မည်သူမှမသန့်စင်
Vol. 8 Ch. 781
ကြေးမုံမှန်အလင်းတန်းကို အခြားသူများက တွေ့မြင်နိုင်ခြင်းမရှိပေ။
ကြေးမုံမှန်အလင်းတန်းသည် ဆန်းလျန်ဘေးနားသို့ရောက်ရှိလာပြီး အလွန်ချစ်စရာကောင်းသည့် အသက် (၇)နှစ် ၊ (၈)နှစ် အရွယ် ကလေးငယ် (၁)ယောက်အဖြစ် ပြောင်းလဲသွားလေသည်။
ကလေးငယ်က…
"အစ်ကိုကြီး… အစ်ကိုကြီးက ဘယ်ကလာတဲ့သူလဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်က ချင်းရှတောင်က လာတာပါ…"
ကလေးငယ်က…
"ချင်းရှတောင်… ဟုတ်လား ၊ အဲဒီနာမည်က ရင်းနှီးနေသလိုပဲ ၊ ကျွန်တော့်နာမည်က ထျန်းတိကျန်းပါ ၊ အစ်ကိုကြီးနာမည်ကရော…"
"ဆန်းလျန်…"
ထျန်းတိကျန်းဆိုသည့် ကလေးငယ်က ခေါင်းငုံ့လိုက်ရင်း…
"အစ်ကိုကြီးနာမည်က အရမ်းလှတယ် ၊ အစ်ကိုကြီးက အခု မယ်တော်ဝမ်မူကို ကူညီဖို့ရောက်လာတာလား…"
ဆန်းလျန်က ခပ်ပါးပါးလေးပြုံးလိုက်ရင်း…
"မဟုတ်ပါဘူး ၊ ကျုပ်က ပွဲကြည့်ရုံသက်သက်ပါ…"
ထျန်းတိကျန်းက…
"ကျွန်တော်လည်း မတိုက်ခိုက်ချင်ပါဘူး ၊ ဒါပေမဲ့ မယ်တော်ဝမ်မူက သက်သက် ကျွန်တော်တို့နဲ့ ကစားချင်နေတာ…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မင်းက ဘယ်လိုလုပ်သိတာလဲ…"
ထျန်းတိကျန်းက…
"အစ်ကိုကြီး ၊ ကျွန်တော့်ကို ငယ်တယ်ဆိုပြီး အထင်မသေးပါနဲ့ ၊ ကျွန်တော်က လောကကြီးရဲ့ ကိစ္စအတော်များများကို သိမြင်နိုင်စွမ်းရှိပါတယ် ၊ အဲဒီ အစိမ်းရောင်နဲ့ ခရမ်းရောင်အခိုးအငွေ့တွေက မယ်တော်ဝမ်မူရဲ့ ဖန်ဆင်းခံကိုယ်ခွဲပဲ ၊ မယ်တော်ဝမ်မူ ကိုယ်တိုင်မဟုတ်ဘူး ၊ အဲဒီ ကိုယ်ခွဲခန္ဓာက မယ်တော်ဝမ်မူ အစစ်ရဲ့ တန်ခိုးစွမ်းအား ဆယ်ပုံတစ်ပုံလောက်တောင် မရှိဘူး ၊ အဲဒါ ကျွန်တော်တို့ကို သက်သက် ကစားချင်လို့ လုပ်နေတာမဟုတ်ဘူးလား ၊ အဲဒါကြောင့် ကျွန်တော်လည်း သိပ်ပြင်းပြင်းထန်ထန် မတိုက်ခိုက်ဘဲ ဟန်ပြတိုက်ခိုက် နေတာ…."
ဆန်းလျန်ကပြုံးလိုက်ရင်း…
"မင်းလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ မှော်ဝင်လက်နက်မျိုးကို ကျုပ်ဘဝမှာ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ…"
ထျန်းတိကျန်းက ခေါင်းကို တစ်ချက်ပွတ်လိုက်ရင်း…
"အစ်ကိုကြီးက တိုက်ပွဲကိုကြည့်နေတာမဟုတ်လား ၊ ဆက်ကြည့်လေ… ကျွန်တော်မနှောက်ယှက်တော့ပါဘူး…"
ဆန်းလျန်က…
"အင်း…"
မယ်တော်ဝမ်မူ၏ ကိုယ်ခွဲဖြစ်သည့် ရွှေရောင်ကျောက်စိမ်း အခိုးအငွေ့များကလည်းဆန်းလျန်ကိုသတိထားလိုက်မိ ဟန်တူလေသည်။
သူမက ဆန်းလျန်ရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်လေသည်။ ထို့နောက် အလင်းတန်းတစ်ခု ဆန်းလျန်ရှိရာသို့ ပျံသန်းလာပြီး ဆန်းလျန်ကို ဖိနှိပ်ထားရန် ကြိုးစားလိုက်လေသည်။
ထျန်းတိကျန်းက မျက်နှာတစ်ချက် ပျက်သွားပြီး ဆန်းလျန်ဆီသို့ ရောက်လာသည့် အလင်းတန်းများကို ကြေးမုံမှန် မျက်နှာပြင်အဖြစ် အသွင်ပြောင်းကာ ကာကွယ်ပေးလိုက်လေသည်။
တန်ခိုးစွမ်းအားအလင်းတန်းနှင့်ထျန်းတိကျန်း၏ ကြေးမုံမျက်နှာပြင် ထိခိုက်မိသွားပြီး ထျန်းတိကျန်း အနည်းငယ် တုန်ခါသွားလေသည်။
ထို့နောက်… မယ်တော်ဝမ်မူ၏အသံထွက်ပေါ်လာလေသည်။
"ထျန်းတိကျန်း ၊ ငါကမင်းကို တစ်စစီဖြစ်အောင်လုပ်ပစ်မှာ မကြောက်ဘူးလား…"
ထျန်းတိကျန်းက…
"ကျွန်တော်က မယ်တော်ကို နိုင်အောင် မတိုက်ခိုက်နိုင်ပါဘူး ၊ ဒါပေမဲ့ မယ်တော့်လက်က လွတ်အောင် ထွက်ပြေးနိုင်စွမ်းတော့ရှိပါတယ် ဟဲဟဲ…"
မယ်တော်ဝမ်မူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"ဒီနေ့တော့ မင်းကို အရေးမစိုက်နိုင်သေးဘူး ၊ ဒါပေမဲ့ မင်းဘေးနားက နတ်ဘုရားကို ကာကွယ်ပေးနေတာ မင်းအတွက် ကောင်းကျိုးမရှိနိုင်ဘူး ၊ အဲဒီလူက ငါ့ရဲ့ နတ်မက်မွန်သီးဥယျာဉ်က မက်မွန်သီး (၃)လုံး ခိုးသွားတာ ၊ ငါ သူ့ကို သေချာပေါက် အပြစ်ပေးရလိမ့်မယ်…"
မယ်တော်ဝမ်မူနှင့် တိုက်ခိုက်နေကြသည့် နတ်ဘုရားများမှာ မယ်တော်ဝမ်မူ၏ စကားကြောင့် ဆက်ပြီးတိုက်ခိုက်ခြင်း မရှိတော့ဘဲ ရပ်သွားကြလေသည်။
သူတို့က မယ်တော်ဝမ်မူ၏စကားကြောင့် မအံ့သြဘဲ မနေနိုင်ကြပေ။ ထိုသူသည် ကျောက်စိမ်းရေကန်ဥယျာဉ်မှ မက်မွန်သီးကို ခိုးယူနိုင်သည်မှာ အလွန်မှ အံ့သြစရာ ကောင်းလှလေသည်။
ထျန်းတိကျန်းက တအံ့တသြဖြင့် ဆန်းလျန်ကိုကြည့်လိုက်ရင်း…
"အစ်ကိုကြီး… အစ်ကိုကြီးက တော်လိုက်တာ…"
ဆန်းလျန်ကပြုံးလိုက်ရင်း…
"ညီငယ်လေး ၊ မင်းကာကွယ်ပေးတာ ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ ဒီကိစ္စက ကျုပ်နဲ့ မယ်တော်ဝမ်မူ ဖြေရှင်းရမယ့် ကိစ္စပါ ၊ ဒါကြောင့် ဝင်မပါနဲ့တော့…"
ထျန်းတိကျန်းက…
"ကောင်းပြီ အစ်ကိုကြီး…"
ထျန်းတိကျန်းက ထက်မြက်သူတစ်ယောက်ဖြစ်လေသည်။
ဆန်းလျန်သည် မယ်တော်ဝမ်မူထံမှ မက်မွန်သီးများကိုပင် ခိုးယူနိုင်ခဲ့လျှင် မယ်တော်ဝမ်မူကိုလည်း ကောင်းကောင်း ရင်ဆိုင်နိုင်မည့်သူတစ်ယောက်ဖြစ်သည်ကို သိရှိလိုက်လေသည်။
မယ်တော်ဝမ်မူက…
"ပြောစမ်းပါဦး ၊ မင်း ငါ့ဆီက မက်မွန်သီးတွေ ဘာကိစ္စ ခိုးသွားရတာလဲ…"
မယ်တော်ဝမ်မူ၏ အမေးစကားကို ကြားလိုက်ရသည်နှင့် မယ်တော်ဝမ်မူက သူနှင့်တိုက်ခိုက်လိုခြင်း မရှိသည်ကို ဆန်းလျန် ချက်ချင်း ရိပ်မိလိုက်သည်။ မယ်တော်ဝမ်မူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားလေရာ ပုံမှန်ဆိုလျှင် သူ့ကိုထိုသို့ ပင် စကားပြောမေးမြန်းနေမည်မဟုတ်ဘဲ တစ်ချက်တည်းဖြင့် တိုက်ခိုက်လိုက်မည် ဖြစ်လေသည်။
ကြည့်ရသည်မှာ သူမတွင် အခြားသောပြဿနာများလည်း ရှိနေသည့်အတွက် ဆန်းလျန်နှင့် ရန်ဘက်ပြုလိုခြင်း ရှိဟန်မတူပေ။ သို့သော်… သူမက သိက္ခာလည်း မကျချင်သည့်အတွက် ဆန်းလျန်ကို အပြစ်ပေးရန် ဟိတ်ဟန် ထုတ်နေခြင်း ဖြစ်လေ၏။
ဆန်းလျန်က…
"ခင်ဗျားက ကျုပ်ကို ဘယ်လိုအပြစ်မျိုး ပေးချင်တာလဲ…"
မယ်တော်ဝမ်မူက…
"မြို့တော်အနောက်ဘက်မှာ ငါ နန်းတော်တစ်ခုဆောက်မလို့ ၊ ဒါပေမဲ့ အဲဒီနေရာမှာ ရေကန်ကြီးတစ်ခုရှိနေတယ် ၊ မင်း အဲဒီရေကန်ကို ငါ့အတွက် မြေဖို့ပေးရမယ်…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ဒါဖြင့် အဲဒီရေကန်ထဲက သတ္တဝါတွေသေကုန်ရင် ဘယ်သူ အပြစ်ဖြစ်မှာလဲ…"
မယ်တော်ဝမ်မူက…
"ဘယ်သူအပြစ်ဖြစ်ဖြစ်ပေါ့…"
ဆန်းလျန်က တစ်ချက်စဉ်းစားလိုက်ရင်း…
"ကောင်းပြီ… ကျုပ်လုပ်ပေးမယ်လို့ ကတိပေးတယ်…"
မယ်တော်ဝမ်မူက နောက်သို့ခြေတစ်လှမ်းပြန်ဆုတ်လိုက်လေသည်။
သူက ဆန်းလျန်ကို အရှက်ခွဲရန်အတွက် ရေကန်ကို မြေဖို့ပေးရန် ပြောလိုက်ခြင် ဖြစ်သော်လည်း ဆန်းလျန်က အေးအေးဆေးဆေးသဘောတူလိုက်မည်ဟု ထင်မထားမိပေ။
ထိုနတ်ဘုရားသည် စိတ်ထားရှင်းလင်းပြီး ခန့်မှန်းရလည်း ခက်လှသည်။ ထိုနတ်ဘုရား၏ စိတ်ထဲတွင် မည်သည့် အကြံအစည်များရှိနေမည်ကို မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။
ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်ရင်း…
"ဒီလောက်အလုပ်လေးက သိပ်လည်း အပန်းမကြီးပါဘူး…"
မယ်တော်ဝမ်မူနှင့် တိုက်ခိုက်နေကြသည့် နတ်ဘုရားများမှာ မယ်တော်ဝမ်မူနှင့် ဆန်းလျန် အကြီးအကျယ် တိုက်ခိုက်ကြတော့မည်ဟု ထင်မှတ်နေကြလေရာ နတ်ဘုရား (၂)ပါးက လွယ်လွယ်နှင့် အပေးအယူမျှပြီး ကျေအေး သွားကြလိမ့်မည်ဟု ထင်မှတ်မထားကြပေ။
သူတို့မှာ ဆက်ပြီး တိုက်ခိုက်ရတော့မလိုလို ၊ ရပ်တန့်ရတော့မလိုလိုဖြင့် အူကြောင်ကြောင်ပုံစံမျာ ဖြစ်သွားကြရလေ သည်။
မယ်တော်ဝမ်မူက အေးစက်သည့်လေသံဖြင့်…
"ဘာလဲ ၊ နန်းတော် (၃)ခုနဲ့ နတ်ဘုရားကျောင်းတော် (၄)ခုကလူတွေက ဆက်ပြီး တိုက်ခိုက်ကြဦးမလို့လား…"
နတ်ဘုရားများထဲမှ တစ်ယောက်က…
"မယ်တော်ဝမ်မူ ၊ မယ်တော်က ကျောက်စိမ်းရေကန်ဥယျာဉ်မှာ အဆုံးမရှိ ကောင်းမြတ်ခြင်းတွေကို ခံစားနေရတဲ့သူ ပါ ၊ ဘာလို့ ရုတ်တရက် လူ့လောကို ဆင်းလာရတာလဲ…"
မယ်တော်ဝမ်မူက…
"ငါလုပ်စရာကိစ္စရှိလို့ပေါ့ ၊ မင်းကို ဘာကိစ္စရှင်းပြနေစရာလိုသလဲ ၊ တုန်းဟွာတောက်ကျွင်းတောင်မှ ငါလုပ်မယ့် အလုပ်ကို တားဆီးလို့မရတာ ၊ မင်းတို့က ဘာကိစ္စ တားဆီးချင်နေရတာလဲ…"
ထိုတာအိုဆရာမှာ ချွင်ယန်နန်းတော်မှ နန်စန်းကျီဖြစ်လေသည်။
သူက ချွင်ယန်နန်းတော်မှ အကြီးအကဲတစ်ယောက်ဖြစ်ပြီး မယ်တော်ဝမ်မူ၏ ကိုယ်ခွဲကိုပင် အနိုင်မယူနိုင်သည့် အတွက်မကျေမနပ်ဖြစ်နေလေသည်။
သပ်သပ်ရပ်ရပ် ဆံထုံးထုံးထားသည့် တာအိုဆရာတစ်ယောက်က...
"မယ်တော်ဝမ်မူ... မယ်တော် လောကကိုဆင်းလာတာ ကျုပ်တို့က မတားဆီးရဲပါဘူး....၊ ဒါပေမယ့် အခု မယ်တော်က ဘုရင်မကြီးနေရာကိုယူထားတော့ လူ့လောကအရေးကို ဝင်စွက်သလိုဖြစ်မနေဘူးလား... ၊ ကျုပ်တို့က မတားဘူးဆိုရင်တောင်မှ တခြားနတ်ဘုရားတွေအနေနဲ့ နားလည်ရခက်ကုန်ပါလိမ့်မယ်…"
"ယင်ကျင့်ဖိန်… မင်းပြောတဲ့ နားလည်ရခက်နေတဲ့ နတ်ဘုရားတွေကို ငါ့ဆီကိုလွှတ်လိုက်စမ်းပါ…"
မယ်တော်ဝမ်မူက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
ထျန်းတိကျန်းက ပြုံးလိုက်ပြီး ဆန်းလျန်ကို တီးတိုးပြောလိုက်သည်။
"အဲဒီတာအိုဆရာက ချင်းယန်ကျောင်းတော်က ဂိုဏ်းချုပ် ယင်ကျင့်ဖိန်လေ ၊ တကယ်စိတ်ပျက်စရာကောင်းတယ် ၊ အရင်ဘဝတုန်းက သူက ထိုက်ချင်ထျန်းကောင်းကင်ဘုံက ဖိုစောင့်တဲ့နတ်ငယ်လေးလေ ၊ ကြည့်ရတာ ကျွန်တော် တို့စုနီကမှ အားလုံးထဲမှာ ထိပ်တန်းအဆင့် ဖြစ်နိုင်ဦးမယ် ၊ အခုတော့ စုနီက အားနည်းနေသေးတာ ပေါ့…"
ထျန်းတိကျန်း၏စကားကြောင့် ဆန်းလျန်မှာ ဆွံ့အသွားရသည်။
နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုမှ နတ်ဘုရားများက မယ်တော်ဝမ်မူ၏ ကိုယ်ခွဲကို ဝန်းရံထားကြလေသည်။
သို့ရာတွင်… မယ်တော်ဝမ်မူကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည့်တိုင် သူတို့အချင်းချင်းမှာ သိပ်ပြီး သင့်မြတ်လှခြင် မရှိပေ။
ဆန်းလျန်ဆွံ့အသွားရသည့် အကြောင်းရင်းမှာ ယင်ကျင့်ဖိန်ဆိုသည်မှာ ယင်ရှန်းကျွင်းဖြစ်နေသည်ကို သိလိုက်ရ သောကြောင့်ပင်။
သူက ယင်ရှန်းကျွင်းကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်လေသည်။ ချင်းယန်ကျောင်းတော်ဆိုသည်က သူနှင့် တစ်ကြိမ်ထက်မနည်း ပတ်သက်ဖူးလေသည်။
ယခုအချိန် ကုချန်စန်းသည်ပင်လျှင် အသက်ရှိသေးရဲ့လားမသိဟု ဆန်းလျန် တွေးလိုက်မိသည်။
တွေးလိုက်မိသည်နှင့် ဆန်းလျန်က စိတ်အာရုံတစ်ချက်ညွှတ်လိုက်သည့်အခါ ကုချန်စန်း အသက်ရှင်နေသေးသည် ကိုခံစားမိလိုက်လေသည်။
ကုချန်စန်းကို သူ ပညာပေးလိုက်သည့်ကိစ္စ ယင်ရှန်းကျွင်း သိလား ၊ မသိဘူးလား ဆန်းလျန်လည်း မသိပေ။ သိခဲ့လျှင် သူက မည်သို့ သဘောထားမည်နည်း။
မယ်တော်ဝမ်မူ၏စကားကြောင့် ယင်ရှန်းကျွင်း နင်သွားလေ၏။
ထို့ကြောင့် သူက အပြုံးပါးပါးလေးသာပြုံးနေလိုက်ပြီး အဘွားကြီးဝမ်မူနှင့် စကားနိုင်မလုတော့ရန် ဆုံးဖြတ်လိုက် လေသည်။ ပြီးတော့ သူ ဤနေရာသို့ ရောက်လာသည်မှာ တိုက်ခိုက်ရန်ထက် ညှိနှိုင်းရန် ရောက်ရှိလာခြင်း ဖြစ်လေသည်။
ယင်ရှန်းကျွင်း ပါးစပ်ပိတ်ထားလိုက်လေသည်။ အခြားသူများကလည်း စကားဆက်မပြောတော့ပေ။ နန်းတော် (၃)ခုနှင့် ကျောင်းတော် (၄)ခု အပြင်ပန်းတွင် အလွန်ညီညွတ်ကြသည်ဟု ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် တည့်ကြသည်များ မဟုတ်ပေ။
ထိုက်စုနန်းတော်နှင့် ရှင်သန်စေခြင်းကျောင်းတော်ဆိုလျှင် နှစ်ပေါင်းများစွာ မကျေနိုင်သည့် ရန်ငြိုးများနှင့်ဖြစ်လေ သည်။ ရှင်သန်စေခြင်းကျောင်းတော်ကိုသာ တာအိုဆရာလီချင်းဆွေက ကာကွယ်ပေးထားခြင်း မရှိလျှင် သူတို့ ဂိုဏ်းနှစ်ဂိုဏ်းသည် အသေအကြေတိုက်ခိုက်ကြမည် ဖြစ်လေသည်။
ထို့ကြောင့် အားလုံးက တိတ်ဆိတ်သွားကြပြီး အခြေအနေကလည်း ကြောင်တောင်တောင် အခြေအနေဖြစ်သွားလေ သည်။
တိုက်ပွဲက စိတ်လှုပ်ရှားစရာ မကောင်းတော့သောအခါ ဆန်းလျန်ကတော့ ခပ်အေးအေးပင် လှည့်ထွက်ခဲ့တော့ သည်။
ဆန်းလျန်သည် အစအနပင်မကျန်အောင် အားလုံးရှေ့မှ ပျောက်ကွယ်သွားလေသည်။ မယ်တော်ဝမ်မူသည်ပင် ဆန်းလျန်၏ တန်ခိုးစွမ်းအား မြင့်မားမှုကြောင့် ရင်ထဲတွင် ကျိတ်ပြီး အံ့သြထိတ်လန့်သွားမိလေသည်။
ထိုနတ်ဘုရားသည်ကား သေချာပေါက် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လေသည်။
***