← Chapters

စုနီ

Vol. 8 Ch. 782

စုနီ

Vol. 8 Ch. 782

ညခင်းအချိန်….

ကောင်းကင်ထက်တွင် လရောင်က တောက်ပလင်းလက်လာလေသည်။

ကန်ရေပြင်က ကြည်လင်နေပြီး ဆန်းလျန်သည် ရေကန်နံဘေးတွင် မတ်တတ်ရပ်နေလေသည်။ လေပြေက တိုက်ခတ်သည့်အခါ ဆန်းလျန်၏ အဝတ်အစားများသည် လေထဲတွင် လွင့်ပျံလျှက် ရှိလေ၏။

ဆန်းလျန်က အနောက်သို့ တစ်ချက်လှည့်မကြည့်ဘဲ မေးခွန်းထုတ်လိုက်သည်။

"ထျန်းတိကျန်း ၊ မင်းကရော ဘာကိစ္စ ဒီနေရာကို ရောက်လာရတာလဲ…"

ဆန်းလျန်၏နောက်ဘက် (၃)ပေအကွာတွင် ကြေးမုံမှန်တစ်ချပ်ပေါ်လာလေသည်။

ထို့နောက် ကြေးမုံမှန်က မြေပြင်ထက်သို့ ဆင်းသက်လိုက်ပြီး ချစ်စရာကောင်းသည့် ကလေးငယ်အသွင်သို့ ကူးပြောင်းသွားလေ၏။

သူက ပြုံးလိုက်ရင်း…

"ဆန်းအစ်ကိုကြီး ၊ ကျွန်တော်ရောက်နေတာ ဘယ်လိုလုပ်သိတာလဲ…"

ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…

"မင်းလိုက်ချောင်းနေလဲ မယ်တော်ဝမ်မူက ကျုပ်ကို အလွတ်ပေးမှာ မဟုတ်ဘူး…"

ထျန်းတိကျန်းက ရယ်မောလိုက်ရင်း…

"ဟဲဟဲ… ဘုရင့်နေပြည်တော်က အရမ်းပျင်းစရာကောင်းတယ် ၊ ကျွန်တော်လည်း လျှောက်ကစားချင်တာပေါ့ ၊ ပြီးတော့ အစ်ကိုကြီးက တကယ်ပဲ ဒီရေကန်ကြီးကို မြေဖို့မလို့လား…"

ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…

"အေးလေ… မလုပ်လို့မှမရတာ ၊ ကတိပေးပြီးသွားပြီပဲ…"

ထျန်းတိကျန်းက ကိုယ်ကိုတစ်ပတ်လှည့်လိုက်ရာ ချက်ချင်းပင် ရေကန်စပ်နားသို့ ထိုင်လျှက်သားရောက်ရှိသွားပြီး သူ၏ ခြေထောက်လေးများကို ရေကန်ထဲသို့ ချထားရင်း ဆော့ကစားနေလိုက်လေသည်။

ထျန်းတိကျန်းက လှိုင်းများထနေသည့်ရေကန်ကို ကြည့်နေရင်းမှ…

"ဒီရေကန်ကို ရွှမ်ဝူရေကန်လို့ခေါ်တယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်လောက်က မြင့်မြတ်တဲ့နတ်ဘုရား တစ်ပါးဖြစ်တဲ့ မြောက်ပိုင်းဒေသက ကျန်းဝူနတ်ဘုရားဟာ ဒီနေရာမှာ တရားဟောပြောခဲ့တယ် ၊ ဟို အရှေ့က တောင်ထိပ် (၃)ခုကို တွေ့တယ်မလား ၊ ကျန်းဝူနတ်ဘုရားက ယွမ်ကျိုးနယ်မှာ အကြီးဆုံး နဂါးစွမ်းအားသွေးကြော ဖြစ်တဲ့ အလယ်ကတောင်မြင့်ကြီးမှာ ခရမ်းရောင်တိမ်တိုက်နန်းတော်ကို တည်ဆောက်ခဲ့တယ် ၊ ဆန်းအစ်ကိုကြီးသာ ဒီရေကန်ကို မြေဖို့လိုက်ရင် ကျန်းဝူနတ်ဘုရားချန်ထားခဲ့တဲ့ မြေမျက်နှာသွင်ပြင်တွေ ပျက်စီးသွားလိမ့်မယ် ၊ အဲဒါဆို အစ်ကိုကြီး ဒုက္ခရောက်မှာ ကျွန်တော် စိတ်ပူမိတယ် ၊ မယ်တော်ဝမ်မူရဲ့ နတ်မက်မွန်သီးတွေက အရမ်းတန်ဖိုးရှိတာ ကျွန်တော်သိပါတယ် ၊ ဒါပေမဲ့ အခုလို အန္တရယ်ရှိတဲ့အလုပ်မျိုးကိုတော့ မလုပ်စေချင်ဘူး…."

ထျန်းတိကျန်းသည် လောကကြီးအကြောင်း အတော်များများကို သိရှိထားသူ ဖြစ်လေသည်။

သူက ဆန်းလျန်အပေါ်တွင် ထူးထူးခြားခြား တွယ်တာနေမိပြီး ဆန်းလျန် ဒုက္ခရောက်မည် စိုးသောကြောင့်ယခုကဲ့သို့ တကူးတက လာရောက် သတိပေးရခြင်းဖြစ်လေသည်။

ဆန်းလျန်က တောင်ထိပ် (၃)ခုအနက် အလယ်တည့်တည့်မှတောင်ကို ငေးစိုက်ကြည့်နေလိုက်လေသည်။

စိမ်းလန်းစိုပြေသည့်တောအုပ်များကိုဖြတ်သန်းပြီး လင်းလက်နေသည့် ကြယ်စင်များအောက်တွင် ထာဝရတည် ရှိနေသည့် ခရမ်းရောင်တိမ်တိုက်နန်းတော်ကို စိတ်အာရုံထဲတွင် တွေ့မြင်ရလေသည်။ ထိုနန်းတော်ကိုတည်ဆောက် ခဲ့သူ ကျန်းဝူနတ်ဘုရားသည် တန်ခိုးစွမ်းအား အလွန်နက်ရှိုင်းဟန်ရှိလေ၏။

ထိုနေရာသည် နဂါးစွမ်းအားသွေးကြောတစ်ခုလုံး၏ နဂါးပါးစပ်တည်ရှိရာ နေရာဖြစ်လေသည်။

လုံးဝပြောင်းလဲနိုင်ခြင်းမရှိသည့် ယွမ်ကျိုးနယ်တစ်ခုလုံး၏ ဘိုးဘေးအစဉ်အဆက် အသက်သွေးကြောအရင်းအမြစ် ဖြစ်လေသည်။ ထို့ကြောင့် မယ်တော်ဝမ်မူကိုယ်တိုင်ပင်လျှင် ရေကန်ကို မြေဖို့လိုခြင်း မရှိပေ။ သူမသည်လည်း ကျန်းဝူနတ်ဘုရားဖြင့် ရန်သူမဖြစ်ချင်သောကြောင့် ဖြစ်လေသည်။

မယ်တော်ဝမ်မူသာ ထျန်းတိကျန်းက ဆန်းလျန်ကို ဤအကြောင်းများ လာပြောပြသည်ကို သိရှိသွားပါက ထိုကြေးမုံမှန်ကို အမှုံ့ချေပစ်ချင်မည် ဖြစ်လေသည်။

သို့သော်… ထျန်းတိကျန်းက အရေးမစိုက်ပါ။ သူနှင့်ဆန်းလျန် သိကြသည်မှာ တစ်ရက်ပင် မပြည့်သေးသည့်တိုင် သူက ဆန်းလျန်အပေါ်တွင် နက်ရှိုင်းစွာ ခင်တွယ်မိလေသည်။

ဆန်းလျန်ကလည်း သူ၏ခင်မင်မှုကို အလေးထားခဲ့ပါသည်။ ထျန်းတိကျန်းသတိပေးမှုသည် အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ သူက လျစ်လျူမရှုခဲ့ပေ။

ဆန်းလျန်က ကောင်းကင်ထက်မှ လမင်းကို တစ်ချက်မော့ကြည့်လိုက်ရင်း…

"ကောင်းကင်ပေါ်တက်ပြီး လမင်းကို အပိုင်းပိုင်း ခွဲရမယ်ဆိုရင်တောင် ပျော်ပျော်ကြီး လုပ်ကြတာပေါ့…"

ထျန်းတိကျန်းက ဆန်းလျန်ကို တစ်ချက်စိုက်ကြည့်လိုက်ရင်း…

"ဆန်းအစ်ကိုကြီး ၊ အစ်ကိုကြီးက တကယ့်ကို ဘာကိုမှ အလေးမထားဘူးပဲ…"

ဆန်းလျန်ကပြုံးလိုက်ရင်း နူးညံ့သည့်လေသံဖြင့်…

"နောက်တာပါကွာ ၊ မယ်တော်ဝမ်မူကို ကတိပေးပြီးမှတော့ ကတိတည်ရတော့မှာပေါ့ ၊ ဒါပေမဲ့ ဘယ်အချိန်ကျမှ မြေဖို့ပေးမှာလဲဆိုတာတော့ ကျုပ် သူ့ကို မပြောထားဘူးလေ ၊ ကျန်းဝူနတ်ဘုရားကိုယ်တိုင် ရေကန်ကို မြေဖို့ပေးဖို့ ကျုပ်ကို တစ်နေ့ကျရင် ပြောချင်လည်း ပြောလာမှာပေါ့…"

ဆန်းလျန်၏ စကားများကို ကြားလိုက်ရသည့်အခါ ထျန်းတိကျန်း အံ့သြသွားလေသည်။

ဆန်းလျန်၏ စကားများက အဓိပ္ပါယ်နက်ရှိုင်းလေသည်။ လောက၏ နိယာမများအားလုံးမှ ကျော်လွန်ပြီး မဖြစ်နိုင်သည့်အရာများလည်း ဖြစ်လာနိုင်တော့မည့်အလား စကားလုံးတိုင်းက အဓိပ္ပါယ် ပြည့်ဝလေသည်။

ဆန်းလျန်ကတော့ ထျန်းတိကျန်းကို ရှင်းပြမနေတော့ပေ။ အရာအားလုံးက သူ့အကြောင်းနှင့်သူ ရှိသည်ပဲလေ။

ရွှမ်ဝူရေကန်သည် ယွမ်ကျိုးနယ်၏ နဂါးစွမ်းအားအသက်သွေးကြောဖြစ်လေသည်။ ထို့ပြင် ကျန်းဝူနတ်ဘုရား၏ စစ်တုရင်ကစားကွက် တစ်ခုလည်း ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန်က ကျိုးယီတောင် အကြောင်းကိုလည်း သိရှိထားလေသည်။

မယ်တော်ဝမ်မူကလည်း ထိုအကြောင်းများကို သိရှိထားဟန်ရှိသည်။ ထို့ကြောင့် မက်မွန်သီးခိုးယူခြင်းကို အကြောင်းပြကာ သူ့ကို ဤကိစ္စထဲ ဆွဲထည့်ခဲ့ခြင်း ဖြစ်လေသည်။

ဤသည်မှာ လောကပရိယာယ်များပင်ဖြစ်ပြီး သူ့အနေဖြင့် ညီငယ်လေး ထျန်းတိကျန်းနားလည်အောင် ရှင်းပြနိုင်ရန် မလွယ်လှပေ။

ဆန်းလျန်နှင့် ထျန်းတိကျန်းသည် ရွှမ်ဝူရေကန်မှ ရေလှိုင်းလေးများကို အတူတူကြည့်ရင်း လောကကြီးအကြောင်း စိတ်ဝင်စားစရာ အကြောင်းအရာများကို ပြောနေကြလေသည်။

ထျန်းတိကျန်း၏ စကားများထဲမှ ဆန်းလျန် အကြောင်းတစ်ခုကို သိခဲ့ရသည်။

ထျန်းတိကျန်း လူအသွင်ဖန်ဆင်းနိုင်ခြင်းမှာ ကံကောင်စွာဖြင့် ဂျင်ဆင်းမြစ် (၃)ခုကို ရရှိခဲ့သောကြောင့် ဖြစ်လေသည်။

ဂျင်ဆင်းမြစ်ကို ဟိုင်သန်းမြက်ပင်ဟူ၍လည်း လူသိများလေသည်။ မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအား အမြစ်များ ဖြစ်လေသည်။ ထိုဂျင်ဆင်းမြစ်အပင်သည် စကြာဝဠာစတင်ဖြစ်တည်စဉ်ကတည်းက ဝမ်ရှို့တောင်ရှိ ဝူကျွမ်း ကျောင်းတော်တွင် အမြစ်တွယ်နေခဲ့လေသည်။

မည်သူမှ ထိုအကြောင်းကို မကြားခဲ့ဖူးပေ။ သာမန်လူတစ်ယောက်က ကံကောင်းသောကြောင့် ဂျင်ဆင်းမြစ်ကို ရရှိခဲ့ပါက ထိုသူသည်စိတ်ထားကောင်းမည်ဆိုလျှင် တာအိုတန်ခိုးစွမ်းအားများ ကြီးထွားလာမည် ဖြစ်လေသည်။ ထိုအခါ ဘေးအန္တရယ်များအားလုံးကို ကျော်လွှားနိုင်မည် ဖြစ်လေ၏။

ဝမ့်ရှို့တောင် ၊ ဝူကျွမ်းကျောင်းတော်မှ တပည့်များဆိုလျှင် ဂျင်ဆင်းမြစ်၏ အံ့သြဖွယ်ရာ ကောင်းကျိုးများကို ခံစားကြရပြီး မသေနိုင်သည့် နတ်ဘုရားခန္ဓာများကိုထိန်းသိမ်းထားကြလေသည်။

ဝမ်ရှို့တောင်မှ နတ်ဘုရားတို့၏ဘိုးဘေးဖြစ်သည့် ကျန့်ယွမ်ကျီနတ်မင်းကြီးသည် ထာဝရရှင်သန်ခြင်းနှင့် မိုးမြေတုန်လှုပ်စေသည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။

သူသည် လောကသုံးပါသခင်ထက်ပင် တန်ခိုးစွမ်းအားမြင့်မားသူဖြစ်ပြီး မိုးနတ်မင်းပြီးလျှင် အခြားသော နတ်ဘုရား များအားလုံးကိုအောင်နိုင်သူဖြစ်လေသည်။

ကျန့်ယွမ်ကျီနတ်မင်းကြီးက ထျန်းတိကျန်းကို ဂျင်ဆင်းမြစ် (၃)ခုတောင် ပေးခဲ့လေသည်။

အခြားသူများ ထင်ကြသည်မှာ တာအိုဆရာလီချင်းဆွေ၏ မျက်နှာကြောင့် ကျန့်ယွမ်ကျီနတ်မင်းကြီးက ထျန်းတိကျန်းကို ဂျင်ဆင်းမြစ်ပေးသည်ဟု ထင်မှတ်ကြလေသည်။ သို့သော်… ထိုသို့မဟုတ်သည်ကို ထျန်းတိကျန်း တစ်ယောက်သာ သိလေသည်။

ထိုသို့ဆိုလျှင် အကြောင်းရင်းက ဘာများလဲ။ သူက ကျန့်ယွမ်ကျီနတ်မင်းကြီးကို မေးကြည့်ခဲ့သော်လည်း နတ်မင်းကြီးက ဖြေကြားခြင်း မရှိခဲ့ပေ။ သူက အကြောင်းရင်းမသိရဘဲ ဂျင်ဆင်းဆေးမြစ်(၃)ခုရခဲ့သည့်အတွက် အနည်းငယ်ပင် အားနာမိလေသည်။

ထိုလျှို့ဝှက်ချက်ကို ထျန်းတိကျန်းက မည်သူ့ကိုမှ ပြောပြခဲ့ခြင်း မရှိပေ။ သို့သော်… ဆန်းလျန်က အစဆွဲထုတ်လိုက် သည်နှင့် ထျန်းတိကျန်းက ဆန်းလျန်ကို အကုန်အစင်ပြောပြလေသည်။

ရွှမ်ဝူရေကန်နံဘေးတွင် လူတစ်ယောက်နှင့် မှန်တစ်ချပ် စကားပြောနေကြလေသည်။

ရုတ်တရက်…

ပလွေသံတစ်သံထွက်ပေါ်လာလေသည်။

ထျန်းတိကျန်းက…

"စိတ်ရှုတ်စရာကောင်းလိုက်တာ…ကျွန်တော့်ကို ခေါ်နေပြန်ပြီ…"

ဟု ရေရွတ်လိုက်လေသည်။

ထို့နောက် သူက ဆန်းလျန်ဘက်သို့ လှည့်လိုက်ပြီး…

"ဆန်းအစ်ကိုကြီး ၊ ကျွန်တော်သွားရတော့မယ် ၊ အစ်ကိုကြီးအားရင် ကျွန်တော့်ဆီလာလည်ဦးနော် ၊ အချိန်မရွေး အစ်ကိုကြီးကို ကြိုဆိုနေမှာ…"

ပြောပြီးသည်နှင့် ထျန်းတိကျန်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထွက်ခွာသွားလေတော့သည်။

…………………

ထျန်းတိကျန်းသည် ချက်ချင်းပင် မေနန့်စန်းနှင့် ရွှင်ယောင်းတို့ နေထိုင်သည့် နေအိမ်သို့ ရောက်ရှိလာလေသည်။

အိမ်ထဲတွင် ကျောက်စိမ်းပုလွေတစ်လက်ကိုကိုင်ထားသည့် တာအိုကျင့်ကြံသူမိန်းမပျိုတစ်ယောက် ရှိနေလေသည်။

သူမက…

"မှန်လေး ၊ ဘယ်တွေလျှောက်သွားနေတာလဲ…"

မှန်လေးဟု အခေါ်ခံလိုက်ရသည့်အတွက် ထျန်းတိကျန်း မကျေမနပ်ဖြစ်သွားလေသည်။

"စုနီ ၊ ကျွန်တော့်ကို အဲဒီလို မခေါ်ဖို့ ပြောထားတယ်လေ ၊ ခင်ဗျား ယုံချင်ယုံ မယုံချင်နေပေါ့ ၊ ကျွန်တော် တောင်ပေါ်ကို ပြန်သွားတာ…"

တာအိုကျင့်ကြံသူမိန်းမပျိုက တစ်ချက်ပြုံးလိုက်ရင်း…

"အေးပါ… ငါက ဘာပြောနေလို့လဲ…"

ထျန်းတိကျန်းက စုနီဆိုသည့် တာအိုကျင့်ကြံသူမိန်းမပျိုနှင့် စကားဆက်မပြောတော့ပေ။

ထို့နောက် ထျန်းတိကျန်းက မနီးမဝေးတစ်နေရာတွင် ထိုင်နေသည့် ရွှင်ယောင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…

"မင်းကရော ဘယ်လိုဖြစ်လို့ ဘုရင့်နေပြည်တော်ကို ရောက်နေရတာလဲ…"

ရှင်သန်စေခြင်းကျောင်းတော်တွင် ထျန်းတိကျန်း၏ အဆင့်အတန်းက အလွန်မြင့်မားလေသည်။ စုနီပင်လျှင် သူ့ကို မလေးမစား မဆက်ဆံရဲပေ။ ရှင်သန်စေခြင်းကျောင်းတော်မှ တပည့်များမှာ ထျန်းတိကျန်း၏ ရိုက်နှက်ခြင်းကို ခံရလျှင်တောင်မှ မည်သို့မှ အပြစ်မတင်ရဲကြပေ။

ရွှင်ယောင်းက…

"ကျုပ်ရဲ့ညီက ဒီမှာရောက်နေတာနဲ့ တောင်ပေါ်ကဆင်းလာတော့ ကြုံတုန်း ကျုပ်ရဲ့ညီဆီ ခဏဝင်လည်တာပါ…"

ထျန်းတိကျန်းက…

"သြော်… ဒါကြောင့်ကိုး …"

စုနီက…

"ဂိုဏ်းတူတူလေးရွှင်ယောင်း ဒီကိုရောက်နေတာအတော်ပဲ ၊ သူ့ကို သေစေခြင်းကျောင်းတော်က ကိစ္စတွေ စုံစမ်းခိုင်း မလို့ ၊ ပြီးတော့ ဒီတစ်ကြိမ်တော့ နန်းတော် (၃)ခု ၊ နတ်ဘုရားကျောင်းတော်ကြီး (၄)ခုနဲ့အတူ မယ်တော်ဝမ်မူကိစ္စ လည်းဆွေးနွေးစရာရှိတယ် ၊ တကယ်တော့ ငါတို့ ရှင်သန်စေခြင်းကျောင်းတော်က လောကီအရေးတွေ မှာပါဝင်ပတ်သက်ခြင်းမရှိပါဘူး ၊ ဒါပေမဲ့ အားလုံးက ဝင်ပြီးပတ်သက်နေတော့လည်း လုပ်ရတာပေါ့…"

ထျန်းတိကျန်းက…

"အင်း… လုပ်ကြတာပေါ့ ၊ သူတို့တွေအကုန်လုံးကို ကန်ထုတ်ပစ်မယ်…"

ပြောပြီးသည်နှင့် ထျန်းတိကျန်းက စုနီကို စူးစူးရဲရဲတစ်ချက်ကြည့်ပစ်လိုက်လေသည်။

***

All Chapters