှောင်ယွီ သိရှိထားလေ သည်။ လီအော့နျိုသာ အတိတ်ဘဝတုန်းကကဲ့သို့ တန်ခိုးစွမ်းအားများ ပြန်ရလည်ရှိလာလျှင် အနာဂတ်တွင် သူမအတွက် ကောင်းကောင်းအထောက်အကူပြုနိုင်သည့် လူတစ်ယောက် ဖြစ်လာနိုင်လေသည်။

အတိတ်မှ တန်ခိုးစွမ်းအားများ ပြန်မရသေးလျှင်တောင်မှ လီအော့နျို၏လက်ထဲတွင် လေဝင်ချိန်လေးညှို့ရှိနေခဲ့လျှင် လောကတွင် သူ့ကိုရင်ဆိုင်နိုင်မည့်သူ သိပ်ပြီးရှိမည် မဟုတ်ပေ။

***

All Chapters