← Chapters

မမြင်ရသည့်တိုက်ပွဲ

Vol. 8 Ch. 780

မမြင်ရသည့်တိုက်ပွဲ

Vol. 8 Ch. 780

မျောက်မင်း ကောင်းကင်ဘုံသို့ စိန်ခေါ်သည့်နေရာအရောက်တွင်တော့ ဆန်းလျန်က ဇာတ်လမ်းပြောနေခြင်းကို ရပ်လိုက်လေသည်။

ထိုအခါ အချို့နားထောင်သူများက ထွက်ခွာသွားကြပြီး အချို့ကတော့ ဆန်းလျန်ထံသို့ ကြေးပြားများပစ်ပေးရင်း …

"ဆရာကြီး … ဒီနေ့ နားတာစောတယ် ၊ နည်းနည်းထပ်ပြောပြပါဦး…"

ဟု ပြောဆိုကြလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဒီနေ့တော့နားပြီ ၊ နောက်နေ့မှ ပြန်လာခဲ့ကြပါ…"

ဇာတ်လမ်းနားထောင်သူများက မည်သို့ပင် တောင်းပန်ပါစေ ဆန်းလျန်က ဆက်မပြောပြတော့ပေ။

အတန်ကြာဆူဆူညံညံလုပ်နေကြပြီးနောက် ဇာတ်လမ်းနားထောင်သူများမှာ မကျေမနပ်ဖြင့် ပြန်သွားကြလေသည်။

ရွှင်ယောင်းကျန်းရန်သည် ပုံပြောဆရာကို စကားပြောချင်နေမိလေသည်။ သို့သော်… သူက စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပဲ ပုံပြောဆရာသည် မည်သည့်နေရာသို့ ရောက်သွားမှန်းမသိတော့ပေ။

ရွှင်ယောင်းကျန်းရန်သည် ဟိုင်သန်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။ ဟိုင်သန်းအဆင့် ဆိုသည်က ကျင့်ကြံခြင်းလောကတွင် ဆရာသခင်တစ်ပါးဟု သတ်မှတ်ခံရသည့် အဆင့် ဖြစ်လေသည်။

သို့သော်…ဆန်းလျန်က သူကဲ့သို့သော ဟိုင်သန်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွား လေရာ ရုတ်တရက် အံ့သြသွားရလေသည်။ ပုံပြောဆရာသည် တန်ခိုးရှင်တစ်ပါးပါးများလေလား။

သူစဉ်းစားနေစဉ်မှာပင် မေနန့်စန်းရောက်လာလေ၏။

"အစ်ကို (၃) ၊ ဘာတွေစဉ်းစားနေတာလဲ…"

ထိုအခါမှ ရွှင်ယောင်း သတိပြန်ဝင်လာပြီး သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေနန့်စန်းကို ပြောပြလိုက် သည်။

မေနန့်စန်းက တစ်ခဏမျှ စဉ်းစားနေပြီးမှ…

"အစ်ကို (၃) ၊ အဲဒီအကြောင်းသိပ်စဉ်းစားမနေနဲ့ ၊ ထားထားလိုက် ၊ အချိန်တန်တော့ အဖြေပေါ်လာလိမ့်မယ်…"

ရွှင်ယောင်းက…

"အေးလေ ၊ အဲဒီလိုပဲ လုပ်ရမှာပေါ့ …"

မေနန့်စန်းက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…

"ဒီရက်တွေ ကျွန်တော်မအားတာ နာတာပဲ…"

မေနန့်စန်းကို ကြည့်ရသည်မှာ ပြဿနာတစ်ခုခု ရှိနေပုံရလေသည်။

သူတို့ညီအစ်ကို (၂)ယောက်သည် ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်လေသည်။ ညီအစ်ကိုအရင်းများ မဟုတ်ကြသည့်တိုင် ညီအစ်ကိုအရင်းထက်ပင် သံယောဇဉ်ရှိကြသေးသည်။

ထို့ကြောင့် ရွှင်ယောင်းက မေးလိုက်လေသည်။

"မင်း ဘာတွေအလုပ်ရှုတ်နေတာလဲ ၊ ငါ ကူညီနိုင်တာရှိရင်လည်း ပြောနော်…"

မေနန့်စန်းက…

"အစ်ကို (၃) ကဒီလိုပြောတော့ ကျွန်တော် ဖုံးကွယ်မထားတော့ပါဘူး ၊ အစ်ကို (၃) သေစေခြင်းကျောင်းတော်ကို သိတယ်မဟုတ်လား…"

ရွှင်ယောင်းက…

"သိတာပေါ့…"

မေနန့်စန်းက…

"သေစေခြင်းကျောင်းတော် ဖျက်စီးခံလိုက်ရတယ်…"

ရွှင်ယောင်းမှာ အံ့သြထိတ်လန့်လွန်းသဖြင့် အသံပင် မထွက်နိုင်တော့ပေ။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"

သူက တိုးလျစွာဖြင့် ရေရွတ်လိုက်လေသည်။

မေနန့်စန်းက…

"အဲဒါ ကျင့်ကြံခြင်းလောကမှာ တကယ့်ဂယက်ထမယ့် ကိစ္စကြီးပဲ ၊ ဒါပေမဲ့ သတင်းက သိပ်မပြန့်သေးဘူး ၊ ကျွန်တော်တောင် ဘုရင်မကြီးဆီက အခုမှ သိလာရတာ…"

မေနန့်စန်းမှာ ထိုစကားကိုပြောနေသည့်အချိန်မှာပင် အနည်းငယ် ကြောက်ရွံ့နေဟန် ရှိလေသည်။

ဘုရင်မကြီးသည် အပြင်းအထန် နာမကျန်ဖြစ်ပြီးသည့်နောက်ပိုင်း ပြောင်းလဲသွားလေသည်။ ဘုရင့်နေပြည်တော် ဆိုသည်ကလည်း လျှို့ဝှက်ချက်များဖြင့် ပြည့်နေသည့် နေရာတစ်ခုဖြစ်နေလေရာ ဘုရင်မကြီး အဘယ့်ကြောင့် ပြောင်းလဲသွားသည်ကို မည်သူမှ မသိနိုင်ပေ။

ဘုရင်မကြီးဆိုသည့် အမည်ကိုကြားသည့်အခါ ရွှင်ယောင်း မျက်နှာတစ်ချက် ပျက်သွားလေသည်။ သူသည် ကျင့်ကြံခြင်းအဆင့် နက်ရှိုင်းသူတစ်ယောက်ဖြစ်သည့်အတွက် ဘုရင်မကြီး မည်မျှ ကြောက်မက်ဖွယ်ရာကောင်း သည်ကိုသိရှိထားလေသည်။

သူ ဘုရင့်နေပြည်တော်သို့ ရောက်လာကတည်းက သူသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် နေထိုင်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော်… သူ့ကို ဘုရင်မကြီး ရိပ်မိသိရှိသွားမည်ကို စိတ်ပူသောကြောင့် ဖြစ်လေသည်။

ထို့ပြင် ရှင်သန်စေခြင်းကျောင်းတော်သည် အစဉ်အဆက် တန်ခိုးစွမ်းအားမြင့်မားခဲ့သည့် ကျင့်ကြံသူဂိုဏ်းတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ရွှင်ယောင်းအနေဖြင့် ဘုရင်မကြီးကို ဝေဖန်အကဲခတ်ရန်မှာ သူ့ကိစ္စမဟုတ်သည်ကတော့ အမှန်ပင်။

သတင်းက ဘုရင်မကြီးဆီမှလာသည်ဆိုတော့ သေစေခြင်းကျောင်းတော်ဖျက်စီးခံလိုက်ရပြီဆိုသည့်သတင်းမှာ အမှန်ပင်ဖြစ်နိုင်လေသည်။

ရွှင်ယောင်းက…

"သေစေခြင်းကျောင်းတော် ဘာဖြစ်သွားတာလဲဆိုတာ မင်းသိလား…"

မေနန့်စန်းက…

"သေစေခြင်းကျောင်းတော်ကို ဖျက်စီးလိုက်တဲ့သူက သေစေခြင်းကျောင်းတော်က တပည့်တစ်ယောက်ပဲတဲ့ ၊ နာမည်က ရွှီချင်းဟွမ်လို့ခေါ်တယ် ၊ သူတစ်ယောက်တည်း အကုန်လုံးကို သတ်ပစ်လိုက်တာ ၊ သူ့လက်ထဲမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ သွေးဓားကို ကိုင်ထားပြီးတော့ သေစေခြင်းကျောင်းတော်က လူတွေအကုန်လုံးကို ကြက်လေးငှက်လေးသတ်သလို သတ်ပစ်လိုက်တာ…."

ရွှင်ယောင်းက…

"သူက အသိစိတ်ရှိနေရက်နဲ့ ဒီအလုပ်တွေကိုလုပ်ခဲ့တာဆိုရင်တော့ နှစ်ပေါင်းတစ်သန်းအတွင်း အကြီးမားဆုံး မိစ္ဆာကြီးတစ်ယောက် ဖြစ်လာမှာ စိတ်ပူရတယ်…"

သွေးအေးအေးဖြင့် ရက်စက်တတ်သူများသည် ကျင့်စဉ်လမ်းတွင် မအောင်မြင်လျှင် မိစ္ဆာဖြစ်လာမည်မှာ အသေအချာပင် ဖြစ်လေသည်။

ရွှီချင်းဟွမ်သည် သူ့ကို ပညာသင်ကြားပေးသည့် ဆရာဖြစ်သူကိုတောင်မှ သူက သတ်ဖြတ်ပစ်ခဲ့လေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူသည် အလွန်ရက်စက်သည့် မိစ္ဆာလမ်းစဉ်သို့ လိုက်မိပြီမှာ ထင်ရှားနေလေသည်။

ထိုသို့သောသူမျိုးသည် သေခြင်းမရှိဘဲ နေ့စဉ် မိုင်ထောင်ပေါင်းများစွာ ခရီးရောက်အောင် ကျင့်ကြံနိုင်လေသည်။

မေနန့်စန်းက….

“သူက တော်တော်သွေးအေးတာပဲ….”

“ဘုရင်မကြီးရဲ့လူတွေက သူ့ကိုဖမ်းလိုက်ပြီ ၊ အခု လောလောဆယ်တော့ သူ့ကို အကျဉ်းထောင်ထဲမှာ ဖမ်းထားတယ် ၊ ဒါပေမဲ့ ပြောကြတာတော့ သူ့ရဲ့ အပြုအမူတွေက သာမန်လူတစ်ယောက်လိုပါပဲ ၊ ကြည့်ရတာ သူ့ကို မိစ္ဆာဝင်ပူးပြီး လုပ်မိတာလား မသိဘူး…”

ရွှင်ယောင်းက…

“ဒါနဲ့ အဲဒီကိစ္စက မင်းနဲ့ ဘာပတ်သက်နေလို့လဲ…”

မေနန့်စန်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“အစ်ကို (၃) ၊ တကယ်တော့ ကျွန်တော်က ရွှီချင်းဟွမ်ကို စိတ်ဝင်စားနေတာ…"

ရွှင်ယောင်းက…

“မင်းက သူ့ကို သွားကယ်ချင်လို့လား…”

မေနန့်စန်းကခေါင်းခါယမ်းလိုက်ရင်း…

“ကျွန်တော်က သူ့ဆီက သွေးဓားအကြောင်းကို သိချင်တာပါ…"

ရွှင်ယောင်းက…

“မဖြစ်ဘူး ၊ သွေးဓားက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်းမသိနိုင်ဘူး…"

မေနန့်စန်းက တည်ကြည်သည့်မျက်နှာထားဖြင့်…

“အစ်ကို (၃) ၊ ဒီတစ်ခါတော့ ကျွန်တော့်ကို ကူညီပေးပါ….”

ရွှင်ယောင်းက…

“မင်းက သွေးဓားကို ပေါ့သေးသေးထင်နေတာလား ၊ မင်းက ငါဒုက္ခရောက်မှာကျ နည်းနည်းလေးတောင် ထည့်မတွက်ဘူးလား ၊ ငါ့ကို မင်းအသုံးချစရာ အရုပ်တစ်ရုပ်လို့များ ထင်နေသလား…”

မေနန့်စန်းက…

“အစ်ကို (၃)မသွားဘူးဆိုရင် ၊ ကျွန်တော်သွားမယ်…”

ရွှင်ယောင်းမှာ မည်သို့လုပ်ရမည်မသိဖြစ်သွားလေသည်။

မေနန့်စန်း အဘယ့်ကြောင့် ဤမျှခေါင်းမာနေရပါသနည်း။

“ထားလိုက်တော့ ၊ အဲဒီကိစ္စကမင်းအတွက်အရေးကြီးတယ်ဆိုရင်လဲ ငါကူညီပါ့မယ်…”

မေနန့်စန်းက မည်သည့်စကားမှ မပြောတော့ပေ။

သူတို့ (၂)ယောက်ကြားတွင် အပိုစကားများ သိပ်ပြောစရာ မလိုအပ်ပေ။

ရွှင်ယောင်းက မကူညီဘူးဆိုလျှင်လည်း မေနန့်စန်းက အပြစ်တင်မည် မဟုတ်ပေ။ သို့သော်… သူက အကူအညီ တောင်းလိုက်ပြီဆိုကတည်းက ရွှင်ယောင်းအနေဖြင့် ငြင်းလိမ့်မည်မဟုတ်သည်ကို သူက သိထားပြီးသားဖြစ်လေ သည်။

ထို့ပြင် ရွှင်ယောင်းသည် ရှင်သန်စေခြင်းကျောင်းတော်မှ ဟိုင်သန်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ မေနန့်စန်းကတော့ လောကအလယ်တွင် ရပ်တည်နေသည့် သာမန်ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သည်။ ဆန်းလျန်သာ ဆေးကုသမပေးခဲ့လျှင် သူ ယခုကဲ့သို့ လှုပ်ရှားမှုများ ပြုလုပ်နိုင်မည်ပင် မဟုတ်ပေ။

သို့သော်… သူက ကျင့်စဉ်လမ်းတွင် မည်သို့ ရှေ့ဆက်ရမည်မသိဘဲ လမ်းပျောက်နေခဲ့လေသည်။

ယခု သေစေခြင်းကျောင်းတော် ပျက်စီးသွားပြီ ဖြစ်လေသည်။ သူသာ ရွှီချင်းဟွမ်ထံမှ သွေးဓားကျင့်စဉ်ကို လေ့လာနိုင်လျှင် နတ်ဘုရားတစ်ပါးဖြစ်လာနိုင်မည်လားဟု မျှော်လင့်ထားခဲ့မိသည်။

ထို့ပြင် ဘုရင်မကြီးက သတင်းဖြန့်လိုက်သည်မှာ ထူးခြားလေသည်။ သူက ရွှီချင်းဟွမ်ကို ငါးစာအဖြစ်အသုံးပြုပြီး အခြားသူများကို မျှားခေါ်ခြင်းများလား။ ဘုရင်မကြီးသည် မည်သူ့ကို မျှားခေါ်လိုခြင် ဖြစ်ပါသနည်း။

သူက ရွှင်ယောင်းကို ဤအကြောင်းများ ပြောမပြဘူးဆိုလျှင်တောင်မှ ရှင်သန်စေခြင်းကျောင်းတော်မှလူများက မကြာခင်ရောက်လာကြမည်ဖြစ်လေသည်။

ထို့ပြင် သူစိတ်ပူသည့် နောက်ထပ်ကိစ္စတစ်ခုမှာ ယခုဖြစ်ပျက်နေသည့် အဖြစ်အပျက်များသည် ဘုရင်မကြီးနှင့် အခြားသော နတ်ဘုရားများ၏ ကစားပွဲတစ်ခုလည်း ဖြစ်နိုင်လေသည်။

မေနန့်စန်းသည် သာမန်လူတစ်ယောက်ဖြစ်သည့်တိုင် အလွန်ဉာဏ်ကောင်းလေသည်။ သူက တွက်ချက်ခန့်မှန်း သည့်နေရာတွင် အလွန်တော်လေသည်။ သူ့အထင်မမှားဘူးဆိုလျှင် ဘုရင်မကြီးသည် အဆင့်မြင့်နတ်ဘုရားများနှင့် ကစားပွဲတစ်ခု ဆင်နွှဲနေပြီ ဖြစ်လေသည်။

သို့သော်… မည်ကဲ့သို့ ကစားပွဲမျိုး ဖြစ်သည်ကိုတော့ သူလည်း မခန့်မှန်းနိုင်ပေ။

ကစားပွဲကို တကယ်တမ်းသိမြင်နိုုင်သူက ခပ်ရှားရှားပင်။ သို့သော်… ထိုရှားရှားပါးပါးလူများထဲတွင် ဆန်းလျန်က တော့တစ်ယောက်အပါအဝင်ဖြစ်လေသည်။

သူသည် ဘုရင့်နေပြည်တော်၏ ကျောက်သားလမ်းများထက်မှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပျင်းရိစွာ ထိုင်နေလေသည်။

သူက ကောင်းကင်ထက်မှ ရွှေသားကျောက်စိမ်းအခိုးအငွေ့များနှင့် လင်းလက်နေသည့်အလင်းတန်းများကို စိုက်ကြည့်နေလေသည်။

ထိုအလင်းတန်းများနှင့်အခိုးအငွေ့များမှာ နတ်ဘုရားများ တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။ သို့သော်… သူတို့၏ တိုက်ပွဲကို သာမန်လူများက မြင်လည်းမမြင်ရသလို ခံစားနိုင်ခြင်းလည်း မရှိကြပေ။

ထိုနတ်ဘုရားများ အသုံးပြုနေသည့် မှော်ဝင်လက်နက်များ ၊ နတ်လက်နက်များထဲမှ အချို့သော လက်နက်များသည် အလွန်အံ့သြစရာ ကောင်းလှလေသည်။

ထို့ကြောင့် ဆန်းလျန်က သေသေချာချာ ကြည့်နေမိခြင်း ဖြစ်လေသည်။

လက်နက်များထဲတွင် အလွန်အစွမ်းထက်သည့် မှော်ဝင်လက်နက် (၃)မျိုးပါဝင်လေသည်။ ကြေးမုံမှန်တစ်ချပ် ၊ ခရမ်းရောင်လျှပ်စီးတူတစ်လက်နှင့်ပန်းခြင်းတောင်းလေးတစ်ခု ဖြစ်လေသည်။

အခြားသောနတ်လက်နက်များကတော့ သာမန်မျှသာ ဖြစ်လေသည်။

ဆန်းလျန်ကြည့်နေစဉ်မှာပင် ကြေးမုံမှန်သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး တိုက်ပွဲအတွင်းမှ ထွက်လာကာ ဆန်းလျန်ဘေးနားသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေတော့သည်။

***

All Chapters