လူတွေကြားထဲကနတ်ဘုရား
Vol. 8 Ch. 779
မီးပုံးပွဲတော်မှ ပြန်လာပြီးသည့်နောက် ဆန်းလျန်သည် စိတ်နှင့်လူနှင့်မကပ်သည်ကို ကူးဝေေ၀ ရိပ်မိလိုက်သည်။
နောက်ဆုံးတော့ သူမအောင့်မထားနိုင်တော့ဘဲ ဆန်းလျန်ကို မေးလိုက်လေတော့သည်။
"အားလျန်… အခုတလော ဘာတွေတွေးနေတာလဲဟင်…"
ကူးဝေေ၀၏ ကြည်လင်သည့်မျက်ဝန်းလေးများထဲတွင် ဆန်းလျန်အတွက် ပူပန်သည့်အရိပ်အငွေ့များ အထင်းသား ပေါ်လွင်နေလေသည်။
ဆန်းလျန်က…
"အခုတလေ နေ့တိုင်းနီးပါး အိပ်မက်တွေမက်နေတယ်…"
ဆန်းလျန်၏ အဖြေကြောင့် ကူးဝေေ၀မှာ ပိုပြီး စိတ်ပူသွားရသည်။
ယခုဆိုလျှင် သူမသည်လည်း သာမန်လူတစ်ယောက်မဟုတ်တော့ဘဲ ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေရာ ဆန်းလျန်ကဲ့သို့သော အဆင့်မြင့်နတ်ဘုရားများသည် အိပ်မက်မက်လေ့ မရှိသည်ကို သူမ ကောင်းကောင်း သိလေ သည်။
ကူးဝေေ၀က…
"ဘာအိပ်မက်တွေမက်နေတာလဲ…"
ဆန်းလျန်က…
"ကျွန်တော်သေသွားတယ်လို့ အိပ်မက်မက်နေတာ…"
ကူးဝေေ၀က ထူးဆန်းသည့်အပြုံးတစ်ချက် ပြုံးလိုက်ရင်း….
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ နင် အခုလည်း အကောင်းကြီးရှိနေသေးတာကို…"
ဆန်းလျန်က…
"ကျွန်တော် အခုတော့ အကောင်းကြီးပေါ့ ၊ ဒါပေမဲ့ အဲဒီအိပ်မက်က တကယ့်အစစ်အမှန်လိုပဲ…"
ကူးဝေေ၀က…
"ဘယ်လိုမျိုးခံစားရလို့လဲ…"
ဆန်းလျန်က…
"အရင်တုန်းက ဖြစ်ပျက်ခဲ့တာကို ပြန်မြင်နေရသလိုမျိုးပဲ ၊ ဒါပေမဲ့ ဖြစ်မလာသေးတာတစ်ခု ဖြစ်လာတော့မှာကို မြင်နေရတာမျိုးနဲ့လည်း တူတယ် ၊ အဲဒီအိပ်မက်က တကယ်အံ့သြစရာကောင်းတယ်…"
ကူးဝေေ၀က စိတ်ရှုတ်သွားဟန်ဖြင့်…
"အိပ်မက်ထဲမှာ ဘယ်လိုအကြောင်းအရာတွေကို တွေ့ရတာလဲ…"
ဆန်းလျန်က…
"အိပ်မက်ထဲမှာ ကျွန်တော့်ကိုသတ်ဖို့ တန်ခိုးစွမ်းအား အရမ်းမြင့်မားတဲ့ နတ်ဘုရား (၈)ယောက် ရောက်လာတယ် ၊ သူတို့ထဲကတစ်ယောက်က ကျွန်တော့်ကို သတ်နိုင်လောက်အောင် တန်ခိုးစွမ်းအားမြင့်မားတယ် ၊ သူတို့ (၈)ယောက် ပေါင်းလိုက်တော့ ကျွန်တော်ဘယ်လိုမှ မခုခံနိုင်တော့ဘူး…"
ကူးဝေေ၀က တည်ကြည်သည့် မျက်နှာထားဖြင့်…
"အဲဒီနတ်ဘုရားတွေက နင့်ရဲ့ရန်သူတွေဖြစ်မယ်ထင်တယ် ၊ နင် အတိတ်မေ့နေတာလည်း သူတို့တွေနဲ့ ပတ်သက် နေနိုင်တယ်…"
ဆန်းလျန်က…
"အဲဒီလောက် မရိုးရှင်းဘူး ၊ အဲဒီတုန်းက သူတို့ကို ကျွန်တော် မခုခံနိုင်ခဲ့ဘူးဆိုတာ တော်တော်လေး ထူးဆန်းနေတယ် ၊ ပြီးတော့ ကျွန်တော့မှာ အဲဒီတုန်းက ဓား (၄)လက်ရှိတယ် ၊ အဲဒါကြောင့် သူတို့ကို ခဏတော့ တောင့်ခံထားနိုင်ခဲ့တယ်…"
ကူးဝေေ၀က…
"ဒါပေမဲ့ နောက်ဆုံးတော့ နင် သေတာပဲမဟုတ်လား…"
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"အင်းလေ… သေတာပဲပေါ့ ၊ ဒါပေမဲ့ အဲဒီဓား (၄)လက်ကို ကျွန်တော် သေသေချာချာ မှတ်မိနေတယ် ၊ သူတို့ရဲ့ ခေါ်သံတွေကိုတောင် ခံစားမိနေသေးတယ်…"
ကူးဝေေ၀က…
"အဲဒီတော့ နင်က အဲဒီဓားတွေကို ရှာချင်လို့လား…"
ဆန်းလျန်က ခေါင်းခါယမ်းလိုက်ရင်း…
"အဲဒီဓားတွေ ရှိတယ်ဆိုတာပဲ ကျွန်တော် သိတာပါ ၊ ဘယ်နေရာမှာလဲဆိုတာ မသိဘူးလေ…"
တကယ်လည်း ထိုဓားများ မည်သည့်နေရာတွင် ရှိသည်ကို ဆန်းလျန် မသိပေ။
ထို့ပြင် ယခုအချိန်တွင် ထိုဓားများသည် ရှိရောရှိသေးသည်လား မသိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့်သည် အချိန်နှင့်နေရာဒေသကိုဖြတ်ကျော်နိုင်စွမ်းရှိလေရာ ထိုဓားများ၏ ခေါ်သံထွက်ပေါ်လာ သည့် အချိန်ကို ခံစားမိလေသည်။ တိကျသည့် အချိန်ကာလတစ်ခုမှ ခေါ်သံများအလား ဖြစ်လေသည်။
တိကျသည့်ထိုအချိန်ကာလကို ကျော်လွန်သွားလျှင် ထိုဓားများကို မတွေ့ရှိနိုင်တော့ပေ။
ထို့ပြင်… ထိုဓားများခေါ်နေသည့် တိကျသည့်အချိန်ကာလသည် အတိတ်လား ၊ အနာဂတ်လား ဆန်းလျန် မသိရှိပေ။
ကူးဝေေ၀က…
"နင်မသိဘူးဆိုရင်လည်း စိတ်လျှော့ထားလိုက်ပါ ၊ အများကြီး လျှောက်မစဉ်းစားနဲ့…"
သူမက ဆန်းလျန်ကို နှစ်သိမ့်လိုက်ခြင်းသာ ဖြစ်လေသည်။
သို့သော်… ထိုကိစ္စသည် ခပ်လွယ်လွယ်ကိစ္စမဟုတ်ကြောင်း သူမ၏စိတ်ထဲတွင် သိနေလေသည်။ ထို့ပြင် ဆန်းလျန် ထိုမျှအလေးအနက်ထားပြီး စိတ်ပူနေဟန်ကိုလည်း သူမဘဝတွင် တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။
ဆန်းလျန်သည်လည်း အိပ်မက်နှင့်ပတ်သက်ပြီး စိတ်ပူနေလေသည်။ သူ၏ကျင့်ကြံမှုလည်း မရပ်တန့်သလို သူ၏ စိတ်သည်လည်း အတားအဆီးမရှိ လွတ်လပ်နေသေးသည်။ သို့သော်… လက်ရှိအခြေအနေမှာ သူ့တွင် ဖြစ်လေ့မရှိ သည့်အခြေအနေဖြစ်လေသည်။ ရေရှည်ဖြစ်လာပါက သူ့အတွက် ကောင်းကျိုး မရှိနိုင်ပေ။
ကြာပန်းဖြူပြောသည်မှာ မှန်လေသည်။
သူ့စိတ်ထဲတွင် ပြဿနာတစ်ခုခု ရှိနေလေသည်။ သူ၏ ကျင့်ကြံမှုသည် ရပ်တန့်မနေသည့်တိုင် အဆက်မပြတ် ဆုတ်ယုတ်လာခဲ့လေသည်။
တန်ခိုးစွမ်းအားများ ၊ ကျင့်ကြံခြင်းများနှင့် မဆိုင်လှပေ။ ပြဿနာသည် သူကိုယ်တိုင်သာ ဖြစ်လေ၏။
အမှန်တရားကို မရှောင်လွှဲလိုခြင်းသည် သူ့အတွက် အမှားတစ်ခု ဖြစ်နေခဲ့သည်လား။ ထိုအချက်မှာ ဆန်းလျန် စိတ်ပူနေသည့်အချက် ဖြစ်လေသည်။
ကူးဝေေ၀၏ နှစ်သိမ့်စကားက သူ့ကို သိပ်ပြီး စိတ်သက်သာရာ မရစေခဲ့ပေ။ သို့သော်… ဆန်းလျန်က သူမ၏စကား ကိုနားထောင်ခဲ့လေသည်။ သူ တကယ်ပဲ ထိုကိစ္စများကို ဆက်ပြီး မစဉ်းစားချင်တော့ပေ။
မစဉ်းစားတော့ဘူးဟု ဆုံးဖြတ်လိုက်မှ သူ့ပုံစံသည် အရင်ကအတိုင်း ပြန်ဖြစ်လာလေသည်။ ကူးဝေေ၀သည်လည်း ထိုအခါမှပင် စိတ်သက်သာရာ ရနိုင်တော့သည်။
ထိုအဖြစ်အပျက်များအားလုံးသည် ဆန်းလျန် လုံး၀ မပျောက်ကွယ်သွားခင် နှစ်ဝက်အလိုခန့်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များသာ ဖြစ်လေတော့သည်။
ဆန်းလျန်ထွက်ခွာသွားသည့်အခါတွင်တော့ …
ကူးဝေေ၀သည် ဆန်းလျန်ချန်ထားခဲ့သည့် စာလေးတစ်ကြောင်းကိုသာ တွေ့ရှိခဲ့ရလေသည်။
"ဘယ်နေရာကပဲလာလာ ၊ ဘယ်နေရာကိုပဲသွားသွား ၊ မိုးမခပန်းတွေပွင့်တဲ့အချိန်ကျရင် ပြန်လာခဲ့မယ်… မျှော်မနေပါနဲ့…"
…………….
ဆန်းလျန်သည် အဝေးကြီးသို့ ထွက်ခွားခဲ့ခြင်း မဟုတ်ပေ။
သူသည့်တာ့ကျောက်ပြည်၏ ဘုရင့်နေပြည်တော်သို့ ရောက်နေခဲ့လေသည်။ သို့သော်… ဆန်းလျန် တကယ်တမ်းသွားချင်သည့် နေရာသည် တာ့ကျောက်ပြည်၏ ဘုရင့်နေပြည်တော် မဟုတ်ပေ။
သူက ချင်းဆွေထျန်းကောင်းကင်ဘုံသို့ သွားချင်နေခြင်း ဖြစ်လေသည်။ သူက တာအိုဆရာလီချင်းဆွေကို တွေ့ချင်နေမိသည်။ သူ့စိတ်ထဲတွင် မရှင်းမလင်းဖြစ်နေရသည့်အရာများအားလုံးအတွက် တာအိုဆရာလီချင်းဆွေထံ တွင်အဖြေရှိနေမည်ဟု ယုံကြည်နေမိလေသည်။
တာအိုဆရာလီချင်းဆွေကို တွေ့ချင်သည်ဆိုပါလျှင် ဆန်းလျန်သည် အဘယ့်ကြောင့် တာ့ကျောက်ပြည်၏ ဘုရင့်နေပြည်တော်သို့ ထွက်ခွာလာခဲ့ရပါသနည်း။
အဘယ်ကြောင့်ဆိုသော်… သူ ရှင်သန်စေခြင်းကျောင်းတော်သို့ သွားခဲ့ပြီးပြီ ဖြစ်လေသည်။ သို့သော်…. ချင်းဆွေထျန်းကောင်းကင်ဘုံနှင့်ပတ်သက်သည့် မည်သည့်သဲလွန်စကိုမှ မရခဲ့ပေ။ ထို့ကြောင့် သူက တခြားနည်းလမ်း စဉ်းစားရခြင်း ဖြစ်လေသည်။
ရှင်သန်စေခြင်းကျောင်းတော်မှ ကျင့်ကြံသူများ မိုးကောင်းကင်နတ်ဘုရားတစ်ပါးအဆင့်သို့ရောက်ခဲ့လျှင် ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ရောက်ရှိကြလေသည်။
ဆန်းလျန်၏ ပစ်မှတ်က မေနန့်စန်း၏ အစ်ကိုဖြစ်သူ ရွှင်ယောင်းကျန်းရန် ဖြစ်လာခဲ့လေသည်။
ဆန်းလျန် သူ့နောက်လိုက်လာသည်ကိုတော့ ရွှင်ယောင်းက သိရှိခြင်း မရှိပေ။
ရွှင်ယောင်းက ဟိုင်သန်းအဆင့် တက်ရောက်ပြီးသည့်နောက် လောကအလယ် လှည့်လည်သွားလာရင် နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် ကျင့်ကြံနေခဲ့လေသည်။
ရှင်သန်စေခြင်းကျောင်းတော်မှ ဟိုင်သန်းအဆင့်ကျင့်ကြံသူအများစုက ထိုသို့ ပြုလုပ်လေ့ရှိကြလေသည်။ လူ့လောကသို့ ထွက်ခွာလာကြသည့် အကြောင်းရင်းများမတူကြသည့်တိုင် အများစုက ဟိုင်သန်းအဆင့် အောင်မြင်ပြီးလျှင် လူ့လောကသို့ လာရောက်ကြစမြဲပင် ဖြစ်လေသည်။
ရွှင်ယောင်းသည် တောတောင်များအလယ် နှစ်ပေါင်းများစွာ လှည့်လည်သွားလာပြီးသည့်နောက် ညီဖြစ်သူ မေနန့်စန်းရှိရာသို့ လာရောက်လည်ပတ်ခဲ့လေသည်။
အရှေ့ပင်လယ်ဂိုဏ်းသည် ရွှင်ယောင်းကျန်းရန်ကြောင့် တာ့ကျောက်ပြည်တွင် ချက်ချင်းပင် နာမည်ကြီးလာခဲ့လေ သည်။ ရွှင်ယောင်းကျန်းရန်ကြောင့်သာမဟုတ်ဘဲ ရှင်သန်စေခြင်းကျောင်းတော်၏ နာမည်ဂုဏ်သတင်းကြောင့် လည်းဖြစ်လေသည်။
ကျင့်ကြံသူလောကမှ နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော် (၄)ခုတို့သည် လောကီရေးရာများကို ဝင်ရောက် စွက်ဖက်လေ့မရှိသော်လည်း ယွမ်ကျိုးနယ်တွင် သြဇာအာဏာကြီးမားလွန်းလေသည်။ သူတို့က တိုင်းရေးပြည်ရာ များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသည့်တိုင် ဒဏ္ဍာရီဆန်သည့် ကြီးမြတ်မှုများ ရှိကြလေ၏။
မေနန့်စန်းသည်လည်း သူ့အကြောင်းနှင့်သူ တာ့ကျောက်ပြည် ဘုရင့်နေပြည်တော်သို့ ရောက်ရှိနေလေသည်။ သူနှင့်အတူ ရွှင်ယောင်းကျန်းရန်ကလည်း လိုက်ပါလာပြီး ဘုရင့်နေပြည်တော်တွင် အိမ်တစ်လုံး ငှားယမ်းနေထိုင် ကြလေသည်။
သူတို့နေထိုင်သည့် အိမ်သည် အရင်တုန်းက စာပေသမားတစ်ယောက်နေထိုင်ခဲ့သည့် နေအိမ်တစ်အိမ် ဖြစ်လေသည်။ ထိုစာပေသမားသည် စာပေသမားတစ်ယောက်ဖြစ်သော်လည်း နတ်ဘုရားများ ၊ နတ်မိစ္ဆာများ ၊ ဝိညာဉ်များကို အလွန်စိတ်ဝင်စားလေသည်။
နတ်ဘုရားများ ၊ နတ်မိစ္ဆာများ ၊ ကျင့်ကြံသူများနှင့်လည်း ပတ်သက်ဖူးလေသည်။ ထို့ကြောင့် သူက နတ်ဘုရားများ ၊ နတ်မိစ္ဆာများ ၊ ကျင့်ကြံသူများအကြောင်းကို စာအုပ်တစ်အုပ် ရေးသားခဲ့ဖူးလေသည်။ ထိုစာအုပ်က အလွန်မှ နာမည်ကြီးပြီး အရောင်းရဆုံးစာအုပ်တစ်အုပ် ဖြစ်ခဲ့လေသည်။
ဆန်းလျန်က မေနန့်စန်းတို့ ငှားယမ်းနေထိုင်သည့် အိမ်ရှေ့သို့ ရောက်ရှိနေလေသည်။ သူက ဆန်းလျန်ပုံစံမဟုတ်ဘဲ မုတ်ဆိတ်ရှည်ကြီးများဖြင့် အဘိုးအိုတစ်ယောက် ပုံစံဖန်ဆင်းထားပြီး ပုံပြောဆရာတစ်ယောက်ဟန်ဖြင့် လူအများကို ဇာတ်လမ်းများ ပြောပြနေလေသည်။
သူပြောပြနေသည့် ဇာတ်လမ်းမှာ မျောက်တစ်ကောင်၏ ပုံပြင် ဖြစ်လေသည်။
တာ့ကျောက်ပြည် ဘုရင့်နေပြည်တော်မှ လူများသည် လူများသည် အလွန်ဗဟုသုတကြွယ်ဝသူများဖြစ်သည့်တိုင် ဆန်းလျန်ပြောပြသည့် ဇာတ်လမ်းမျိုးကို တစ်ခါမှ မကြားဖူးကြပေ။
အဘယ်ကြောင့်ဆိုသော် ပုံပြောဆရာအများစုပြောဆိုကြသည့် ဇာတ်လမ်းများမှာ ပါရမီရှင်များအကြောင်း ၊ ချောမောလှပသည့် မိန်းမပျိုလေးများအကြောင်း ၊ ဓားသမားများအကြောင်း ၊ ဘုရင်များအကြောင်း ၊ စစ်သူရဲကောင်း များအကြောင်းများသာ ဖြစ်ကြလေသည်။
ထို့ကြောင့် ဆန်းလျန် ဇာတ်လမ်းစတင်ပြောလိုက်သည်နှင့် လူအများ၏ စိတ်ဝင်စားမှုက မြင့်တက်လာခဲ့သည်။
မေနန့်စန်းကတော့ ဇာတ်လမ်းနားထောင်ရန်အချိန်မရှိအောင် အလုပ်များနေခဲ့သည်။ သို့သော်… ရွှင်ယောင်း ကျန်းရန်ကတော့ အနည်းငယ်အားလပ်နေလေသည်။ သူက ဆန်းလျန် ဇာတ်လမ်းပြောပြနေသည့် လက်ဖက်ရည် ဆိုင်လေးသို့လာရောက်လေ့ရှိပြီး ဆန်းလျန်ပြောပြသည့် ဇာတ်လမ်းကို နားထောင်လေ့ ရှိလေသည်။
ယနေ့တွင်တော့ ဆန်းလျန်က မျေက်မင်းက ကောင်းကင်ဘုံသို့ရောက်ရှိပြီး မြင်းထိန်းရာထူးရယူသည့်အကြောင်းကို ပြောပြနေခဲ့လေသည်။
ဆန်းလျန်ပြောနေသည့် ဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းသည်ဟု ရွှင်ယောင်းကျန်းရန် တွေးလိုက်မိသည်။
ထိုမျောက်မင်းသည် နတ်ဘုရားကျင့်စဉ်များကို ကျင့်ကြံထားသည့်မျောက်ဖြစ်ပြီး (၇၂)မျိုးပြောင်းလဲနိုင်သည့် တန်ခိုးစွမ်းအားကိုလည်း ပိုင်ဆိုင်လေသည်။ သို့သော်… ထိုမျောက်သည် အမှန်တရားကိုသာသိခဲ့ပြီး ရလာဒ်ကို နားမလည်ခဲ့ပေ။
ဆန်းလျန်ကတော့ ရွှင်ယောင်းကျန်းရန်တွေးတောနေသည်များကို အရေးမစိုက်ဘဲ ဇာတ်လမ်းကိုသာဆက်ပြောနေ လေသည်။
မျောက်မင်းက ကောင်းကင်ဘုံသို့ရောက်သွားပြီးမြင်းထိန်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့လေသည်။ သူက နတ်မြင်းများကိုထိန်းသိမ်းရင်း အားလပ်သည့်အချိန်များတွင် ဟိုသွား ဒီသွား လျှောက်သွားကာ နတ်မင်းများနှင့် မိတ်ဆွေဖွဲ့လေသည်။
မျောက်မင်းကသာ နတ်မင်းများကို မိတ်ဆွေဖွဲ့နေသည့်တိုင် မည်သူကမှ သူ့ကို မိတ်ဆွေအဖြစ် မသတ်မှတ်ခဲ့ကြပေ။
တစ်နေ့တွင်တော့ နတ်ငယ်တစ်ပါးက မြင်းထိန်းရာထူးမှာ ကောင်းကင်ဘုံတွင် အဆင့်အနိမ့်ဆုံး ရာထူးဖြစ်ကြောင်း မျောက်မင်းကို ပြောပြလိုက်လေသည်။
ဆန်းလျန်ပြောနေသည့် ပုံပြင်၏ ဇာတ်လိုက်မှာ မျောက်မင်းဖြစ်နေသည့်အတွက် ဇာတ်လိုက်ကျော်မျောက်မင်း အလှည့်စားခံ လိုက်ရသည်ကို နားထောင်ကြရသည့်အခါ နားထောင်သူများသည် မျောက်မင်းကိုယ်စား ဒေါသများ ထွက်နေကြလေသည်။
အမှန်ကိုသိရှိသွားသည့်အခါတွင်တော့ မျောက်မင်းက ကောင်းကင်ဘုံကို စိန်ခေါ်ခဲ့လေသည်။ ထိုအခါ နားထောင်နေကြသူများမှာ ပျော်ရွှင်သွားကြပြန်သည်။ သို့သော် ဇာတ်လိုက်ကျော်မျောက်မင်း အန္တရယ်တစ်ခုခု ကြုံတွေ့ရမည်ကို နားထောင်ရင်း စိတ်ပူနေကြပြန်လေသည်။
ရွှင်ယောင်းကတော့ ဇာတ်လမ်းကိုနားထောင်ရင်း စဉ်းစားနေလေ၏။
ကျင့်ကြံသူများသည် ကျော်ကြားမှုနောက်သို့ လိုက်လေ့မရှိကြပေ။ ဤမျောက်သည် တကယ်တမ်းတွင် ဖြောင့်မတ် သူတစ်ယောက် ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော်… ဒေါသထွက်သည့်အခါ ဒေါသထွက်သည်ကို ပွင့်ပွင့်လင်းလင်း ပြသသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
***