မင်းကို နတ်ဘုရားတစ်ပါးဖြစ်သွားတဲ့အထိ ကျင့်စဉ်လမ်းအကြောင်း သင်ပြပေး မလို့ပဲ
Vol. 8 Ch. 783
စုနီက မျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း…
"ဒါပေမဲ့ အခု ဘုရင့်နေပြည်တော်မှာ အခြေအနေတွေ အရမ်းရှုတ်ထွေးနေတယ် ၊ ငါတို့ သတိမထားဘဲတော့ နေလို့ မရဘူး…"
ရွှင်ယောင်းက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး စိတ်သက်သာရာရသွားဟန်ဖြင့်သက်ပြင်းတစ်ချက်ချလိုက်လေသည်။
သူ့အနေဖြင့် ပြဿနာ သိပ်မရှိနိုင်ပေ။ မေနန့်စန်းနှင့် လုပ်စရာရှိသည်ကို ဆက်လုပ်ရမည် ဖြစ်လေသည်။
နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခု စတင်တည်ထောင်ခဲ့ကတည်းက ယခုကဲ့သို့ ကျောင်းတော် တစ်ခုဖျက်စီးခံရသည်ဆိုသည့် အဖြစ်အပျက်မျိုးမှာ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။
ထို့ပြင် ဤသည်မှာ သေစေခြင်းကျောင်းတော်၏ ပြုမူနေထိုင်ပုံနှင့်လည်း ဆက်စပ်နေလေ၏။ သေစေခြင်း ကျောင်းတော်သည် နတ်ဘုရားကျောင်းတော်တစ်ခုဖြစ်သော်လည်း အလွန်အကျွံသတ်ဖြတ်မှုများကို ပြုလုပ်လေ့ ရှိလေသည်။
ကျောင်းတော်မှ ဆရာသခင်များ ၊ ဘိုးဘေးများပင်လျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြပြီး တပည့်များအပေါ် သိပ်ပြီး ဂရုတစိုက် မရှိကြပေ။
ထို့ကြောင့် သေစေခြင်းကျေင်းတော်အကြောင်းကို ကောင်းကောင်းသိသည့် ရှင်သန်စေခြင်းကျောင်းတော်မှလွဲပြီး အခြားသူများကတော့ သူတို့ကို ကြောက်ရွံ့ကြလေသည်။ ထို့ကြောင့် အခြားသောဂိုဏ်းများသည် သေစေခြင်း ကျောင်းတော်နှင့် နီးစပ်ခြင်း မရှိခဲ့ကြပေ။
သေစေခြင်းကျောင်းတော်သာ အခြားသော ကျောင်းတော်များ ၊ ကျင့်ကြံသူဂိုဏ်းများနှင့် နီးနီးစပ်စပ် ရှိခဲ့ပါက သေစေခြင်းကျောင်းတော် ကြမ္မာဆိုးကျရောက်မည့်အချိန်တွင် တစ်ယောက်မဟုတ်တစ်ယောက်က သတိထားမိပြီး သတိပေးကြမည်ပဲ ဖြစ်လေသည်။
ထိုအခါ ယခုကဲ့သို့ ဂိုဏ်းလုံးကျွတ် သတ်ဖြတ်ခံရမှု ဖြစ်လာနိုင်မည် မဟုတ်ပေ။
သေစေခြင်းကျောင်းတော်တစ်ခုလုံးကို အမြစ်ဖြုတ်ပစ်ခဲ့သည့် ရွှီချင်းဟွမ်ဆိုသူမှာ ကျင့်ကြံသူလောကမှ အတော်များများက မနာလို ဖြစ်ကြရလောက်အောင် တော်သူတစ်ယောက် ဖြစ်လေသည်။
ယခုတော့ ထိုတပည့်ကြောင့်ပင် တစ်ဂိုဏ်းလုံး ဖျက်ဆီးခံခဲ့ရပြီ ဖြစ်သည်။
ရွှီချင်းဟွမ်လိုလူမျိုးက တန်ခိုးစွမ်းအားများအားလုံးကို ဖျက်ဆီးလိုက်လျှင်ပင် အလွယ်တကူ ပျက်စီးသွားမည့် သူမျိုး မဟုတ်ပေ။
ထိုကဲ့သို့သော် လူမျိုးသည် လောကို ဒုက္ခကောင်းကောင်းပေးမည့်သူမျိုးဖြစ်လေရာ အစကတည်းကပင် ဖျောက်ဖျက် သုတ်သင်ပစ်ရန် လိုအပ်လေသည်။
နတ်ဘုရားများ၏ အပြုအမူများသည် ယနေ့ခေတ် ကျင့်ကြံသူများနှင့်လည်း ဆက်စပ်နေလေသည်။ လူ့လောကက ကျယ်ပြောလေသည်။ နတ်ဘုရားများနှင့် လူသားများကြားတွင် ကွာဟမှု များရှိသော်လည်း အဆက်အသွယ်တော့ ပြတ်တောက်ခြင်း မရှိကြပေ။
ထို့ကြောင့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းကြရာတွင် လူ့လောကရှိ အကောင်းအဆိုးများနှင့် ပတ်သက်နေဆဲဖြစ် လေသည်။
လူသားဆန်မှုထက် မိုးမြေနိယာမများအပေါ်တွင် ပိုပြီးအလေးထားသည့် ရှေးခေတ်အချိန်ကာလနှင့် မတူညီတော့ပေ။
လူသားဖြစ်စေ နတ်ဘုရားဖြစ်စေ…
"တံခါးရှေ့မှ ဆီးနှင်းများကို မည်သူမဆိုလှည်းကျင်းပေးပြီး တစ်ပါးသူ၏အကျိုးကိုဆောင်ရွက်သည်"
ဆိုသည့်စကားနှင့်အညီ နေထိုင်ကြလေ့ရှိလေသည်။
နောက်တစ်နေ့နံနက်တွင်တော့…
စုနီနှင့် ထျန်းတိကျန်းတို့သည် မေနန့်စန်းအိမ်မှ ထွက်ခွာသွားကြလေသည်။
စုနီမှာ နတ်ဘုရားတစ်ပါး မဖြစ်သေးသည့်တိုင် နတ်ဘုရားတစ်ပါးနီးပါး တန်ခိုးစွမ်းအားမြင့်မားသူဖြစ်ပြီး ထျန်းတိကျန်းကတော့ မှော်ဝင်ကြေးမုံမှန်တစ်ချပ် ဖြစ်လေသည်။
ထို့ကြောင့် သူတို့က လိုလိုလားလား ကိုယ်ထင်မပြလျှင် သာမန်လူများမပြောနှင့် ရွှင်ယောင်းပင်လျှင် သူတို့ကို တွေ့မြင်နိုင်ခြင်း မရှိပေ။
ရွှင်ယောင်းသည် လက်ဖက်ရည်ဆိုင်ထဲမှ ပုံပြောဆရာကို စိတ်ဝင်စားနေမိဆဲ ဖြစ်လေသည်။
ထို့ကြောင့် နံနက်စောစော လက်ရည်ဆိုင်သို့ ရောက်နေခဲ့လေသည်။ သို့သော်… ယနေ့တွင် ပုံပြောဆရာသည် နေ့ခင်းအချိန်ရောက်သည်အထိ ရောက်မလာခဲ့ပေ။
ထို့ကြောင့် ရွှင်ယောင်းက ယနေ့အတွက် ပုံပြောဆရာ ရောက်မလာတော့ဟု ထင်မှတ်လိုက်မိလေသည်။
ဇာတ်လမ်းနားထောင်ရန် လာစောင့်နေကြသည့် အခြားသူများမှာလည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားကြပြီ ဖြစ်လေသည်။
နောက်ဆုံးတော့ လက်ဖက်ရည်ဆိုင်ထဲတွင် လူ (၂)ယောက် ၊ (၃)ယောက်ခန့်သာ ကျန်ရစ်တော့သည်။
သူတို့က အလုပ်မရှိအကိုင်မရှိများဖြစ်ပြီး ပုံပြောဆရာပြောပြသည့် ပြီးခဲ့သည့် ဇာတ်လမ်းကို ပြန်လည်ဆွေးနွေး နေကြလေသည်။ သူတို့က မမောနိုင်မပန်းနိုင်ပြောနေကြခြင်း ဖြစ်လေ၏။
ထိုသူများ စကားပြောနေသည်ကို နားထောင်ရင်း ရွှင်ယောင်းလည်း တိတ်ဆိတ်စွာ ထိုင်နေခဲ့လေသည်။
ထိုအချိန်မှာပင်… ရုတ်တရက် လေများထန်လာပြီး မိုးများအုံ့လာကာ မိုးဖွဲများကျလာတော့သည်။ ထို့ကြောင့် လမ်းပေါ်တွင် လူသွားလူလာ သိပ်မရှိတော့ပေ။
မိုးသဲကြီးမဲကြီးရွာသွန်းသည့်အတွက် လမ်းများမှာ စိုစွတ်နေလေသည်။
ထိုအချိန်မှာပင် ပုံပြောဆရာသည် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်လာလေသည်။ သူက ဆောင်းလာသည့် ဆီစိမ်စက္ကူထီးလေးကို လက်ဖက်ရည်ဆိုင်အပြင်ဘက်တွင် ထားလိုက်ကာ လက်ဖက်ရည်ဆိုင်အတွင်းသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။
ရွှင်ယောင်းက…
"ဆရာကြီး… ဒီနေ့ ဇာတ်လမ်းပြောပြဦးမှာလား…"
ဆန်းလျန်ကပြုံးလိုက်ရင်း…
"မပြောတော့ဘူး…"
ရွှင်ယောင်းက…
"ဒါဖြင့် ဆရာကြီး ဒီနေ့ ဘာလို့ လက်ဖက်ရည်ဆိုင်ကိုလာနေသေးတာလဲ ၊ ဧည့်သည်တွေတောင် ပြန်ကုန်ကြပြီ…"
ဆန်းလျန်က တည်ကြည်သည့်မျက်နှာထားဖြင့်…
"ဒီနေ့ ကျုပ်ရောက်လာရတာက မင်းကို နတ်ဘုရားတစ်ပါးဖြစ်သွားတဲ့အထိ ကျင့်စဉ်လမ်းအကြောင်း သင်ပြပေး မလို့ပဲ…"
ရွှင်ယောင်းမှာ ပုံပြောဆရာသည် လျှို့ဝှက်နက်နဲသူတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းမိလေသည်။
သို့သော်… သူ့ကို နတ်ဘုရားတစ်ပါးဖြစ်သည်အထိ သင်ပြပေးမည်ဟု ပြောလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ရှင်သန်စေခြင်းကျောင်းတော်မှ ဘိုးဘေးနတ်ဘုရားများပင်လဆင် ထိုသို့သော စကားမျိုးကို မပြောကြပေ။
ရွှင်ယောင်းက…
"ဆရာကြီး ၊ ကျုပ်ကို နောက်နေတာလား…"
ဆန်းလျန်က…
"ဘာလို့လဲ ၊ မင်းက ပုံပြင်ထဲကမျောက်မင်းလောက် မတော်လို့လား…"
ရွှင်ယောင်းမှာ ကြက်သေသေသွားပြီး "ငါက မျောက်တစ်ကောင်လောက်တောင် မတော်ဘူးလား" ဟု တွေးလိုက်မိသည်။
ဆန်းလျန်က…
"ဒါဖြင့် မင်းက မအို မနာ မသေဘဲ အသက်မရှည်မချင်ဘူးလား…"
ရွှင်ယောင်းမှာ အူကြောင်ကြောင်ဖြစ်နေပြီး ပြောစရာစကားပင် ပျောက်ဆုံးသွားရလေသည်။
ထိုစကားမှာ ဆန်းလျန်ပြောပြသည့် ဇာတ်လမ်းထဲမှ မျောက်မင်းကို ပညာသင်ပေးသည့်ဗောဓိဘိုးဘိုးက မေးမြန်းသည့်မေးခွန်းပင်ဖြစ်လေသည်။
ဗောဓိဘိုးဘိုးသည် ဆန်းကျယ်သည့် တာအိုကျင့်စဉ်များစွာကို သိရှိသူဖြစ်ပြီး မျောက်မင်းကို ရွေးခြယ်ခွင့်ပေးခဲ့ လေသည်။
သို့သော်… မျောက်မင်းက မေးခွန်းတစ်ခုကိုသာ မေးခဲ့လေသည်။
"မအို မနာ မသေဘဲ အသက်ရှည်မှာလား…"
ဆိုသည် မေးခွန်းပင်။
အဘယ်ကြောင့်ဆိုသော် မျောက်မင်းသည် ဆုံးဖြတ်ချက်ခိုင်မာလွန်းပြီးနတ်ဘုရားတစ်ပါး ဖြစ်ရန်အတွက် စိတ်ထား တစ်ချက်ပင် မယိမ်းယိုင်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ဗောဓိဘိုးဘိုးထံမှ မသေနိုင်သည့် ကျင့်စဉ်ကို သင်ယူခွင့် ရခဲ့လေသည်။
ရွှင်ယောင်းမှာ ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း မျောက်မင်းလောက်ပင် ဆုံးဖြတ်ချက်ခိုင်မာခြင်း မရှိခဲ့ပေ။
ထို့ပြင် သူ့အနေဖြင့် ဆန်းလျန်ကို "နောက်နေတာလား" ဟု မမေးခဲ့သင့်ပေ။
သူ့ကို နတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် ဆန်းလျန်က မည်သည့်ကျင့်စဉ်များ သင်ပေးမည်လဲဆိုသည်ကို မေးမြန်းလိုက်သင့်လေသည်။
ရွှင်ယောင်းက ချက်ချင်းပင် လေးစားသည့်အမူအရာဖြင့်…
"ဒါဖြင့်လည်း ဆရာကြီး သင်ပြပေးပါ…"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"ကျုပ် မင်းကိုအရူးလုပ်မှာ မစိုးရိမ်ဘူးလား…"
ရွှင်ယောင်းက…
"ဆရာကြီးက ထူးဆန်းတဲ့လူတစ်ယောက်ပါ ၊ ရွှင်ယောင်း အဝေးကြီးကို မစဉ်းစားဘဲ ယုံကြည်မှုရှိပါတယ်…"
ဆန်းလျန်က…
"မင်းက အမြင်ရှိတဲ့သူတစ်ယောက်ပဲ ၊ ကျုပ်နဲ့ တွေ့ခွင့်ရတာ ကံကောင်းတယ် ၊ ကျုပ် မင်းကို မဟာတာအိုလမ်းစဉ် အကြောင်းသင်ပြပေးမယ် ၊ ဒါပေမဲ့ ကျုပ်သင်ပြပေးလိုက်လို့ မိုးကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သွားပြီး ချင်းစွေထျန်းကောင်းကင်ဘုံကို ဝင်ခွင့်ရခဲ့ရင် ကျုပ်ကို မမေ့ပါနဲ့ ၊ ဟုတ်ပြီလား…"
ရွှင်ယောင်းက…
"ဆရာကြီးက ဘာလို့ ဒီလိုလုပ်ရတာလဲ…"
ဆန်းလျန်က…
"ကျုပ် တာအိုဆရာလီချင်းဆွေနဲ့တွေ့ပြီး မေးစရာကိစ္စလေးနည်းနည်း ရှိလို့ပါ…"
ရွှင်ယောင်းက တစ်ချက်ပင်တုံ့ဆိုင်းမနေတော့ဘဲ…
"ကျုပ် ကတိပေးပါတယ်…."
ဟု ပြောလိုက်လေတော့သည်။
ဆန်းလျန်လိမ်ပြောမည်ကို သူ မစိုးရိမ်ဘူးလား…။ ဟုတ်ပါတယ်… သူမစိုးရိမ်ပါဘူး။
အဘယ်ကြောင့်ဆိုသော် တာအိုဆရာလီချင်းဆွေဆိုသည်က မိုးနှင့်မြေတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး နတ်ဘုရားတစ်ပါး ဖြစ်နေသောကြောင့်ဖြစ်လေသည်။
ပုံပြောဆရာတွင် မကောင်းသည့် အကြံအစည်ရှိနေလျှင်တောင်မှ တာအိုဆရာလီချင်းဆွေကို ပြဿနာရှာရဲသည် အထိ မိုက်မဲသူတစ်ယောက် မဖြစ်နိုင်ပေ။
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"ကောင်းပြီလေ…"
ထို့နောက်တွင်တော့ ဆန်းလျန်က ရွှင်ယောင်းကို လက်ဖက်ရည်ဆိုင်လေးအတွင်းမှာပင် မဟာတာအိုလမ်းစဉ်ကို သင်ပြပေးခဲ့လေသည်။ ဆန်းလျန်၏ သင်ပြပေးမှုက အလွန်ကောင်းမွန်ပြီး နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုထက်ပင် သာလွန်လေသည်။
လျှို့ဝှက်ဆန်းကျယ်သည့် လမ်းစဉ်နှင့် မိုး ၊ မြေ ၊ ကြီးမြတ်သော စကြာဝဠာ ၊ နေ ၊ လ ဖြစ်တည်မှုများနှင့် ပတ်သက် သည့်အကြောင်းအရာများစွာ ပါဝင်လေသည်။
ဆန်းလျန်က မဟာတာအိုလမ်းစဉ်အကြောင်း အနှစ်ချုပ်ကာ အချက် (၂)ချက်ကို ပြောပြခဲ့လေသည်။ အန္တိမအဆင့်နှင့် အခြေခံအဆင့် အချက် (၂)ချက် ဖြစ်လေသည်။
ဆန်းလျန်က ကျင့်စဉ်ကိုသင်ပြပေးခြင်းထက် သဘောတရားနှင့် အယူအဆကို သင်ပြပေးလေသည်။ ထိုအချက်က ပိုပြီး သဘောပေါက်မှုကို မြန်ဆန်စေမည် ဖြစ်လေသည်။
ထို့ကြောင့် ရှေးခေတ်သင်ပြပေးမှုလမ်းစဉ်သည် ယနေ့ခေတ် သင်ပြပေးမှုများထက် ပိုကောင်းသည်ဟု ပြောဆိုကြ ခြင်းဖြစ်ဟန် တူလေသည်။
ဆန်းလျန်က တန်ခိုးစွမ်းအား ဖြစ်တည်လာပုံ၊ မြင့်မားလာပုံနှင့် တန်ခိုးစွမ်းအားကို ထိန်းသိမ်းပုံများကို သင်ပြပေးလေသည်။ ထို့ပြင် အကျိုးနှင့်အပြစ်များကိုလည်း ယှဉ်တွဲပြောပြလေသည်။
ဆန်းလျန်၏ သင်ပြပေးမှုသည် ရွှင်ယောင်းကို များစွာ အမြင်ပွင့်သွားစေလေသည်။ ကိုယ်ပိုင်အတွေးအခေါ် အယူအဆများကို ရွှင်ယောင်း တွေးတောလာနိုင်လေသည်။
ထိုအချိန်…
ဆန်းလျန်သင်ပြပေးသည်ကို လေထဲမိုးထဲတွင် နားထောင်နေသည့် စုနီက ခေါင်းတစ်ချက် ညိတ်လိုက်မိလေသည်။
***